အမှတ် 60 အထက်တန်းကျောင်းမှ အပုန်း ဘုရင်
Vol. 16 Ch. 238
ဇွန်လ ၁၆ ရက် ကြာသပတေးနေ့က ကျောင်း၏ အဋ္ဌမပတ်မြောက် ဖြစ်သည်။
စာသင်ကျောင်းခြောက်ကျောင်း၏ သီတင်းတစ်ပတ်ကြာ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုဖြစ်သော ရှင်သန်ခြင်းပြိုင်ပွဲက အဆိပ်မြူစက်ဝိုင်း၏ နောက်ဆုံးကျုံ့မှုနှင့် အတူ ပြီးဆုံးသွားခဲ့သည်။
အဆိပ်မြူစက်ဝိုင်း နောက်ဆုံးကျုံ့မသွားခင် အထိ ကျောင်းသားပေါင်း လေးထောင်ကျော် တစ်စုတစ်ဝေးတည်း ကြိတ်ကြိတ်တိုး ရုန်းကန်နေကြရသောကြောင့် ပြိုင်ပွဲ၏ အဆုံးသတ်က အနည်းငယ် စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ခဲ့သည်။
အဆုံးသတ်တွင် အဆိပ်မြူ၏ နောက်ဆုံးလှိုင်းကြောင့် လူအများစုမှာ အဆိပ်သင့်ပြီး သေဆုံးခဲ့ရသည်။
ဤနေ့က နေသာသောနေ့ ဖြစ်ခဲ့သည်။
ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှူးချုပ် ကျိုးရီက စုန့်ဟိုင်မြို့ အနောက်ဘက် ဆင်ခြေဖုံးရှိ စစ်ရေး လေ့ကျင့်ရာ စခန်းကြီး၏ ကွပ်ကဲမှုစင်မြင့်ထက်တွင် နောက်ဆုံးရလဒ်ကို ကြေညာခဲ့သည်။
"ရှင်သန်ခြင်းပြိုင်ပွဲမှာ နောက်ဆုံးကျန်ခဲ့တဲ့ လူတစ်ယောက်ရှိတယ်.. သူက အဲဒီတုန်းက အိမ်သာထဲမှာ ရှိနေတဲ့ အမှတ် 60 အထက်တန်းကျောင်းက ကျောင်းသား ကော်ဟောက်ပဲ..သူက ပြိုင်ပွဲရဲ့ အနိုင်ရသူပဲ"
ထို့နောက်တွင် ကျိုးရီ နှင့် အင်မော်တယ်ထုန်ရာတို့ နှစ်ဦးလုံးက လက်ခုပ်တီးလိုက်ကြသည်။
ကံမကောင်းစွာပဲ ဤအဆုံးသတ်က အလွန် အံ့အားသင့်စရာ ကောင်းသောကြောင့် ကျောင်းသားပေါင်း တစ်သောင်း၊ ကျောင်းအုပ်ကြီး ခြောက်ဦးနှင့် အတွင်းရေးမှူး တာခန်းတို့က ထိုခဏမှာပင် တုန်လှုပ်သွားပြီး အဆင်မပြေသည့် တိတ်ဆိတ်မှုကို ဖန်တီးလိုက်ကြသည်။
အကြောင်းတစ်ခုခုကြောင့် အမှတ် 59 အထက်တန်းကျောင်းနှင့် အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများက အောင်ပွဲခံခဲ့သော်လည်း အပြည့်အဝ မပျော်ရွှင်နိုင်ခဲ့ပေ။
ကော်ဟောက်က စစ်ရေးလေ့ကျင့်မှုမှ နှုတ်ထွက်ခဲ့ရပြီးနောက် ဝမ်းကိုက်လာ၍ အရေးပေါ်ခန်းသို့ တိုက်ရိုက် ပို့ဆောင်ခြင်း ခံခဲ့ရသည်။
ကျိုးရီ အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။
သူက လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး မိုက်ခရိုဖုန်းကို ကိုင်ကာ စကားဆက်လိုက်သည်။
"နောက်တစ်ချက်က ကျောင်းသား ကော်ဟောက် အခမ်းအနားကို မတက်နိုင်လို့ ဆုတံဆိပ်ကို ကိုယ်စား လက်ခံဖို့အတွက် Grade 1အခန်းသုံးက ဆရာမဖန်ကို ကြိုဆိုလိုက်ရအောင်"
အခမ်းအနား တက်ရောက်သူများ ကြားတွင် ဆရာမဖန်က နေကြာပန်းကဲ့သို့ ပြုံးရွှင်နေခဲ့သည်။
လူတိုင်း၏ အကြည့်များ အောက်တွင် အမှတ် 60 အထက်တန်းကျောင်းမှ လူလတ်ပိုင်းအရွယ် အမျိုးသမီးက စင်မြင့်ပေါ်သို့ အလျင်အမြန် ခုန်တင်ကာ ဆုဖလားကို ရွှင်မြူးစွာ ရယူခဲ့သည်။
သူမက ရွှေကမ္ဘာလုံးဆု ရသော မင်းသမီးများထက်ပင် ပို၍ ပျော်ရွှင်နေပုံ ပေါက်နေသည်။
"ကျေးဇူးတင်ပါတယ်.. အားလုံးကို ကျေးဇူးတင်ပါတယ်.. ဒီဆုတံဆိပ်နဲ့ ဒီဖဲကြိုးက ကျမတို့ အမှတ် 59 အထက်တန်းကျောင်းနဲ့ အမှတ် 60 အထက်တန်းကျောင်းတို့ကို ကိုယ်စားပြုပါတယ်"
"ဖျောင်း.. ဖျောင်း...ဖျောင်း"
နောက်ဆုံးတွင် လက်ခုပ်သြဘာပေးသံ အချို့ ထွက်ပေါ်လာခဲ့သည်။
ဤစိတ်အားထက်သန်မှုကို အသုံးချပြီး ကျိုးရီက ဆက်ပြောလိုက်သည်။
"အခု ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှူး တာခန်း ကိုယ်တိုင် ရေးထိုးထားတဲ့ ဆိုင်းဘုတ်ကို ဖွင့်ဖို့အတွက် ဆရာမဖန်ကို ဖိတ်ခေါ်ချင်ပါတယ်"
"ကောင်းပြီ"
ဆရာမဖန်က ခေါင်းညိတ်ပြလိုက်ပြီး ပိတ်စကိုလှန်ကာ နဖူးစည်းစာတမ်းကို ဖွင့်လိုက်သည်။
ဆိုင်းဘုတ်ပေါ်ရှိ ရွှေရောင်စာလုံးများက အလွန်အမင်း တောက်ပနေ၏။
အတွင်းရေးမှူးတာခန်းက သူ၏ ကြီးမားသော စွမ်းအားကို အသုံးပြု၍ ဤစာလုံးများကို ရေးသားခဲ့ပုံရသည်။
ဤအခိုက်တွင် စာလုံးတွင် ပါဝင်သည့် ဝိညာဥ် အလင်းရောင်က လူတိုင်းကို မျက်စိကျိန်းစက်စေခဲ့သည်။
လူအုပ်ထဲတွင် ရပ်နေသော ဝမ်လင်းကမူ သူ၏ ကောင်းကင်မျက်လုံးကြောင့် ရွှေရောင်စာလုံး၏ အလင်းတန်းများ ဒဏ်ကို မခံစားခဲ့ရပေ။
သူ၏ အကြည့်က အလင်းတန်းများကို ထိုးဖောက် ဝင်ရောက်သွားပြီး ပိုးထည် နဖူးစည်းပေါ်မှာ ရိုက်နှိပ်ထားသည့် စာလုံးကြီးများကို ချက်ချင်း မြင်လိုက်ရသည်။
"အပုန်းဘုရင်"
ဝမ်လင်း "..........."
....................
စစ်ရေးလေ့ကျင့်မှုက မပြီးသေးပေ။
လာမည့်ရက်အနည်းငယ် အတွင်း ယေဘုယျအခြေခံ လေ့ကျင့်ရေးများနှင့် သက်တောင့်သက်သာ ရှိသည့် စစ်ရေးလေ့ကျင့်ခန်းများ အပါအဝင် အထွေထွေ အခြေခံလေ့ကျင့်မှုများကို ဆက်လက် လုပ်ဆောင်ရဦးမည် ဖြစ်သည်။
ထိုအချိန်တွင် ကော်ဟောက်က ကျောင်းခြောက်ကျောင်းတွင် လူသိများလာခဲ့သည်။
ပြိုင်ပွဲကို အနိုင်ရခြင်းက သူ၏ကံတရား မည်မျှကောင်းသည်ကို ပြသနိုင်ခဲ့သည်။
ထိုထက်ပို၍ အရေးပါသော အချက်မှာ ကျောင်းခြောက်ကျောင်း၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှ တစ်ဆင့် သူက လူ့အဖွဲ့အစည်း အဆင့်အားလုံးမှ အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။
အနာဂတ်တွင် သူ၏ ပညာရေးလမ်းကြောင်းက ရွှေလမ်းခင်းနေပြီဟုပင် ဆိုနိုင်သည်။
ဝမ်လင်း ကြားသိသော သတင်းအရ တက္ကသိုလ်များစွာက ကော်ဟောက်၏ မိသားစုထံ ကမ်းလှမ်းခဲ့ကြ၏။
တက္ကသိုလ်မှ အဓိပတိများစွာ၏ အမြင်တွင် ကျင့်ကြံခြင်း ခရီးစဥ်၌ အရည်အချင်းက အရေးကြီးသော်လည်း ကံကောင်းခြင်းမှာလည်း ခွန်အားတစ်ခု ဖြစ်သည်။
ထိုနေ့ညနေတွင် ဝမ်လင်းက စစ်ရေးလေ့ကျင့်မှုမှ ပြန်လာပြီးနောက် ကျောင်းပေါင်းတစ်သောင်း၏ တရားဝင် မီဒီယာ အကောင့်တွင် မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရသည်။
အတွင်းရေးမှူးတာခန်းက ကော်ဟောက် အတွက် ဆုဖလားပေါ်တွင် ကမ္ပည်းရေးထိုးချင်သော်လည်း ဘာရေးရမှန်းမသိသောကြောင့် လူတိုင်း၏ ထင်မြင်ယူဆချက်များကို မေးမြန်းရန် အွန်လိုင်းကို အသုံးပြု၍ အကြံဉာဏ် တောင်းခံခဲ့သည်။
ဝမ်လင်းက စခရင်ကို အောက်သို့ ဆွဲကာ မက်ဆေ့ချ်များကိုဖတ်လိုက်ရာ ပြန်စာများစွာကို တွေ့လိုက်ရသည်။
၎င်းတို့အထဲတွင် "ရွေးချယ်ခံရသူ" နှင့် "ဒိုပီ သမိုင်းလူသား" ကဲ့သို့သော အပြုသဘောဆောင်သည့် အကြံပြုချက်များလည်း ရှိသည်။
"အိမ်သာတက် ဘုရင်"၊ "အကြမ်းဆုံး အိမ်သာတက် ဘုရင်"၊ "အမေကျွမ့်၏ သားကောင်" အစရှိသော အမည်များကို ရယ်စရာ ဟာသလုပ်၍ မန့်သူများလည်း ရှိခဲ့သည်။
ရေပန်းအစားဆုံးမန့်မှာ ချန်းချောင် ရေးသားခဲ့သည့်မန့်ဖြစ်သည်။
ယင်းမှာ "အမှတ် 60 အထက်တန်းကျောင်း၏ အပုန်းဘုရင်" ဖြစ်သည်။
ဝမ်လင်းက ဤမန့်ကို Likeလုပ်ထားသူ ရှစ်ထောင်ကျော် ရှိသည်ကို တွေ့လိုက်ရသည်။
...................
ဝမ်လင်း အိမ်နှင့်ဝေးကွာနေချိန် အတွင်း ဝမ်မိသားစု၏ သေးငယ်သော အိမ်လေး၌
ရှင်သန်ခြင်းပြိုင်ပွဲ၏ ရလဒ်ကို ကြေညာသည့် မနက်ခင်းတွင် အနက်ရောင် ဇိမ်ခံကားတစ်စီးက ဝမ်မိသားစု အိမ်ငယ်လေး၏ အဝင်ဝတွင် ထိုးရပ်သွားသည်။
ဆံပင်ရှည်ရှည်နှင့် မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးက လက်ဆွဲအိတ်ကို ကိုင်ဆောင်ကာ ကားထဲကနေ ထွက်လာခဲ့သည်။
"ဒါက စီနီယာလင်း နေထိုင်တဲ့ နေရာလား.."
ဓမ္မရာဂျာက အနည်းငယ် စိတ်လှုပ်ရှားသွားပြီး အိမ်ငယ်လေး၏ တံခါးဝရှေ့တွင် ရပ်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် အင်မော်တယ်ထုန်ရာ ပြီးနောက် ဓမ္မရာဂျာက ဝမ်မိသားစုအိမ်ကို လာရောက်လည်ပတ်သည့် ချက်ဂရုထဲမှ တတိယလူ ဖြစ်လာခဲ့သည်။
ဗီလာသို့ မရောက်မီတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က အိမ်ငယ်လေးထဲမှ စီနီယာများ အကြောင်းကို ဖောက်သည်ချခဲ့ပြီး နှလုံးသားထဲမှ ရိုသေလေးစားမှု အပြည့်ဖြင့် သွားရန် အထပ်ထပ်အခါခါ သတိပေး တောင်းဆိုခဲ့သည်။
ဓမ္မရာဂျာက တံခါးဝတွင်ရပ်၍ ခေါင်းလောင်းသံကို မြည်စေလိုက်သည်။
မကြာခင်မှာပင် အထဲမှ ခြေသံကို ကြားလိုက်ရ၏။
တံခါးကို ဖွင့်ပေးသူမှာ ဖိုးဖိုးဝမ်ပင် ဖြစ်သည်။
"ဘယ်သူလဲ"
ဖိုးဖိုးဝမ် တံခါးဖွင့်လိုက်သောအခါ ဓမ္မရာဂျာ၏ အမူအရာက ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။
လင်းကျန်းရန်၏ အိမ်တွင် စီနီယာကြီးသုံးယောက် ရှိကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ်ထံကနေ သူကြားသိခဲ့ရသည်။
ထိုအထဲတွင် ခန့်မှန်း၍ မရလောက်အောင် ခွန်အားရှိသူမှာ ဤအဘိုးအို ဖြစ်သည်။
ဓမ္မရာဂျာက သူ၏ပထမဆုံး လာရောက်လည်ပတ်မှုတွင် ဤစီနီယာကြီးနှင့် ချက်ချင်း တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ၏ ပထမဆုံး တွေ့ဆုံမှု ဖြစ်သောကြောင့် ဓမ္မရာဂျာက ခါးကို ကိုးဆယ့်ဒီဂရီခန့် ကွေးညွှတ်ကာ ချက်ချင်း ဦးညွှတ်လိုက်သည်။
"မင်္ဂလာပါ စီနီယာဝမ်.. လင်းကျန်းရန်က ဝိညာဉ်ဓားတစ်ချောင်းကို ပြုပြင်ဖို့ ကျွန်တော့်ဆီမှာ အပ်ထားပါတယ်.. ဒီဂျူနီယာက သူ့ဆီ ဓားပြန်အပ်ဖို့ အထူးတလည် လာခဲ့တာပါ"
"အိုး ဒုက္ခပေးမိလို့ ကျေးဇူးတင်ပါတယ်.. အိမ်ထဲ အရင်ဝင်လေ.. မင်းရဲ့ ဖိနပ်ကို ဝင်ပေါက်မှာ ချွတ်ပြီး အိမ်စီးဖိနပ်နဲ့ပြောင်းစီးလိုက်.. တံခါးပြန်ပိတ်ဖို့လည်း မမေ့နဲ့ဦး"
ထိုစကားကို ပြောပြီးသည်နှင့် ဖိုးဖိုးဝမ်က လက်နှစ်ဖက်ကို နောက်သို့ ဟန်ပါပါပစ်ကာ အိမ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ဝင်သွားခဲ့သည်။
သူက မီးဖိုချောင်သို့သွား၍ လက်ဖက်ရည်တစ်ခွက် ဖျော်ကာ ဓမ္မရာဂျာထံ ယူဆောင်လာခဲ့သည်။
"မေမေဝမ်ကတော့ ကုန်စုံဆိုင်မှာ ပစ္စည်းသွားဝယ်တယ်.. ဖေဖေဝမ်ကတော့ သူ့စာမူကို သူ့အယ်ဒီတာနဲ့ အတူ လေ့လာနေတုန်းပဲ"
ဓမ္မရာဂျာက ဖိုးဖိုးဝမ် ထံမှ လက်ဖက်ရည်ကို စိတ်လှုပ်ရှားစွာ ယူလိုက်သည်။
"ဒါဆို စီနီယာလင်းရဲ့ အဖေက စာရေးဆရာလား"
"ဟုတ်တယ်လေ"
ဖိုးဖိုးဝမ်က ခေါင်းညိတ်လိုက်သည်။
"သူ့ကလောင်နာမည်က ဝမ်စစ်ထူ"
"ဂုရုကြီး ဝမ်စစ်ထူလား"
လျှပ်စီးဓမ္မရာဂျာက အံ့အားသင့်သွားသည်။
သူက အလုပ်အတွက် မြေအောက်ရထားစီးရင်း ဤနတ်ဘုရားကြီး ရေးသည့်စာ ဖတ်ဖူးသည်ကို သတိရသွားသည်။
ဤလူက စီနီယာလင်း၏ အဖေ ဖြစ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"အစကတော့ သူက အပျော်သဘောနဲ့ စာရေးခဲ့တာပါ.. ဒီအလုပ်နဲ့ ပိုက်ဆံရှာနိုင်မယ်တောင် မထင်ခဲ့ဘူး"
ဖိုးဖိုးဝမ်က ပြုံးလိုက်သည်။
ထိုစကားကိုကြားလျှင် ဓမ္မရာဂျာ၏ ဖေဖေဝမ်အပေါ် ကြည်ညိုမှုက ပို၍ပင် ကြီးထွားလာခဲ့သည်။
"အပျော်သက်သက် ရေးတာတောင် ငွေရှာနိုင်တယ်"
"တကယ့်စီနီယာကြီးတွေက စီနီယာလင်းရဲ့ နောက်ကွယ်မှာ ရှိနေတာပဲ"
သေချာသည်မှာ ဝမ်စစ်ထူက ကဏ္ဍတိုင်းမှာ ထူးချွန်ပုံရသည်။
ထို့အပြင် ဓမ္မရာဂျာက ဖေဖေဝမ် မှတ်တမ်းတင် ထားသည့် အင်တာဗျူးတစ်ခုကို မှတ်မိနေခဲ့သည်။
ဝမ်စစ်ထူက ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်ရုံတင် မကဘဲ စကားပြောလည်း ကောင်းသည်။
ဓမ္မရာဂျာက သူ့ကို အမှန်တကယ် သဘောကျမိသည်။