← Chapters

တံခါးဖွင့်ထားပြီ ကျင့်ခယ် သွားတော့

Vol. 16 Ch. 239

တံခါးဖွင့်ထားပြီ ကျင့်ခယ် သွားတော့

Vol. 16 Ch. 239

ကျင့်ကြံမှု အသိုင်းအဝန်းတွင် နောက်ကွယ်မှ ဇာတ်မြုပ်နေသော ကျွမ်းကျင်သူများစွာရှိသည်ကို ဓမ္မရာဂျာက ကောင်းစွာသိသည်။

ကျော်ကြားမှု နှင့် ကံကြမ္မာ အားလုံးကို စွန့်ပယ်၍ လောက၏ဖောက်ပြန်ခြင်း သဘောတရားကို လေ့လာရန် ရည်ရွယ်ချက်ဖြင့် ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှ အကြီးအကဲများက သာမန်လူတစ်ယောက်၏ ဘဝကို မငြူစူဘဲ အလိုရှိကြသည်မှာ သဘာဝပင်။

အဆုံးသတ်တွင် ဤအထီးကျန် အကြီးအကဲများ အတွက် ကျင့်ကြံခြင်း လမ်းစဥ်မှာ အချည်းနှီး ဖြစ်သွားခဲ့ကြသည်။

အသက်ရှည်ရှည် နေလာရသည်နှင့်အမျှ ဘဝက အဓိပ္ပါယ်မဲ့သလို ဖြစ်လာပြီး အသက်ရှင်ရန် ငြီးငွေ့လာသည့် အချိန်များပင် ရှိလာသည်ဟု အကြီးအကဲများက ယေဘုယျအားဖြင့် ယူဆကြသည်။

အဆိုးဆုံးအရာမှာ အမှန်တကယ် မသေနိုင်ခဲ့လျှင် သို့မဟုတ် အသတ်မခံရလျှင် ထိုပြဿနာနှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်၏။

ဓမ္မရာဂျာက ဖေဖေဝမ်ကို အလွန် လေးစားရသည့် အကြောင်းရင်းမှာ ဤစီနီယာကြီးက လောကကြီးနှင့် ပေါင်းစည်းရန် လုံးလုံးလျားလျား ရွေးချယ်ခဲ့ပြီး သာမန်ကမ္ဘာတွင် နေထိုင်ရန် လူ့အဖွဲ့အစည်း၏ အောက်ခြေအထိ နက်နဲစွာ ထိုးဖောက် ဝင်ရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သူ့အနေဖြင့် ဆိုလျှင် ထိုသို့ လုပ်နိုင်မည် မဟုတ်ဟု ဓမ္မရာဂျာက ခံစားမိသည်။

ကျင့်ကြံသူများက သာမန်ကမ္ဘာတွင် အလုပ်အကိုင်များ ကိုယ်စီ ရှိကြသော်လည်း အများစုမှာ ကျင့်ကြံမှုနှင့် ဆက်စပ်မှုရှိသည့် လုပ်ငန်းများတွင်သာ အလုပ်လုပ်ကြလေ့ ရှိသည်။

ဥပမာပြရလျှင် သူက မှော်ရတနာများကို ပြုပြင်ရန်အတွက် သူ၏ မိုးကြိုးအမွေအနှစ်ကို အသုံးပြုကာ ဝင်ငွေကို ရှာဖွေခဲ့ရသည်။

သို့ရာတွင် ဂုရုကြီးဝမ်ကမူ ငှက်နှစ်ကောင်ကို ခဲတစ်လုံးဖြင့် သတ်နိုင်ခဲ့သလို စာအုပ်တစ်အုပ်တည်းဖြင့် လုပ်နိုင်ခဲ့သည်။

ဓမ္မရာဂျာက ဤအရာကို အထူးတလည် အံ့သြဖွယ် တွေ့ရှိခဲ့သည်။

သေချာသည်မှာ ဤစီနီယာက မည်သည့်အရာကိုပဲ လုပ်လုပ် ထွန်းလင်း တောက်ပနေမည်သာ ဖြစ်၏။

ဓမ္မရာဂျာက အဘိုးဝမ် သူ့ကို ပေးထားသည့် လက်ဖက်ရည်ကို လေးလေးစားစား ကောက်ကိုင်လိုက်သည်။

လက်ဖက်ရည်ပူပူတွင် ရောင်ပြန်ဟပ်နေသော သူ့မျက်နှာကို မြင်သောအခါ သူက ချက်ချင်းပင် တိတ်ဆိတ်သွားခဲသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်မိသားစု အိမ်ငယ်လေးကို အလည်လာသည့် အခါက အဖိုးဝမ်က သူ့ကို ခရမ်းချဉ်သီးကြက်ဥပြုတ် ဟင်းချို တစ်ပန်းကန် နှင့် ဘရိုကိုလီ တစ်ပန်းကန် ပေးခဲ့သည်ဟု ပြောပြခဲ့သည်။

ယနေ့အထိ ဗုံးပစ်စီနီယာက ထိုအထဲမှ တာအို၏ အဓိပ္ပါယ်ကို မဖော်ထုတ်နိုင်သေးပေ။

ယခု ဤစီနီယာကြီးက သူ့ကို လက်ဖက်ရည် တစ်ခွက် ပေးခဲ့သည်။

"ဒီလက်ဖက်ရည်က ဘာကို ဆိုလိုတာများလဲ"

မြင်ကွင်းက တိတ်ဆိတ်သွားသည်။

လက်ဖက်ရည်ကို မသောက်ချင်တော့ဘဲ ဓမ္မရာဂျာက ၎င်းကို အချိန်အတော်ကြာ ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။

ဤလက်ဖက်ရည်ခွက်ကို သူနဲ့အတူ အိမ်ကို သယ်သွားပြီး လေ့လာချင်ခဲ့၏။

ဓမ္မရာဂျာက ဝမ်မိသားစု အိမ်ငယ်လေးတွင် နေ့လည်အထိ ထိုင်နေခဲ့သည်။

အချိန်ကို ကြည့်လိုက်ရာ မေမေဝမ်က ဟင်းချက်စရာများနှင့်အတူ နောက်တစ်မိနစ်ခန့် အကြာတွင် ပြန်လာလိမ့်မည် ဖြစ်သောကြောင့် ဖိုးဖိုးဝမ်က ဓမ္မရာဇာကို နေ့လယ်စာပါ စားသွားရန် ဖိတ်လိုက်သည်။

အဘိုးအို၏ ဖိတ်ကြားချက်ကြောင့် ဓမ္မရာဂျာက ငြင်းဆန်ခြင်း မရှိခဲ့ပေ။

....................

မကြာမီမှာပင် ဓမ္မရာဂျာက တံခါးဝမှ ဆူညံသံကို သတိပြုမိပြီး ကုန်စုံအိတ်များစွာ ကိုင်ဆောင်ထားသည့် အမျိုးသမီး တစ်ဦးက အိမ်တံခါးကို ဖွင့်ဝင်ကာ အလျင်အမြန် ပြန်ပိတ်လိုက်သည်ကို တွေ့လိုက်ရသည်။

တံခါးပိတ်သံကြောင့် ဖိုးဖိုးဝမ် လန့်သွားသည်။

"ဘာတွေဖြစ်နေတာလဲ"

တံခါးဝကနေ မေမေဝမ်က အမောတကော အမူအရာဖြင့် ပြောလိုက်သည်။

"အဖေ.. တစ်စုံတစ်ယောက် ငါ့ကို နောက်ယောင်ခံ လိုက်နေပြီထင်တယ်"

"မင်းနောက်ကို လိုက်နေတာလား"

ဖိုးဖိုးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

"အင်း"

မေမေဝမ် ခေါင်းညိတ်လိုက်၏။

"နောက်ယောင်ခံ လိုက်ခံရတာ အချိန်အတော်ကြာနေပြီလို့ ခံစားရတယ်.. ဈေးဝယ်ထွက်ကတည်းက မျက်လုံးတစ်စုံက သမီးကို မရပ်မနား စိုက်ကြည့်နေတယ်"

ထိုသို့ပြောပြီးနောက် ဓမ္မရာဂျာအား လှည့်ကြည့်လိုက်သည်။

"အယ်.. မင်းက ဘယ်သူလဲ"

"ကျွန်တော်က စီနီယာလင်း အပ်ထားတဲ့ ဓားတစ်ချောင်းကို ပေးဖို့အတွက် ဒီကို ရောက်လာတာပါ.. စီနီယာ နဲ့ တွေ့ရတာ အရမ်း ဝမ်းသာမိပါတယ်.. တွေ့ရတာ ဂုဏ်ယူပါတယ်"

ဓမ္မရာဂျာက မေမေဝမ်အား ဦးညွှတ်လိုက်သည်။

မေမေဝမ် ရုတ်တရက် နားလည်သွားခဲ့သည်။

"ဒါဆို မင်းက ဓမ္မရာဂျာပေါ့.. လင်းလင်းက မင်းအကြောင်းကို မကြာခဏ ပြောလေ့ရှိတယ်"

ဓမ္မရာဂျာက အလွန် တုန်လှုပ်သွားပြီး မျက်ရည်စများက သူ့မျက်မှန်ကို ဖုံးလွှမ်းသွားသည်။

စီနီယာလင်းက သူ့အကြောင်းကို အခြားသော စီနီယာကြီးများထံ ပြောဖူးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဓမ္မရာဂျာက စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များကို သုတ်လိုက်သည်။

မေမေဝမ်က စိုးရိမ်တကြီး အမူအရာဖြင့် အပြင်ကို ကြည့်လိုက်သည်ကို မြင်လျှင် သူက သူ၏ ကောင်းကင်မျက်လုံးဖြင့် အပြင်ဘက်ကို အကဲခတ်လိုက်သည်။

ထိုအခါ လမ်းဘေးတွင် ခိုးကြောင်ခိုးဝှက် လမ်းလျှောက်နေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

"အကြီးအကဲ.. ကျနော် သူ့ကိုတွေ့ပြီ"

ထိုလူက နေကာမျက်မှန် နှင့် မီးခိုးရောင်လေကာ အင်္ကျီကို ဝတ်ဆင်ထား၏။

သူ့ပတ်ဝန်းကျင်တွင် အန္တရာယ်ရှိသော အော်ရာ တစ်ခုလည်း ရှိနေသည်။

...............

နေကာမျက်မှန် တပ်ထားသည့် အမျိုးသားက ဓမ္မရာဂျာ၏ ကောင်းကင်မျက်လုံးကို သတိထားမိပြီး ခေါင်းကို မော့၍ ကြည့်လိုက်သည်။

သူ့ကို ရှာတွေ့သွားကြောင်း သိရှိခဲ့သော်လည်း အနည်းငယ်မျှပင် ထိတ်လန့်မှု မပြခဲ့ပေ။

ဓမ္မရာဂျာ၏ မျက်လုံးများနှင့် ရင်ဆိုင်ရသောအခါ သူ၏ အကြည့်များက မှုန်ကုပ်ကုပ် ဖြစ်သွားသည်။

စက္ကန့်အနည်းငယ် အကြာတွင် ဓမ္မရာဂျာက ထိတ်လန့်စွာဖြင့်အော်ဟစ်လိုက်သည်။

"အာ.. မကောင်းတော့ဘူး"

တစ်ဖက်သား၏ တုံ့ပြန်သော အကြည့်အောက်တွင် သူက ခြေလှမ်းများစွာ နောက်ပြန်ဆုတ်ရန် တွန်းအားပေးခဲ့ရသည်။

သူ့မျက်မှန်ကို ချွတ်လိုက်သော အခါတွင် သူ့မျက်လုံးက သွေးထွက်နေသည်ကို ဓမ္မရာဂျာက သဘောပေါက်ခဲ့သည်။

"ဒါက သေချာပေါက် ကျွမ်းကျင်သူပဲ"

"ကြည့်ရတာ ဒီကောင်က ဆရာကြီး ဖြစ်ပုံရတယ်"

ဖိုးဖိုးဝမ်က တည်ငြိမ်စွာ သက်ပြင်းချ၍ ပြောလိုက်သည်။

အဖိုးဝမ်၏ မှတ်ချက်ကြောင့် မေမေဝမ် နောက်ကို လိုက်လာသူက မည်မျှ အားကောင်းကြောင်း သိသာ ထင်ရှားနေသည်။

ဓမ္မရာဂျာက စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများ တည်ငြိမ်သွားစေရန် အတွက် သူ့ကိုယ်ပေါ်တွင် ဆောင်ထားသော ဆေးပြားကို ထုတ်၍ အမြန် မျိုချလိုက်ရသည်။

ထို့နောက် သူက ဒဏ်ရာရနေသော သူ့မျက်လုံးများကို ကုသရန် အတွက် မိုးကြိုးအမွေအနှစ်ကို အသုံးပြုခဲ့သည်။

အပြင်ဘက်မှလူက ခွန်အားကြီးရုံသာ မကဘဲ အလွန်လိမ္မာပါးနပ်ကြောင်း သူသဘောပေါက်လိုက်သည်။

တစ်ဖက်လူ၏ အကြည့်ဖြင့် တိုက်ခိုက်မှုက သူ၏ဦးခေါင်းထဲကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်ခဲ့ပြီး အမြင်အာရုံကြောများကို ချက်ခြင်းထုံကျဉ်စေကာ ဆက်တိုက်ဆိုသလို သွေးထွက်စေခဲ့သည်။

အစွမ်းထက် ကုသဆေးလုံးနှင့် မိုးကြိုး အမွေအနှစ်သာ မရှိခဲ့လျှင် သို့မဟုတ် သူ့နေရာတွင် အခြားသူသာ ဆိုလျှင် ကောင်းကင်မျက်လုံးများ ပျက်စီးသွားနိုင်သည်ဟု ဓမ္မရာဂျာ ခံစားမိသည်။

ပထမအကြိမ် တိုက်ခိုက်ပြီးနောက် ဓမ္မရာဂျာက တစ်ဖက်လူ၏ ခွန်အားကို တိုင်းတာနိုင်နေပြီ ဖြစ်သည်။

သူက အော်ရာ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး သူ၏ အဆင့်ဖြင့် အနိုင်ယူနိုင်သည့် တိုက်ပွဲ မဟုတ်ကြောင်း သိသွားခဲ့သည်။

ထို့အပြင် ဤလူ၏ ကောင်းကင်မျက်လုံးက အလွန်ထူးခြားပြီး ပြင်းထန်သော တွန်းလှန်နိုင်စွမ်း ရှိနေသည်ကို သူသတိပြုမိခဲ့သည်။

ရာနှုန်းပြည့် မသေချာသော်လည်း ထိုလူက သူ၏ ကောင်းကင်မျက်လုံးကို မှော်လက်နက် အဖြစ် သန့်စင်ထားနိုင်သည်ဟု ဓမ္မရာဂျာ ခံစားခဲ့ရ၏။

ခန္ဓာကိုယ် အစိတ်အပိုင်းကို မှော်လက်နက်အဖြစ် ပြောင်းလဲသည့် နည်းစနစ်နှင့် ပတ်သက်ပြီး မကြာသေးမီက စီနီယာလင်း၏ မိသားစုကို ပြဿနာရှာနေသည့် အမှောင်အင်အားစုက ကျင့်သုံးခဲ့ကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ် ထံမှ သူ ကြားသိခဲ့ရသည်။

ထို့ကြောင့် ဤလူက အင်မော်တယ်စံအိမ်မှ ဖြစ်နိုင်သည်ဟု အတည်ပြုခဲ့သည်။

"ဒါဆို အခု... ဘယ်လိုလုပ်ရမလဲ"

"ဒီအတိုင်းဆို ဝမ်မိသားစု အိမ်ငယ်လေးထဲက စီနီယာတွေက ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းတော့မှာလား"

ဓမ္မရာဂျာက ကြမ်းပြင်ပေါ်တွင် ထိုင်၍ ဒဏ်ရာကုနေစဉ် ဖိုးဖိုးဝမ်ကို လှည့်ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။

"တောင်းပန်ပါတယ် စီနီယာ.. ဒီလူက အရမ်းသန်မာလွန်းတယ်"

သူက အကြီးအကဲများ၏ ရှေ့တွင် သူ၏ ခွန်အားကို ထုတ်ပြချင်သော်လည်း အဆင့်မမီသောကြောင့် အနည်းငယ် အားငယ်သွားခဲ့သည်။

"မဟုတ်ဘူး.. မင်းလုပ်တာ အရမ်းကောင်းနေပါပြီ"

အဘိုးအိုက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"မင်းက ငါတို့ရဲ့ ဧည့်သည်ပဲလေ.. နောက်ပြီး အဲဒီလူရဲ့ ရည်ရွယ်ချက်က ငါတို့ဆိုတာ သိသာနေတာပဲ.. ဒီပြဿနာကို ငါတို့ကိုယ်တိုင်ပဲ ဖြေရှင်းသင့်ပါတယ်"

ဖိုးဖိုးဝမ်က သံလိုက်ဓာတ်ကဲ့သို့ ဆွဲဆောင်မှုရှိသော လေသံမျိုးဖြင့် ပြောလိုက်သည်။

လောလောဆယ်တွင် ဝမ်လင်းက ကျောင်း၏ စစ်ရေးလေ့ကျင့်မှု၌ ပါဝင်နေသည်။

ထွင်ထျန်းဟာကိုလည်း တာဝန်ခံဆရာက ခေါ်သွားခဲ့ရာ တခဏအတွင်း ပြန်လာနိုင်မည် မဟုတ်ပေ။

ဝမ်မိသားစုကို ဒုက္ခပေးရန် ရောက်လာသူ၏ အမြင်တွင် ဤအချိန်က ဒုက္ခပေးရန် အကောင်းဆုံးအချိန် ဖြစ်သည်။

"အဖေ"

ထိုအချိန်တွင် အဖေနှင့် ချွေးမက အကြည့်ချင်း ဖလှယ်ပြီး အတွေးအမြင်များ ဖလှယ်လိုက်ကြသည်။

"တခြားနည်းလမ်း မရှိတော့ဘူး.."

ဖိုးဖိုးဝမ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

တစ်ဖက်လူက ပြဿနာဖြစ်အောင် တမင်သက်သက် လာခဲ့သည်မှန်လျှင် ရန်ပွဲက ရှောင်လွှဲ၍ ရမည် မဟုတ်ပေ။

သူ့မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်ခု ရှိနေသည်။

"စီနီယာကြီးဝမ်က တည်နေရာ ရွှေ့ပြီး ကိုယ်တိုင် တိုက်ခိုက်တော့မှာလား"

ဓမ္မရာဂျာက အလွန်ပင် စိတ်လှုပ်ရှားနေ၏။

အဖိုးဝမ်က တံခါးဆီသို့ တိတ်တဆိတ်သွားကာ တံခါးလက်ကိုင်ပေါ်သို့ သူ့လက်ကို တင်လိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဖိုးဖိုးဝမ်က ဒုတိယထပ်သို့ မျှော်ကြည့်ကာ အမိန့်ပေးလိုက်သည်။

"ငါတံခါးဖွင့်ထားတယ်.. ကျင့်ခယ် ထွက်သွားဖို့လုပ်တော့"

ထိုခဏတွင် ဓမ္မရာဂျာက ဝမ်မိသားစု၏ အိမ်ငယ်လေး၏ အိမ်ရှေ့တံခါးဝကနေ အညိုရောင်ဓားရိပ်တစ်ခု မီးရှူးမီးပန်းကဲ့သို့ တောက်ပစွာ ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။

All Chapters