လင်းကျန်းရန် နှင့် တူညီသော မျက်လုံးများ
Vol. 16 Ch. 240
လွန်ခဲ့သော ဆယ်မိနစ်က အနက်ရောင်နေကာမျက်မှန်နှင့် မီးခိုးရောင်လေကာအင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မေမေဝမ်ကိုနောက်ယောင်ခံကာ ဝမ်မိသားစု အိမ်ငယ်လေး၏ အဝင်ဝထိ လိုက်လာခဲ့သည်။
ထိုအမျိုးသားက ကြံ့ခိုင်သောခန္ဓာကိုယ် တည်ဆောက်မှု ရှိပြီး သူ၏ ပြောင်နေသော ခေါင်းပေါ်တွင် ဘယ်ရီကက် ဦးထုပ်ကို ဆောင်းထား၏။
ပထမတစ်ချက် ကြည့်လိုက်သည်နှင့် ထိုသူက နိုင်ငံခြားရုပ်ရှင်များတွင် တွေ့ရသည့် ဂျပုများနှင့် ခပ်ဆင်ဆင် တူနေသည်။
"ဒီနေရာပဲ"
ထိုလူက အိမ်ငယ်လေးကို ကြည့်ရင်း နေကာမျက်မှန် နောက်မှ သူ၏ မျက်လုံးကို အနည်းငယ် မှိတ်ထားလိုက်သည်။
သူက အခြေအနေကို သတင်းပို့ရန် သူ့ဂျာကင် အင်္ကျီအိတ်ကို ဆွဲဖွင့်ကာ အတွင်းဘက်တွင် သိုဝှက်ထားသော စကားပြောစက် အသေးစားလေးဖြင့် ဆက်သွယ်လိုက်သည်။
"အကြီးအကဲ.. ကျနော် ပစ်မှတ်နေရာကို ရှာတွေ့ပြီ.. ရဲတိုက်လေဒီ ပြောတဲ့အတိုင်းပဲ"
တစ်ဖက်မှ အသံက ခပ်အုပ်အုပ် ထွက်လာသည်။
"ကောင်းပြီ.. ထန်လေး.. ဝမ်မိသားစုရဲ့ ပကတိ အခြေအနေကို လေ့လာပါ.. နောက်ပြီး ဟော်သွန်း သစ်ပင်နဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွှယ်မှုကို ရှင်းရှင်းလင်းလင်း သိနိုင်ရင် အကောင်းဆုံးပဲ.. ဒီကိစ္စက စံအိမ်သခင် နဲ့ ငါ့ရဲ့ နှစ်ကုန် သုံးသပ်ချက်နဲ့ သက်ဆိုင်တယ်.. ဒါကြောင့် သူတို့တွေ မင်းကို သတိထားမိစေလို့ မဖြစ်ဘူး"
ထိုလူက ခေါင်းညိတ်သည်။
"စိတ်မပူပါနဲ့ အကြီးအကဲ"
"ငါတို့လူတွေ စုဆောင်းထားတဲ့ ထောက်လှမ်းရေး အချက်အလက်အရ ဆိုရင် ယွဲ့လေးကို တိုက်ခိုက်လိုက်တဲ့ ချာတိတ်လေးက ဒီအိမ်မှာ နေထိုင်တာပဲ.. ယွဲ့လေးရဲ့ တွင်းနက်ရှောင်တိမ်းခြင်းဓားကနေ ထွက်လာတဲ့ ရွှေလခြမ်း စွမ်းအားကို ဒီလူငယ်က လက်တစ်ချောင်းတည်းနဲ့ ရပ်တန့်နိုင်ခဲ့တယ်"
ထိုစကားကိုကြားလျှင် အနက်ရောင်မျက်မှန်နှင့်လူက နဖူးကနေ အေးစက်သော ချွေးစက်များ ကူကယ်ရာမဲ့စွာ ကျလာသည်။
အကြီးအကဲ ရည်ညွှန်းသော ယွဲ့လေးမှာ ယုံကြည်ရသော လက်ထောက် အဖြစ် လူ အယောက် တစ်သောင်းထဲကနေ စံအိမ်သခင် ရွေးချယ်ခဲ့သော ပါရမီရှင် ဖြစ်သည်။
ထိုအချိန်က အင်မော်တယ်စံအိမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် စံအိမ်သခင်က ယွဲ့လေးအား တွင်းနက်ရှောင်တိမ်းခြင်းဓားကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သည်။
ဤသည်မှာ ဝိညာဉ်ဓားများ၏ သမိုင်းဝင် စာရင်းတွင် အမြန်နှုန်း၌ ထိပ်ဆုံးမှ အဆင့်သတ်မှတ်ခံထားရသော ဓားတစ်လက် ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ သတိထားရမယ်.. ငါတို့အပြင် အင်မော်တယ်စံအိမ်ရဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အနောက်ဘက် ဌာနခွဲတွေက ဒီမိသားစုရဲ့ နေရာကို လိုက်ရှာနေကြတယ်.. ရဲတိုက်လေဒီက ငါမွေးထားတဲ့ သူလျှိုတစ်ယောက်ပဲ.. ငါတို့ရဲ့ အရှေ့ပိုင်း ဌာနခွဲက ဒီအချက်အလက်တွေကို ရထားပြီးမှတော့ အဲဒါကို ကောင်းကောင်း အသုံးချသင့်တယ်"
ဆက်သွယ်ပြောဆိုမှုက ဤအချိန်တွင် ပြီးဆုံးသွားခဲ့သည်။
အနက်ရောင်မျက်မှန်နှင့် လူငယ်က သက်ပြင်းချလိုက်သည်။
အကြီးအကဲဆီ ဖုန်းမဆက်ခင်မှာပင် ထိုကြောက်စရာကောင်းသည့် လူငယ်လေး အိမ်ငယ်လေး၌ ရှိမရှိ သေချာစေရန် သူ၏ ဝိညာဉ်ရေးအာရုံများကို အသုံးပြုထားခဲ့၏။
သို့သော် သူဖုန်းပြောနေစဉ် အတွင်း ကောင်းကင်မျက်လုံးကို မဆင်မခြင် အသုံးချရဲသော လူတစ်ယောက်က ဗီလာထဲတွင် ရှိခဲ့သည်။
ဌာနခွဲမှူးနှင့် ဖုန်းခေါ်ဆိုရင်း သူက တုံ့ပြန်သည့် အနေဖြင့် သူ၏ ကောင်းကင်မျက်လုံးကို အသက်သွင်းခဲ့ပြီး တစ်ဖက်သား၏ မျက်လုံးများကို တိုက်ရိုက် တိုက်ခိုက်ကာ သွေးထွက်စေခဲ့သည်။
"သူတို့ရဲ့ တစ်ဦးတည်းသော တိုက်ခိုက်ရေး သမားလည်း ဘာမှ မတတ်နိုင်တော့ဘူး ထင်တယ်"
ထိုလူက အိမ်ငယ်လေးကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။
ကောင်းကင်မျက်လုံးဖြင့် သူ့ကိုကြည့်ဖူးသူမှာ ဤအိမ်ထဲရှိတစ်ယောက်တည်းသော တိုက်ခိုက်ရေးသမား ဖြစ်ပုံရ၏။
ထိုလူ ဒဏ်ရာရသွားသောကြောင့် အိမ်ငယ်လေး၌ တခြားမှန်းဆ၍ မရသော အရာများ ရှိမနေသည်မှာ သေချာသွားခဲ့သည်။
ယင်းက ဤမစ်ရှင်တွင် သူ့ စိတ်တိုင်းကျ လုပ်နိုင်တော့မည်ဟု ဆိုလိုပါသလော။
သို့သော်လည်း သူက ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးဆီသို့ လျှောက်လာစဉ်..
တံခါးဖွင့်ထားသည်ကို သူသတိထားမိလိုက်သည်။
ထို့နောက် အညိုရောင်ဓားရိပ်တစ်ခု ပျံသန်း၍ ထွက်လာသည်ကို သူမြင်လိုက်ရသည်။
...................
ဝိညာဉ်ဓားတစ်ချောင်းက မည်မျှ မြန်ဆန်နိုင်သနည်း။
ထန်လေးဟု ခေါ်သောလူက ထိုအချိန်တွင် သူ၏ အမြင် သုံးပါးလုံး ပြန်လည်ဆန်းသစ်သင့်သည်ဟု ခံစားမိလိုက်သည်။
သူ၏ မျက်လုံးများက အလွန် ထူးခြားသောကြောင့် အင်မော်တယ်စံအိမ်သို့ ဝင်ရောက်ခဲ့သည့်နှစ်တွင် မှော်လက်နက် အဖြစ် ပြုပြင်ရန် ရွေးချယ်ခဲ့သည်။
သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သော အခါတွင် သူ၏ မျက်လုံး စွမ်းအားက သာမန် ကောင်းကင်မျက်လုံးထက် ဆယ်ဆကျော် အားကောင်းပြီး မြင်ကွင်းမှန်သမျှကို ထင်ရှားစွာ မြင်နိုင်ခဲ့သည်။
သို့ရာတွင် တံခါးဝကနေ ထွက်လာသည့် အညိုရောင်ဓားရိပ်ကို သူ့မျက်လုံးက လုံးဝ ခြေရာခံ၍ မရသည်ကို သတိထားမိလိုက်ရာ သူ့အနေဖြင့် တုန်လှုပ်သွားမိသည်။
ဓားအလင်းက အလွန် လျင်မြန်လွန်း၍ ထန်လေးက အေးစက်သော ချွေးစေးများပင် ထွက်လာသည်။
သို့သော် အညိုရောင်ဓားရိပ်က သူ့ထံမှ တစ်ဒါဇင်ခန့် အကွာတွင် ရပ်တန့်သွားသည်။
သူ့မျက်လုံးများ ရှေ့မှာပင် ဓားအလင်းက အလင်းမှုန်များပေါင်းစပ်ကာ လူသားရုပ်သဏ္ဍာန် အဖြစ်သို့ ပြောင်းလဲသွားသည်။
၎င်းက အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် မီးခိုးရောင်ဆံပင်တိုနှင့် ကလေးတစ်ယောက် ဖြစ်ပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေ၏။
"ဒါ.. ဒါက ဓားဝိညာဉ်လား"
ထန်လေးက ထိုမြင်ကွင်းကို မယုံနိုင်လောက်အောင် ကြည့်နေမိသည်။
ဓားဝိညာဉ်ဆိုသည်မှာ ၎င်း၏သခင်နှင့်သာ စာချုပ်ထား၍ သခင်က ဆင့်ခေါ်ခြင်းမပြုလျှင် ထွက်ပေါ်လာလေ့ မရှိပေ။
ယေဘုယျအားဖြင့် ပြောရလျှင် ဓားဝိညာဉ် အနည်းစုကသာ သူတို့ကိုယ်သူတို့ ကိုယ်ထင်ပြဖို့ အသိစိတ် ရှိကြ၏။
ထန်လေးက သူ၏ တွက်ချက်မှု မှားယွင်းသွားသလို ခံစားခဲ့ရသည်။
သူက လူသား၏ အော်ရာကို အာရုံခံရန်သာ အာရုံစိုက်ခဲ့ပြီး မှော်လက်နက်မှ ဝိညာဉ် ပေါ်လာနိုင်သည့် ဤကဲ့သို့သော အခြေအနေများကို လျစ်လျူရှုမိခဲ့သည်။
ဝိညာဥ်ဓား၏ ဓားဝိညာဉ် သို့မဟုတ် မှော်လက်နက်၏ ဝိညာဉ် ဖြစ်နေပါစေ.. ခန္ဓာကိုယ် အစစ်အမှန်ကို ကိုယ်ထင်မပြမီ ၎င်းတို့၏ အော်ရာကို လက်နက်က ကန့်သတ်ထားသောကြောင့် အလွယ်တကူ သတိပြုမိဖို့ မဖြစ်နိုင်ချေ။
သို့သော် ယခုအချိန်က စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။
ဓားဝိညာဉ်က သူ့ဆီ လာနေပြီ ဖြစ်သည်။
ထန်လေးက သူ့မျက်လုံး စွမ်းအားကို အပြည့်အ၀ မြှင့်တင်လိုက်ရာ သူ့ မျက်လုံးများက ကယ်လီဒိုစကုပ် ကဲ့သို့ အမြင်စူးရှသွားခဲ့သည်။
သူ၏ကောင်းကင်မျက်လုံး စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် ရွှေဓားများက လေထဲတွင် ပေါ်လာသည်။
နောက်ဆုံးတွင် ရွှေဓားများက ကျင့်ခယ်ကို ဟန့်တားရန် ဓားမုန်တိုင်းတစ်ခု အဖြစ် ပေါင်းစပ်သွားခဲ့သည်။
ဤဓားများကို လူသား၏ ကောင်းကင်မျက်လုံး စွမ်းအား နှင့် စကြာဝဠာမှ ဝိညာဉ်စွမ်းအင် ပေါင်းစပ်မှု တို့ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင် ထွက်ကုန်များအနေဖြင့် ၎င်းတို့တွင် အဖျက်စွမ်းအား မရှိပေ။
သို့ရာတွင် လူသား၏ ကောင်းကင် မျက်လုံး စွမ်းအားနှင့် ပေါင်းစပ်လိုက်သော အခါတွင်မူ ဝိညာဥ်စွမ်းအင်က အဖျက်စွမ်းအား ကြီးမားသော ရိုက်ခတ်မှု ဖြစ်လာသည်။
ဤအစွမ်းထက် အင်အား၏ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ဤတိုက်ခိုက်မှုသာ သူ့ကို ထိမှန်ပါက သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မည်ဟု ထန်လေး တစ်ယောက် ခံစားခဲ့ရသည်။
ရွှေရောင် ဓားအလင်း မုန်တိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရသော်လည်း ကျင့်ခယ်၏ အမူအရာက တစ်စက်လေးမှ ပျက်ယွင်းမသွားပေ။
သူက တည်ငြိမ်စွာပင် ဓားအလင်းမုန်တိုင်း၏ ဗဟိုဆီသို့ ခြေလှမ်းလိုက်သည်။
အိမ်ထဲကနေ လှမ်းကြည့်နေသော ဓမ္မရာဂျာက ကျင့်ခယ်၏
ရုပ်သွင်ကို လုံးလုံး မြင်ခဲ့ရသည်။
ဤဓားဝိညာဉ်၏ မျက်လုံးများက လင်းကျန်းရန်နှင့် တူသည်ဟု သူထင်ခဲ့သည်။
ဓားအလင်းမုန်တိုင်းက ကျင့်ခယ်ကို လွှမ်းခြုံလိုက်သော်လည်း ကျင့်ခယ်၏ ဓားအလင်းကြောင့် ဓားအလင်းမုန်တိုင်းက ဘာမှ မတတ်နိုင်ခဲ့ပေ။
ထိုလူက အလွန် တုန်လှုပ်သွားသည်။
သူ၏ တိုက်ခိုက်မှုက နည်းနည်းလေးမှ သက်ရောက်မှု မရှိသည့် အဖြစ်မျိုး သူ တစ်ခါမှ မဖြစ်ဖူးပေ။
ထို့ကြောင့် ဤဓားဝိညာဥ်က မည်မျှ စွမ်းအားကြီးသည်ကို သူမြင်နိုင်ခဲ့သည်။
သူက ကောင်းကင်မျက်လုံးကို အစွမ်းကုန်မြှင့်တင်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏မျက်လုံး အတွင်းမှ စွမ်းအားများ တိုးလာပြီး မျက်လုံး ထောင့်စွန်းကနေ သွေးစီးချောင်းများ စီးကျလာသည်။
ကျင့်ခယ်က ထိုမြင်ကွင်းကို စိုက်ကြည့်ရင်း ဓားအလင်းမုန်တိုင်း၏ အလယ်တွင် မတုန်မလှုပ် ရပ်နေခဲ့သည်။
ထို့နောက်တွင် အသံတစ်သံ နှင့်အတူ ကျင့်ခယ်၏ ခန္ဓာကိုယ်မှ အညိုရောင် ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။
ဤမြင်ကွင်းက ကောင်းကင်မှ ဆင်းသက်လာသည့် အံ့ဖွယ်မြင်ကွင်း တစ်ခုလိုပင်။
ကျင့်ခယ်က ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းမုန်တိုင်းကို ပင်လယ်ကို ပိုင်းဖြတ်လိုက် သကဲ့သို့ လွယ်ကူစွာ ဖြတ်တောက် ပစ်လိုက်သည်။
ထို့နောက်တွင် ကျင့်ခယ်က ထန်လေး ဆီသို့ လျှောက်လာခဲ့၏။
သို့သော် ထန်လေး၏ ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသောအခါ ကျင့်ခယ်က အံ့သြ တုန်လှုပ်သွားခဲ့သည်။
သူတို့နှစ်ဦး၏ အရပ်အမြင့် ကွာခြားချက်မှာ အလွန်သိသာ၏။
ထိုလူက အလွန်ကြံ့ခိုင်ပြီး အရပ်က တစ်ရာ့ကိုးဆယ် စင်တီမီတာ ရှိသည်။
ကျင့်ခယ်၏ အရပ်ကမူ ထိုလူ၏ ခါးထက် အနည်းငယ်သာ ရှည်၏။
ဓားဝိညာဉ်က သူ့ထံသို့ ချဉ်းကပ်လာ၍ ထန်လေးက အလွန်ထိတ်လန့်သွားကာ ချွေးစေးများ ထွက်လာသည်။
သူက ကြောက်လန့်ပြီး ဒူးပင် မခိုင်ချင်တော့ပေ။
သူနှစ်ပေါင်းများစွာ ကျင့်ကြံလာသမျှက အချည်းနှီးပဲဟု သူခံစားခဲ့ရသည်။
ဤကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် သူ၏ ကျင့်ကြံမှုနယ်ပယ်က ဘာမှ အသုံးမဝင်ခဲ့ပေ။