အခန်း (၂၄၈)
Vol. 23 Ch. 248
သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် လာဘ်စားမှုများရှိနေခြင်းကို လီဟမ်ရှန်းက မအံ့ဩနေခဲ့ပါချေ။
သတ်ဖြတ်သူတသောင်းတောင်ထိပ်ရှိ တပည့်တော်တော်များများမှာ မသန့်ရှင်းကြောင်းကို လီဟမ်ရှန်းလည်း သိပါသည်။ သူကိုယ်တိုင်ကလည်း သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာ နှစ်အတန်ကြာအောင် နေခဲ့သောကြောင့် ထိုအကြောင်းအရာများကို သိနေခြင်းပင် ဖြစ်သည်။
စုံစမ်းစစ်ဆေးမည်ဆိုလျှင် သဲလွန်စများကို ရရှိလိမ့်မည်ဖြစ်သည်။ သို့သော် အကြီးအကဲတော်တော်များများက မျက်နှာလွှဲထားကြသောကြောင့် မည်သူမှ မစစ်ဆေးခဲ့ကြပေ။
ယခုတွင်တော့ အားလုံးပေါ်ကုန်ပြီ ဖြစ်သည်။
ဝူစန်းထောင်ကို ပြန်ခိုင်းလိုက်ပြီးနောက်တွင် လီဟမ်ရှန်းမှာ တောင်တံခါးဝတွင် မတ်တပ်ရပ်ပြီး ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံးကို လွှမ်းခြုံပြီး ကြည့်လိုက်ပါသည်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံးမှာ လေးနက်ကာ ပြင်းထန်တင်းကြပ်နေသည့် လေထုတခုလုံးက လွှမ်းခြုံနေခဲ့ပါသည်။
ဆုမိသားစုက ပြန်သွားပြီလားဆိုသည်ကိုလည်း သူမသိပေ။ တောင်ထိပ်၃၆ခုစလုံးမှာလည်း အသင့်အနေအထားနှင့် ရှိနေကြခဲ့သည်။
လူတိုင်းမှာ နောက်တနေ့မနက်အထိ အလုပ်ရှုပ်နေကြသည့်တိုင် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ လွှတ်ထည့်ထားသည့် သူလျိုကိုမူ ယခုထက်ထိတိုင်အောင် ရှာ မတွေ့ကြသေးပါချေ။
တောင်သခင်၃၆ပါးလုံးကို အကြီးအကဲအဖွဲ့၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရပါသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းမှ သူလျိုနှင့်ပတ်သက်ပြီးတော့ လူတိုင်းကို သူတို့က သတင်းပေးခဲ့ပါသည်။
သူလျို “ရွှဲ့ယီ”
ထိုသူလျိုမှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် ရှိနေသည်မှာ အချိန်တော်တော်ကြာမြင့်နေခဲ့ပြီ။
လက်ရှိတွင်တော့ သူတို့ရထားသည့် သတင်းမှာ ထိုတခုသာဖြစ်သည်။
ရှမူဟိုင်ပင်လျှင် ပြသနာတက်နေပြီဟု ခံစားနေခဲ့ရသည်။ ရှမူဟိုင်က မူလတုန်းက ထင်မြင်ခဲ့သည်မှာ ရွှဲ့ယီက လီဟမ်ရှန်းကို ပြစ်မှတ်ထားနေသည်ဟုပင်။ သို့သော် သူ့အထင်အမြင်နှင့် တက်တက်စင်အောင် လွဲသွားသည့် ရွှေ့ကွက်ကို ရွှဲ့ယီက အသုံးပြုသွားခဲ့တော့သည်။ ရွှဲ့ယီက လီဟမ်ရှန်းကို ဘာမှ မလုပ်သည့်အပြင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံးကို အခမ်းအနားနေ့တွင် အဆိပ်ခပ်ကာ လုပ်ကြံခဲ့ပါသည်။
သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ
မနက်ခင်းတွင် နံနက်စာစားပြီးကာစ လီဟမ်ရှန်းမှာ သေခါနီးခွေးအိုကြီးလို ပင်ပန်းမောပန်းကာ လျှာထွက်နေသည့် ကျိုးကျွင်းက ချင်ကျူးတောင်ကို ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
“ညီ၄ ရေ ငါတော့ ပင်ပန်းလွန်းလို့သေတော့မှာပဲ” ကျိုးကျွင်းက လီဟမ်ရှန်းကို စိတ်ပျက်နေသည့်အကြည့်နှင့် ကြည့်ကာ ပြောလိုက်ပါသည်။
“မတရားလိုက်တာကွာ။ မူဟိုင်ဖုန်းတောင်ရဲ့ တိုက်ရိုက်တပည့်ချင်းအတူတူ အကြီးဆုံးစီနီယာအကိုကြီး၊ အစ်မ၂နဲ့ ငါကောက သေလောက်အောင်ကို အလုပ်လုပ်နေရတာကို၊ မင်းက ချင်ကျူးတောင်ပေါ်မှာ အိပ်လိုက်စားလိုက်နဲ့ နေနေရတာနော်”
ကျိုးကျွင်းက မျက်ရည်အဝိုင်းသားနှင့် လီဟမ်ရှန်းကို မေးလိုက်ပါသည်။
လီဟမ်ရှန်းက ကျိုးကျွင်းအတွက် ရေနွေးတခွက်ကို လောင်းထည့်ပေးရင်း ပြောလိုက်သည်။
“ကျွန်တော်လည်းမတတ်နိုင်ဘူးဗျ။ ကျွန်တော်လည်း အရမ်းကို ကူညီချင်ပါတယ် ဒါပေမယ့်အကိုကြီးကပြောတယ်။ သူလျိုက ကျွန်တော့်ကို လုပ်ကြံဖို့ကြံစည်နေလောက်တာမို့လို့ လုံခြုံတဲ့ ကိုယ့်တောင်ပေါ်မှာပဲ ကိုယ်နေပြီးတော့ စစ်ဆေးမှုတွေကို ဝင်မကူညီပါနဲ့တဲ့”
လီဟမ်ရှန်းက တက်ကြွပျော်ရွှင်နေသည့် လေသံနှင့် ပြောလိုက်ပါသည်။
“ဆရာသခင်က မင်းကို မျက်နှာသာ သိပ်ပေးတာပဲ”
ကျိုးကျွင်းက စူပုတ်နေသည့်မျက်နှာထားနှင့် ပြောလိုက်ပါသည်။
“အရမ်းကြီး စိတ်ဓာတ်မကျနေပါနဲ့ဦး။ တညလုံးရှာဖွေထားပြီးတော့ သဲလွန်စလေးဘာလေး တွေ့လား”
“ဘာမှကို မတွေ့တာဟေ့”
ကျိုးကျွင်းက စိတ်တိုစွာပြောလိုက်သည်။
“သဲလွန်စတခုလေးတောင် ရှာလို့ကို မရတာ”
“ဒီသူလျိုက တော်တော်လေးကို အပုန်းကောင်းနေတာ”
ကျိုးကျွင်းက သက်ပြင်းမောကို မှုတ်ထုတ်လိုက်သည်။
“ဒီည စန်းကျွင်းတောင်ကို လာပြီးတော့ ငါ့နဲ့အတူ သေရည်လာသောက်လှည့်ကွာ။ ငါ့မှာ သေရည်နှစ်အိုးကျန်သေးတယ်”
ကျိုးကျွင်းက ဖိတ်ခေါ်လိုက်သည်။
“မင်းအနေနဲ့ ငါ့ဆီကို လက်ဗလာနဲ့ ဘယ်လာချင်ပါ့မလဲ။ အဲ့ဒါကြောင့် မလာခင်မှာ အစ်မ၂ဆီသွားပြီးတော့ စိတ်ဝိဉာဉ်ကြက်နှစ်ကောင်လောက် တောင်းခဲ့လိုက်”
ကျိုးကျွင်းက မျှော်လင့်တကြီး ပြောလိုက်ပါသည်။
လီဟမ်ရှန်း “…..”
သို့သော် ကျိုးကျွင်း၏ သနားစဖွယ်အခြေအနေကို မြင်ပြီးသည့်နောက်တွင် လီဟမ်ရှန်းမှာ မငြင်းဆန်နိုင်ခဲ့တော့ပေ။
“ကောင်းပြီဗျာ အကို၃ရဲ့ ခွန်အားတွေပြန်ပြည့်ဖို့အတွက် ညီလေးက စိတ်ဝိဉာဉ်ကြက်တွေကို ယူခဲ့ရတော့မှာပေါ့”
“ပြီးတော့ ကျွန်တော့်မှာ အကိုနဲ့ ဆွေးနွေးချင်တာရှိတယ်”
“ဘာကိုလဲ”
“ထာဝရရှင်သန်ခြင်းဂိုဏ်းက သူလျိုနဲ့ပတ်သက်ပြီးတော့ပါ။ သူက ဘယ်သူလဲဆိုတာ ကျွန်တော်သိနေပြီ။ သေတော့မသေချာသေးတာမို့ အကိုနဲ့ကျွန်တော်နဲ့ ပေါင်းပြီး စုံစမ်းရအောင်”
“အာ” ကျိုးကျွင်းက အူကြောင်ကြောင်နှင့် ခေါင်းညိတ်ပြလေ၏။