အခန်း (၂၅၀)
Vol. 23 Ch. 250
“ညီ၄”
ကျိုးကျွင်းက သူ၏ ဦးခေါင်းကို မော့ကာ လီဟမ်ရှန်းကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထောင့်တွင်တော့ မျက်ရည်များနှင့် စိုစွတ်နေခဲ့၏။ သို့သော် သူက တချက်ပြုံးပြီး ဆက်ပြောလိုက်သည်။
“ငါတို့ အစ်မ၂ရဲ့ တောင်ကိုသွားပြီးတော့ ကြက်သွားခိုးခဲ့တာကို မှတ်မိလား။ အဲ့အချိန်တုန်းက မင်းက ငါ့ရဲ့ညီလေးလိုပဲ ခံစားခဲ့ရတယ်”
“အကို၃က ကျွန်တော့်အပေါ်ကို အကိုအရင်းတယောက်လိုမျိုး ကောင်းပေးခဲ့တာပါ”
လီဟမ်ရှန်းက အလွန်လေးနက်စွာ ပြောလိုက်သည်။
“အစားအသောက်ကောင်းတွေရှိရင်လည်း ကျွန်တော့်ကို ကျွေးဖို့မမေ့ဘူး။ အနိုင်ကျင့်ခံရရင်လည်း အကိုက ကျွန်တော့်ဘက်မှာ အမြဲရှိတယ်။ အကို၃ကို ကျွန်တော်က တကယ်ပဲ ကျေးဇူးတင်ပါတယ်”
“ဘာလို့လဲဆိုတော့ မင်းကို ကြည့်ရင် ငါ့ရဲ့ ညီလေးကို မြင်နေရလို့ပဲ” ကျိုးကျွင်းက သူ၏ မျက်ရည်များကို သုတ်ရင်း ရှက်ရွံ့စွာဖြင့်ပြောလိုက်သည်။
“ငါ့ကိုကြည့်ပါဦး။ လူကြီးဖြစ်နေပြီးတော့ မျက်ရည်တွေကျနေရတယ်လို့၊ ဒီအကြောင်းကို တခြားလူတယောက်ယောက်သိသွားလို့ကတော့ ငါမင်းကို သတ်မှာ”
“ဒါက ကျွန်တော်တို့ရဲ့ လျို့ဝှက်ချက်ပါပဲ”
လီဟမ်ရှန်းက ရယ်မောလိုက်ရင်း ဝိုင်ကရားအား ကျိုးကျွင်းထံသို့ ပစ်ပေးလိုက်သည်။
ကျိုးကျွင်းက လှမ်းဖမ်းလိုက်ပြီး ဂလု၊ ဂလုမြည်အောင် သောက်သုံးလိုက်ပါသည်။
သူ့ပုံစံမှာ ဝမ်းနည်းမှုများကို သေရည်နှင့်မျှောချနေသည့်အလားပင်။
“အကို၃က ကြက်သားကို ဒီလောက်တောင်ကြိုက်တာ၊ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကနေ ကျွန်တော်ပြန်ယူလာတဲ့ ကြက်ပေါင်းကကော အရသာက ဘယ်လိုလဲ။ အဲ့ဒါက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ထုတ်ကုန်အသစ်လို့ ကြားတယ်”
“မဆိုးပါဘူး။ အရသာရှိပါတယ်”
ကျိုးကျွင်းက ခေါင်းညိတ်ပြသည်။
“တကယ်လား။ အကို၃က အံ့ဩဖို့ တကယ်ကောင်းတာပဲ။ အဲ့ကြက်သားကို ကျွန်တော်စားတုန်းကဆိုရင် စပ်လွန်းအားကြီးလို့ မျက်ရည်ထွက်မတက်ပဲ။ အဲ့လောက်စပ်တာကို အကို၃က ဘာမှမဖြစ်တဲ့အပြင် အေးဆေးပဲနော်”
လီဟမ်ရှန်းက အနည်းငယ်အံ့ဩနေသည့်လေသံနှင့် ပြောလိုက်သည်။
“အာ ငါက အဲ့အကြောင်းကို ပြောမလို့ပဲ”
ကျိုးကျွင်းက ခေါင်းကိုခါယမ်းလိုက်သည်။
“ကြက်ခြေထောက်က အရသာရှိပေမယ့် အရမ်းကို စပ်လွန်းတယ်။ အစပ်ပြေအောင်လို့ ရေဘယ်နှစ်ခွက်တောင် သောက်ခဲ့ရလဲဆိုတာကို ငါမမှတ်မိတော့ဘူး။ မင်းက ငါ့ကို ဟာသလုပ်နေဖို့အဲ့ဒါကို ယူလာတယ်လို့တောင်မှ ငါတွေးမိသွားသေးတယ်”
“ဟားဟားဟား အကို့အမြင်မှာ ကျွန်တော်က အဲ့လိုလုပ်မယ့်လူနဲ့များ တူနေတာလား”
လီဟမ်ရှန်းက မရယ်မောပဲနှင့် မနေနိုင်ခဲ့တော့ပေ။
“မင်းက အဲ့လိုလုပ်မယ့်လူစားမျိုးကွ”
ကျိုးကျွင်းက လီဟမ်ရှန်းကို စိုက်ကြည့်လိုက်ပါသည်။
“သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာ မင်းကို စစတွေ့တုန်းက သနားစရာသိုးပေါက်လေးလို့ ထင်ခဲ့တာကွ။ ကြာလာတော့မှ မင်းကတော်တော်ဆိုးမှန်း ငါသိခဲ့တာ”
“ဟားဟားဟား”
“အကို၃ရဲ့ အနောက်ကို လိုက်နေမှတော့ အကို၃ရဲ့ အကျင့်တွေကူးကုန်တာက သဘာဝပဲလေ ဟားဟား”
“များများသောက်၊ နည်းနည်းပြော”
သူတို့နှစ်ယောက်မှာ သေရည်ခွက်ချင်းတိုက်လိုက်ကြပါသည်။
စန်းကျွင်းတောင်ထိပ်၏ လေထုမှာ ညီအကိုနှစ်ယောက်၏ ရယ်မောသံများနှင့် ပျော်ရွှင်ဖွယ်ကောင်းနေခဲ့တော့သည်။
သူတို့နှစ်ယောက်မှာ သေရည်တအိုးပြီး တအိုးကို သောက်နေခဲ့ပြီးနောက် သူတို့၏ မျက်လုံးများမှာ ရဲရဲနီလာခဲ့ကြတော့သည်။ စိတ်ဝိဉာဉ်ကြက်များမှာလည်း ကိုက်ထားလွန်းအားကြီးသောကြောင့် အရိုးများပါ အမှုန့်ဘဝသို့ ရောက်နေခဲ့ချေပြီ။
ကျိုးကျွင်းမှာ မြေကြီးပေါ်တွင် ပစ်လဲနေပြီး သူ့ဗိုက်အပေါ်သို့ လက်ကိုပစ်တင်ကာ မိုးကောင်းကင်ကို ကြည့်ရင်းနှင့် လေတက်လိုက်ပါသည်။
“ဘဝရဲ့ ပျော်ရွှင်မှုတွေထဲက တခုက အရက်ကို စိတ်ကြိုက်သောက်ပြီး ကြက်သားစားရတာပဲ။ အထူးသဖြင့် အစ်မ၂ရဲ့ စိတ်ဝိဉာဉ်ကြက်တွေကို စားရတာပေါ့။ တကယ်ကို အရသာရှိတယ်”
“အကို၃နဲ့အတူတူ အရက်သောက်ပြီးတော့ ကြက်သားစားရတာ ဘဝရဲ့ပျော်ရွှင်မှုထဲက တခုပါပဲ”
လီဟမ်ရှန်းကလည်း အနည်းငယ် မှင်တက်နေမိသည်။
“ဒါပေါ့ ဘယ်သူကမှ ငါ့ရဲ့ ကြက်ကင်တဲ့စကေးကို မမှီဘူး။ မင်းရဲ့ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ငါ့ကိုသာ ငှားမယ်ဆိုရင်လေ၊ ပိုက်ဆံတွေက ထားစရာတောင်ရှိမှာမဟုတ်ဘူး။”
“ဟီးဟီး နောက်တခါကျရင် ချန်ထင်မြို့ကို ပြန်ဖြစ်ရင် ဦးလေးယန်ကို ဒီအကြံပေးလိုက်မယ်”
လီဟမ်ရှန်းမှာလည်း မြေပြင်ပေါ်တွင် ပေတလူးပြီး ပစ်လဲကျနေခဲ့သည်။ သူ့နံဘေးတွင်လည်း ဝိုင်ကရားများမှာ ပျံ့ကျဲနေခဲ့ပါ၏။
ဒါပေမယ့် လီဟမ်ရှန်းက လုံးဝကို ဂရုမစိုက်နေခဲ့ချေ။
အချိန်တခဏကြာသည်အထိ သူတို့နှစ်ယောက်စလုံး စကားတခွန်းမှ မပြောကြပေ။
မီးပုံထဲရှိ ထင်းတုံးများ၏ အသံနှင့် အေးစိမ့်နေသော လေတိုးသံများကိုသာ ကြားရမည်ဖြစ်သည်။ အေးစက်နေသောလေမှာ တဖြေးဖြေးနှင့် ပြင်းထန်လာပြီး မီးပုံထဲမှ မီးတောက်မှလည်း ပိုမို၍ ကြီးထွားလာခဲ့သည်။
အေးစက်သောလေကြောင့် ကျိုးကျွင်းကော လီဟမ်ရှန်းပါ တဖြေးဖြေးနှင့် အမူးပြေလာကြ၏။
“ညီ၄” ကျိုးကျွင်းက ရယ်မောကာ ထရပ်လိုက်သည်။
“ဒီညမင်းကို စန်းကျွင်းတောင်ပေါ်မှာ အနားယူဖို့ကို ငါမဖိတ်ခေါ်တော့ဘူး။ ငါ့အစေခံတွေကလည်း ဒီမှာရှိမနေဘူး။ နောက်ကျနေပြီဆိုပေမယ့် မင်းချင်ကျူးတောင်ကို ပြန်သင့်ပြီ”
ထိုစကားကို ကြားသော်လည်း လီဟမ်ရှန်းက လုံးဝကို မလှုပ်ရှားခဲ့ပါချေ။ သူ၏ မျက်လုံးများမှာ ကောင်းကင်ပေါ်ရှိ ဖျော့တော့နေသည့် လမင်းနှင့် ကြယ်တာရာများကိုသာ မမှိတ်မသုန်ကြည့်နေခဲ့၏။
အချိန်တော်တော်ကြာမှသာ လီဟမ်ရှန်းက ဖြေးညှင်းစွာဖြင့်မေးလိုက်ပါသည်။
“ဘာလို့လဲ အကို၃”
“မနက်ဖန်ကျရင် ဂိုဏ်းချုပ်က ပြန်လာတော့မှာ။ ဒီည စန်းကျွင်းတောင်ပေါ်မှာ အကို၃နဲ့ ကျွန်တော်ပဲ ရှိတာလေ။ အခုချိန်က အကို့အနေနဲ့ ကျွန်တော့်ကို သတ်ဖို့အချိန်ကောင်းပဲ မဟုတ်ဘူးလား”