အခန်း (၂၅၁)
Vol. 23 Ch. 251
လီဟမ်ရှန်း၏ စကားကြောင့် ကျိုးကျွင်း၏ အမူအရာမှာ တမဟုတ်ချင်းကို ပြောင်းလဲသွားခဲ့ပါတော့သည်။
“ညီ၄ မင်းတော်တော်လေးကို မူးနေပြီ။ ဘာပေါက်ကရတွေကို ပြောနေတာလဲ”
ကျိုးကျွင်းက ရယ်ရယ်မောမောနှင့် ပြောလိုက်ပါသည်။
“အကို၃”
လီဟမ်ရှန်းက ကောင်းကင်ကို စိုက်ကြည့်ရင်းနှင့် တိုးညှင်းစွာဖြင့် ပြောလိုက်သည်။
“အကိုက ထာဝရရှင်သန်ခြင်းဂိုဏ်းက ရွှဲ့ယီမဟုတ်လား”
“ပန်ဖေးရွာကို သွားတုန်းက တာဝန်ကို အကိုက အကြီးအကဲခန်းမကို ပေးခဲ့တာ”
“ကောင်းကင်ပြောင်းပြန်တစ္ဆေမြို့မှာလည်း မြို့ထဲကို ကျွန်တော်မဝင်ခင်မှာ အကိုက ကျွန်တော့်ကို သတိထားဖို့ပြောသလိုလိုနဲ့ လှမ်းဆွဲခဲ့ပြီးတော့ တစ္ဆေအရှင်ရဲ့ သွေးကနေ အသွင်ပြောင်းထားတဲ့ သွေးလိပ်ပြာကို ဝတ်ရုံပေါ်ကို တင်ပေးခဲ့တယ်”
“တစ္ဆေမြို့ထဲမှာလည်း အကိုက မြို့ထဲကို နေ့တိုင်းပတ်နေပြီး ရတနာတွေပတ်ရှာတယ်လို့ပြောခဲ့တယ်။ တကယ့်တကယ်တန်းတော့ အကိုက ဆေးဘုရင်တောင်ကြားက ယန်ကျန်းထောင်နဲ့ ပေါင်းပြီးတော့ တစ္ဆေမြို့ထဲမှာရှိတဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ရှင်းလင်းနေခဲ့တာပဲ။ အဲ့ဒီ့အစီအရင်ကြောင့်ပဲ ကျွန်တော်တို့က တစ္ဆေဧကရာဇ်မြို့ထဲကို ရုတ်တရက် ရောက်သွားခဲ့ရတာလေ”
“ဘာလို့လဲ အကို၃ရယ်”
ထိုစကားများကိုပြောဆိုသည့်အချိန်တွင် မျက်ရည်စများမှာ လီဟမ်ရှန်း၏ မျက်ဝန်းများထဲမှ တလိမ့်လိမ့်နှင့် ကျဆင်းလာခဲ့သည်။
လီဟမ်ရှန်းက လက်ခံရန် အလွန်ကို ခက်ခဲနေခဲ့ပါ၏။
အမြဲပျော်ပျော်ရွှင်ရွှင်နှင့် နေတတ်ပြီး အစားမက်သော အကို၃..
သူ့အပေါ်အမြဲကြင်နာသော အကို၃…
သူ့ကို အမြဲလမ်းညွှန်ပြသပေးသော အကို၃…
သူ့ကို အမြဲကာကွယ်ပေးသော အကို၃…
သူ့ရဲ့အကို၃က သူ့ကိုသတ်ပစ်ဖို့အတွက် ကြံစည်နေခဲ့ခြင်း…
လီဟမ်ရှန်း၏ နှလုံးသားတခုလုံးမှာ ကွဲကြေနေခဲ့ချေပြီ။
“ညီ၄ မင်းတကယ်ပဲ သောက်တာအတော်များနေပြီ”
ကျိုးကျွင်းက တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
“မင်းတယောက်တည်းပြန်လို့မသင့်တော်ဘူး။ ငါလိုက်ပို့မယ်”
“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဝယ်လာခဲ့တဲ့ ကြက်ပေါင်..”
လီဟမ်ရှန်းက အနည်းငယ် ဆွံ့အနေသည့် ကျိုးကျွင်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“အဲ့ကြက်ပေါင်က လုံးဝကို မစပ်ခဲ့ဘူး။ စပ်တယ်လို့ ပြောခဲ့တာက ကျွန်တော်လိမ်ပြောတာ။ ကျွန်တော်က အကို၃ကို စမ်းသပ်ခဲ့တာပဲ”
ကျိုးကျွင်းက မျက်မှောင်ကြုံ့သွားသည့်တိုင် ဘာတခွန်းမှ မပြောခဲ့ပေ။
“အကိုက ကြက်ပေါင်ကို လုံးဝကို မစားခဲ့ဘူးလေ”
လီဟမ်ရှန်းက ဖြေးညင်းစွာဖြင့်ပြောလိုက်သည်။ သူ၏ အကြည့်များမှာလည်း လွန်စွာမှကို လေးလံနေခဲ့၏။
“အဲ့နေ့က ကျွန်တော်ပြန်လာတုန်းက အကိုက ဘာစားဖို့ပါလဲဆိုတဲ့ အကြောင်းပြချက်နဲ့ ဝယ်လာတဲ့ ကုန်ပစ္စည်းတွေကို လှန်ပြီး ကိုင်ကြည့်ခဲ့တယ်။ အကိုကိုင်ကြည့်တဲ့အထဲမှာ လက်ဖက်ခြောက်တွေလည်းပါခဲ့တယ်။ အဲ့အချိန်တုန်းက အကို့လက်တွေမှာ ဝိဉာဉ်စားသုံးမြက်အနှစ်တွေကို သုတ်ထားခဲ့တယ်။ အဲ့အချိန်တုန်းကပဲ လက်ဖက်ခြောက်တွေကို အကိုက အဆိပ်ခပ်ခဲ့တာ”
“ကျွန်တော်က ကြက်ပေါင်ကို ပစ်ပေးလိုက်တဲ့အချိန်မှာတုန်းက အကိုက ရုတ်တရက် သတိမေ့ပြီး လှမ်းဖမ်းလိုက်မိတယ်။ အဲ့အချိန်မှာ ကြက်ပေါင်ကလည်း အဆိပ်တွေပေကုန်ခဲ့တယ်။ အဲ့ဒါကြောင့် အဲ့ဒီ့အချိန်တုန်းက ကြက်ပေါင်ကို အကိုက မစားခဲ့တာပဲ။ ပြီးတော့ ဝတ်ရုံစထဲကို ထိုးထည့်ခဲ့လိုက်တာပဲ။ နောက်ပိုင်းကျမှ ကြက်ပေါင်ကို လွှတ်ပစ်လိုက်တာတောင် ဖြစ်နိုင်ပါသေးတယ်”
ကျိုးကျွင်းမှာ စကားတခွန်းမှ မပြောသေးပါချေ။
“အကိုက ကံကောင်းသွားတယ်။ သတ်ဖြတ်သူတသောင်းတောင်ထိပ်က တပည့်တွေက လက်ဖက်ခြောက်တွေကို ခိုးခဲ့ကြတယ်ဆိုပေမယ့် သူတို့က မသောက်ခဲ့ကြရသေးဘူး။
ဘာလို့ဆိုရင် သူတို့သာ အခုနေသောက်လိုက်ရင် သူတို့ခိုးထားတာကို မိသွားနိုင်တာမို့လို့ပဲ။ သူတို့က ဂုဏ်ပြုပွဲပြီးသွားမှပဲ အေးအေးဆေးဆေးသောက်ဖို့အတွက် စီစဉ်ထားကြတာပေါ့။ သူတို့သာ အရင်သောက်လိုက်လို့ အဆိပ်သာ အရင်မိသွားရင် အကို့အစီအစဉ်က အခမ်းအနားမစခင်ကတည်းက ပေါ်သွားမှာပဲ”
“ကျွန်တော်ပြောတာမှန်တယ်မဟုတ်လား အကို၃”
လီဟမ်ရှန်းက မတ်တပ်ထရပ်လိုက်ပြီး ကျိုးကျွင်းအား စူးစိုက်စွာကြည့်ရင်း မေးလိုက်သည်။
“ဟက်”
ကျိုးကျွင်းက ရုတ်တရက် ရယ်မောလိုက်သည်။ ထို့နောက် သူ့အနောက်တွင် ရှိသော ကျောက်တုံးကြီးကို မှီကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။
သူက အချိန်အတော်ကြာသည်အထိ ဘာစကားမှ မပြောခဲ့ပါချေ။
“ညီ၄”
နောက်ဆုံးမှာတော့ ကျိုးကျွင်းက စကားစပြောလာခဲ့သည်။
“ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါမင်းကို မသတ်ချင်ဘူး။ မင်းသာ ငါ့ကို ဒီနေ့မှာ မဖော်ထုတ်ဘူးဆိုရင် မင်းကို ချင်ကျူးတောင်ကို ပြန်ခွင့်ပြုလိုက်မှာပဲ။ မင်းပြန်သွားပြီးနောက်နေ့မှာ ငါက ဒီဂိုဏ်းမှာ ရှိမနေတော့တာကို မင်းသိရလိမ့်မယ်။ အဲ့အချိန်ကျရင် မင်းနဲ့ငါနဲ့ အတိတ်ကလည်း ဒီမှာပဲ ပြီးဆုံးသွားတော့မှာ”
“ဒါပေမယ့် မင်းက ဘာလို့ အခုလိုမျိုးထုတ်ပြောလိုက်ရတာလဲ” ကျိုးကျွင်းက သက်ပြင်းဖျော့တချက်ကို မှုတ်ထုတ်လိုက်ပါသည်။
“ကျွန်တော်က အဖြေတခုကိုပဲ လိုချင်တယ်။ ဘာလို့အခုလိုလုပ်ခဲ့ရတာလဲ အကို၃”
လီဟမ်ရှန်းမှာ သည်းမခံနိုင်ပဲနှင့် အသံနက်ကြီးနှင့် အော်ပြောလိုက်လေ၏။
“ထာဝရရှင်သန်ခြင်းဂိုဏ်းက အကို့ကို ဘာတွေများပေးထားလို့ ဂိုဏ်းကို မဟုတ်သေးဘူး၊ လူသားမျိုးနွယ်တခုလုံးကို သစ္စာဖောက်ခဲ့ရတာလဲ။ ဘာလို့လဲ”
“သူတို့က ငါ့ကို ဘာပေးလို့လဲ ဟုတ်လား”
ကျိုးကျွင်းက သက်ပြင်းဖျော့တချက်ကို မှုတ်ထုတ်လိုက်လေ၏။
“အဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် သူတို့က ငါ့ကို မျှော်လင့်ချက်ပေးခဲ့တယ်လို့ပဲ ဖြေရလိမ့်မယ်”
“မျှော်လင့်ချက်?”
လီဟမ်ရှန်းက ကျိုးကျွင်းကို အထိတ်တလန့်နှင့် ကြည့်ရင်း သူပြောသည့် မျှော်လင့်ချက်က ဘာဆိုတာကို ရှင်းပြဖို့ စောင့်နေခဲ့မိသည်။
“ငါ့ရဲ့ ညီလေးကို အသက်ပြန်သွင်းချင်တယ်”
ကျိုးကျွင်းက ဖြေးဖြေးချင်း ပြောသည်။
“ငါ့ညီလေးကို အသက်ပြန်သွင်းဖို့က ငါ့ရဲ့ မျှော်လင့်ချက်ပဲ”
“အကို ရူးနေတာလား” လီဟမ်ရှန်းက အထိတ်တလန့်နှင့် ပြောလိုက်ပါသည်။
“သူ သေဆုံးတာက နှစ်တော်တော်လေးကို ကြာနေပြီလေ။ ဘယ်လိုဖြစ်ပြီးတော့ အသက်ပြန်ရှင်နိုင်မှာလဲ။ လူသေတွေကို အသက်ပြန်သွင်းနိုင်တယ်ဆိုတာကို ကျွန်တော်တခါမှမကြားဖူးသေးဘူး”
“မင်းမကြားဖူးရုံနဲ့ မဖြစ်နိုင်တာမှမဟုတ်တာ”
“စန်းယွမ်တိုက်အကျယ်ကြီးမှာ လူသေကို အသက်ပြန်ရှင်နိုင်တဲ့ နည်းလမ်းတွေမှ အများကြီးပဲ”
ကျိုးကျွင်းက ခက်ထန်စွာဖြင့် ပြောလိုက်ပါသည်။
“ထာဝရရှင်သန်ခြင်းဂိုဏ်းက လုပ်ပေးနိုင်တယ်။ ထာဝရရှင်သန်ခြင်းဂိုဏ်းက ဘာတွေတတ်နိုင်တယ်ဆိုတာနဲ့ သူတို့နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာကို မင်းက လုံးဝကို မသိလို့ ဒီစကားကို ပြောနေတာပဲ”
“တနေ့မှာ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ အကြံအစည်တွေ အောင်မြင်သွားတာနဲ့ ငါ့ရဲ့ စတုတ္ထညီလေးက အသက်ပြန်ရှင်လာလိမ့်မယ်”
ကျိုးကျွင်းက ခိုင်မာစွာ ပြောလိုက်ပါသည်။
ယခုအချိန်တွင် လီဟမ်ရှန်းမှာ ကျိုးကျွင်းက အဓိပ္ပာယ်မရှိတာတွေကို တွေးနေဆဲဟု ထင်မြင်နေဆဲပင် ဖြစ်သည်။
“ပြီးတော့ မင်း…”ကျိုးကျွင်းက လီဟမ်ရှန်းကို စိုက်ကြည့်လိုက်ပါ၏။
“မင်းက သော့ချက်တွေထဲကတခုပဲ။ မင်းကိုသတ်ပြီးတော့ မင်းရဲ့ဝိဉာဉ်ကို ယူလိုက်တာနဲ့၊ ငါက သော့တခုကို ရနိုင်တယ်။ ထာဝရရှင်သန်ခြင်းဂိုဏ်းက ငါ့ရဲ့သရုပ်မှန်ကို မပေါ်စေပဲနဲ့ မင်းကို သတ်ဖို့အမိန့်ပေးခဲ့တယ်”
“ဒါဆိုရင် ဘာလို့ ကျွန်တော့်ကို မသတ်ပဲ လွှတ်ပေးခဲ့တာလဲ”
လီဟမ်ရှန်းက မျက်မှောင်ကြုံ့လိုက်သည်။
“အခုလေးတင်ပဲ ချင်ကျူးတောင်ပေါ်ကို ပြန်တော့လို့ ပြောခဲ့တယ်မဟုတ်လား။ ကျွန်တော်သာ ပြန်သွားခဲ့ရင် အကို့ရဲ့ အစီအစဉ်က ကျရှုံးသွားပြီလေ။ မနက်ဖန်ကျရင် ဂိုဏ်းချုပ်ပြန်လာရင် အကို ပြေးစရာမြေမရှိဖြစ်နေလိမ့်မယ်”
ထိုအချိန်တွင် ကျိုးကျွင်း၏ ဆုံးဖြတ်ချက်ခိုင်မာနေသည့်အကြည့်မျက်ဝန်းမှ ပျော့ပျောင်းမှုတရပ်ပေါ်ထွက်လာပါသည်။
“မင်းက ငါ့ညီလေးနဲ့ အတော်လေးကို ဆင်တူလွန်းနေတယ်”
ကျိုးကျွင်းက ခေါင်းကို ငြင်သာစွာ ခါလိုက်ပါသည်။
“မင်းကို မကာကွယ်ပဲနဲ့ကို ငါမနေနိုင်ဘူး။ မင်းကို သတ်ဖို့ကြိုးစားတာတွေကိုလည်း မလုပ်ချင်ဘူး။ လုပ်ကြံမှုတွေတိုင်းမှာ မင်းအတွက်ငါ ထွက်ပေါက်တခု အမြဲပေးထားခဲ့တယ်”
“ငါ့ကိုယ်ငါ အမြဲပြောနေခဲ့တယ်။ လုပ်ကြံမှုတွေမှာ မင်းသေခဲ့ရင် ကံတရားက မင်းကို သေစေချင်လို့ပဲ။ လုပ်ကြံမှုသုံးခုအပြီးမှာ မင်းမသေခဲ့ဘူးဆိုရင်တော့ ငါ မင်းကို သတ်မှာကို လက်လျှော့လိုက်တော့မယ်လို့။ ထာဝရရှင်သန်ခြင်းဂိုဏ်းက မင်းကို သတ်ဖို့တော့ တယောက်ယောက်ကို လွှတ်ရင်လွှတ်မှာပေါ့၊ ဒါပေမယ့် ငါကတော့ မင်းကို သတ်တော့မှာ မဟုတ်ဘူး”
ကျိုးကျွင်းက မြေပြင်ပေါ်မှ ဝိုင်ကရားကို ကောက်ယူလိုက်ပြီး လှုပ်ခါလိုက်သည်။ ဝိုင်ကျန်သေးသည်ကို ခံစားမိပြီးနောက်တွင် တဟုန်ထိုးမော့သောက်လိုက်ပါသည်။
ကျိုးကျွင်းက သူ့ကိုယ်သူလှောင်ရယ်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်ပါသည်။
“မင်းနဲ့အတူတူ ဒီညမှာ ငါ့ရဲ့စတုတ္ထညီလေးအကြောင်းကို ပြောပြပြီးတော့ မင်းကို ငါမသတ်ချင်တော့ဘူး။ အဲ့ဒါကြောင့်ပဲ ချင်ကျူးတောင်ကို ပြန်ခွင့်ပြုလိုက်တာ”
“မင်းက ငါ့ရဲ့ သရုပ်မှန်ကို တကယ်ပဲရှာတွေ့ခဲ့တာပဲ”
ကျိုးကျွင်းက ချီးကျူးသည့်အကြည့်နှင့် ကြည့်လိုက်သည်။
“မင်းတကယ်ပဲ ဖော်ထုတ်နိုင်မယ်လို့ ငါမထင်ခဲ့ဘူး ညီ၄၊ မင်းက တကယ့်ကို တော်တာပဲ”
“မင်းက ငါ့ရဲ့ သရုပ်မှန်ကို အစောကြီးကတည်းကနေ သိထားပြီးသားဆိုမှတော့…”
ကျိုးကျွင်းက ပတ်ဝန်းကျင်ကို တချက်ကြည့်ကာ ရယ်မောလိုက်လေသည်။
“မင်းတယောက်တည်းလာတာ မဟုတ်ဘူးမလား”
“တတိယမောင်လေး၊ ငါ့ရဲ့ စိတ်ဝိဉာဉ်ကြက်တွေက စားလို့မှကောင်းရဲ့လား”
ထိုအခိုက်တွင် ချိုသာသော အသံလေးတသံမှာ ပျံ့လွင့်လာခဲ့ပြီးနောက်တွင် အမှောင်ထဲမှ သေးသွယ်သောပုံရိပ်လေးတခုက မျောလွင့်လာခဲ့ပါသည်။
ထိုပုံရိပ်မှာ ကလေးမလေးတယောက်ဖြစ်ပေမယ့် သူမ၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်အပြည့်နှင့် ဖြစ်နေခဲ့သည်။
သူမ၏ အရှိန်အဝါများမှာ တဟုန်ဟုန်းနှင့် တောက်လောင်နေခဲ့ပြီး လုံးဝကို ချုပ်တည်းမထားခဲ့ပေ။
ဝှစ် ဝှစ် ဝှစ်
မီးပုံရှိ မီးများပင်လျှင် သူမ၏ အရှိန်အဝါ၏ ဖိနှိပ်ခြင်းကို ခံနေခဲ့ရပါသည်။
“အစ်မ၂”
ယန်ထျန်းထျန်းကို မြင်သည့်အခါတွင် ကျိုးကျွင်က ရယ်မောလိုက်သည်။ ကျွန်တော့်ကို လိုက်ပို့မယ့်လူက အစ်မဖြစ်နေလိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့မိတာ။
“နင်က ငါ့ကို အစ်မ၂လို့ ခေါ်ဖို့ မထိုက်တန်တော့ဘူး”
ယန်ထျန်းထျန်း၏ အကြည့်မှာ အေးစက်မောက်မာနေခဲ့သည်။ သူမ၏ လက်သီးဆုပ်လေးများမှာ အက်ကွဲသံများကိုပင် ကြားနေခဲ့ရသည်။ ကျစ်ကျစ်ပါအောင်ဆုပ်ထားသောကြောင့် ကျိုးကျွင်းအား မသေမချင်း ထိုးသတ်တော့မည့်အလားပင်။
“မှန်ပါတယ်” ကျိုးကျွင်းက ပုခုံးတွန့်လိုက်သည်။
“ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ နောက်ဆုံးရည်မှန်းချက်က ဘာလဲ” ယန်ထျန်းထျန်းက ကျိုးကျွင်းကို စိုက်ကြည့်ရင်း စစ်မေးလိုက်ပါသည်။
“နင်ငါ့ကို အမှန်အတိုင်းပြောလိုက်တာကောင်းမယ်။ အဲ့လိုဆိုရင် နင့်ကို ငါ မြန်မြန်သတ်ပေးမယ်။ ငါသာနင့်ကို စည်းကမ်းထိန်းသိမ်းရေးတောင်ကိုသာ အပ်လိုက်ရင် နင်ဘာဖြစ်သွားမယ်ထင်လဲ။ သူတို့က ငါ့လောက်နင့်ကို ညှာတာနေမှာမဟုတ်ဘူး”
“ကောင်းပြီလေ၊ ကျွန်တော်ပြောပြပေးမယ်” ကျိုးကျွင်းက ပိုမိုသက်တောင့်သက်သာဖြစ်သော ကိုယ်နေဟန်ထားကို ကျောက်တုံးကို မှီရင်းနှင့် ပြောင်းလဲလိုက်သည်။
ထို့နောက် ဝိုင်ကရားကိုကောက်ကိုင်ကာ တငုံသောက်လိုက်သည်။
“ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ရည်မှန်းချက်က သူတို့ဘိုးဘေးကို အသက်ပြန်သွင်းဖို့ပဲ”
“သူတို့ဘိုးဘေးက ဘယ်သူတွေလဲ” ယန်ထျန်းထျန်းက ဆက်လက်၍ မေးမြန်းခဲ့သည်။
“ကျွန်တော်လည်းမသိဘူး” ကျိုးကျွင်းက ကူကယ်ရာမဲ့စွာဖြင့်ပြောသည်။
“ကျွန်တော်က ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ အဆင့်နိမ့်လွန်းအားကြီးတယ်။ သူတို့ဘိုးဘေးက ဘယ်သူလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ဘိုးဘေးက အင်မော်တယ်တပါးဆိုတာကိုပဲ မတော်တဆကြားခဲ့ဖူးတယ်”
“အစစ်အမှန်အင်မော်တယ်နော်၊ သာမန်မြေအင်မော်တယ်မဟုတ်ဘူး”
“အစစ်အမှန်အင်မော်တယ်?”
လီဟမ်ရှန်းကော ယန်ထျန်းထျန်းပါ ထိုစကားကြောင့် ကြက်သေသေသွားခဲ့သည်။
“ဒီလောကမှာ ဘယ်တုန်းက အင်မော်တယ်တွေရှိလို့လဲ” ယန်ထျန်းထျန်းက လှောင်လိုက်သည်။
“ထာဝရရှင်သန်ခြင်းဂိုဏ်းက နင့်ကို ဦးနှောက်ဆေးလိုက်တာပဲ”
“ဟုတ်မှာပေါ့”
ကျိုးကျွင်းက ပြန်မငြင်းခဲ့ပေ။
“ကျွန်တော်က သော့ဆိုတာက ဘာကိုပြောချင်တာလဲ”
လီဟမ်ရှန်းမှာ ထိုအဓိပ္ပာယ်ကို အရင်ကတည်းက မရှင်းလင်းခဲ့ပါချေ။
“ပြောကြတာကတော့ ဘိုးဘေးကို ပြန်နှိုးဖို့အတွက်၊ သူ့ကို ချိတ်ပိတ်ထားတဲ့နေရာကို အရင်ရှာဖို့လိုမယ်တဲ့။ အဲ့ဒီ့နေရာမှာ တံခါးကိုဖွင့်ဖို့အတွက် သော့အများကြီးလိုအပ်တယ်လို့ပြောတယ်။ လီဟမ်ရှန်းဆိုတဲ့မင်းက သော့တွေထဲက တခုပဲ။ နောက်ထပ်သော့တချောင်းက ဒုဂိုဏ်းချုပ်ပဲ။ သော့တွေကို ဘယ်လိုသတ်မှတ်တာလဲဆိုတာနဲ့ ပတ်သက်တာကိုတော့ ငါမပြောနိုင်ဘူး”
ကျိုးကျွင်းက လီဟမ်ရှန်းကို တချက်ကြည့်လိုက်သည်။
“ဒါပေမယ့် ငါခန့်မှန်းထားတာတော့ ရှိတယ်”
“ညီ၄ မင်းရဲ့ ပန်းချီကားချပ်တွေကို နားလည်သဘောပေါက်နိုင်စွမ်းက ကောင်းကင်ကို ဆန့်ကျင်နေတယ်။ မင်းလိုမျိုး နားလည်သဘောပေါက်နိုင်စွမ်းရှိတဲ့လူက လက်ချိုးရေလို့ရတယ်။ ဒီအချက်ကပဲ မင်းကို သော့အဖြစ်ရွေးချယ်တာပဲ ဖြစ်နိုင်တယ်”
ကျိုးကျွင်းက ထင်ကြေးပေးလိုက်၏။
ထိုခန့်မှန်းချက်က လီဟမ်ရှန်းကို သတိဝင်သွားစေသည်။ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းအားကြောင့် သော့ဖြစ်ခဲ့ရတာလား။
ဒါပေမယ့် သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက တကယ့်ကို ကောင်းမွန်နေတယ်မဟုတ်ပါလား။ ယခုအချိန်ထိ သူမြင်တွေ့ဖူးခဲ့သည့် ပန်းချီကားချပ်တိုင်းကို သူက လွယ်လွယ်ကူကူနဲ့ နားလည်သဘောပေါက်နိုင်စွမ်းရှိခဲ့သည်မဟုတ်လား။
ထိုအဆင့်မှာ သာမန်လူတစ်ယောက် မရောက်ရှိနိုင်သော အဆင့်ပင်ဖြစ်သည်။
“ထာဝရရှင်သန်ခြင်းဂိုဏ်းက အခုဘယ်နေရာမှာလဲ”
ယန်ထျန်းထျန်းက ဆက်လက်၍ မေးသည်။
“ကျွန်တော် တကယ်ပဲ မသိဘူး” ကျိုးကျွင်းက သူ၏ ဦးခေါင်းကို ခါယမ်းလိုက်သည်။
“ကောင်းကင်ပြောင်းပြန်မြို့မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပြီးတဲ့ နောက်ပိုင်းမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းက နေရာမျိုးစုံကို လျှောက်ပြောင်းနေခဲ့ကြတာပဲ”
“သူတို့ အခုလက်ရှိ ဘယ်မှာရှိနေမလဲဆိုတာကို မသေချာဘူး။ ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ နောက်ဆုံးအဆက်အသွယ်ရတုန်းက ဒီတာဝန်အကြောင်းကိုပဲ ပြောခဲ့ကြတာ”
“တာဝန်က ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ အခမ်းအနားကိုတက်လာခဲ့တဲ့ ဧည့်သည်တွေကို အဆိပ်ခပ်ပြီး အငြင်းပွားစရာကိစ္စဖြစ်အောင် ဖန်တီးဖို့ပဲ။ အဲ့ဒါက ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ အဲ့ဒီ့အချိန်တုန်းက ရည်မှန်းချက်ပဲ”
“အဲ့ဒါထက်ပိုပြီးတော့ ငါလည်း ဘာမှမသိဘူး”
ကျိုးကျွင်းက အေးအေးဆေးဆေးနှင့် ပြောလိုက်သည်။
“နင့်ကို တာဝန်တွေပေးနေတဲ့ အခြားလူတော့ ရှိရလိမ့်မယ်” ယန်ထျန်းထျန်းက မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။
“ဒါပေါ့” ကျိုးကျွင်းက သူတို့နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့တွေ နားလည်မှုလွဲနေကြတယ်လို့ ငါထင်တယ်”
“ရွှဲ့ယီက ငါတယောက်တည်းမဟုတ်ဘူး” ကျိုးကျွင်းက အပြုံးတခုနှင့်ဆိုသည်။
“ဘာ”
လီဟမ်ရှန်းကော ယန်ထျန်းထျန်းပါ အကြီးအကျယ်တုန်လှုပ်သွားခဲ့လေ၏။
ရွှဲ့ယီက လူတယောက်တည်းမဟုတ်ဘူးတဲ့လား
“မှန်တယ်၊ နှစ်ယောက်ရှိတယ်” ကျိုးကျွင်းက ခေါင်းညိတ်ပြလိုက်၏။
“နောက်တယောက်က ဘယ်သူလဲ” ယန်ထျန်းထျန်းက အလျင်အမြန်မေးလိုက်သည်။
“သူ ဘယ်သူလဲဆိုတာကို ပြောပြနိုင်တယ်”
ကျိုးကျွင်းက လီဟမ်ရှန်းကို စိုက်ကြည့်လိုက်၏။
“ဒါပေမယ့် ညီ၄ တယောက်တည်းကိုပဲ ပြောမယ်”
“နင်က အရိုက်ခံချင်နေတာပဲ”
ယန်ထျန်းထျန်းက ကျိုးကျွင်း၏ ဗိုက်ကို လက်သီးတလုံး ပစ်ကျွေးလိုက်သည်။
“အဟွတ်”
ကျိုးကျွင်း၏ နှုတ်ခမ်းမှ သွေးတပွက်အန်လာခဲ့သည်။
ထိုလက်သီးချက်တွင် ယန်ထျန်းထျန်းက သူမ၏ ခွန်အားကို လုံးဝကို ထိန်းချုပ်မထားခဲ့ပါချေ။
ကျိုးကျွင်းက ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။
“အရင်တုန်းက ကျွန်တော်ကြက်ခိုးတာမိသွားတုန်းက အစ်မ၂ ရိုက်ခဲ့တုန်းက တကယ်ကို ခွန်အားကို ထိန်းချုပ်ထားခဲ့တာပဲ”
“သောက်ပိုတွေပြောမနေနဲ့” ယန်ထျန်းထျန်းက သူမ၏ မေးစေ့ကို မော့ကာ ကျိုးကျွင်းကို စိုက်ကြည့်လိုက်သည်။
“နင်မပြောဘူးဆိုရင် ငါနင့်ကို တကယ်သတ်မှာ”
“ကျွန်တော်ပြောပြီးပြီလေ။ ကျွန်တော်က ညီ၄ကိုပဲ ပြောပြမှာပါဆို၊ အစ်မအရမ်းသိချင်နေရင် ဂိုဏ်းချုပ်ပြန်လာတာကို စောင့်ပြီးမှ မေးကြည့်ပေါ့။ ဒါပေမယ့်အဲ့ဒီ့အချိန်ကျရင် သူက ရှိချင်မှ ရှိတော့မှာ”
ယန်ထျန်းထျန်း၏ လက်သီးချက်ကို မိထားသည့်တိုင် ကျိုးကျွင်းက လုံးဝကို ဂရုမစိုက်ပါချေ။
သူက လီဟမ်ရှန်းကိုသာ စိုက်ကြည့်နေခဲ့သည်။
“အစ်မ၂၊ ကျွန်တော်သူပြောတာကို နားထောင်လိုက်မယ်”
လီဟမ်ရှန်းက ယန်ထျန်းထျန်းကို ပြောလိုက်၏။
“ကောင်းပြီလေ” ယန်ထျန်းထျန်းက မျက်မှောင်ကြုံ့လိုက်သည့်တိုင် အနောက်သို့ ဆုတ်ပေးလိုက်၏။ လီဟမ်ရှန်းက အရှေ့သို့ ခြေတလှမ်းတိုးလိုက်သည်။ ကျိုးကျွင်း၏ နှုတ်ခမ်းထောင့်မှ စီးကျနေသည့် သွေးစက်များကို ကြည့်ရင်း အသက်ပြင်းပြင်းရှုလိုက်၏။
“ပြောလို့ရပြီ”
လီဟမ်ရှန်းက အရှေ့သို့တိုးလာသောကြောင့် ကျိုးကျွင်းက နားနားကပ်ပြီး အမည်တခုကို တီးတိုးပြောပြလိုက်၏။
ထိုအမည်ကို ကြားလိုက်ရသည့်အခါ လီဟမ်ရှန်းမှာ သေလောက်အောင် ထိတ်လန့်သွားခဲ့၏။
“ခင်ဗျား လိမ်နေတာ အားးးးးးးး”