အခန်း (၂၅၂)
Vol. 23 Ch. 252
“ဘန်းးး”
လီဟမ်ရှန်းက ကျိုးကျွင်း၏ ကော်လံကို ဆွဲကိုင်ပြီး သူမှီထားသည့် ကျောက်တုံးနှင့် ပစ်ရိုက်ချလိုက်သည်။
“အကို၃ ကျွန်တော့်ကို လာကစားနေတာလား”
ကျိုးကျွင်းပြောခဲ့သည့်အမည်ကို လီဟမ်ရှန်းက လုံးဝကို မယုံကြည်နေခဲ့ပါချေ။
“မင်းကလိမ်နေတယ်လို့ ထင်နေရင်လည်း ငါလိမ်နေတယ်လို့ပဲ သတ်မှတ်လိုက်ပါ”
ကျိုးကျွင်းက အပြုံးတခုနှင့်ဆိုလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါက မင်းကို နာမည်ကို ပြောပြပြီးသွားပြီ။ ယုံတာမယုံတာကတော့ မင်းရဲ့အပိုင်းပဲ”
“ညီ၄”
ကျိုးကျွင်းက လေးနက်စွာဆိုသည်။
“မင်းရဲ့ သစ္စာရှိမှုက မင်းရဲ့အားသာချက်ဖြစ်သလို၊ မင်းရဲ့ဆုံးဖြတ်ချက်မချနိုင်တာနဲ့ စိတ်မရှည်တာက မင်းရဲ့ အားနည်းချက်ကြီးပဲ”
“ဒီစန်းယွမ်တိုက်ကြီးမှာ ရိုးသားတုံးအတဲ့လူတွေက ကောင်းကောင်းမရှင်သန်နိုင်ကြဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက ဟန်ဆောင်ကောင်းကြတယ်ကွ။ မင်းက တခြားလူရဲ့ ဟန်ဆောင်ဖုံးကွယ်မှုကို ထိုးထွင်းမမြင်နိုင်ရင်တော့ အလှည့်စားခံရမှာပဲ။ ဒါ မင်းအကို၃က မင်းကို အကြံပေးဆုံးမတာပဲ”
“ထာဝရရှင်သန်ခြင်းဂိုဏ်းကို အထင်မသေးနဲ့။ ပြီးတော့ လူသားတွေရဲ့ ရည်မှန်းချက်ကိုလည်း လုံးဝအထင်မသေးနဲ့။ လူတွေမှာ ရည်မှန်းချက်ရှိလာခဲ့ရင် အဲ့ဒီ့လူက တစ္ဆေသရဲတွေထက်တောင်မှ ပိုကြောက်ဖို့ကောင်းနေလိမ့်မယ်”
ကျိုးကျွင်းက ရယ်မောလိုက်လေသည်။
“အရာအားလုံးက ကစားပွဲတွေပဲ။ ပြီးတော့ အခုကစားပွဲက ဘယ်အချိန်ကတည်းက စနေတာလဲဆိုတာကို ဘယ်သူသိမလဲ။ မင်းနဲ့ငါနဲ့က သူတို့ကြိုးဆွဲရာကို ကရတဲ့ ကျားစေ့လေးတွေပါပဲ။ အဆက်မပြတ် အရှေ့ကို ထိုးတက်နေမှပဲ ကစားသမားဘဝကို ရောက်နိုင်ဖို့အတွက် အခွင့်အရေးသေးသေးလေးကို မြင်တွေ့နိုင်မှာ”
“ကျွန်တော် မယုံနိုင်ဘူး”
လီဟမ်ရှန်းက အံကြိတ်လျက်ဆိုသည်။
ကျိုးကျွင်းက လီဟမ်ရှန်း၏ မျက်လုံးများကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ သူက ဘာစကားမှ ဆက်မပြောခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်း၏ မျက်ဝန်းထဲမှ တုန်လှုပ်ယိမ်းယိုင်မှုများကို သူမြင်တွေ့နေရသောကြောင့်ပင်။
“ညီ၄ ဒီကိုလာစမ်း”
ကျိုးကျွင်းက လက်ယပ်ခေါ်လိုက်သည်။
လီဟမ်ရှန်းက မျက်မှောင်ကြုံကာ သူ့နားကို တိုးပေးလိုက်သည်။ ကျိုးကျွင်းက နောက်ထပ်စကားနည်းနည်းကို တီးတိုးပြောလိုက်ပြန်သည်။
ထိုအချိန်တုန်းက ကျိုးကျွင်းက လီဟမ်ရှန်းကို ဘာတွေပြောလိုက်လဲဆိုသည်ကို ယန်ထျန်းထျန်းက မသိခဲ့ပါချေ။
သို့သော် လီဟမ်ရှန်း၏ မျက်နှာမှာ ချက်ချင်းကို ဖြူဖျော့သွားခဲ့သည်ကို သူမသတိထားခဲ့မိ၏။
ယခုအခြေအနေမှာ ကျိုးကျွင်းက ဒုတိယ ရွှဲ့ယီနှင့် ပတ်သက်သည့်အချက်အလက်များကို ပြောပြပြီးသည့်နောက်တွင် လီဟမ်ရှန်း၏ စိတ်မှာ တစစီကွဲကြေသွားသည့်အလားပင် ဖြစ်နေခဲ့သည်။
သူတို့ပြောနေကြတာ ဘာအကြောင်းများလဲ
ယန်ထျန်းထျန်းမှာ အရှေ့သို့ တိုးကာ နားထောင်တော့မည့်အခိုက်တွင် ကျိုးကျွင်း၏ ပြောဆိုမှုမှာ ပြီးသွားခဲ့ပါသည်။
လီဟမ်ရှန်းက အနောက်သို့ ပြန်ဆုတ်လိုက်၏။ သူ့မျက်နှာထားမှာ အလွန်တရာမှကို လေးနက်နေခဲ့သည်။
“ညီ၄ ၊ မင်းကိုယ်မင်း ဂရုစိုက်ပါ။ ဒါကိုပဲ ငါပြောနိုင်မယ်” ထိုစကားကိုပြောပြီးသည့်နောက်တွင် ကျိုးကျွင်းက မျက်လုံးမှိတ်လိုက်ပြီး သူ၏ ကံကြမ္မာကို စီရင်တော့မည်ကို စောင့်ဆိုင်းနေခဲ့တော့၏။
“မောင်လေး” ယန်ထျန်းထျန်းမှာ လီဟမ်ရှန်း၏ နံဘေးသို့ကပ်လာပြီး လွန်စွာ စိုးရိမ်နေသည့်အမူအရာနှင့် ဂရုတစိုက် မေးမြန်းလိုက်သည်။
“ဒုတိယတယောက်က ဘယ်သူလဲ”
လီဟမ်ရှန်းက ယန်ထျန်းထျန်းကို အံကြိတ်လျက် ကြည့်လိုက်သည်။
“ဘယ်သူမှမရှိဘူး။ သူကျွန်တော့်ကို အရူးလုပ်ဖို့ကြိုးစားနေတာ”
လီဟမ်ရှန်း၏ စကားကို ယခုစာဖတ်နေသူအပါအဝင် မည်သူမှ ယုံလိမ့်မည် မဟုတ်ပေ။
ထိုစကားကြောင့် ယန်ထျန်းထျန်းပင်လျှင် ပြောစရာပျောက်ဆုံးသွားခဲ့ပါသည်။
လီဟမ်ရှန်းက ဒုတိယသူလျိုကို ကာကွယ်ပေးနေခဲ့သည်။
ဘယ်သူမို့လို့ လီဟမ်ရှန်းလိုလူကပင် ကြိုးစားကာ ဖုံးကွယ်ပေးနေခဲ့ရတာလဲ။
ဒါပေမယ့် လီဟမ်ရှန်းက ဘာမှဆက်မပြောသောကြောင့် ယန်ထျန်းထျန်းမှာလည်း ဘာမှ ဆက်မမေးနေခဲ့ပဲ ကျိုးကျွင်း၏ အရှေ့သို့သာ လျှောက်သွားခဲ့တော့သည်။
“ကျိုးကျွင်း ငါတို့က အတူတူကျင့်ကြံခဲ့တဲ့ တပည့်တွေပဲ။ ငါနင့်ကို မရက်စက်ချင်ဘူး။ အဲ့ဒါကြောင့် နင့်ကို ငါစည်းကမ်းထိန်းသိမ်းရေးခန်းမကို မအပ်တော့ဘူး။ ဆရာ့လက်ထဲကိုပဲ အပ်တော့မယ်၊ နင်လက်ခံသလား”
ယန်ထျန်းထျန်း၏ လေသံမှာ အေးစက်နေခဲ့ပါသည်။
“လက်ခံပါတယ်”
ကျိုးကျွင်း ခေါင်းညိတ်သည်။
သူသာ စည်းကမ်းထိန်းသိမ်းရေးခန်းမသို့ အပို့ခံရလျှင် သေဆုံးခြင်းကပင် သူ့အတွက် ငြင်သာပေသေးသည်။ စည်းကမ်းထိန်းသိမ်းရေးတောင်သခင် ဝူဝမ်ယင်သည် သူ၏ ရက်စက်မှုကြောင့် နာမည်ကျော်ကြားလှသည်။ ထိုခန်းမ၏ ရက်စက်သည့် နည်းလမ်းများမှာ အဆုံးမဲ့လှပေသည်။ သာမန်လူများမှာ သူတို့၏ နှိပ်စက်မှုကို မခံစားနိုင်ကြပေ။ အရှင်လတ်လတ်အရေခွံခွာခြင်းမှာ သာမန်အသေးစားပြစ်မှုအတွက် ပေးသည့် အပြစ်ဒဏ်ဖြစ်သည်။
သူက ရှမူဟိုင်ထံသို့ အပို့ဆောင်ခံရမည်ဆိုလျှင် ဆရာတပည့်ဆက်ဆံရေးကြောင့် ရှမူဟိုင်က သူ့အား အမြန်သတ်ပေးနိုင်ပေသေးသည်။
ယန်ထျန်းထျန်းက ကျိုးကျွင်းကို ဂုတ်မှ ဆွဲရန် လက်လှမ်းလိုက်စဉ်မှာပင် သူမ၏ အနောက်မှ လီဟမ်ရှန်း၏ ခေါ်သံထွက်လာခဲ့သည်။
“အစ်မ၂”
“ဟင်”
ယန်ထျန်းထျန်းက လီဟမ်ရှန်းကို လှည့်ကြည့်လိုက်သည်။
လီဟမ်ရှန်းက ကျိုးကျွင်းကို စိုက်ကြည့်နေခဲ့သည်။ ထိုအခိုက်မှာပင် ကျိုးကျွင်း၏ မှိတ်ထားသောမျက်လုံးများမှ တဖြေးဖြေးချင်း ပွင့်လာခဲ့တော့သည်။ ထိုအခိုက် လီဟမ်ရှန်းက ရုတ်တရက် ပြောလိုက်သည်။
“သူ့ကို လွှတ်လိုက်ပါ”
“နင် ဘာပြောလိုက်တာ” ယန်ထျန်းထျန်းက ထိုစကားကိုကြားသော် အကြီးအကျယ်ကို အံ့ဩသွားခဲ့သည်။
ကျိုးကျွင်း၏ မျက်နှာထက်တွင်ပင် အံ့အားသင့်မှုတစွန်းတစပေါ်ထွက်လာခဲ့၏။
“အစ်မ၂၊ ကျွန်တော့်ရဲ့မျက်နှာကို ထောက်ထားပြီးတော့ သူ့ကို သွားခွင့်ပြုလိုက်ပါ”
လီဟမ်ရှန်း၏ မျက်ဝန်းများမှာ ဗလာဖြစ်နေခဲ့သည်။
“နင် ဘာပြောနေတယ်ဆိုတာကိုကော သိရဲ့လား”
ယန်ထျန်းထျန်း၏ မျက်ခုံးများက တွန့်ကွေးသွားခဲ့ပါသည်။
“သူက ရွှဲ့ယီလေ။ ထာဝရရှင်သန်ခြင်းဂိုဏ်းက ပြီးတော့ သူက နင့်ကို သတ်ချင်နေတာ။ နင်က သူ့ကို လွှတ်ပေးမလို့လား။ နင်ရူးနေလား။ သူ့ကို လွှတ်ပေးလိုက်တာက ကျားကိုတောင်ပေါ်ကို ပြန်လွှတ်လိုက်သလို ဖြစ်နေမှာပေါ့။ နောက်ကျရင် သူက နည်းမျိုးစုံသုံးပြီးတော့ နင့်ကို သတ်တော့မှာလေ”
“အစ်မ၂ ကျွန်တော် အကူအညီတောင်းနေတာပါ”
လီဟမ်ရှန်းက ခပ်ပေါ့ပေါ့သာ ပြောလိုက်၏။
လီဟမ်ရှန်း၏ ခေါင်းမာမှုကြောင့် ယန်ထျန်းထျန်းမှာ ဒေါသထွက်လွန်းသောကြောင့် သွေးတပွက်အန်ထွက်လာသည်။
အရင်တုန်းကလိုသာဆိုရင် အခုဖြစ်ရပ်ကို ယန်ထျန်းထျန်းက ဒေါသထွက်လိမ့်မည် မဟုတ်ပါချေ။ ယခုမှာမူ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ။ ယန်ထျန်းထျန်းက လီမိသားစုအပေါ်သို့ အသက်ကြွေးတင်ထားခဲ့လေသည်။
လီဟမ်ရှန်း၏ ခံစားချက်များကို သူမက မခံစားဖူးဆိုသည့်တိုင် လီချန်ချင်း၏ မျက်နှာက ရှိသေးသည်။ လီချန်ချင်းကိုတော့ သူမ အပြစ်ပြုမိ၍ မဖြစ်ပေ။
“စတုတ္ထမောင်လေး နင်သေချာတွေးပါဦးဟာ”
ယန်ထျန်းထျန်း၏ လေသံမှာ လွန်စွာမှကို တိုးညှင်းနေခဲ့လေသည်။
“အင်း” လီဟမ်ရှန်းက ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်သည်။
“ဒီကိစ္စကို ဆရာသခင်ကို ကျွန်တော်ကိုယ်တိုင်ပြောပြီးတော့ ပြစ်ဒဏ်ခံလိုက်ပါ့မယ်”
“မနက်ဖန်မနက်ကျရင် ကျွန်တော်သွားတောင်းပန်လိုက်ပါ့မယ်။ အစ်မ၂က ညှာတာပေးတော့ ကျွန်တော် တောင်းဆိုပါတယ်”
“နင်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါထပ်မနှောင့်ယှက်တော့ဘူး”
ယန်ထျန်းထျန်းက မြေပြင်ကို ဖနောင့်တချက်ပေါက်ပြီးနောက်တွင် ကောင်းကင်ထက်သို့ ချက်ချင်းပျံတက်သွားခဲ့၏။
“ငါ့ကို ဘာလို့ မသတ်တာလဲ”
ကျိုးကျွင်းကိုယ်တိုင်ပင်လျှင် အံ့အားသင့်နေသောကြောင့် မေးနေခြင်း ဖြစ်သည်။
“အခြေအနေတွေက ဘယ်လိုပဲဖြစ်ပါစေ။ ဂိုဏ်းမှာ အတူတူရှိနေခဲ့တဲ့အချိန်တုန်းက အကို၃က ကျွန်တော့်အပေါ်ကောင်းကောင်းဆက်ဆံ၊ စောင့်ရှောက်ခဲ့တယ်။ အကို၃ဆီကနေ မိသားစုရဲ့ နွေးထွေးမှုကို ကျွန်တော်ခံစားခဲ့ရတယ်”
လီဟမ်ရှန်းက ဖြေးညှင်းစွာနှင့် ပြောလိုက်ပါ၏။
“ညီ၄ မင်းကအခုလိုအချိန်မှာတောင် ဆုံးဖြတ်ချက်မပျက်မသားနဲ့ ကိုယ့်စိတ်ကိုကိုယ်မနိုင်ဘူးဖြစ်နေပြန်ပြီကွာ။ မင်းက သောက်ရူးလား”
ကျိုးကျွင်းက အေးစက်စွာ ဆူပူလိုက်သည်။
“ဒီစိတ်ဓာတ်က မင်းရဲ့ အကြီးမားဆုံးအားနည်းချက်ဖြစ်ပြီးတော့ အနှေးနဲ့အမြန် အဲ့ဒါကြောင့်ပဲ မင်းဒုက္ခရောက်လိမ့်မယ်။ မင်းကို ခုနကငါပြောခဲ့တာတွေအကုန်လုံးကို မင်းမေ့သွားပြီလား”
“အခုက နောက်ဆုံးအကြိမ်ပဲ” လီဟမ်ရှန်း၏အကြည့်မှာ ရေခဲတမျှကို အေးစက်နေခဲ့သည်။
“အကိုပြောတဲ့ ဒုတိယမြောက်လူရဲ့နာမည်ကို ကျွန်တော်ကိုယ်တိုင် ရအောင် စစ်ဆေးမယ်။ ပြီးတော့ နောက်တကြိမ်အကို့ကို ကျွန်တော်တွေ့ရင် ကျွန်တော့်လက်နဲ့ အကို့ကို သတ်ပစ်မယ်”
ထိုစကားကို ပြောပြီးသည့်နောက်တွင် လီဟမ်ရှန်းက လှည့်ထွက်သွားခဲ့သည်။
“ညီ၄”
ကျိုးကျွင်းက လှမ်းခေါ်လိုက်သော်လည်း လီဟမ်ရှန်းက အရိပ်တခုအဖြစ်ပျောက်ကွယ်သွားခဲ့ပြီ။
“ခရမ်းမိုးကြိုးကို မင်းအတွက် လက်ဆောင်ပေးခဲ့မယ်။ အဲ့ဒီ့အစားပုတ်မြင်းကို ကောင်းကောင်း ဂရုစိုက်ပေးပါ”
ကျိုးကျွင်း၏ စကားမဆုံးသေးခင်မှာပင် လီဟမ်ရှန်း၏ ပုံရိပ်က အမှောင်ထုနှင့်တသားတည်းဖြစ်ကာ ပျောက်ကွယ်သွားခဲ့လေပြီ။
ကျိုးကျွင်းက ကျောက်တုံးပြာကို မှီရင်း လီဟမ်ရှန်း၏ ကျောပြင်ကို မမှိတ်မသုန်ကြည့်နေခဲ့သည်။ တောင်ထိပ်တွင် လေတိုးသံနှင့် မီးပုံထဲမှ တရှဲရှဲတောက်လောင်နေသည့် မီးအသံမှတပါး ကျိုးကျွင်းတယောက်ထဲသာ ကျန်ရစ်ခဲ့တော့သည်။
အရိုးစိမ့်အောင် အေးစက်သည့်လေထုမှာ တဖြေးဖြေးနှင့်ပိုပို၍ အေးစိမ့်လာခဲ့သည်။ လေတိုက်ခတ်မှုကြောင့် သစ်ရွက်များ၏ လှုပ်ရှားသံ တရှဲရှဲမြည်သံများမှာ ဤလောကကြီး၏ ရှုပ်ထွေးမှုများကို လှောင်ပြောင်နေသည့်အလားပင်။
ကျိုးကျွင်းက ဖြေးညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။ သူက စန်းကျွင်းတောင်ကို ဖြေးဖြေးချင်း ဝေ့ဝဲကာ ကြည့်လိုက်၏။ သစ်ပင်များ၊ ပန်းမန်များနှင့် မြက်ခင်းများအားလုံးကို နောက်ဆုံးအနေနှင့် သူက လွမ်းမောစွာ ကြည့်ရှုနေခဲ့သည်။
သူ၏ သရုပ်မှန်က လီဟမ်ရှန်း၏ ဖော်ထုတ်မှုကြောင့် ပေါ်သွားပြီးသည့်နောက်တွင် ဤနေရာ၌ သေဆုံးရန်အတွက် သူပြင်ဆင်ထားခဲ့ပေ၏။
ကျိုးကျွင်းလုံးဝမမျှော်လင့်ထားခဲ့သည်က သူ၏ နှလုံးသားနုသော ညီ၄က သူ့ကို အသက်ချမ်းသာပေးမည်ကိုပင်။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းသို့ သူရောက်ရှိခဲ့ပြီးသည့်နောက်ပိုင်း သူ့ဘဝကို သူပြန်တွေးတောနေခဲ့မိသည်။ ရှမူဟိုင်၏ စေတနာအပြည့်နှင့် သင်ကြားမှုများ၊ သူ၏ အကိုကြီး၊အစ်မ၂နှင့် ညီ၄တို့နှင့် ဆက်ဆံခဲ့မှုများ။ ထိုအရာများအားလုံးမှာ ကျိုးကျွင်း၏ နေ့စဉ်ဘဝဖြစ်လာခဲ့ပါသည်။
ဆရာသခင်နှင့်အတူတူ ကျင့်ကြံခဲ့ခြင်းများ
အစ်မ၂ထံမှ ကြက်ကို ခိုးယူခဲ့ခြင်းများ
ညီ၄နှင့်အတူတူ အရက်ကိုမူးအောင်သောက်၊ အသားစားပြိုင်ခဲ့ခြင်းများ
ထိုအရာများနှင့် အမှတ်တရများအားလုံးမှာ ကျိုးကျွင်း၏ မျက်ဝန်းထက်တွင် တခုပြီးတခု ပေါ်ထွက်လာခဲ့သည်။
ကျိုးကျွင်းက မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး မူဟိုင်ဖုန်းတောင်တန်းရှိရာသို့ သုံးကြိမ်သုံးခါ ဝပ်တွားကာ အရိုအသေပေးလိုက်သည်။
“မသိတတ်တဲ့တပည့်မိုက် ကျိုးကျွင်းက ဆရာသခင်ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”
ထို့နောက်တွင် ကျိုးကျွင်းမှာလည်းနေရာမှပင် ပျောက်ကွယ်သွားခဲ့လေ၏။
စန်းကျွင်းတောင်ထိပ်တွင်တော့ တရှဲရှဲမြည်နေသည့်သစ်ရွက်ချင်းပွတ်တိုက်သံများနှင့် အေးစိမ့်နေသော လေထုမှလွဲ၍ ဘာမှ မရှိတော့ပါချေ။