← Chapters

အခန်း (၂၅၃)

Vol. 23 Ch. 253

အခန်း (၂၅၃)

Vol. 23 Ch. 253

လီဟမ်ရှန်းက စန်းကျွင်းတောင်ပေါ်မှဆင်းလာသည့်အခိုက်တွင် ခပ်လှမ်းလှမ်းတွင် သူ့အားစောင့်ဆိုင်းနေသည့် ယန်ထျန်းထျန်းကို လှမ်းမြင်လိုက်ရ၏။

“အစ်မ၂ ဒီနေ့မှာ ကျွန်တော် စိတ်အလိုတိုင်းလုပ်ခဲ့မိလို့ တောင်းပန်ပါတယ်”

ယန်ထျန်းထျန်းက သက်ပြင်းကိုမှုတ်ထုတ်လိုက်သည့်တိုင် သူမက ကူကယ်ရာမဲ့နေခဲ့၏။

ထိုအချက်နှင့်ပတ်သက်ရင်တော့ ယန်ထျန်းထျန်းက ကျိုးကျွင်းနှင့် အမြင်တူပါသည်။ လီဟမ်ရှန်းက သစ္စာရှိပြီး သူရဲကောင်းဆန်သည့်အချက်မှာကောင်းကျိုးရှိသလို ဆိုးကျိုးကလည်း ဒွန်တွဲနေခဲ့ပါ၏။

ရန်သူကို ငဲ့ညှာခြင်းသည် မိမိကိုယ်ကို နှိပ်စက်ခြင်း ဖြစ်သည်။ ထိုအရေးကိစ္စကို သူမသာ ဆုံးဖြတ်ရမည်ဆိုလျှင် ကျိုးကျွင်းက ဒီညတွင် သေလိမ့်မည် ဖြစ်သည်။

ဒါပေမယ့် လီဟမ်ရှန်းက ကျိုးကျွင်းကို လွှတ်ပေးလိုက်ခြင်းမှာ သူ့အတွက် ပုန်းကွယ်နေသည့်အန္တရာယ်ကို ကြီးထွားအောင် လုပ်လိုက်ခြင်းနှင့် မခြားလှပေ။

“ဒုတိယ ရွှဲ့ယီက…”

ယန်ထျန်းထျန်းက ဆက်လက်၍မေးမြန်းချင်နေခဲ့သည်။ ထိုကဲ့သို့ လူက ရှိနေခြင်းမှာ ကပ်ဘေးတရပ်ပင်ဖြစ်သည်။

“ဒုတိယလူဆိုတာ မရှိဘူး”

“အစ်မ ကျွန်တော်ပင်ပန်းနေလို့ ပြန်နားတော့မယ်”

ထိုစကားပြောပြီးနောက် လီဟမ်ရှန်းက ချက်ချင်းကို လှည့်ထွက်သွားခဲ့တော့၏။

“အာ”

ယန်ထျန်းထျန်းက သူမ၏ ဦးခေါင်းကိုသာ ခါယမ်းနေမိသည်။ လီဟမ်ရှန်းက မဖြေချင်သောကြောင့် သူမကလည်း ဆက်မေး၍မဖြစ်ပါတော့ချေ။

အိပ်မရသောည

လီဟမ်ရှန်းက တညလုံး မအိပ်နိုင်ခဲ့ပေ။

မနက်ရောက်သော် လီဟမ်ရှန်းက မူဟိုင်ဖုန်းတောင်သို့ သွားပြီး ရှမူဟိုင်ကို သွားတောင်းပန်ရန် အသင့်ဖြစ်နေခဲ့၏။

မူဟိုင်ဖုန်းတောင်တွင် လီဟမ်ရှန်းထက် စောစောရောက်နေသူတဦးရှိနေခဲ့သည်။

ရှမူဟိုင်က နံနက်စာစားနေသည့်အချိန်တွင် ရီချင်ချန်းက မဖိတ်ခေါ်ပဲ ရောက်လာခဲ့ပါ၏။

“ဆရာ၊ ကျွန်တော်ဆရာနဲ့ ဆွေးနွေးစရာရှိတယ်”

“ငါစားနေတုန်းလေ”

ရှမူဟိုင်က စိတ်ညစ်စွာပြောလိုက်သည်။

“ငါစားပြီးတဲ့အထိ စောင့်လို့မရဘူးလား”

“အဲ့လိုလည်းအဆင်ပြေတယ်။ ကျွန်တော်လည်း ဘာမှမစားရသေးဘူး။ အတူတူစားကြရအောင်”

ရီချင်ချန်းက တုန့်ဆိုင်းမနေပဲ တခါတည်း ထိုင်ချလိုက်ပါသည်။

“ကျွန်တော့်အတွက် တူနဲ့ပန်းကန်လုံးကော”

“ငါ့ဆီမှာ တစုံပဲရှိတာလေ”

သူ၏ အကြီးဆုံးတပည့်မှာ မယဉ်ကျေးလှဟု ရှမူဟိုင်က တွေးနေမိသည်။

“အဲ့ဒါလည်းအဆင်ပြေပါတယ်။ ဆရာနဲ့အတူတူစားလို့ဘာမှ မဖြစ်ပါဘူး”

ထိုစကားကို ပြောပြီးသည်နှင့် ရီချင်ချန်းက ရှမူဟိုင်၏လက်ထဲမှ တူနှင့်ပန်းကန်ကို ဆွဲယူပြီး ဆန်ပြုတ်ကို တဂွက်ဂွက်နှင့် မော့သောက်လိုက်တော့သည်။

ရှမူဟိုင်က လုံးဝကြီးကို ဆွံ့အနေခဲ့ပါသည်။

ဒါက ကျားပါးစပ်ကနေ အစာကို လုနေတာပဲ မဟုတ်ဘူးလား

“ဆန်ပြုတ်က နည်းနည်းတော့ မာနေတယ်။ ဒီလောက်တောင်မှ လက်ရာညံ့နေတာ ဆရာ့လက်ရာပဲဖြစ်ရလိမ့်မယ်။ ဆရာ့လက်ရာက တော်တော့်ကို စုတ်ပြတ်နေခဲ့တာပဲ။

ထိုသို့ပြောပြီးသည့်နောက်တွင် သူက နောက်ထပ် ဂလုဂလုမြည်အောင် ထပ်သောက်နေသည့်အပြင် စားပွဲပေါ်ရှိ အရန်ဟင်းများကိုပါ နှိုက်စားနေခဲ့၏။

“ငါက ဘာစားရမှာလဲ”

ရှမူဟိုင်က စိတ်တိုစွာပြောလိုက်သည်။

“ဆရာက ခုထိ စားလို့မပြီးသေးဘူးလား။ ဆရာအခုလေးတင်ပဲ စားထားတာက အတော်လေးကို များနေပြီလေ။ ဆရာ့ကိုယ်ဆရာပြန်ကြည့်ဦး ကျွန်တော့်ရဲ့ ကျန်းကောတောင်က ခွေးဝါကြီးကို ဆရာ့မျက်နှာကြီးကပ်ပေးထားတာနဲ့ တထပ်တည်းကျနေအောင်ကို ဝနေတာ။ အစားကို အများကြီးစားတာ မကောင်းဘူး”

“ဆရာ့ကို ကျွန်တော်သတိရတိုင်း တံခါးဝကို သွားပြီး အဲ့ဒီ့ခွေးဖက်တီးကို သွားသွားစမိတယ် ဟားဟား”

ရီချင်ချန်းက ရယ်မောလိုက်သည်။

“ဆရာ ကျွန်တော်ပြောမယ်။ ဆရာ့မှာသာ အချိန်ရှိရင် ကျန်းကောတောင်ကို သွားပြီး အဲ့ဒီ့ခွေးကိုသွားကြည့်လိုက်။ ဆရာနဲ့ တထပ်တည်းတူတယ်ဆိုတာကို တွေ့လိမ့်မယ်”

ထိုအချိန်တွင် ရှမူဟိုင်က အံကြိတ်ကာ အသက်ပြင်းပြင်းရှုနေရပြီ ဖြစ်သည်။

“ငါ့ရဲ့ ကိုယ်ပိုင်တပည့်ကွာ၊ ရိုက်သတ်ပစ်ချင်စိတ်ကို စိတ်ထိန်းစမ်း စိတ်ထိန်းစမ်း”

သူ့မှာ လွန်စွာလှပသည့် မျက်နှာရှိသည့်တိုင် သူက အတော်လေးကို စိတ်တိုဖို့ကောင်းလေသည်။

“ငါ့ကို ဒီနေ့ဘာလို့ လာရှာတာလဲ”

“လောနေဖို့မလိုဘူး။ စားသောက်ပြီးမှ ဆွေးနွေးကြတာပေါ့”

ရီချင်ချန်းက ဟင်းရွက်ပန်းကန်ကို တူဖြင့်နှိုက်ကာ ပလုတ်ပလောင်းစားလိုက်ပါသည်။

သူ၏ သွေးဖိအားက တရိပ်ရိပ်တိုးတက်လာသည်ကို ရှမူဟိုင်က ခံစားနေမိသည်။ သူ ကြိုးစားဖိနှိပ်သည့်တိုင် မဖိနှိပ်နိုင်တော့သည်ကို သူသိလိုက်ရသည်။

ရီချင်ချန်းက အားပါးတရစားသောက်ပြီးမှသာ သူက ကုလားထိုင်ကျောမှီကို သက်တောင့်သက်သာနှင့် မှီလိုက်ပြီး လေးတွဲ့စွာဖြင့် ပြောလိုက်ပါသည်။

“ဗိုက်တင်းသွားပြီ”

“ဗိုက်တင်းသွားပြီပေါ့လေ” ရှမူဟိုင်ကအေးစက်စွာ ဆိုလိုက်သည်။

“မရှိရှိတာစားရတာပဲလေ။ အရသာက စုတ်ပြတ်နေပေမယ့်လည်း ဗိုက်ဆာတော့လည်း ကြိတ်မှိတ်စားရတော့တာပေါ့”

ရီချင်ချန်းက ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။

မင်းဘယ်တော့ကျန်းကောတောင်ကို ပြန်မှာလဲ။ ရှမူဟိုင်က ရီချင်ချန်းအား ကျန်းကောတောင်သို့ အမြန်ပြန်စေလိုပြီး ဘယ်တော့မှ ပြန်မလာခိုင်းစေချင်တော့ပေ။

“ဂုဏ်ပြုပွဲကပြီးသွားပြီဆိုတော့ မင်းကျန်းကောတောင်ကို ဘယ်တော့ပြန်မလဲ”

“ကျွန်တော် ကျန်းကောတောင်ကို ပြန်ဖို့ စိတ်ကူးမရှိဘူး”

ရီချင်ချန်းက ခေါင်းခါကာ ငြင်းဆန်လိုက်၏။

“မပြန်ဘူးလား”

ရှမူဟိုင်က ဆွံ့အနေခဲ့သည်။

“မင်းက ကျန်းကောတောင်ရဲ့ စစ်ဆေးရေးမှုးလေ မင်းမပြန်လို့ ဘယ်ဖြစ်မတုန်း”

“ကျွန်တော့်မှာ တခြားအတွေးရှိတယ်”

ရီချင်ချန်းက ရုတ်တရက်ကြီး တော်တော်လေးကို လေးနက်လာခဲ့ပါသည်။

“ဆရာသခင်အနေနဲ့ ထျန်းဟိုင်မြို့ရဲ့ စွန့်စားရှာဖွေသူအသင်းမှာ ကျွန်တော့်ကို ပါဝင်ခွင့်ပေးဖို့အတွက် ညွှန်းဆိုစာရေးပေးစေချင်တယ်။ ထျန်းဟိုင်မြို့ရဲ့ စွန့်စားရှာဖွေသူအသင်းက သိပ်မကြာခင် စတင်ပြီးတော့ ထွက်ခွာကြတော့မှာ ကျွန်တော့်အဖေနဲ့ပတ်သက်ပြီးတော့ သဲလွန်စတွေကို ရှာချင်ပါတယ်။ သူက အဖြူအနက်တားမြစ်နယ်မြေထဲမှာ ပျောက်ဆုံးသွားခဲ့ပြီးတော့ အခုထိပြန်မထွက်လာနိုင်သေးဘူး။ ကျွန်တော် အခုထက်ထိ စိတ်ကို မချင့်မရဲဖြစ်နေရတာက သည်းညည်းမခံနိုင်တော့ဘူး ဆရာ”

“စွန့်စားရှာဖွေသူအသင်းကို ဝင်ချင်တယ် ဟုတ်လား။ အဖြူအနက်တားမြစ်နယ်မြေက အပျင်းပြေလျှောက်ဝင်လို့ မရတဲ့နေရာဆိုတာကို မင်းမသိဘူးလား။ လူဆယ်ယောက်ဝင်ရင် ကိုးယောက်က အဲ့နေရာမှာ တန်းသေတာ။ မင်းအဖေလို ထိပ်သီးစွမ်းအားရှင်တောင် ပြန်မထွက်လာနိုင်တာ မင်းက ထွက်လာနိုင်မယ်လို့ ထင်နေခဲ့တာလား”

ရှမူဟိုင်က တင်းမာစွာ ပြောလိုက်သည်။

“အတိတ်တုန်းက လူသားမျိုးနွယ်ရဲ့ သူတော်စင်လေးပါးက ပေါင်းစည်းပြီးတော့ အဖြူအနက်တားမြစ်နယ်မြေကို ဝင်ရောက်ခဲ့တယ်။ ပြန်ထွက်လာနိုင်ခဲ့တဲ့လူကလည်း အခုလက်ရှိ စန်းယွမ်နယ်မြေသခင် ကျန်းထန်းယွမ်တစ်ယောက်တည်းပဲ ဖြစ်ခဲ့တာ”

“တကျောက်ကျောင်းတော်က ဘုန်းတော်ကြီး ဝူတိ၊ ဓားနတ်မိမယ် လီရွှမ်းရှီနဲ့ မင်းအဖေ ဝိဇ္ဇာရီကျောင်းဟန် ပြီးတော့ ကျန်းထန်းယွမ်။ လူသားမျိုးနွယ်ရဲ့ သူတော်စင်လေးပါးမှာ သုံးပါးက အဲ့ဒီ့တားမြစ်နယ်မြေမှာ ကျဆုံးခဲ့တယ်။ မင်းရဲ့ မူလအဆင့်ပြီးပြည့်စုံခြင်းအဆင့်လေးနဲ့ အဲ့ဒီ့တားမြစ်နယ်မြေမှာ အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား”

ရှမူဟိုင်က အေးစက်စွာပြောလိုက်သည်။

“မင်းက မင်းခွန်အားလေးနဲ့ မင်းအဖေကို ရှာချင်တာလား။ ဟာသလုပ်မနေနဲ့”

“ဆရာ ကျွန်တော့်ကို သွားခွင့်ပေးပါ။ စိတ်မပူနဲ့ ကျွန်တော်က ဆရာ့ရဲ့ အသုဘအမှီပြန်လာမယ်လို့ ကတိပေးတယ်။ အဲ့အတွက်တော့ ဆရာစိတ်ပူစရာ မလိုဘူး”

ရီချင်ချန်းက ခပ်မြန်မြန်ပြောလိုက်သည်။

ထိုစကားကိုကြားသော် ရှမူဟိုင်က သွေးပွက်ပွက်အန်ထွက်တော့မည့်အလားပင်။

ရီချင်ချန်းကို သူ လည်ပင်းညှစ်ကာ သတ်ဖြတ်မိတော့ပေမည်။

ရီချင်ချန်း၏ ဖခင်ဖြစ်သူမှာ ဝိဇ္ဇာရီကျောင်းဟန်ဖြစ်ပြီး လူသားမျိုးနွယ်၏ သူတော်စင်လေးပါးအနက် တပါးဖြစ်သည်။

ရီချင်ချန်းကို ရှာတွေ့ခဲ့စဉ်အခါတုန်းက သူက ရေခဲတုံးထဲမှာ ခဲနေသည့်အခြေအနေတွင်ပင် ဖြစ်သည်။ ရီချင်ချန်းက နှစ်ရာချီကြာသည်အထိ ထိုအေးခဲနေသည့်အနေအထားတွင် ရှိနေခဲ့ရသည်ဟု မည်သူကမှ မတွေးထားခဲ့မိကြပါချေ။

ပြီးတော့သူက သူတော်စင်တပါးဖြစ်သူ ဝိဇ္ဇာရီကျောင်းဟန်၏ သားဖြစ်နေခဲ့ပါသေးသည်။

နောက်ဆုံးမှာတော့ ရီချင်ချန်းကို ဂိုဏ်းချုပ်လောရှောင်ချွမ်က ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းသို့ ပြန်လည်ခေါ်ယူလာခဲ့ပြီး ရှမူဟိုင်အား တပည့်အဖြစ်လက်ခံစေခဲ့သည်။

ထိုအချိန်မှာပင် လီဟမ်ရှန်း၏ အသံမှာ အပြင်ဖက်မှ ထွက်ပေါ်လာခဲ့လေသည်။

“ဆရာသခင် ကျွန်တော် ဝင်လာလို့ရမလား”

All Chapters