← Chapters

အခန်း (၂၅၄)

Vol. 23 Ch. 254

အခန်း (၂၅၄)

Vol. 23 Ch. 254

“စတုတ္ထညီလေး ရောက်လာတာပဲ”

ရှမူဟိုင်က စကားမပြောနိုင်ခင်မှာပင် ရီချင်းချန်က လက်ဝှေ့ယမ်းလိုက်ရာ ခြံဝင်းလေးအပြင်မှာ တံခါးမှာ အလိုအလျောက်ပင် ပွင့်ဟသွားခဲ့ပါတော့သည်။

“ဝင်ခဲ့ပါဦး ညီလေး”

ရှမူဟိုင်က ရီချင်းချန်၏ လွှမ်းမိုးတတ်သော အပြုအမူများနှင့် ရင်းနှီးနေပြီးသားပင် ဖြစ်ပါသည်။

ပြောကြတာကတော့ ဒီကောင်က ကျန်းကောတောင်မှာ မိတ်ဆွေတယောက်မှ မရခဲ့ဘူးတဲ့။

“ဆရာသခင်၊ အကိုကြီး”

လီဟမ်ရှန်းက ရှမူဟိုင်နှင့် ရီချင်းချန်၏ အရှေ့တွင် ဒူးထောက်ချလိုက်ပါသည်။

“ဟင်”

ရှမူဟိုင်မှာ အနည်းငယ်ခန့်တော့ ဆွံ့အ အံ့အားသင့်သွားခဲ့ပါသည်။

“ဘာလို့အခုလို ထုံးထမ်းစဉ်လာတွေကို လုပ်နေတာတုန်း ညီ၄ရဲ့”

ရီချင်းချန်က လီဟမ်ရှန်းကို ဆွဲထူပေးရန် ကြိုးစားလိုက်သော်လည်း လီဟမ်ရှန်းက ငြင်းပယ်ခဲ့သည်။

“ပြောစရာရှိရင် မတ်တပ်ရပ်ပြီးပြောစမ်း။ အမြဲတန်းဒူးထောက်နေဖို့ မလိုအပ်ဘူး”

ရှမူဟိုင်က ပြောလိုက်သည်။

“ဟုတ်တယ် စတုတ္ထညီလေး။ ဆရာသခင်သေတဲ့အချိန်ကျရင် ငါတို့အားလုံးဒူးထောက်ကြရမှာ။ မင်းက ဘာလို့ စောစောစီးစီး ဒူးထောက်နေတာလဲ။ ဆရာသခင်က အလတ်ကြီးရှိသေးတယ်”

ရီချင်းချန်က အလျင်အမြန်ဝင်ပြောလိုက်သည်။

ထိုစကားကြောင့် လီဟမ်ရှန်းက သက်ပြင်းမောကိုသာ မှုတ်ထုတ်လိုက်မိပါသည်။

အကိုကြီးကတော့ ကိုယ့်ကို လူသတ်ချင်လာအောင် ဆွတဲ့နေရာမှာတော့ ဆရာတဆူပါပဲလား

ဝက်အသဲ၏ အရောင်ကဲ့သို့ မျက်နှာမည်းနေပြီဖြစ်သော ရှမူဟိုင်ကိုကြည့်ပြီးနောက်တွင် လီဟမ်ရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဆရာသခင် ထာဝရရှင်သန်ခြင်းဂိုဏ်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို လွှတ်ထားတဲ့ သူလျို ရွှဲ့ယီဆိုတာက အကို၃ ပါ။ ကျွန်တော်တို့ကို အဆိပ်ခပ်ခဲ့တာလည်း အကို၃ပါပဲ”

ထိုစကားကြောင့် ရှမူဟိုင်ကော ရီချင်းချန်မှာ အလွန်အမင်းကို ထိတ်လန့် အံ့ဩသွားခဲ့ပါသည်။

တကယ်ကြီး ကျိုးကျွင်းလား

လီဟမ်ရှန်းက ရှမူဟိုင်အား အကျိုးအကြောင်းကို အသေးစိတ် ပြောပြလိုက်ပါသည်။

ရှမူဟိုင်၏ အကြည့်မှာ တစထက်တစကို အေးစက်လာခဲ့ပါသည်။ သူ၏ တတိယတပည့်မှာ အမှန်တကယ်ကိုပင် ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် ဖြစ်နေလိ့မ်မည်ဟု မထင်ထားခဲ့မိပါချေ။

“ကျိုးကျွင်း ဘယ်မလဲ”

ရှမူဟိုင်က အေးစက်စွာဖြင့်မေးလိုက်ပါသည်။

“တပည့်မှာ အပြစ်ရှိပါတယ်။ တပည့်က သူ့ကို လွှတ်ပေးလိုက်တဲ့ အပြစ်ရှိပါတယ်”

လီဟမ်ရှန်းက ချက်ချင်းဒူးထောက်ကာ ပြောလိုက်ပါသည်။

“သူ့ကို လွှတ်ပေးလိုက်တာလား”

ရှမူဟိုင်ကော ရီချင်းချန်ပါ မျက်မှောင်ကြုံ့လိုက်ပါသည်။

“စတုတ္ထညီလေး မင်းက သေလမ်းရှာတဲ့နေရာမှာ ထိပ်တန်းပဲကွ။ သူ့ကို လွှတ်လိုက်မှတော့ သူကမင်းကို ပြန်လာရှာသတ်မှာပေါ့”

ရီချင်းချန်ပင်လျှင် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ပါသည်။

“ဆရာသခင် ကျွန်တော့်သူ့ကို လိုက်ဖမ်းရမလား။ သူက တညပဲထွက်ပြေးရသေးတာ။ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် အေးအေးဆေးဆေးကို မှီမှာနော်”

“မေ့လိုက်”

ရှမူဟိုင်က ခေါင်းခါလိုက်ပါသည်။

ငါတို့ သူ့ကို မှီမှာမဟုတ်ဘူး။

“မကြိုးစားကြည့်ပဲနဲ့တော့ ဘယ်လိုလုပ်ပြီးတော့သိမလဲ”

ရီချင်းချန်က အထင်အမြင်သေးစွာဖြင့် ပြောသည်။

“မလိုအပ်ဘူးလို့ ငါပြောပြီးပြီလေ”

ရှမူဟိုင်က ခေါင်းခါလိုက်ပြန်သည်။ ထို့နောက်မှ လီဟမ်ရှန်းကို ပြောလိုက်ပါသည်။

“ထတော့ ဒါကမင်းအပြစ်မဟုတ်ဘူး။ ဆရာတယောက်ဖြစ်တဲ့ငါက ဒီလိုအခြေအနေမျိုးကို မမြင်ခဲ့မိတာ ငါ့မှာလည်း တာဝန်ရှိတယ်။ ငါ့ရဲ့ တပည့်ရင်းက ထာဝရရှင်သန်ခြင်းဂိုဏ်းက သူလျိုဖြစ်နေတာကို ဆရာဖြစ်တဲ့ ငါကတောင်မသိတာ မင်းကို ဘယ်လို အပြစ်တင်ရမလဲ”

“သူ့ကို လွှတ်ပေးလိုက်ပါ”

“မင်းထလို့ရပြီ”

“ဆရာသခင်ကို ကျေးဇူးတင်ပါတယ်”

ထိုအချိန်ကျမှသာ လီဟမ်ရှန်းကလည်း မတ်တပ်ထရပ်ရဲပါတော့သည်။

ရှမူဟိုင်၏ လေသံအရ သူ့အပေါ်ကို တကယ်အပြစ်မတင်မှန်းကို လီဟမ်ရှန်းက သိနေပါသည်။ သူက ကျိုးကျွင်းကို လွှတ်ပေးလိုက်သည်ကို ကြားသောအခါတွင် ရှမူဟိုင်က စိတ်အေးသွားသည့်လေသံဖြစ်သွားခဲ့သည်ကို လီဟမ်ရှန်းက သတိပြုမိခဲ့ပါ၏။

ကျိုးကျွင်းကို ဖမ်းချုပ်ပြီး ရှမူဟိုင်ထံ ခေါ်ခဲ့ပါက ရှမူဟိုင်အတွက် အခက်အခဲဖြစ်လိမ့်မည် မဟုတ်ပါလား

ရှမူဟိုင်က သူ့လိုအစားအသောက်ကို ခုံမင်တတ်သော တတိယတပည့်ကို လွန်စွာ ချစ်မြတ်နိုးလှသည်။ ကျိုးကျွင်း၏ သေရေး၊ရှင်ရေးကို ရှမူဟိုင်အား ဆုံးဖြတ်ခိုင်းခြင်းသည် ရှမူဟိုင်အတွက် လွန်စွာ ခက်ခဲလိမ့်မည်ဖြစ်ပါသည်။

လီဟမ်ရှန်းက ကျိုးကျွင်းကို လွှတ်ပေးလိုက်သည့် လုပ်ရပ်မှာ ရှမူဟိုင် လိုချင်နေသော ရလဒ်ပင် ဖြစ်ပါသည်။

ဒါပေမယ့် ရှမူဟိုင်ကိုယ်တိုင်ဆုံးဖြတ်ရမည့် အချိန်သို့ရောက်လျှင် သူက လီဟမ်ရှန်းလို လွှတ်ပေးနိုင်လိ့မ်မည် မဟုတ်ပါချေ။

“ဆရာ ခုနတုန်းက ကျွန်တော်ပြောခဲ့တဲ့ ကိစ္စကိုကော ဘယ်လိုသဘောရလဲ”

ရီချင်းချန်က ရှမူဟိုင်အား ခပ်မြန်မြန်ပင် မေးလိုက်ပါသည်။

သို့သော် ရှမူဟိုင်က ပြန်မဖြေနိုင်သေးခင်မှာပင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံးက ခေါင်းလောင်းသံများနှင့် လွှမ်းခြုံသွားခဲ့ပါတော့သည်။ ခေါင်းလောင်းသံများမှာ လူတိုင်း၏ နားထဲသို့ တိုက်ရိုက်ကို တိုးဝင်သွားခဲ့ပါ၏။

ခေါင်းလောင်းသံမှာ ၃၆ခါ မြည်ပြီးမှသာ ရပ်တန့်သွားခဲ့ပါသည်။

“ဂိုဏ်းချုပ် ပြန်လာပြီ”

ရှမူဟိုင်က လွန်စွာမှကို လေးနက်သည့်အမူအရာနှင့် ဆိုလိုက်ပါသည်။

“တောင်သခင် ၃၆ပါးစလုံးက ဂိုဏ်းချုပ်ကို အရိုအသေပေးဖို့ သွားရလိမ့်မယ်။ မင်းကိစ္စကိုတော့ ငါပြန်လာမှ ဆက်ဆွေးနွေးကြတာပေါ့”

ထို့နောက်တွင် ရှမူဟိုင်က လျင်မြန်စွာပင် မိုးပေါ်ပျံတက်သွားခဲ့သည်။

“ဂိုဏ်းချုပ်ပြန်လာပြီလား”

လီဟမ်ရှန်းကလည်း အနည်းငယ်တော့ စိုးရိမ်နေခဲ့ပါသည်။

အနာဂတ်နှင့် အရာရာကို ကြိုတင်မှန်းဆကာ ခန့်မှန်းနိုင်စွမ်းရှိသော ထိုဆန်းကြယ်သော ဂိုဏ်းချုပ်မှာ ကျိုးကျွင်း၏ တည်နေရာကို ကောင်းစွာခန့်မှန်းနိုင်လိမ့်မည် ဖြစ်ပါသည်။

ထိုဆန်းကြယ်သော ဂိုဏ်းချုပ်က ကျိုးကျွင်းကို ဖမ်းဆီးရန် စေခိုင်းမည်လောဆိုသည်ကို သူသိချင်နေမိသည်။

“ဆရာက ဒီတိုင်းကြီးကို ထွက်သွားတော့တာပဲ…”

ရှမူဟိုင်၏ ပျံသန်းသွားမှုကို ရီချင်းချန်က သက်ပြင်းတချက်မှုတ်ထုတ်ကာ ပြောလိုက်သည်။

သူ၏ စကားလုံးများမှာ တစုံတခု ထူးဆန်းနေသည်ဟု လီဟမ်ရှန်းက ခံစားနေခဲ့ရသည်။

“ကျွန်တော်လည်း ပြန်ပါတော့မယ် အကိုကြီး”

လီဟမ်ရှန်းက ခပ်မြန်မြန်ပင် အနောက်သို့လှည့်ကာပြေးထွက်လာခဲ့သည်။

“ညီလေး ဘာလို့လောနေတာလဲ။ ငါတို့ညီအကိုတွေက အေးဆေးစကားမပြောရသေးဘူးလေ။ နေပါဦး အတူတူရင်းနှီးအောင် စကားပြောကြမယ်လေ”

ရီချင်းချန်က အနောက်ကနေ အော်ခေါ်လိုက်သဖြင့် လီဟမ်ရှန်းက ခြေကုန်သုတ်ကာ ပြေးပါတော့သည်။

သူက မသိလိုက်မသိဘာသာပင် မိုးကြိုးသွားအလျင်ကိုပါ ထုတ်သုံးလိုက်မိသွားခဲ့သည်။

ထိုစိတ်မနှံ့သည့်အရူးနှင့် သူစကားကြာကြာ မပြောရဲပေ။ မဟုတ်လျှင် ဒေါသအထွက်လွန်ပြီး သေရပေလိမ့်မည်။

“ကျွတ်ကျွတ် ဒီညီလေးက တော်တော်လေးကို ရှက်တတ်တာပဲ”

ရီချင်းချန်က တချက်ရယ်မောလိုက်ပါသည်။

တောက်ယွမ်တောင်ထိပ်၌

ပန်းပေါင်းစုံတို့က ပင်လယ်ကြီးအလား ပွင့်လန်းနေကြသည်။

လက်ရှိအချိန်တွင် တောင်ထိပ်သခင်၃၆ပါးစလုံးက ဤနေရာတွင် စုစည်းနေကြသည်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ဂိုဏ်းချုပ် လောရှောင်ချွမ်က ဂိုဏ်းသို့ ပြန်လာခြင်းကြောင့်ပင် ဖြစ်သည်။

ဖျင်ကြမ်းအဝတ်အစားနှင့် ကောင်းကင်တုတ်တံအား ‘ကံကြမ္မာဟောသည်’ဟူသော အဝတ်စဆိုင်းဘုတ်နှင့် ချည်နှောင်ထားသည်ကို လူတိုင်းက အံ့အားသင့်ဖွယ်တွေ့လိုက်ကြရပါသည်။

လူတိုင်းက အများနှင့်မတူကာ ထူးခြားလှသည့် ဂိုဏ်းချုပ်၏ အသွင်အပြင်ကို မထူးဆန်းကြတော့ပေ။

လီချန်ချင်းသာ ဤနေရာ၌ ရှိနေကာမူ ထိုပုဂ္ဂိုလ်မှာ ချန်ထင်မြို့တွင် သူ့အား ဗေဒင်ဟောပေးခဲ့သော လူအိုကြီးလောဖြစ်နေသည်ကို မှင်သက်စွာ သတိပြုမိလိမ့်မည် ဖြစ်သည်။

လောလျိုထောင်က ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ဂိုဏ်းချုပ် လောရှောင်ချွမ်ဖြစ်နေလိမ့်မည်ဟု လီချန်ချင်းက အိပ်မက်ပင်မက်ဖူးလိမ့်မည် မဟုတ်ပါချေ။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

လူတိုင်းက တရိုတသေအရိုအသေပေးလိုက်ခဲ့သည်။

“ငါတို့အားလုံးက မိသားစုတွေပဲလေ။ ထုံးထမ်းတွေကို မေ့ထားလိုက်”

လောရှောင်ချွမ်က ကံကြမ္မာဟောစာတန်းချိတ်ဆွဲထားသည့် ကောင်းကင်တုတ်တံကို မြေပြင်၌ ချကာ တချက်ရယ်လိုက်သည်။

“စန်းယွမ်နယ်မြေက အခုနောက်ပိုင်းမှာ တော်တော်လေးကို လှုပ်ခတ်နေတာပဲ။ ငါတို့ရဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာတောင်မှ မတော်တဆမှုလေးတွေ ဖြစ်သွားခဲ့သေးတယ်။ တော်သေးတာပေါ့ ဘာမှ ကြီးကြီးမားမား မဆုံးရှုံးသွားနေလို့”

“မူဟိုင်”

လောရှောင်ချွမ်က မျက်ဝန်းကိုမှေးကာ ရှမူဟိုင်အား ကြည့်လိုက်၏။

“မင်းက တပည့်ကောင်းကို မွေးထားတာပဲ”

All Chapters