← Chapters

အခန်း (၂၅၅)

Vol. 23 Ch. 255

အခန်း (၂၅၅)

Vol. 23 Ch. 255

လူတိုင်း၏ အကြည့်မှာ ရှမူဟိုင်ထံသို့ ရောက်သွားခဲ့လေသည်။

ရှမူဟိုင်၏ တကိုယ်လုံးကို ကြောက်ရွံ့မှု အလွှာပေါင်းများစွာတို့ ဖုံးလွှမ်းလာခဲ့တော့၏။ လောရှောင်ချွမ်၏ ပြုံးနေသည့်မျက်လုံးများအရ သူဆိုလိုသည့်တပည့်မှာ လီဟမ်ရှန်းကို ဆိုလိုခြင်းမဟုတ်ပဲ ကျိုးကျွင်းကို ဆိုလိုသည်ကို သူကောင်းစွာနားလည်သဘောပေါက်လေသည်။

“ကျွန်တော့်မှာ တာဝန်ရှိပါတယ်”

ရှမူဟိုင်က အရှေ့သို့ တိုးကာပြောလိုက်ပါသည်။

“ကျုပ်ရဲ့ တတိယတပည့်ဖြစ်တဲ့ ကျိုးကျွင်းက ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ သူလျိုဖြစ်နေခဲ့ပါတယ်။ အခမ်းအနားနေ့မှာလည်း လက်ဖက်ခြောက်တွေကို အဆိပ်ခပ်ခဲ့တာက သူပဲဖြစ်နေပြန်ပါတယ်။ ဒါက ကျုပ်ရဲ့ သွန်သင်ဆုံးမမှုညံ့ဖျင်းတာကော၊ တပည့်တွေကို ဂရုမပြုမိတာကောကြောင့်ဖြစ်ပါတယ်။ ဂိုဏ်းချုပ်က အပြစ်ပေးချင်တယ်ဆိုရင် မူဟိုင် မငြင်းဆန်ရဲပါဘူး”

ထိုစကားကိုကြားသော် တခြားသော တောင်သခင်များသည်လည်း လွန်စွာထိတ်လန့်သွားပြီးနောက် ရှမူဟိုင်ကို ပြူးကျယ်စွာဖြင့် ကြည့်လိုက်ကြပါသည်။

“ရွှဲ့ယီက ကျိုးကျွင်းလား”

“မင်းရဲ့တတိယတပည့်လား”

အချိန်တခဏကြာသည်အထိ ကျန်တောင်သခင်များမှာ ပွက်ပွက်ညံအောင်ကို မေးခွန်းများစွာတို့ မေးနေခဲ့ကြပါ၏။

သူတို့က တညလုံး ညမအိပ်ပဲ သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် သစ္စာဖောက်များကို စစ်ဆေးရှာဖွေခဲ့သည့်အပြင် မိမိတို့၏ တောင်ကိုလည်း ကြပ်မတ်စွာ စစ်ဆေးခဲ့ကြပါသည်။ သို့ပေမယ့် လုံးဝကို ရှာမတွေ့ခဲ့ကြချေ။ တကယ့်တရားခံမှာ ရှမူဟိုင်၏ တတိယတပည့်ဖြစ်နေသောကြောင့်ပင်။

လီကျင့်စုန်ပင်လျှင် အနည်းငယ်အံ့အားသင့်သွားခဲ့ရပါသည်။

တရားခံက ကျိုးကျွင်းတဲ့လား

ကျိုးကျွင်းကသာ ရွှဲ့ယီမှန်ပါက ယခုအချိန်လောက်ဆိုလျှင် လွန်စွာကြေကွဲဝမ်းနည်းနေမည့်လူက လီဟမ်ရှန်းပင် ဖြစ်နေမည်ကို လီကျင့်စုန်က တွေးနေမိပါသည်။

လီဟမ်ရှန်းနှင့် ကျိုးကျွင်းတို့နှစ်ယောက်၏ ညီအစ်ကိုဆက်ဆံရေးသည် သွေးသားရင်းချာပမာကဲ့သို့ပင် ဖြစ်နေခဲ့ကြသည် မဟုတ်ပါလား။

လီဟမ်ရှန်က ကျိုးကျွင်းအား သူ၏အကိုကြီးတစ်ယောက်ကဲ့သို့ပင် ဆက်ဆံခဲ့သည်မဟုတ်လား

ထိုအခြင်းအရာကို လီကျင့်စုန်သိသည်။

“ကျိုးကျွင်းက အခုဘယ်မှာလဲ”

ထိုအချိန်တွင် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ဝူဝန်ယင်က အရှေ့သို့ တိုးလာကာ မေးလိုက်သည်။ စည်းကမ်းထိန်းသိမ်းရေးတောင်သခင်အနေနှင့် ကျိုးကျွင်းကဲ့သို့သော အပြစ်သားကို သူ့ထံသို့ လက်လွှဲရလိမ့်မည် မဟုတ်ပါလား။

“သူ ထွက်ပြေးသွားပြီ”

ရှမူဟိုင်က ဟန်အမူအရာမဲ့စွာဖြင့် ပြောလိုက်ခြင်းပင် ဖြစ်သည်။

“ကျုပ်တို့ အချိန်မှီမရှာဖွေနိုင်ခဲ့ဘူး။ ရှာတွေ့တဲ့အချိန်မှာ သူက ထွက်ပြေးသွားခဲ့ပြီ”

“သူ ထွက်ပြေးသွားတာလား” ဝူဝန်ယင်က မျက်မှောင်ကြုံ့လိုက်လေသည်။

“ဘယ်လောက်ကြာပြီလဲ။ ပြေးသွားတာမကြာသေးရင် ကျုပ်တို့ရဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမက…”

“ကောင်းပြီ”

ဝူဝန်ယင်၏ စကားမဆုံးသေးခင်မှာပင် လောရှောင်ချွမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်၏။

“သူ့ကို လွှတ်ထားလိုက်။ သူက အရေးမပါတဲ့ဇာတ်ကောင်တကောင်သက်သက်ပဲ။ သူ့အတွက်နဲ့ တောင်သခင်ဝူက အင်အားတွေအကုန်ခံနေဖို့ မထိုက်တန်ဘူး”

“ဂိုဏ်းချုပ်သဘောအတိုင်းပါ”

ဝူဝန်ယင်က အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ပါသည်။ သို့သော် သူက ဘာမှ ဆက်မပြောပဲနှင့် အနောက်ဆုတ်ခဲ့ပါသည်။

“ဒါက မင်းအမှားမဟုတ်ပါဘူး” လောရှောင်ချွမ်က ရှမူဟိုင်ကို ပြောလိုက်ပါသည်။

တောင်သခင်၃၆ပါးစလုံးက တောက်ယွမ်တောင်ထိပ်တွင် ရှိနေကြသည်။

လီဟမ်ရှန်းကတော့ သူနေထိုင်ရာတောင်သို့ပြန်လာပြီး ကျင့်ကြံရန်ကြိုးစားလိုက်သည်။ သို့သော် သူဘယ်လောက်ပဲ ကြိုးစားပြီး ကျင့်ကြံစေကာမူ သူ၏ စိတ်ကို တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါချေ။

သူ့နှလုံးသားထဲရှိ ကိစ္စရပ်မှာ ကြီးမားလွန်းလှသောကြောင့် လီဟမ်ရှန်းကို အသက်ပင်မရှုနိုင်လောက်အောင် ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေခဲ့ပါသည်။

သူ၏ ဘဝမှာ ဆန်းကြယ်မှုများနှင့် ပြည့်နှက်လွန်းနေသည်ဟု လီဟမ်ရှန်းက ခံစားနေခဲ့ရပါသည်။ ယခုသူ့တွင် အရာအားလုံး ပိုင်ဆိုင်နေရသည့်ဘဝသို့ ရောက်နေပါသော်လည်း သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် အစေခံတပည့်ဘဝနှင့် နေခဲ့ရစဉ်တုန်းကလောက် မပျော်ရွှင်ရတော့ဟု ခံစားနေခဲ့ရပါသည်။

အချိန်သည် မွန်းလွဲချိန်သို့ ရောက်နေလေပြီ။

လီဟမ်ရှန်း၏ အခန်းတံခါးဝသို့ ရှုခွေက ရောက်ရှိလာပြီးနောက် နေ့လည်စာစားရန်အော်ခေါ်ခဲ့သည့်တိုင် လီဟမ်ရှန်းက စားချင်စိတ်ရှိမနေခဲ့ပါချေ။

“ဦးလေးရှု၊ ကျွန်တော် စားချင်စိတ်မရှိဘူး”

“သခင်ကြီးက ရောက်နေတယ်။ သူက သခင်လေးကို စောင့်နေတာကြာပြီ”

ရှုခွေက လီဟမ်ရှန်းကို အသိပေးလိုက်ပါသည်။

“ဆရာသခင်က ရောက်နေတာလား”

လီဟမ်ရှန်းက ချက်ချင်းပင် ထရပ်ကာ အပြင်သို့ထွက်လိုက်သည်။ အပြင်သို့ရောက်သော် ခြံဝင်းထဲ၌ သူ့အားစောင့်ဆိုင်းနေသည့် ရှမူဟိုင်ကို မြင်လိုက်ရပါသည်။

“ငါနဲ့လိုက်ခဲ့”

ရှမူဟိုင်က ထွက်လာသည့် လီဟမ်ရှန်းကို မြင်သည့်အခါတွင် လွန်မင်းစွာလေးနက်သည့်လေသံနှင့် ပြောလိုက်ပါသည်။

“ဘယ်သွားမလို့လဲ ဆရာ”

လီဟမ်ရှန်းက သူတို့ ဘယ်ကို သွားကြမလဲဆိုသည်ကို အမှန်တကယ်ပင် သိချင်နေခဲ့၏။

“ဂိုဏ်းချုပ်က မင်းကို တွေ့ချင်နေတယ်”

ရှမူဟိုင်က လီဟမ်ရှန်းကို ထူးဆန်းသည့်အကြည့်နှင့် ကြည့်လိုက်ပါသည်။ တောင်သခင်များနှင့် တွေ့ဆုံပြီးသည့်နောက်တွင် လောရှောင်ချွမ်က လီဟမ်ရှန်း၏ အမည်ကို ခေါ်ကာ တွေ့ရန်အမိန့်ပေးခဲ့ပါသည်။

လောရှောင်ချွမ်၏ ထိုလုပ်ရပ်မှာ ရှမူဟိုင်ကို နားမလည်နိုင်အောင် ဖြစ်ခဲ့ပါသည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် နှစ်ပေါင်းများစွာ ကြာမြင့်အောင် နေထိုင်ခဲ့ပြီးသည့်နောက်တွင် ရှမူဟိုင်မှာ လောရှောင်ချွမ်၏ စတိုင်ကို ကောင်းစွာနားလည်ခဲ့ပြီး ဖြစ်၏။

နှစ်များစွာအတွင်းတွင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၌ မြောက်မြားစွာသော ပါရမီရှင်များစွာတို့ ပေါ်ထွက်လာခဲ့ပြီးသည့်တိုင် လောရှောင်ချွမ်က တယောက်မှကို သီးသန့်မတွေ့ဆုံခဲ့ပါချေ။ ပါရမီရှင်များ၏ ကျင့်ကြံမှုကိစ္စအဝဝကို အကြီးအကဲအဖွဲ့အစည်းကသာ ကိုင်တွယ်ရခြင်း ဖြစ်ပါ၏။

လောရှောင်ချွမ်က ဂိုဏ်း၏ အရေးကြီးကိစ္စရပ်များကို ထိန်းချုပ်ကာ ဆုံးဖြတ်ချက်ချရသူ ဖြစ်ပါသည်။

သို့ပေမယ့် ယနေ့ဖြစ်ရပ်မှာ ပုံမှန်နှင့် လွဲချော်နေခဲ့သည်။

“ကျိုးကျွင်းကို ကျွန်တော်လွှတ်လိုက်တာကြောင့် ဂိုဏ်းချုပ်က ကျွန်တော့်ကို အပြစ်ပေးချင်နေတာလား”

လီဟမ်ရှန်းက ရှမူဟိုင်အား သံသယမျက်လုံးနှင့် ကြည့်လိုက်ပါသည်။

“ဂိုဏ်းချုပ်က အဲ့သလောက်ထိ ငြိမ်ငြိမ်နေတတ်တဲ့လူမျိုးတော့ မဟုတ်ဘူး” ရှမူဟိုင်က သူ၏ ဦးခေါင်းကို နားမလည်နိုင်သည့် ဟန်ပန်နှင့် ခါယမ်းလိုက်ပြီးနောက်တွင်

“သူက ဘာလိုချင်လဲတော့ငါမသိဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့ ဂိုဏ်းချုပ်က လူဆိုးမဟုတ်ပါဘူး။ သူက ကလေးတယောက်ကိုတော့ ခက်ခဲအောင်တော့ လုပ်မှာတော့မဟုတ်ဘူး”

လီဟမ်ရှန်းက တွေးတွေးဆဆနှင့် ခေါင်းညိတ်ပြလိုက်ပါသည်။

ယခုအကြိမ်သည် တောက်ယွမ်တောင်သို့ ပထမဦးဆုံးအကြိမ်အဖြစ်လီဟမ်ရှန်းက ရောက်ရှိခဲ့ဖူးခြင်းပင် ဖြစ်သည်။

တောက်ယွမ်တောင်တခုလုံးမှာ လွန်စွာမှကို လှပလွန်းလှပါသည်။ သို့ပေမယ့် လီဟမ်ရှန်းက ပတ်ဝန်းကျင်ကို ရှုစားရန်အတွက် စိတ်ကူးမရှိနေခဲ့ပေ။

အဝေးကနေပင် ဝါးရုံတောနက်ကြီးကို မြင်တွေ့နေခဲ့ရပါသည်။ ဝါးရုံတောကြီးမှာ ရိုးရှင်းသည်ဟု ထင်ရသည့်တိုင်အောင် အမှန်တကယ်ကို အာရုံစိုက်ကြည့်လိုက်ပါက ဝါးရုံတောထဲတွင် ပြောင်းလဲမှုပေါင်းသိန်းချီသောင်းချီဖြစ်နေခဲ့ပြီး များပြားလှသော အစီအရင်များမှာ ထိုဝါးရုံတောထဲတွင် ပုန်းကွယ်ကာ တည်ရှိနေသည့်အလားပင် ဖြစ်နေခဲ့သည်။

ဝါးရုံတောကို ဖြတ်သန်းခဲ့ပြီးသည့်နောက်တွင် ကောင်းကင်ထက်မှ ဆန်းကြယ်စွာကျဆင်းနေသည့် လှပလွန်းလှသော ရေတံခွန်ကြီးကို လီဟမ်ရှန်းက မြင်တွေ့ခဲ့ရပါသည်။

ရေတံခွန်ကြီးမှာ လိုက်ကာကိုမလိုက်သလို နှစ်ခြမ်းကွဲနေခဲ့ပြီး နှစ်ဖက်စလုံးမှ ရေများကလည်း တသွင်သွင်စီးဆင်းနေခဲ့ပြန်၏။

ထိုကဲ့သို့သောဆန်းကြယ်သည့် မြင်ကွင်းကြီးမှာ လီဟမ်ရှန်းအား စကားပင်မပြောနိုင်လောက်အောင်ပင် ကြက်သေသေသွားခဲ့ပါသည်။

ဒါကြီးက ဘယ်လိုစွမ်းအားကြီးလဲ။

ဒီစွမ်းအားက ရေတံခွန်ကိုတောင် နှစ်ခြမ်းခွဲထားနိုင်တယ်လေ

ပြီးတော့ ရေတွေကလည်း ဆက်ပြီးတော့ ကျဆင်းနေသေးတယ်။

“မင်းအပြင်ကနေစောင့်နေ မူဟိုင်။ ကလေးကို အထဲကိုလွှတ်လိုက်”

လောရှောင်ချွမ်၏ အသံမှာ အတွင်းမှ ထွက်လာခဲ့သည်။

“ဟုတ်”

ရှမူဟိုင်က ခေါင်းညိတ်ပြလိုက်ပါသည်။

ထိုအခိုက်အတန့်မှာပင် ရေတံခွန်မှ ကျဆင်းနေသည့်ရေများမှ ရုတ်တရက် ပျံတက်လာပြီး လီဟမ်ရှန်း၏ ခြေရင်းသို့ရောက်လာခဲ့ကာ ရေတံတားတခုအဖြစ်သို့ ဖွဲ့စည်းသွားခဲ့ပါ၏။

လီဟမ်ရှန်းက ရေတံတားအပေါ်သို့ တက်လိုက်စဉ်မှာပင် ရေတံတားက သူ့အား သယ်ဆောင်ကာ ရေတံခွန်အနောက်ဖက်တွင် ရှိသော ကျောက်လှိုဏ်ဂူလေးထဲသို့ သယ်ဆောင်သွားခဲ့ပါသည်။

ကျောက်လှိုဏ်ဂူမှာ စိုစွတ်နေပြီး ရေညှိများအပြည့်နှင့် ဖြစ်နေမည့်အပြင် အေးစက်ကာ ထူးဆန်းသည့် ကျောက်တုံးများနှင့် ပြည့်နှက်နေလိမ့်မည်ဟု လီဟမ်ရှန်းက ထင်မြင်ခဲ့သော်လည်း သူ့အထင်နှင့် လွဲမှားခဲ့ရပြန်သည်။

ရေတံခွန်အနောက်ဖက်ရှိ ကျောက်လှိုဏ်ဂူမှာ လုံးဝကို သုခဘုံအလားပင်။

ငှက်ကလေးများမှာ တကျီကျီနှင့် အော်မြည်နေ၏။ ပန်းပေါင်းစုံမှာလည်း ပွင့်လန်းနေလေသည်။ ရှုခင်းမှာလွန်စွာမှကို သာယာလှပလွန်းနေပေ၏။ နေရောင်ခြည်ပင်လျှင် ဖြာဆင်းကျနေခဲ့ပါသည်။

“လျို့ဝှက်နယ်မြေပါလား”

လီဟမ်ရှန်းက တအံ့တဩ အသံပြုလိုက်မိသည်။

ပတ်ဝန်းကျင်မှာ ပန်းချီကားချပ်ထဲသို့ ရောက်နေသည့်အလားပင် သာယာလှပနေခဲ့ပါသည်။ အနည်းငယ်နွေးထွေးကာ သက်တောင့်သက်သာရှိပြီး ပြင်ပက အအေးဓာတ်နှင့်မတူညီလှပေ။

စမ်းချောင်းလေးတခု၏ နံဘေးတွင်တော့ လောရှောင်ချွမ်မှာ သူ၏ ကောင်းကင်တုတ်တံကို အဝတ်နှင့် သေချာသုတ်နေခဲ့ပါသည်။

“ဒီနားလာထိုင်”

လောရှောင်ချွမ်က လီဟမ်ရှန်းအား လှည့်ပင်မကြည့်ပဲ ပြောလိုက်ပါသည်။

လီဟမ်ရှန်းက လောရှောင်ချွမ်ထံသို့ လှမ်းသွားခဲ့ပါသည်။ အဝေးမှ ကြည့်လျှင် လောရှောင်ချွမ်က သာမန်လူတစ်ယောက်အလားပင်။ သို့သော် အနီးသို့ရောက်လာသည့်အချိန်တွင်တော့ လောရှောင်ချွမ်အား ဗဟိုပြုကာ လှည့်လည်နေသည့် ဆန်းကြယ်သည့်စွမ်းအားများကို လီဟမ်ရှန်းက ခံစားမိခဲ့ပါသည်။

ထိုခံစားချက်မှာ လီဟမ်ရှန်းက အနည်းငယ်ရင်းနှီးနေသည့် ခံစားချက်ပင် ဖြစ်ပါသည်။

ထိုခံစားချက်မှာ “ကျောက်တောင်ပေါ်မှ အင်မော်တယ်တပါးကို ငေးကြည့်ခြင်း”ပန်းချီကားထဲမှ ခံစားချက်နှင့် ဆင်တူပေမယ့် တချိန်တည်းမှာပင် ကွဲပြားနေခဲ့ပြန်သည်။

ရှုပ်ထွေးမှုနှင့်ဆန်းကြယ်မှုများ ရောယှက်နေခဲ့၏။

လောရှောင်ချွမ်မှာ ဖြေရှင်းရနက်နဲသည့် ပဟေဋိတခုအလားပင်။

“ဂိုဏ်းချုပ်”

လီဟမ်ရှန်းက အရိုအသေပေးလိုက်သည်။

“ထိုင်”

လောရှောင်ချွမ်က ပြောလိုက်သည်။

လီဟမ်ရှန်းက ထိုင်ရန်အတွက် ကုလားထိုင်များတွေ့မလားလို့ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည်။

သို့သော် မည်သည့်အရာကိုမှ မတွေ့သောကြောင့် လောရှောင်ချွမ်၏ နံဘေး မြက်ခင်းပြင်တွင်သာ ဝင်ထိုင်လိုက်ပါသည်။

“ဂိုဏ်းချုပ် ကျွန်တော့်ကို တွေ့ချင်လို့ဆို”

လီဟမ်ရှန်းက အခြေအနေကိုကြည့်ကာ မေးလိုက်ပါသည်။

“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းထဲကို မင်းဘယ်လိုဝင်လာနိုင်ခဲ့လဲဆိုတာကို မှတ်မိလား”

လောရှောင်ချွမ်က မေးသည်။

ထိုမေးခွန်းက လီဟမ်ရှန်းကို သတိလွတ်သွားစေခဲ့သည်။

“စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်ပြီးမှ ဝင်လာနိုင်ခဲ့တာပါ”

လီဟမ်ရှန်းက လူများစွာတို့နှင့်အတူ စမ်းသပ်မှုကို ကျော်ဖြတ်ရန်အတွက် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်ကို သတိရသွားခဲ့သည်။ သူ၏ အရည်အချင်းမှာ ဆိုးရွားလွန်းလှသဖြင့် သူက အရည်အချင်းပြည့်မှီရုံလေးသာ ပြည့်မှီခဲ့ပါ၏။

သို့သော် အဆုံးသတ်တွင်တော့ လီဟမ်ရှန်းက သတ်ဖြတ်သူတသောင်းတောင်ထိပ်သို့ ဝင်ရောက်လာနိုင်ပြီး အစေခံတပည့်ဖြစ်လာခဲ့ပါသည်။

မူလတုန်းက အစေခံတပည့်နေရာအတွက် ဆယ်နေရာလွတ်နေသဖြင့် ထိုနေရာသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပါသည်။

လီဟမ်ရှန်းအတွက် အခွင့်အရေးလုံးဝမရှိပါချေ။ ထိုအခိုက်တွင် အပြင်စည်းအကြီးအကဲတစ်ဦးက သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် အလုပ်သမားပိုလိုအပ်သောကြောင့် အစေခံတပည့်နေရာမှာ ဆယ်ဦးမှ ဆယ့်နှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သောကြောင့် လီဟမ်ရှန်းအတွက် အခွင့်အရေးရခဲ့ပေသည်။ လီဟမ်ရှန်းက ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းထဲသို့ ဝင်ရောက်ခွင့်ရခဲ့ပါသည်။

လီဟမ်ရှန်း၏ အဖြေကိုကြားသော် လောရှောင်ချွမ်က တချက်ရယ်လိုက်၏။

“ငါက မင်းကို ဝင်ခွင့်ပြုလိုက်လို့ မင်းက ဂိုဏ်းထဲကို ရောက်လာတာလေ။ မင်းရဲ့ အရည်အချင်းရမှတ်နဲ့ ငါတို့ဂိုဏ်းကို ဘယ်လိုလုပ်ပြီး ဝင်ခွင့်ရနိုင်မှာလဲ”

လောရှောင်ချွမ်က ပြုံးရင်းနှင့် ပြောလိုက်သည်။

“ဟင်”

လီဟမ်ရှန်းက အနည်းငယ်မျှတော့ အံ့အားသင့်သွားခဲ့ပါ၏။

ဒါဆို သူဂိုဏ်းထဲကို ဝင်ရဖို့အတွက် လောရှောင်ချွမ်က အကြံအဖန်လုပ်ခဲ့ပေးတာပေါ့

ပြန်တွေးကြည့်လိုက်သောအခါတွင်တော့ ထိုအချိန်တုန်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များမှာ အမှန်တကယ်ကို ထူးခြားဆန်းကြယ်လွန်းလှပေသည်။

“ဘာလို့လဲ”

သူက သာမန်လူတစ်ယောက်ဖြစ်ပြီး လောရှောင်ချွမ်က ဘာလို့ သူ့အား ဂိုဏ်းထဲသို့ ဝင်ခွင့်ပေးရတာလဲ

“ဘာလို့လဲဆိုတာက အရေးမပါတော့ဘူး”

လောရှောင်ချွမ်က ပြန်မဖြေခဲ့ပေ။ ထိုအစား မေးခွန်းတခုကိုသာ မေးလိုက်ပါသည်။

“ထာဝရရှင်သန်ခြင်းဂိုဏ်းက ရွှဲ့ယီကို မင်း လွှတ်ပေးခဲ့တာမဟုတ်လား”

“ကျွန်တော်လုပ်ခဲ့တာက မှားတယ်ဆိုတာကို ကျွန်တော်သိပါတယ်”

လီဟမ်ရှန်းက အလျင်အမြန်ပင် ထရပ်လိုက်ပြီးေတာ့ ပြောလိုက်ပါသည်။

“ထိုင်ပါ ထိုင်ပါ”

လောရှောင်ချွမ်က သူ၏ လက်ကိုမြှောက်ကာ လီဟမ်ရှန်းကို စိတ်အေးစေလိုက်သည်။

“ငါမင်းကို အပြစ်မတင်ပါဘူး။ လူတစ်ယောက်က သေရမယ့်အချိန်မရောက်သေးရင် ဘယ်လိုပဲဖြစ်ဖြစ် သေမှာမဟုတ်ဘူး။ အဲ့ဒီ့အချိန်တုန်းက သူ့ကို မင်းကမလွှတ်ပေးရင်တောင်မှ သူသေရဖို့အတွက် အချိန်မကျသေးလို့ တနည်းမဟုတ်တနည်းနဲ့ သူက အသက်ရှင်ရက်လွတ်မြောက်သွားဦးမှာပဲ”

လောရှောင်ချွမ်က သူ၏ ကောင်းကင်တုတ်တံအား အကြည့်မခွာပဲနှင့်ဆက်ပြောခဲ့သည်။

“လူတစ်ယောက်ရဲ့ကံတရားက ရေးသားထားပြီးသားဖြစ်တာကြောင့် ပြောင်းလဲဖို့ရာ အင်မတန်ခက်ခဲလှတယ်။ မင်းရဲ့ လက်ရှိစွမ်းအားနဲ့ သူ့ရဲ့သေခြင်း၊ရှင်ခြင်းကို ဆုံးဖြတ်နိုင်စွမ်းမရှိသေးဘူး”

ထိုစကားလုံးများက လီဟမ်ရှန်းကို အနည်းငယ်နားမလည်နိုင်အောင် ဖြစ်စေခဲ့ပါသည်။

“ဂိုဏ်းချုပ်၊ လူသားတွေက သဘာဝကို လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ ကျွန်တော်က ယုံကြည်တယ်။ ကျွန်တော်တို့် ကျင့်ကြံကြတယ်ဆိုတာကလည်း ကောင်းကင်ကို ဆန့်ကျင်ဖို့ပဲ မဟုတ်ဘူးလား”

လီဟမ်ရှန်းက တခဏကြာအောင် တွေးတောပြီးနောက်တွင် လောရှောင်ချွမ်ကို ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။

“ဟီးဟီး”

လောရှောင်ချွမ်က မထိန်းသိမ်းနိုင်ပဲ ရယ်မောနေခဲ့မိသည်။

“ကလေးလေး… ကောင်းကင်ဆိုတာဘာလဲ မင်းကသိလို့လား။ ကံကြမ္မာဆိုတာကကော ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို မင်းသိလို့လား။ ကံကြမ္မာကိုအံတုဖို့က ကောင်းကင်ဆန့်ကျင်တဲ့ ကျင့်ကြံနည်းတွေကို ကျင့်ကြံရုံနဲ့ပဲ မလုံလောက်ဘူး။ မင်းကိုမပြောနဲ့ မင်းရဲ့ဆရာအပါအဝင်၊ မြေလျှောက်အင်မော်တယ်တွေ စန်းယွမ်ကုန်းမြေအရှင်တို့တောင်မှ ကံကြမ္မာကိုဆန့်ကျင်မယ်ဆိုတဲ့စကားမျိုးကို လေပေါပြီးသာ ပြောနိုင်မယ်၊ တကယ်တန်းတော့ ဘယ်လိုမှ ဆန့်ကျင်နိုင်ကြမှာမဟုတ်ဘူး”

လီဟမ်ရှန်းအတွက်တော့ ထိုစကားများမှာ အနည်းငယ်မျှအဆင့်မြင့်သောကြောင့် ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ပါချေ။

လောရှောင်ချွမ်မှာလည်း ထိုအချက်ကို သိသောကြောင့် ဆက်လက်၍ မပြောပဲ ရပ်တန့်လိုက်ပါသည်။

သို့သော် ဒီတခုတော့ ဆက်ပြောသည်။

“ရွှဲ့ယီက ကျိုးကျွင်းတစ်ယောက်တည်းတော့ မဟုတ်ဘူးမို့လား”

ထိုစကားကိုကြားလိုက်သည်နှင့် လီဟမ်ရှန်း၏ နှလုံးသားမှာ အထိန်းအကွပ်မဲ့စွာ တုန်ခါလာခဲ့တော့သည်။

လီဟမ်ရှန်းကို စိုက်ကြည့်ရင်းနှင့် လောရှောင်ချွမ်က လေသံအေးအေးလေးနှင့်ဆက်၍ပြောသည်။

“ကံကြမ္မာကို ငါကပြောင်းလဲနိုင်စွမ်းမရှိပေမယ့် ကံကြမ္မာကို မမြင်နိုင်ဘူးတော့ မဟုတ်ဘူးလေ။ ထာဝရရှင်သန်ခြင်းဂိုဏ်းက ငါ့ရဲ့ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ သူလျိုနှစ်ယောက်ကို ထည့်သွင်းခဲ့တယ်။ တစ်ယောက်က ကျိုးကျွင်း၊ နောက်တစ်ယောက်ကတော့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံးမှာ သူ့ရဲ့ သရုပ်မှန်ကို မင်းနဲ့ငါနှစ်ယောက်ကတော့ သိနေတယ်။ မင်းက သူမကို ဖုံးကွယ်ထားချင်ပေမယ့် မင်းကို ငါသတိပေးလိုက်မယ်။ မင်းလုပ်နေတာတွေအကုန်လုံးက အလကားပဲ”

“ဂိုဏ်းချုပ်, ကျိုးကျွင်းက ပြောပြခဲ့ပေမယ့် မဖြစ်နိုင်ဘူးလို့ ကျွန်တော်က ယူဆတာကြောင့် အရင်ဆုံးစုံစမ်းဦးမယ်လို့ တွေးမိပါတယ်။ အဲ့ဒါကြောင့်…”

လီဟမ်ရှန်းက အလျင်အမြန်ပင် ပြောလိုက်ပါ၏။

“ဒါဆိုရင် မင်းကို ငါအဖြေတခါတည်းပြောပြလိုက်မယ်။ မင်းဘာမှ ဆက်ပြီးစုံစမ်းနေစရာမလိုဘူး။ သူမက

သူလျိုရွှဲ့ယီနှစ်ယောက်ထဲက တစ်ယောက်ပဲ”

လောရှောင်ချွမ်က အေးအေးဆေးဆေးနှင့် ပြောလိုက်ပါသည်။

သူ၏ မျက်လုံးများက လီဟမ်ရှန်း၏ ဝိဉာဉ်အတွင်းပိုင်းအထိ ထိုးဖောက်မြင်နိုင်သည့်အလားပင်။

ထိုစကားကြောင့် လီဟမ်ရှန်းမှာ မြေပြင်ပေါ်သို့ ပစ်လဲကျသွားကာ အသက်ကို အမောတကောလုရှုနေခဲ့ရပါ၏။ လောရှောင်ချွမ်၏ စကားကို သူမယုံကြည်နိုင်အောင် ဖြစ်နေခဲ့ရသည်။

သို့သော် လောရှောင်ချွမ်၏ အကြည့်အရ ထိုစကားမှာ အမှန်တရားဆိုသည်ကို သူသေချာသိနေခဲ့ပါသည်။

တမြန်နေ့ညတုန်းက သူ၏ နားထဲသို့ ကျိုးကျွင်း၏ တီးတိုးပြောခဲ့သည့်စကားကို လီဟမ်ရှန်းက ပြန်ကြားယောင်နေခဲ့မိသည်။

“ဒုတိယမြောက်ရွှဲ့ယီ၊ ငါ့ကို တာဝန်တွေပေးနေတဲ့ သူလျိုက…သတ်ဖြတ်သူတသောင်းတောင်ထိပ်ကပဲ။ သူမရဲ့နာမည်က လုချောင်းချောင်းလို့ ခေါ်တယ် ညီ၄”

(မေ့နေကြမှာစိုးလို့ လုချောင်းချောင်းဆိုတာက ဇာတ်လမ်းအစမှာ ပြန်ပေးအဆွဲခံလိုက်ရတဲ့ လီဟမ်ရှန်းရဲ့ အချစ်ဦးပါ)

{အရာအားလုံးက အလိမ်အညာတွေကြီးပဲ}

All Chapters