← Chapters

အခန်း (၂၅၈)

Vol. 23 Ch. 258

အခန်း (၂၅၈)

Vol. 23 Ch. 258

ကျန်းကောတောင်သို့သွားရောက်ရန်အတွက် လီဟမ်ရှန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ ထွက်ခွာရတော့မည်ဖြစ်သည်။ ထူးဆန်းစွာနှင့် သူ၏ ထွက်ခွာမည့်သတင်းမှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံးကို ပျံ့နှံ့သွားခဲ့ပါသည်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရှိ တပည့်များသည် ထိုသတင်းကြောင့် အလွန့်ကို အံ့အားသင့်သွားကြပါတော့သည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းတာအိုတောင်နယ်မြေ၏ သမိုင်းတလျှောက်တွင် လီဟမ်ရှန်းမှာ မူလအဆင့်သို့ မရောက်သေးခင် စစ်ဆေးရေးမှုးအဖြစ်ပထမဦးဆုံး အစေလွှတ်ခံရသူ ဖြစ်နေသောကြောင့်ပင်။

ချင်ကျူးတောင်တွင်တော့ လီဟမ်ရှန်းက ထွက်ခွာရန်အတွက် အထုတ်အပိုးများကို ပြင်ဆင်နေလေ၏။ သို့သော် တခဏမျှ ရှာဖွေပြီးသည့်နောက်တွင် သူ့တွင် သိမ်းဆည်းစရာပစ္စည်းဟူ၍ များများစားစားရှိမနေခဲ့ပါချေ။

အဝတ်အချို့ကို သိမ်းပြီးနောက် အင်မော်တယ်ပုံဖော်ခြင်းလှံကို ကိုင်ဆွဲလိုက်သည်။ ထိုအရာများအားလုံးမှာ လီဟမ်ရှန်း၏ ကိုယ်ပိုင်ပစ္စည်းအကုန်လုံးပင် ဖြစ်သည်။

ဂိုဏ်းချုပ်၏ စီစဉ်မှုကို သူက လုံးလုံးလျားလျားပင် နားမလည်နိုင်သေးပါချေ။

သို့သော် ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်တိုင်းတွင် ရည်ရွယ်ချက်ရှိသည်ဟု ရှမူဟိုင်က ပြောခဲ့ပြီး ဆုံးဖြတ်ချက်အတိုင်းသာ အလိုက်သင့်လိုက်ပါရန်အတွက် အကြံပေးခဲ့ပါသည်။

“အကို”

ထိုအခိုက် ခြံဝင်း၏ အပြင်ဘက်မှ အမောတကောနှင့် ခေါ်လိုက်သော အသံတခုထွက်ပေါ်လာခဲ့ပါသည်။

အစေခံများက ခြံဝင်းတံခါးမကြီးကို ကမန်းကတန်းနှင့် ဖွင့်ပေးလိုက်ရာ အပြင်ဘက်တွင် ရပ်ကာ စောင့်ဆိုင်းနေသည့် ဝူစန်းထောင်ကို တွေ့လိုက်ကြရပါသည်။

ဝူစန်းထောင်မှာ လွန်စွာမောဟိုက်နေသောကြောင့် အသက်ကို လုကာရှုနေခဲ့ရပါသည်။ လီဟမ်ရှန်းက ကျန်းကောတောင်သို့ သွားကာ စစ်ဆေးရေးမှုးလုပ်တော့မည့်သတင်းကို သူလည်းကြားသိလိုက်ရသဖြင့် အလျင်အမြန်ပင် ပြေးလာခဲ့ခြင်းပင် ဖြစ်၏။

“ညီလေးဝူ၊ မင်းက ငါ့ကို လိုက်ပို့ဖို့အတွက် ပြေးလာခဲ့တာလား”

လီဟမ်ရှန်းက ဖျစ်ညစ်ပြုံးရင်းနှင့် မေးလိုက်ပါသည်။

ရွှဲ့ယီ၏ သတင်းက ဂိုဏ်းတခုလုံးသို့ ပျံ့နှံ့သွားပြီးသည့်နောက်တွင် မည်သူမျှ လီဟမ်ရှန်းကို လာရောက်မနှုတ်ဆက်ခဲ့ကြပေ။ လွန်စွာရင်းနှီးသော ဆက်ဆံရေးရှိသည့် ရှယွဲ့ယွဲ့၊ ယန်ယုယွင်နှင့် တခြားသော တပည့်နည်းနည်တို့သာ လာရောက် နှုတ်ဆက်ခဲ့ကြပါ၏။

သူတိုက်ရိုက်တပည့်ဖြစ်စတုန်းက တခြားသောတောင်ထိပ်မှ တိုက်ရိုက်တပည့်များက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ယခုတွင်တော့ ထိုလူများမှာလည်း တယောက်မှ ရောက်မလာကြပါချေ။

သူတို့အားလုံးက သူနှင့်အဝေးတွင်သာ နေလိုသည့်ပုံစံရှိနေပေသည်။

လီဟမ်ရှန်းက ထိုအခြင်းအရာကို နားလည်ပေ၏။ သူ့လိုမျိုး မူလအဆင့်သို့ မရောက်သေးသည့် တပည့်ကို ကျန်းကောတောင်သို့ ပို့လိုက်ခြင်းမှာ သေမိန့်ချခြင်းနှင့် မခြားလှပေ။ သူက အသက်ရှင်ရက် ပြန်လာနိုင်မည့်အခွင့်အရေးမှာ လွန်စွာမှကို ရှားပါးလွန်းလှပါသည်။

ကျန်းကောစံအိမ်မှာ ငြိမ်းချမ်းသည့် နေရာမဟုတ်ပါချေ။ လူသားဂိုဏ်းများမှ မူလအဆင့်ရှိသော တပည့်များကို စေလွှတ်ကာ တစ္ဆေမျိုးနွယ်များကို ထိန်းသိမ်းကာ စောင့်ကြည့်ရသည့် တာဝန်ကို ယူထားကြရပါသည်။ ရီချင်းချန်မှာ မူလအဆင့်ဖြစ်သောကြောင့် မည်သည့်အခက်အခဲကိုမှ မကြုံတွေ့ရခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။

ဒါပေမယ့် လီဟမ်ရှန်းကမူ ပြန်လည်မွေးဖွားခြင်းအဆင့်သာ ရှိသေး၏။ အဆင့်ကြီးတဆင့်နိမ့်ကျနေပေသေးသည်။

လူတိုင်း၏ အမြင်တွင် ဂိုဏ်းက လီဟမ်ရှန်းကို သေဒဏ်ချလိုက်သည်ဟုသာ မြင်နေကြသည်မှာ မဆန်းပါချေ။

လီဟမ်ရှန်းက သေဆုံးတော့မည်ဖြစ်သောကြောင့် ဘယ်သူကမှ သေလူကို လာမနှုတ်ဆက်ခြင်းဖြစ်ပါသည်။

လာနှုတ်ဆက်ရတာ အချိန်လည်းကုန်တယ်၊ အကျိုးလည်းမရှိ။

သူ့အား လာရောက်နှုတ်ဆက်သူများကိုမူ လီဟမ်ရှန်းက နှလုံးသားထဲမှ မှတ်မိနေလိမ့်မည် ဖြစ်ပါသည်။

“အကိုလီ”

ဝူစန်းထောင်က အသက်ကို အမောတကောရှုကာပြောသည်။

“ကျွန်တော်က လိုက်ပို့မလို့မဟုတ်ဘူး”

“ဒါဆိုရင် ဘာလာလုပ်တာလဲ”

လီဟမ်ရှန်းက ဝူစန်းထောင်ကို တအံ့တဩနှင့် ကြည့်လိုက်ပါသည်။

“ကျွန်တော်က အကိုနဲ့အတူတူ သွားမလို့လေ”

ဝူစန်းထောင်ကခိုင်မာစွာပြောလိုက်ပါသည်။

“ငါနဲ့အတူတူလိုက်ဖို့?”

ထိုစကားကြောင့် လီဟမ်ရှန်းက ပြောစရာစကားလုံးပင် ရှာမတွေ့တော့ပါချေ။

“အကိုလီ ကျွန်တော် အကိုလီနဲ့ လိုက်ချင်တယ်”

ဝူစန်းထောင်က လီဟမ်ရှန်းကို လွန်စွာလေးနက်သည့်အမူအရာနှင့်ကြည့်လိုက်ပါတော့သည်။ သူ့ပုံစံမှာ ဟာသလုပ်နေသည်နှင့် လုံးဝကို မတူညီနေပါချေ။

လီဟမ်ရှန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်ပါသည်။

“ညီလေးဝူ၊ ငါဘယ်ကို သွားမှာလဲဆိုတာကို မင်းသိကောသိရဲ့လား။ ကျန်းကောစံအိမ်ကို သွားပြီးတော့ စစ်ဆေးရေးမှုးလုပ်ရမှာနော်”

“စစ်ဆေးရေးမှုးက သူ့ဘက်မှာ လူယုံတစ်ယောက်တော့လိုအပ်မှာပဲ” ဝူစန်းထောင်က ပြောလိုက်ပါသည်။

“ကျွန်တော်က အကိုလီရဲ့အနောက်ကို လိုက်ပြီး ရိုးရှင်းတဲ့ တာဝန်တွေကို ကူညီပေးနိုင်မှာပါ။ ကျွန်တော်က အကို့အတွက်အသုံးဝင်မှာပါ။ ကျွန်တော့်ကို လိုက်ခွင့်ပေးပါ”

“အန္တရာယ်များလွန်းတယ်”

လီဟမ်ရှန်းက ခေါင်းခါလိုက်ပါသည်။ သူက ဝူစန်းထောင်ကို စွန့်စားခွင့်မပေးနိုင်ပါချေ။

“အန္တရာယ်ကို ကျွန်တော်မကြောက်ဘူး” ဝူစန်းထောင်၏ အသံမှာ စိတ်ရင်းနှင့် ပြောမှန်းလွန်စွာ သိသာနေခဲ့ပါသည်။

“ကျွန်တော့်ကို အခွင့်အရေးပေးပါ အကိုလီ”

“ငါက အဲ့ဒီ့ကို သွားရင် သေဖို့က ရာခိုင်နှုန်းများတွယ်။ မင်းက ဘာလို့ငါနဲ့အတူတူ လိုက်သေချင်နေတာလဲ။ ဒီမှာပဲ ဆက်နေရင် မင်းရဲ့အနာဂတ်က အများကြီးပိုကောင်းမှာလေ။ ဘာလို့များ ငါနဲ့အတူတူလိုက်ပြီး အခက်အခဲဒုက္ခကို ခံစားချင်နေရတာလဲ”

လီဟမ်ရှန်းက နားမလည်နိုင်စွာဖြင့်မေးလိုက်ပါသည်။

“ဟီးဟီး ကျွန်တော်လည်း မသိဘူး” ဝူစန်းထောင်က ရုတ်တရက် ရယ်မောလိုက်သည်။ အကိုလီ့ကို ပထမဦးဆုံးစတွေ့ကတည်းကိုက အကိုက သာမန်လူမဟုတ်ဘူးဆိုတာကို ကျွန်တော်ခံစားမိတယ်။ အကိုက ကံဆိုးမှုတွေကို ကံကောင်းမှုအဖြစ်ပြောင်းလဲနိုင်ဖို့ ကံတရားပါလာပြီးသားလို့ ကျွန်တော်ခံစားရတယ်”

“ကျွန်တော်က သာမန်အဆန်ဆုံးလူပါ။ အပြင်စည်းမှာ ကျွန်တော့်အခြေအနေက ကောင်းတယ်လို့သာ ထင်ရပေမယ့် လူတိုင်းနဲ့ တည့်နေတာက ကျွန်တော်က အရှက်မရှိပဲ အောက်ကျို့လွန်းလို့ပါ။ ကျွန်တော့်မှာ သတ်သတ်မှတ်မှတ်ပြသစရာအတွက် တကယ့် အရည်အချင်းအစစ်အမှန်က ရှိမနေဘူး။ ကျွန်တော်ဂိုဏ်းထဲရောက်တာ နှစ်တော်တော်ကြာနေပြီ အခုထိ ဘာမှ ထပ်မတိုးတက်လာတော့ဘူး”

“ကျွန်တော့် ခွန်အားကလည်းသာမန်။ ကျွန်တော့်အနာဂတ်ကလည်း သာမန်ပဲ။ ကျွန်တော့်ရဲ့ အနာဂတ်ကို အခုရှင်းရှင်းလင်းလင်းမြင်နေရပြီ။ ကျွန်တော်က ဘာမှ မဟုတ်တဲ့လူတစ်ယောက်ပဲ ဖြစ်နေဦးမှာ။

ကျွန်တော့်မိတ်ဆွေတွေ အကုန်လုံးက အတွင်းစည်းကိုရောက်ကုန်ကြပြီ။ တနေ့တနေ့ ကျွန်တော့်ရဲ့ ခေါင်းထဲမှာ ရှိနေတာက နောက်တနေ့ကျရင် ဘာဟင်းနဲ့စားမလဲဆိုတာပဲ။ ဒီလိုဘဝမျိုးကို ကျွန်တော်ဆက်မနေနိုင်တော့ဘူး”

“ကျန်းကောတောင်ကို အကိုလီနဲ့သွားရတာက အန္တရာယ်အရမ်းများမှန်းကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ရဲရင့်သူကို ကံကြမ္မာက မျက်နှာသာပေးတယ်ဆိုတဲ့ စကားကလည်း ရှိတယ်လေ။ ကျွန်တော်က တီကောင်ဘဝနဲ့ ဆက်နေမလား၊ နဂါးဖြစ်အောင် ပြောင်းလဲမလားဆိုတာပဲ ရွေးချယ်စရာရှိတယ်။ အခုက ကျွန်တော့်အတွက် အခွင့်အရေးပဲ ပြီးတော့ ကျွန်တော်က ဒီဘဝမဟုတ်တဲ့ တခြားဘဝမှာ နေချင်တယ်”

ထိုစကားများကို ပြောနေရင်းနှင့် ဝူစန်းထောင်၏ မျက်လုံးများမှာ နီရဲလာခဲ့ပါတော့သည်။

“ကျွန်တော့်ကို မလှောင်ပါနဲ့ အကိုလီ။ အမှန်တကယ်တော့ ကျွန်တော်က မြို့ငယ်လေးကနေလာခဲ့တာ။ ကျွန်တော့်အဖေက မွေးရပ်မြေမှာ သိုင်းသင်တန်းကျောင်းလေးတကျောင်းဖွင့်ပြီးတော့ မိသားစုကို ထောက်ပံ့ရှာတယ်။ ကျွန်တော့်မှာ အကိုကြီးနှစ်ယောက်ရှိတယ်။ အဖေက တချိန်တုန်းက ပြန်လည်မွေးဖွားခြင်းအဆင့်မှာ ထိပ်တန်းဆရာသခင်တပါးဖြစ်ခဲ့တယ်”

“နောက်ပိုင်းမှာ သိုင်းပြိုင်ပွဲတခုမှာ တိတ်တဆိတ်အလုပ်ကြံခံရပြီး ဒုက္ခိတဖြစ်သွားခဲ့ရတယ်။ ကျွန်တော့်အကိုကြီးနှစ်ယောက်ကလည်း ပါရမီညံ့ဖျင်းလွန်းတယ်။ ကျွန်တော့်အဖေရဲ့ အကြီးမားဆုံးသော ဆန္ဒက တနေ့နေ့မှာ ကျွန်တော်က သူ့ရည်မှန်းချက်ဖြစ်တဲ့ မူလအဆင့်ဆရာသခင်တပါးဖြစ်နေဖို့ပဲ။ သူ စုဆောင်းထားသမျှ ငွေကြေးအားလုံးကို အဖေက ကျွန်တော့်ကို ပေးခဲ့တယ်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို ဝင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ပေါ့။ ကျွန်တော်က တကယ်ပဲ ကံကောင်းပြီး ဂိုဏ်းထဲကို ဝင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မူလအဆင့်ကို ရောက်ဖို့ အကွာအဝေးက အရမ်းကို ဝေးကွာလွန်းတယ်လို့ ကျွန်တော်ခံစားနေရပါတယ်”

“ကျွန်တော်က အပြင်စည်းကို စစ်ဆေးတဲ့ စစ်ဆေးမှုကနေ ကျရှုံးတာ နှစ်ခါရှိပြီ။ ထပ်ကျရင် မူဟိုင်ဖုန်းတောင်ကနေထွက်သွားရပြီးတော့ သတ်ဖြတ်သူတသောင်းတောင်ထိပ်ကို သွားရလိမ့်မယ်။ ကျွန်တော်အိမ်မပြန်တာ နှစ်နှစ်ရှိပြီ။ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကို မြင်ရင် အဖေ စိတ်ပျက်သွားမှာကို ကျွန်တော်တကယ်ကြောက်တယ်”

“အကိုလီ” ဝူစန်းထောင်က အသက်ကိုပြင်းပြင်းရှုကာဆိုလိုက်သည်။

“လူတစ်ယောက်ရဲ့ ဘဝမှာ သူ့ဘဝထက် ပိုအရေးကြီးတဲ့အရာတွေက ကြုံရတတ်၊ ရှိတတ်တယ်လေ”

“ကျွန်တော့်ရဲ့ ဒီဆန္ဒကို ဖြည့်ဆည်းပေးပါ”

ထိုစကားများကို ပြောပြီးသည့်နောက်တွင် ဝူစန်းထောင်က မြေပြင်တွင် ဝပ်တွားကာ လီဟမ်ရှန်းကို ဦးတိုက်လိုက်တော့သည်။

ညီလေးဝူ ကျေးဇူးပြုပြီးထပါ

လီဟမ်ရှန်းက ရှေ့သို့တိုးကာ ဝူစန်းထောင်ကို ထူမပေးလိုက်ပါသည်။

“ကောင်းပြီလေ။ မင်းက လိုက်ချင်မှတော့ ငါနဲ့သာလိုက်ခဲ့ချေတော့။ တကယ်လို့ အခက်အခဲနဲ့ ပင်ပန်းမှုတွေကို ဒဏ်မခံနိုင်လို့ ပြန်လာချင်တယ်ဆိုရင် မူဟိုင်ဖုန်းမှာ တပည့်အဖြစ်နဲ့ မင်းဆက်ရှိနေနိုင်ဖို့အတွက် ဆရာသခင်ကို ငါပြောပေးထားခဲ့မယ်”

လီဟမ်ရှန်းက သက်ပြင်းဖျော့ကို မှုတ်ထုတ်ရင်းနှင့် ပြောလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ် အကိုလီ”

ဝူစန်းထောင်မှာ အလွန့်အလွန်ကို စိတ်လှုပ်ရှားနေခဲ့ပါသည်။

All Chapters