အခန်း (၂၆၀)
Vol. 23 Ch. 260
သားဖြစ်သူနှင့် တွေ့ဆုံရမည်ကို တွေးမိသောကြောင့် လီချန်ချင်းမှာ တော်တော်လေးကို စိုးရိမ်တုန်လှုပ်နေခဲ့ပါသည်။
သူ့သားကို တွေ့ရန်မှာ ပထမဦးဆုံးအကြိမ်မဟုတ်သည့်တိုင် လီချန်ချင်းဟူသော လူအနေနှင့် သူ့သားကို တွေ့ရန်မှာ ပထမဦးဆုံးအခြေအနေဖြစ်ပေသည်။
ချင်းလဲ့ဓားသခင်၏ သရုပ်ကွဲနှင့် သားဖြစ်သူကို တွေ့ကာ ပြောဆိုဆက်ဆံခဲ့သည့် အခြေအနေနှင့်မတူကာ ကွာခြားလှပေသည်။ ယခုက ဖခင်ဖြစ်သူအနေနှင့် တွေ့ရမည်ဖြစ်သောကြောင့် သူက ကြောက်ဒူးတုန်နေခဲ့ပါတော့သည်။
လီချန်ချင်းက ကျန့်ဖုကွမ်းအား ယန်ပါးထောင်အား သွားခေါ်ရန်အတွက် အလျင်အမြန်ပင် ခိုင်းလိုက်ပါတော့သည်။
ဤတွေ့ဆုံမှုမှာ လုံးဝကို တစက်ကလေးမှပင် အမှားပါ၍ မရပါချေ။
ထို့ကြောင့် သူက ယန်ပါးထောင်အား ညွှန်ကြားချက်အချို့ကို ပေးထားမှ ဖြစ်ပေလိမ့်မည်။
ထိုအခိုက်မှာပင် ယန်ပါးထောင်ကလည်း သမီးဖြစ်သူထံမှ ပေးပို့လိုက်သည့်စာကို ရလိုက်သည့်အချိန်လည်း ဖြစ်ပါသည်။
လီဟမ်ရှန်းက ချန်ထင်မြို့ကို လာနေပြီဖြစ်သည်ကို သူမက သတင်းလှမ်းပို့ခြင်းပင် ဖြစ်သည်။ ထိုသတင်းကို လီချန်ချင်းထံသို့ လာပေးရန်အတွက် ပြင်ဆင်နေချိန်လည်း ဖြစ်ပါသည်။
ထိုအချိန်မှာပင် ကျန့်ဖုကွမ်းက ရောက်လာပြီးနောက် လီချန်ချင်းက အခေါ်လွှတ်ခဲ့သည်ကို ပြောခဲ့ပါ၏။ ထို့ကြောင့် ယန်ပါးထောင်ကလည်း အလျင်အမြန်ပင် လာတွေ့ပါတော့သည်။
လီချန်ချင်းနှင့် ယန်ပါးထောင်တို့သည် ဆွေးနွေးရမည့် ကိစ္စရပ်များကို ခေါင်းချင်းဆိုင်ကာ ဆွေးနွေးကြပါတော့သည်။
ပို၍ယုံကြည်ရစေရန် လီချန်ချင်းက တန်းဖိုးမရှိသော ပန်းချီကားချပ်များကို ရှာဖွေကာ သူ၏ အခန်းထဲတွင် ချိတ်ပေးဖို့ရန် ညွှန်ကြားခဲ့၏။ ထို့အပြင် ယခင်ချန်ချင်းပန်းချီဆိုင်က ပန်းချီကားများကိုပါ အခန်းထဲတွင် ချိတ်ပေးရန် ပြောခဲ့ပါသည်။
သူ့သား၏ စိတ်ထဲတွင် သူ့ကို ပန်းချီဆရာတယောက်ဟု သိထားသည်မဟုတ်ပါလား။ ပန်းချီဆရာတယောက်၏ အိမ်တွင် ပန်းချီကားများမရှိခြင်းက ယုတ္တိရှိမနေခဲ့ပါချေ။
လီချန်ချင်းက ကျန်းဖုကွမ်းနှင့် ကျန်းစစ်ယောင်ကိုပါ ။ လီဟမ်ရှန်းသာ မေးပါက သူက အိမ်တွင် ပန်းချီကားများကို နေ့တိုင်းဆွဲသည်ဟု ဖြေရန်မှာကြားထားပါသည်။
ကျန်းဖုကွမ်းနှင့် ကျန်းစစ်ယောင်မှာ လီချန်ချင်းက ဘာကြောင့်ထိုကဲ့သို့ မှာကြားတာလဲဆိုတာကို မသိသည့်တိုင် လီချန်ချင်း၏ အမိန့်အတိုင်း အတိအကျလုပ်ကြမည်သာ ဖြစ်သည်။ ကျန်းစစ်ယောင်လေးမှာ ကလေးပီပီ ခေါင်းအထပ်ထပ်ညိတ်ကာ သူမက လိမ္မာစွာ နာခံမည်ဖြစ်ကြောင်း သူမပါးစပ်မှ အလိမ်ပေါ်မည့် မည်သည့်စကားမှ ထွက်မည်မဟုတ်ကြောင်းကို လက်သီးလေးဆုတ်ကာ ပြောရှာသည်။
အရာရာကို ပြင်ဆင်ပြီးသည့်နောက်တွင် ယခင်က သူမှတ်သားထားသည့် စာရွက်ကို လီချန်ချင်းက ရှာတွေ့ခဲ့ပါသည်။
ထိုအချက်အလက်များကို သူသေချာကြည့်ကာ သူမှတ်သားထားသည်များကို မလွဲစေရန်အတွက် အထပ်ထပ်အခါ မှတ်ရှုတော့လေသည်။ ထိုစာများတွင် လီဟမ်ရှန်း၏ ငယ်ဘဝအဖြစ်အပျက်များကို လုချောင်းချောင်းထံမှ သိရသလောက်အားလုံးကို ချရေးထားခဲ့ပါသည်။
သူက ထိုအရာများကို မမေ့လျော့အောင် အသေအချာကို မှတ်သားမှ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယခင်အခေါက်တွေတုန်းက သားဖြစ်သူနှင့် တွေ့ပြီးနောက်တွင် သူ့သားက ဘယ်လောက်တောင် ကလိမ်ကကျစ်ကျတတ်မှန်းကို ကိုယ်တိုင် ခံစားသိထားခဲ့သောကြောင့်ပင် ဖြစ်၏။
တချို့အချိန်များတွင် လီဟမ်ရှန်းမှာ စာထဲမှ တဆင့်သူ့အား စမ်းသပ်ခဲ့ပေသည်။
ကံကောင်းသည်မှာ လုချောင်းချောင်းက သူ့အား အချက်အလက်များစွာတို့နှင့် ထောက်ပံ့ပေးထားသောကြောင့် တော်ပါသေးသည်။ ထို့ကြောင့် သူက လီဟမ်ရှန်း၏ အကြောင်းကို ကောင်းကောင်းသိနေခဲ့ပါသည်။ ထို့အပြင် တခါတရံတွင် လုချောင်းချောင်းက သူ့သား၏ လှုပ်ရှားမှုများ၊ တွေးတောမှုများကို သူနှင့်အတူတူ ဝိုင်းဝန်း တွေးတောစဉ်းစားပေးပါသေးသည်။ ထိုသို့မဟုတ်ပါက သူက လီဟမ်ရှန်း၏ ထောင်ခြောက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ကျဆင်းသွားရလိမ့်မည် ဖြစ်ပါသည်။
အားလုံးကို အသင့်ပြင်ဆင်ပြီးမှသာ လီချန်ချင်းက စိတ်အေးစွာဖြင့် သက်ပြင်းချနိုင်ခဲ့တော့၏။ ထိုသို့သာမလုပ်ထားပါက သူ့သား၏ အမှတ်မထင်မေးခွန်းကြောင့် သူက ပေါ်သွားတော့မည် ဖြစ်၏။
ညနေရောက်လာသည့်အခိုက်တွင် ချန်ထင်မြို့လေးသို့ ခရမ်းရောင်အလင်းတခုက ဝင်ရောက်လာခဲ့၏။
ခရမ်းမိုးကြိုး၏ ကြီးမားလှသည့် ပုံရိပ်ကြီးက လမ်းသွားလမ်းလာများ၏ အာရုံကို ဆွဲဆောင်သွားခဲ့တော့ပါသည်။ ရထားမှာ မလှုပ်ခါပေ။ ရထားလုံးအတွင်း၌ အိပ်စက်နေသည့် လီဟမ်ရှန်းမှာ ရင်းနှီးကျွမ်းဝင်သော မြို့၏ ရနံ့ကြောင့် သူ၏ မျက်လုံးများကို ဖြေးညင်းစွာ ဖွင့်ပြီးနောက်တွင် ထထိုင်လိုက်ပါသည်။
“စီနီယာအကို နိုးလာပြီလား” ဝူစန်းထောင်က အပြုံးနှင့် ပြောလိုက်သည်။
“အကိုက တလမ်းလုံးကို အိပ်ပစ်လာတော့တာပဲ”
“ငါတို့ချန်ထင်မြို့ကို ရောက်လာကြပြီလား”
လီဟမ်ရှန်းက ကန့်လန့်ကာကို မတင်ကာ အပြင်သို့ ငေးကြည့်လိုက်ပါသည်။ သူမြင်လိုက်ရသည့်မြင်ကွင်းမှာ ရင်းနှီးနေသည့် လမ်းများပင် ဖြစ်သည်။ လမ်းများမှာလည်း လွန်စွာမှကို သန့်ရှင်းနေခဲ့ပါသည်။
“ဟုတ်တယ် ငါတို့က မြို့ထဲကို ဝင်လာတာ”
ထိုအခိုက်တွင် ဝူစန်းထောင်ကလည်း ကန့်လန့်ကာကို မတင်လိုက်ကာ အပြင်ကို ကြည့်လိုက်ပါသည်။
“ဒီလိုမြို့လေးမှာ အကိုနေခဲ့တာလို့ တကယ်ကို မထင်ထားခဲ့မိတာပါ။ မြို့က သိပ်တော့မကြီးပေမယ့် ပတ်ဝန်းကျင်လေးက တော်တော်လေး မဆိုးဘူး။ ကျွန်တော့်မွေးရပ်မြေမြို့လေးထက်တော့ အများကြီးသာပါတယ်”
“ဟုတ်တယ်။ ချန်ထင်မြို့လေးက သိပ်မဆိုးဘူး။ သာမန်နေ့တွေမှာဆိုရင် လမ်းပေါ်မှာ လူသိပ်မရှိဘူး။ ဒါပေမယ့် ဒီမှာ လိုအပ်တဲ့ အခြေခံကုန်ပစ္စည်းတွေ အကုန်လုံးရှိတယ်”
လီဟမ်ရှန်းက ခေါင်းညိမ့်လိုက်သည်။
တခဏကြာသော် ရထားလုံးက ရပ်သွားပြီးနောက် ရှုခွေက ပြောလိုက်သည်။
“ကျုပ်တို့ရောက်ပြီ သခင်လေး”