အခန်း (၂၆၁)
Vol. 23 Ch. 261
ခရီးဆုံးပြီဖြစ်သောကြောင့် ရထားလုံးပေါ်တွင်ထိုင်နေသည့် ဝူစန်းထောင်မှာ ကမန်းကတန်းထကာ လီဟမ်ရှန်းအတွက် ကန့်လန့်ကာကို မ တင်ပေးလိုက်ပါသည်။
လီဟမ်ရှန်းက ရထားလုံးထဲမှ ထွက်လိုက်ပြီးနောက်တွင် ယန်မိသားစု၏ အိမ်တော်ကို ကြည့်လိုက်ပါသည်။ သူက ဤနေရာသို့ သိပ်မကြာမီကာလတုန်းက ရောက်ရှိခဲ့သည့်တိုင် ဘဝတခုစာအချိန်ကြာမြင့်နေသကဲ့သို့ ခံစားနေခဲ့ရပါ၏။ အရာအားလုံးက နောက်ဆုံးအခေါက်က လာခဲ့သလို တပုံစံတည်း တူညီမနေတော့ပေ။
“သခင်လေးလီ ပြန်လာပြီလား”
တံခါးရှိအစောင့်များမှာ လီဟမ်ရှန်းကို ယခင်ကတည်းက မြင်ဖူးထားသောကြောင့် အလျင်အမြန်ပင် နှုတ်ဆက်လိုက်ကြ၏။
“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက လီဟမ်ရှန်းက လာလည်ပါတယ်ဆိုတာကို အကြောင်းကြားပေးစေလိုပါတယ်”
လီဟမ်ရှန်းက အစေခံများကို ပြောလိုက်သည်။
“အကြောင်းကြားစရာ မလိုတော့ဘူး”
အစေခံများက ရယ်မောလိုက်သည်။
“မိသားစုခေါင်းဆောင်က မှာထားတယ်။ သခင်လေးက မိသားစုဝင်ပဲမို့လို့ အဲ့လို ထုံးထမ်းတွေလုပ်ဖို့မလိုဘူးတဲ့။ တံခါးမရှိ၊ဓားမရှိ စိတ်ကြိုက်ဝင်ထွက်သွားလာနိုင်တယ်တဲ့”
“ကောင်းပြီလေ”
လီဟမ်ရှန်းက ခေါင်းတချက်ညိတ်ကာ ဝူစန်းထောင်နှင့်အတူတူ အတွင်းသို့ဝင်လာခဲ့ပါ၏။
“မြင်းဇောင်းက ဘယ်မှာလဲ”
ရှုခွေက လှမ်းမေးလိုက်၏။
“ကျွန်တော်လိုက်ပြပါမယ်”
အစောင့်က ရှုခွေအား လျင်မြန်စွာ ပြန်ဖြေလိုက်၏။
“ယန်မိသားစုက အတော်လေးကို ကြီးကျယ်ခမ်းနားတာပဲ”
ယန်မိသားစု၏ စံအိမ်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် ဝူစန်းထောင်က ပတ်ပတ်လည်ကို ကြည့်ကာ ပြောလိုက်ခြင်းပင် ဖြစ်ပါ၏။
မြို့ငယ်လေးက မိသားစုဖြစ်သည့်တိုင် ဤနေရာရှိ မြင်ကွင်းများက ရင်သပ်ရှုမောဖွယ်ကောင်းသည့်အပြင် ပတ်ဝန်းကျင်မှာ ခမ်းနားကာ တန်ဖိုးကြီးမားသည့် လေထုက ဖုံးလွှမ်းနေခဲ့၏။
“တန်ဖိုးကြီးပြီး ခမ်းနားတာက ပုံမှန်ပဲလေ။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက သူတို့ပိုင်တာကိုး”
လီဟမ်ရှန်းက ခေါင်းတချက်ဆတ်ကာ ပြောလိုက်ပါ၏။
“ဟုတ်သားပဲ”
ထိုအချိန်ကျမှသာ ချန်ချင်းကုန်သွယ်ရေးက ချန်ထင်မြို့က ယန်မိသားစုပိုင်ဆိုင်သည်ကို ဝူစန်းထောင်က သတိရသွားခဲ့ပါ၏။ သူတို့၏ မိသားစုခေါင်းဆောင်က ဥက္ကဌပင် မဟုတ်လား။
ဒီလိုဆိုမှတော့ ယန်မိသားစုက ခမ်းနားတာက ပုံမှန်သာ ဖြစ်၏။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အရှေ့ပိုင်းကုန်းမြေကြီးတွင် လွန်စွာမှကို အောင်မြင်နေခဲ့သည် မဟုတ်ပါလား။
သူတို့ လမ်းနည်းနည်းဆက်လျှောက်နေသည့်အခိုက်တွင် ယန်ပါးထောင်က ဒေါင့်ချိုးတခုမှာ ထွက်ပေါ်လာပြီး လီဟမ်ရှန်းတို့နှင့် “မတော်တဆ” တိုက်မိသွားခဲ့ပါသည်။
(ထောင့်ချိုးမှာ ကွယ်ပြီး စောင့်နေတာပါ မတော်တဆလိုမျိုးဖြစ်အောင်)
“ဟာ တူလေး”
ယန်ပါးထောင်က လွန်စွာအံ့အားသင့်သွားသည့်အမူအရာနှင့် အော်လိုက်၏။
“ဘယ်တုန်းက ပြန်ရောက်နေတာလဲ တူလေး။ ပြန်လာမယ်ဆိုလည်း ဦးလေးယန်ကို စာလေးဘာလေးပို့လေ။ ဦးလေးယန်က လာကြိုဖို့အတွက် လူလွှတ်လိုက်မှာပေါ့”
“ခေါင်းဆောင်ယန်”
လီဟမ်ရှန်းက ယဉ်ကျေးစွာ ပြန်တုန့်ပြန်သည်။
“ကျူးကျော်လာမိလို့ တောင်းပန်ပါတယ်”
“မင်းက အရမ်းယဉ်ကျေးနေပြန်ပြီ။ ဒါမျိုးကို ဘယ်လိုလုပ်ပြီး ကျူးကျော်တယ်လို့ ခေါ်မလဲ။ တူလေးကို အရင်ကတည်းက ပြောထားသားပဲ။ ဒီနေရာက တူလေးအိမ်ပဲလို့”
ယန်ပါးထောင်က တချက်ရယ်မောရင်း ပြန်ဖြေလိုက်၏။
“အဖေကော ရှိပါရဲ့လား”
လီဟမ်ရှန်းက အလျင်အမြန်ပင် မေးလိုက်ပါသည်။
အရင်တခါလာတုန်းက ဖခင်ဖြစ်သူနှင့် မတွေ့ခဲ့ရပေ။ ဒီတကြိမ်တော့ ထပ်မလွဲသင့်တော့လောက်ဘူး မဟုတ်လား။
“သူရှိပါတယ် ရှိတယ်”
“လာ မင်းကို သူ့ဆီခေါ်သွားပေးမယ်”
ယန်ပါးထောင်က အပြုံးတခုနှင့် ပြောလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ်” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး အသက်ပြင်းပြင်းကို ရှုသွင်းလိုက်၏၊ သူ၏ အကြည့်တွင် တောင့်တနေမှုများကို မြင်တွေ့ခဲ့ရသည်။
ဝူစန်းထောင်က လီဟမ်ရှန်း၏ အနောက်မှ လိုက်လာခဲ့ပါသည်။ မနေ့ကတည်းက လီဟမ်ရှန်း၏ မျက်နှာထက်တွင် အပြုံးတချက်မှ မတွေ့သေးသည်ကို ဝူစန်းထောင်က ကောင်းကောင်းကို သတိထားနေခဲ့မိပါသည်။
သူမြင်နေရသည်မှာ လီဟမ်ရှန်း၏ ဖျော့တော့နေသည့်အသားအရည်နှင့် ခံစားချက်ကင်းမဲ့နေသည့် မျက်လုံးများသာ ဖြစ်၏။
ကျိုးကျွင်းက သူလျိုဖြစ်နေသည့် သတင်းမှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံးကို ပျံ့နှံ့နေပြီးသား ဖြစ်ပါသည်။ လူတော်တော်များများမှာ ကျိုးကျွင်းကို နောက်ကွယ်၌ ကျိန်ဆဲကြကုန်၏။ သူနှင့် ဆက်ဆံရေးကောင်းသည့်လူများပင်လျှင် ခပ်ခွာခွာနေကုန်ကြပါတော့သည်။
ထိုအဖြစ်အပျက်များက လီဟမ်ရှန်း၏ စိတ်ကို ပို၍မရွှင်မပျဖြစ်စေသည်ဟု ဝူစန်းထောင်က ခန့်မှန်းခဲ့ပါသည်။
ကျိုးကျွင်းနှင့် လီဟမ်ရှန်းမှာ ညီအကိုအရင်းပမာ ရင်းနှီးလှသည်ကို ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရှိလူတိုင်းက သိသည်မဟုတ်ပါလား။
ဝူစန်းထောင်မသိသည်က လီဟမ်ရှန်း၏ စိတ်ထဲရှိ လေးလံနေမှုမှာ ကျိုးကျွင်းကြောင့်မဟုတ်မှန်းကိုပင်။
“အရှေ့မှာပဲ”
ထိုအခိုက်အတန့်တွင် ယန်ပါးထောင်က လှမ်းပြောလိုက်ပါသည်။
“အရှေ့က ခြံအသေးလေးက မင်းအဖေနေတဲ့နေရာပဲ”
“ခေါင်းဆောင်ယန်”
လီဟမ်ရှန်းက ယန်ပါးထောင်ကို ကြည့်လိုက်၏။
“ကျွန်တော်နဲ့အတူတူပါလာတဲ့ လူနှစ်ယောက်ကလည်း ဒီည ဒီမှာတည်းချင်ပါတယ်။ အဲ့ဒါက အဆင်ပြေပါ့မလားခင်ဗျ”
“ဒါပေါ့။ ငါတို့ယန်မိသားစုမှာ များများစားစားတော့မရှိပေမယ့် တည်းခိုစရာအခန်းတွေကတော့ အရမ်းကို ပေါများလွန်းပါတယ်”
“အေးဆေးအနားယူပါ။ အားလုံးအဆင်ပြေအောင် ဦးလေးက စီစဉ်ပေးပါ့မယ်” ယန်ပါးထောင်က ရယ်မောလိုက်ပါသည်။
“မင်းအဖေကို မင်းသွားရှာလိုက်ပါဦး။ ငါမနှောင့်ယှက်တော့ဘူး။ ဦးလေးလည်း ဖြေရှင်းကိုင်တွယ်စရာ ကိစ္စလေးတွေရှိသေးလို့ သွားလိုက်ပါဦးမယ်”
“ကျေးဇူးတင်ပါတယ်ခေါင်းဆောင်ယန်” လီဟမ်ရှန်းက အရိုအသေပေးလိုက်ပါသည်။
ယန်ပါးထောင်ထွက်သွားသည်ကို ငေးကြည့်ရင်းနှင့် ဝူစန်းထောင်က ရေရွတ်လိုက်ပါ၏။
“အကိုလီ သခင်ကြီးယန်က ယန်မိသားစုခေါင်းဆောင်တဖြစ်လဲ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ အရှင်သခင်မဟုတ်ဘူးလား။ ဒါပေမယ့် အကိုလီရဲ့ အရှေ့မှာ သူက အိမ်တော်ထိန်းတစ်ယောက်နဲ့ ဘာလို့တူနေရတာလဲ၊ အရမ်းကို နှိမ့်ချလွန်းနေတယ်နော်”
ဝူစန်းထောင်က အံ့အားသင့်စွာဖြင့်ပြောလိုက်ပါသည်။
“ဖြစ်နိုင်တာက ငါက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့်ဖြစ်နေလို့ နေမှာပေါ့”
လီဟမ်ရှန်းက သူ့အားကြည့်ကာ ပြောလိုက်ပါသည်။
“သူသာ တိုက်ရိုက်တပည့်ဖြစ်တဲ့ ငါက ဂိုဏ်းကနေ အဝေးကို လာပြီး ကျန်းကောစံအိမ်ရဲ့ စစ်ဆေးရေးမှုးလုပ်ရပြီး အသက်ရှင်ရက်ပြန်လာဖို့ ရာခိုင်နှုန်းအတော်လေးနည်းတာကိုသာ သိမယ်ဆိုရင် ငါ့ကို ဒီလိုဆက်ဆံမယ်လို့ ထင်သလား”
ဝူစန်းထောင်က တွေးတွေးဆဆနှင့် ခေါင်းညိတ်ပြလိုက်၏။ မှန်၏ သူက လူသားတွေ၏ နွေးထွေးမှုနှင့် အေးစက်မှု နှစ်ဖက်စလုံးကို မြင်တွေ့ပြီးခဲ့ပြီး ဖြစ်ပါသည်။
သေးငယ်သောခြံဝင်းလေး၏ အရှေ့တွင် ရပ်နေရင်းနှင့် လီဟမ်ရှန်းက သူ့အရှေ့ရှိ လှုပ်ရှားနေသည့် စိတ်များကို ကြိုးစားကာ ထိန်းချုပ်လိုက်ပါသည်။ ထို့နောက်တွင်တော့ အရှေ့သို့ ခြေလှမ်းကာ ခြံထဲသို့ ဝင်လိုက်ပါတော့၏။
လီချန်ချင်း၏ ခြံဝင်းလေးမှာ ကျက်သရေရှိလှပေ၏။ စုတ်တံများကိုပင် သပ်ရပ်စွာစီရီထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ဤနေရာ၌ လမ်းလျှောက်ရခြင်းသည် လွန်စွာ သက်တောင့်သက်သာရှိသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့ပါ၏။
ခပ်လှမ်းလှမ်းတွင် တစုံတခုကို လုပ်ကာ အလုပ်ရှုပ်နေသည့် ပုံရိပ်ကို လီဟမ်ရှန်းက မြင်တွေ့လိုက်ရပါသည်။
ဖခင်ဖြစ်သူကို မမြင်တွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် လီဟမ်ရှန်းမှာ ကမန်းကတန်းပင် အနားသို့တိုးသွားခဲ့သည်။ သူ၏ လှုပ်ရှားနေသည့်ခံစားချက်များမှာ မရင်းနှီးမှုများနှင့် ရောထွေးနေခဲ့ပါသည်။
သူ့ဖခင်မှာ အများကြီး ပြောင်းလဲသွားခဲ့ချေပြီ။
အရက်သမားဆန်ကုန်မြေလေးမှ ချစ်စဖွယ်ကောင်းသော ဖခင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲလာခဲ့သည် မဟုတ်လား။
တကြိမ်တခါက ရရှိခဲ့သည့် ပျော်ရွှင်မှုမှာ လက်တကမ်းအလိုသို့ ရောက်ရှိစဉ်မှာပင် လီဟမ်ရှန်းက မရင်းနှီးမှုနှင့်အတူ ကြောက်ရွံ့မှုတို့ကိုပါ တပါတည်း ခံစားလာခဲ့ရတော့သည်။
သူ ကြုံတွေ့နေခဲ့ရသည့် အရာများအားလုံးမှာ အိပ်မက်တခုဖြစ်နေမည်ကို ခံစားနေခဲ့ရပါတော့၏။
မတွေ့ရသည်မှာ ကြာပြီဖြစ်သော လီချန်ချင်း၏ နောက်ကျောပုံရိပ်မှာ သူ့မှတ်ဉာဏ်ထဲရှိ မှတ်မိနေသည့်ပုံစံနှင့် မတူညီစွာကွဲပြားနေခဲ့ပါသည်။
အဖေက ပိန်သွားတာပဲ
သူမရှိသည့်နှစ်များတွင် ဖခင်ဖြစ်သူမှာ အတော်လေးကို ပိန်လှီသွားခဲ့တာပါလား။ အဖေက တကိုယ်တည်းနေနေရတာ အတော်လေးကို ခက်ခဲနေခဲ့မှာပဲ။
အချိန်တခဏကြာသည်အထိ လီဟမ်ရှန်းက သူ့ကိုယ်သူ သားမိုက်တဦးကဲ့သို့ ခံစားနေခဲ့ရပါသည်။ သူက စကားတခွန်းမှမဆိုခဲ့ပဲ အိမ်ကနေထွက်ပြေးခဲ့သည့်အပြင် နှစ်များစွာကြာသည်အထိ အိမ်ကို ပြန်မလာခဲ့ချေ။ သူ့ဖခင်က အပြင်မှာ အနိုင်ကျင့်ခံရလျှင် အားကိုးစရာ သားယောကျာ်းလေးမရှိသောကြောင့် ခေါင်းငုံ့ခံနေရမည်များကို တွေးမိပြီး လီဟမ်ရှန်း၏ နှလုံးသားမှာ လက်နှင့် အဖျစ်ညှစ်ခံရသလို နာကျင်လာခဲ့၏။
သူမသိသည်က သူ့ဖခင်ကပဲ စန်းယွမ်ကုန်းမြေကြီးတွင် လှည့်လည်ပြီး အားလုံးကို အနိုင်ပတ်ကျင့်နေသည်ဆိုသည်ကိုပင် ဖြစ်သည်။
ဒုတ်
လီဟမ်ရှန်းက မြေပြင်တွင် ဒူးထောက်ထိုင်ချလိုက်သည်။
“သားမိုက်လီဟမ်ရှန်းက အိမ်ပြန်လာပါပြီအဖေ”
ထိုစကားကိုဆိုပြီးနောက်တွင် လီဟမ်ရှန်းက ဦးခေါင်းနှင့် မြေပြင်ကို အရှိန်ပြင်းစွာ ဝင်ဆောင့်လိုက်၏။
ကျောပေးထားသည့်ပုံရိပ်မှာ အနောက်သို့ လှည့်ကြည့်လာသည်။
လီဟမ်ရှန်းက ခေါင်းမော့ကြည့်လိုက်စဉ်တွင် ကတ်ကြေးတလက်ကို ကိုင်ထားကာ နားမလည်နိုင်သည့်အကြည့်များနှင့် သူ့အား ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေသော ကျန်းဖုကွမ်းကို သူမြင်လိုက်ရပါသည်။
လီဟမ်ရှန်းမှာလည်း ခေါင်းကြီးသွားခဲ့ပါသည်။
ဒီလူက ဘယ်သူလဲဟ
“မင်းက သခင်လေးလား။ မင်းအဖေက မီးဖိုချောင်ထဲမှာ မင်းလာမယ်ဆိုလို့ ဟင်းချက်နေတယ်”
ကျန်းဖုကွမ်းက မီးဖိုချောင်ရှိရာသို့ ညွှန်ပြကာ ပြောလိုက်ပါသည်။
“ဗျာ”