ငါတစ်နေ့နေ့ လင်းကျန်းရန် ရဲ့ အိပ်ရာပေါ်မှာ အိပ်နိုင်ရင်...
Vol. 17 Ch. 244
ဗုံးပစ်စီနီယာ အင်မော်တယ်၏ စည်းမျဥ်းမှာ အထူးလူများအတွက် အထူးနည်းလမ်းများကို အမြဲ အသုံးပြုခြင်း ဖြစ်သည်။
ဟုတ်ပါသည်.. ယင်းက ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မှု နှင့်အနည်းငယ် တူသော်လည်း နောက်ကွယ်ကနေ လှည့်ကွက်များဖြင့် ကစားရသည်ကို နှစ်သက်သည့် အမှောင်အင်အားစုတွေကို ကိုင်တွယ်ရန် အတွက်မူ သင့်လျော်သော စစ်ကြောရေးနည်းလမ်း ဖြစ်၏။
ကျင့်ကြံခြင်းမှ တဆင့် အခြေခံ အမှန်တရားများကို လူတိုင်း နားလည်နိုင်စွမ်း မရှိဟု သူခံစားခဲ့ရသည့် အချိန်များလည်း ရှိသည်။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများသည် အခြေခံ အမှန်တရားနှင့် ပတ်သက်ပြီး မတူညီသော နားလည်မှုများ ရှိကြ၏။
အကြီးမားဆုံး ခြားနားချက်မှာ အချို့သော သူများက ပိုမိုပညာရှိလာကြပြီး အချို့က ပိုမို ဗရုသုက္ခ ဖြစ်လာခြင်းပင်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မိုးကြိုး အမွေအနှစ်ကို အသုံးပြု၍ ညှဥ်းပန်းနှိပ်စက်ရန် ဓမ္မရာဂျာကို တိုက်တွန်းနေသည်ကို ကြားပြီး အင်မော်တယ်စံအိမ်မှ ထန်လေးမှာ ကူကယ်ရာမဲ့စွာဖြင့် ချွေးစေးများ သိသိသာသာပင် ကျလာသည်။
ထန်လေးက ဓမ္မရာဂျာကို မေးခွန်းထုတ်လိုက်သည်။
"မင်းက မိုးကြိုးမျိုးနွယ်စုက ဆင်းသက်လာတာလား"
"ဟုတ်တယ်"
ဓမ္မရာဂျာက ခေါင်းညိတ်လိုက်သည်။
ထန်လေး "............"
မျက်မှန်တပ်ပြီး ဖောက်ပြန်သည့် ဦးလေးကြီးလို ပုံစံနှင့် သူ့ရှေ့မှာ တစ်ချိန်လုံး ရပ်နေသည့် ဤလူက ရှေးကျသော မျိုးနွယ်စု ၁၂ စုထဲမှ တစ်ခု ဖြစ်သည့် မိုးကြိုးမျိုးနွယ်စုမှ ဆင်းသက်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ရိုးရိုးသားသားပြောရလျှင် စောစောက သူတို့နှစ်ဦးသား အကြည့်ချင်း ဆုံမိသည့် စက္ကန့်ပိုင်းအတွင်းတွင် ဤဖောက်ပြန်သော ဦးလေးကြီးက အပြာကားကို သရုပ်ဆောင်သည့် ဇာတ်ဆောင်တစ်ဦး ဟုတ်မဟုတ်ဟု သူတွေးတောနေမိသည်။
ဤလူက နာမည်ကျော် မိုးကြိုး မျိုးနွယ်စုမှ ဆင်းသက်လာသူတစ်ဦးနှင့် လုံးဝမတူပေ။
ယင်းက သူစိတ်ကူးထားသည့် အရာနှင့် လုံးဝ ကွဲပြားနေသည်။
ဗို့အား တစ်သိန်းကို မထုတ်နိုင်လျှင်ပင် အနည်းဆုံးတော့ ရွှေရောင်ဆံပင် အချွန်အတက် နှင့် ကြွက်သား အဖုအထစ်များကို ပိုင်ဆိုင်သည့် ဆယ်ကျော်သက် အိုင်ဒေါလ် တစ်ယောက်၏ ပုံမျိုးတော့ ရှိသင့်သည် မဟုတ်လော။
အင်မော်တယ်စံအိမ်မှ ထန်လေးက ဓမ္မရာဂျာကို ပြင်းထန်စွာ လှောင်ပြောင်ရန် သူ့စိတ်ထဲမှ ပြင်းပြသောဆန္ဒကို မချိုးနှိမ်နိုင်ပေ။
လူသားများ၏ အိပ်မက်များကို အမှန်တကယ် ချေမှုန်းပစ်နိုင်သည့် အချိန်တွေ ရှိမှန်း ဤအဖြစ်က လက်တွေ့ သက်သေပြခဲ့သည်။
ဓမ္မရာဂျာက မိုးကြိုးမျိုးနွယ်စုမှ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အင်မော်တယ်စံအိမ်မှ လူငယ်၏ မျက်နှာပေါ်တွင် တစ်စုံတစ်ရာ ဆုံးရှုံးသွားသည့် အရိပ်အယောင်ကို ကလေးမလေးက ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
ထိုလူ၏ မျက်လုံးများ မှိန်ဖျော့လာသည်ကို သူမ သတိပြုမိသည်။
ထို့အပြင် ယခုတစ်ကြိမ်၌ ထိုလူ၏ အသဲကွဲသံကိုပင် သူမ ရှင်းရှင်းလင်းလင်း ကြားနေရသည်။
.................
"ဒါဆို ဒီကောင်က မင်းရဲ့အမာခံပရိသတ်ပဲ ဖြစ်ရမယ်"
ဗုံးပစ်စီနီယာအင်မော်တယ်၏ မျက်နှာပေါ်တွင် ရယ်စရာကောင်းသော အမူအရာတစ်ခု ရှိနေသည်။
ဓမ္မရာဂျာက သူ့ကိုယ်သူ မယုံနိုင်ဖြစ်နေသည်။
"..........."
[သူ့မှာ တကယ်ပဲ ပရိသတ်ရှိတယ်လား]
"ဒါက အဓိပ္ပာယ်ရှိပါတယ်.. မင်းက ဝိညာဉ်စွမ်းအင်ကို အသုံးချနိုင်တဲ့ မိုးကြိုးမျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်လေ.. မိုးကြိုး အမွေအနှစ်ကို ဆက်ခံသူလည်း ဖြစ်တယ်.. မိုးကြိုးမျိုးနွယ်က မှတ်တမ်းမှတ်ရာတွေအရ ကြီးမြတ်တဲ့ မျိုးနွယ်စု တစ်ခုပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဓမ္မရာဂျာကို ကြည့်ရင်း နှုတ်ခမ်းကို တွန့်ကွေးကာ ဆက်ပြောလိုက်သည်။
"လျှပ်စစ်ဂဟေဆော်သူ အဖြစ် ရှောင်မျိုးနွယ်အတွက် ဆက်အလုပ်လုပ်နေသမျှ ကာလပတ်လုံး မိုးကြိုးမျိုးနွယ်စုရဲ့ လက်ကျန် ဂုဏ်သတင်းက အလကား ဖြစ်သွားတော့မှာပဲ"
ထိုစကားကို ကြားသောအခါ ဓမ္မရာဂျာက ရှက်ရွံ့သွားသည်။
"ဟိုးရှေးရှေးတုန်းက မိုးကြိုးမျိုးနွယ်စုက ငါတို့ ဘိုးဘေးတွေကို အကာအကွယ်ပေးခဲ့တယ်.. ဒါကြောင့် ငါတို့ ဂျူနီယာတွေက မိုးကြိုး မျိုးနွယ်စုကို အမြဲ တန်ဖိုးထား လေးစားကြတယ်"
မြေပြင်ပေါ်ရှိလူက အံကြိတ်ကာ ပြောလိုက်သည်။
"မိုးကြိုးမျိုးနွယ်စုကလူ ငါ့ရှေ့မှာ ရှိနေတာကြောင့် ဒီစကားမျိုး ပြောတာ မဟုတ်ပါဘူး"
"ဒါဆို မင်းက သစ္စာရှိတဲ့လူပဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က မြေပြင်ပေါ်ရှိ လူငယ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ခဏအကြာတွင် သူက လက်ကို ဝှေ့ယမ်းလိုက်၏။
"ကောင်းပြီ.. ငါတို့ သူ့ကို စစ်ဆေးမေးမြန်းဖို့ အလျင်မလိုသေးဘူး.. ဗိုက်အရင်ဖြည့်ကြရအောင်.. စီနီယာကြီးဝမ် ရဲ့ ဘရိုကိုလီ စွပ်ပြုတ်ကို ငါတို့ လက်လွတ်ခံလို့ မဖြစ်ဘူး"
ဓမ္မရာဂျာ အနည်းငယ် အံ့သြသွားသည်။
"ဘာဖြစ်လို့လဲ.. နတ်မိုးကြိုး အမွေအနှစ်ကို အသုံးပြုပြီး သူ့ကို မျက်စိကန်းအောင် မလုပ်ချင်တော့ဘူးလား"
"ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့ အမာခံပရိသတ် တစ်ယောက်ပဲလေ.. မင်း သူ့ကို တကယ်လုပ်နိုင်မယ်လို့ ထင်နေတာလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မောလိုက်သည်။
မျှော်လင့်ထားသည့် အတိုင်းပင် ဓမ္မရာဂျာက တုံ့ဆိုင်းသွားသည်။
သူက မြေပြင်ပေါ်ရှိလူကို ကြည့်ကာ ဒီအတိုင်း လျစ်လျူရှုထားရန် မဆုံးဖြတ်မီ နောက်ထပ် အတွေးတစ်ခု ဝင်လာ၏။
စီနီယာ အင်မော်တယ်က အလွန်ယုံကြည်မှု ရှိပုံပေါ်သည်ကို သူသတိပြုမိသည်။
ထို့ကြောင့် တစ်ဖက်လူထံ၌ တန်ပြန် အရေးယူရန် အကြံအစည် တစ်ခုခု ရှိနေပြီဟု သူသိလိုက်သည်။
ရုပ်ရည်ကို ဦးစားပေးသည့် ကမ္ဘာတွင် သူ့ပရိသတ်က ရှားပါးလှသည်။
ထိုသို့ ပရိသတ်ရှားသည့် အတွက် ထိုလူကို ကောင်းကောင်း ပြုစုစောင့်ရှောက်ရမည်ဟု ဓမ္မရာဂျာက တွေးမိခဲ့သည်။
အကယ်၍ ထိုလူသာ သူ့ အမာခံ ပရိသတ် မဟုတ်ခဲ့လျှင် ဓမ္မရာဂျာက မိုးကြိုးဖြင့် ကင်စားရန် ပြင်ဆင်ထားပြီ ဖြစ်သည်။
.....................
ထမင်းစားချိန် ရောက်လာသောအခါတွင် ဖေဖေဝမ် နှင့် လဲ့မုန့်မုန့် တို့က စာဖတ်ခန်းတွင် တက်ကြွစွာ ဆွေးနွေးနေကြဆဲ ဖြစ်သောကြောင့် အောက်ထပ်သို့ မဆင်းခဲ့ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က ၎င်းတို့ဆီ အစားအသောက်ကို တိုက်ရိုက် ပို့ပေးခဲ့၏။
အင်မော်တယ်စံအိမ်မှ လူငယ်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ ရိုသေလေးစားသည့် သဘောထားကြောင့် အံ့အားသင့်သွားသည်။
ဤအချိန်တွင် သူက ဤအိမ်ငယ်လေး အတွင်းရှိ အခြေအနေကို တွေးတောရန် ယုတ္တိဗေဒကို အသုံးမချနိုင်ခဲ့ပေ။
လက်ရှိအခြေအနေကို ကြည့်လိုက်လျှင် ဤနေရာ၌ သာမန်လူတစ်ယောက်မျှ မရှိသောကြောင့်ပင်။
သူက အိမ်ပိုင်ရှင်ထံမှ ဝိညာဉ်စွမ်းအင် အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း မခံစားရသော်လည်း မိုးကြိုးမျိုးနွယ်မှ ဆင်းသက်လာသော စီနီယာနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ နှစ်ဦးစလုံးက အိမ်ရှင်ကို "စီနီယာကြီး"ဟု ရိုသေစွာ ခေါ်ဆိုနေသည်ကို သတိထားမိခဲ့သည်။
ထန်လေးက သူ့ကိုယ်သူ စိတ်ဝိညာဉ်စွမ်းအင် အာရုံခံနိုင်စွမ်းတွင် အားနည်းသွားပြီလားဟုပင် လေးလေးနက်နက် တွေးနေခဲ့မိသည်။
စားသောက်နေစဥ်အတွင်း ထန်လေးက ချုပ်နှောင်ခံထားရသော်လည်း လက်ရှိအခြေအနေကို အင်မော်တယ်စံအိမ်အား အသိပေးရန် နည်းလမ်းများကို စဉ်းစားနေဆဲ ဖြစ်သည်။
မေမေဝမ် နှင့် အဖိုးဝမ် တို့နှင့် ပျော်ရွှင်စွာ နေ့လည်စာ စားပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ထန်လေးကို အပေါ်ထပ်သို့ တိုက်ရိုက် သယ်ဆောင်သွားသည်။
ထန်လေးက လေးလံပြီး 1.9 မီတာ အရပ်ရှည်သော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်က ကြက်တစ်ကောင်ကဲ့သို့ အသာလေး သယ်သွားခဲ့ပြီး စစ်ဆေးမေးမြန်းမှု ဆက်လက် လုပ်ဆောင်ရန် ဝမ်လင်း၏ အခန်းထဲသို့ ထည့်ထားလိုက်သည်။
ဝမ်လင်း၏ ကုတင်အစွန်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ခြေချိတ်ထိုင်ရင်း သူ့ရှေ့ကလူကို စိုက်ကြည့်နေသည်။
"အင်မော်တယ်စံအိမ်နဲ့ ဆက်သွယ်ဖို့ မကြိုးစားပါနဲ့.. ဒီအိမ်ငယ်လေးရဲ့ တံခါးထဲကို ဝင်လိုက်တာနဲ့ မှော်ပစ္စည်းတွေနဲ့ ဆက်သွယ်ရေး အချက်ပြမှုရဲ့အော်ရာ အတက်အကျ မှန်သမျှက ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်တော့ဘူး"
"အာ.. ဒီလို လုပ်ဆောင်ချက်မျိုးလည်း ရှိတယ်လား"
ဓမ္မရာဂျာ အံ့ဩသွားပြန်သည်။
ဝမ်မိသားစု အိမ်ငယ်လေးကို ရောက်ကတည်းက သူက ရူးသွပ်သလို ခံစားခဲ့ရပြီး အံ့သြဘနန်း ဖြစ်ရပ်များကို တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရသည်။
သူ့ဖုန်းကို သေသေချာချာ စစ်ကြည့်လိုက်ရာ မည်သည့် အချက်ပြမှုမှ မရှိပေ။
"မင်းအတွက် အိပ်ရာ ပြင်ဆင်ပေးဖို့ ကလေးမကို ပြောဖို့ မေ့သွားတယ်.. အိပ်တဲ့နေရာ ရှိတော့ နောက်တစ်ခါ မင်းဒီကို လာရင် ထပ်ပြီး ကြမ်းပြင်မှာ မအိပ်ရတော့ဘူးပေါ့"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဓမ္မရာဂျာကို ကြည့်ရင်း ပြောလိုက်သည်။
"ဒါဆို စီနီယာကရော ဘယ်မှာအိပ်မှာလဲ"
ဓမ္မရာဂျာက ပြန်မေးလိုက်သည်။
"ငါက ပုံမှန်ဧည့်သည် ဖြစ်နေပြီလေ.. ဒါကြောင့် သူတို့က အရင်ကတည်းက ငါ့အတွက် နေရာစီစဥ်ထားပြီးပြီ"
ထိုစကားကို ပြောပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က လင်းကျန်းရန်၏ အိပ်ရာပေါ်တွင် လှဲချလိုက်သည်။
၎င်းက ခေါင်းအုံးဘေးတွင် လဲလျောင်းနေသော ကျင့်ခယ်၏ တံတောင်ဆစ်ကို အနည်းငယ် ဖိထားသော်လည်း ကျင့်ခယ်က လုံးဝ စိတ်မ၀င်စားဘဲ အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပေ။
ဤအရာကို မြင်သောအခါ ဓမ္မရာဂျာက စကားမပြောနိုင်အောင် ဆွံ့အသွားသည်။
"ဒါက ရင်းနှီးနေရုံတင် မကနိုင်ဘူး.. ဒါက.."
ဒါက လင်းကျန်းရန် ရဲ့ အိပ်ရာ၊ လင်းကျန်းရန်ရဲ့ ခေါင်းအုံး.. လင်းကျန်းရန် ရဲ့ ဓား..
သူ ဒီကို အကြိမ်တစ်ရာ အလည်လာခဲ့လျှင်ပင် လင်းကျန်းရန်၏ အိပ်ရာပေါ်၌ ယခုလို သက်သောင့်သက်သာ အေးအေးဆေးဆေး အိပ်နိုင်လိမ့်မည်ဟု သူ မထင်ပေ။
သူက ဝမ်လင်း၏ နူးညံ့အိစက်သော တစ်ယောက်အိပ် ကုတင်ကို စိုက်ကြည့်ကာ မသိစိတ်ကနေ တံတွေး မျိုချလိုက်မိသည်။
အခြားရှုထောင့်မှကြည့်လျှင် သူသာ တစ်နေ့နေ့တွင် လင်းကျန်းရန်၏ အိပ်ရာပေါ်၌ ဗုံးပစ် စီနီယာအင်မော်တယ်လို လှဲလျောင်းနိုင်ခဲ့လျှင်.. လင်းကျန်းရန် နှင့် သူ၏ ဆက်ဆံရေးက အဆင့်တစ်ဆင့် တိုးလာမည်ဟု ဆိုလိုခြင်း ဖြစ်သည် မဟုတ်ပါလော။