မင်းရဲ့ လောင်ထန် ဂေါ်ဖီချဥ် အမဲသားခေါက်ဆွဲတွေ ရောက်လာပါပြီ
Vol. 17 Ch. 245
ဗုံးပစ်စီနီယာ အင်မော်တယ်က ဓမ္မရာဂျာကို စောင်းငဲ့ကြည့်လိုက်ရာ ကုတင်ပေါ်သို့ စိုက်ကြည့်၍ အတွေးနက် နေသည်ကို တွေ့လိုက်ရသည်။
"ဓမ္မရာဂျာ.. မဟုတ်တရုတ်တွေ တွေးနေတာလား"
ဓမ္မရာဂျာ"..........."
ဗုံးပစ်စီနီယာ အင်မော်တယ် "မင်း လင်းကျန်းရန် ရဲ့ အိပ်ရာပေါ်မှာ အိပ်စက်ဖို့ စဉ်းစားနေတယ်ဆိုရင် အဲဒါကို မေ့ထားလိုက်ဖို့ ငါအကြံပေးချင်တယ်.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရက်စက်ကြမ်းကြုတ်တဲ့ လက်ခြောက်ချောင်း ဇိသာနတ်ဆိုးကို ဖမ်းဖို့ ငါ သူနဲ့ပူးပေါင်းခဲ့တယ်.. ဒီဇိသာနတ်ဆိုးက ကုတင်ပေါ် အိပ်ဖို့ သွေးဆောင်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ဘယ်သူသိမှာလဲ"
"လက်ခြောက်ချောင်း ဇိသာနတ်ဆိုးလား"
အင်မော်တယ်စံအိမ်မှ ထန်လေးက ချွေးစေးများ ပြန်လာသည်။
ဤနတ်ဆိုးက လွန်ခဲ့သော နှစ်အနည်းငယ်က အမှန်တကယ်နာမည်ကြီးခဲ့ပြီး မိစ္ဆာ အင်ပါယာ ကွာဖီထက်ပင် သာလွန်လိမ့်မည်ဟု နိုင်ငံခြား သတင်းမီဒီယာများက မှတ်ချက်ပေးခဲ့ကြသည်။
သို့သော် နောက်ဆုံးတွင် ဤလက်ခြောက်ချောင်းရှိသည့် ဇိသာနတ်ဆိုးမှာ တစ်နည်းနည်းဖြင့် ဖမ်းမိခဲ့ပြီး ဝိညာဉ်စွမ်းအင်များ ဖယ်ရှားခံရကာ အစောင့်အကြပ် အထူထပ်ဆုံး ထောင်ထဲတွင် ပိတ်လှောင်ခံခဲ့ရသည်။
အစိုးရက ဇိသာနတ်ဆိုးနှင် ပတ်သက်သည့် စစ်ဆင်ရေး အသေးစိတ်ကို လူသိရှင်ကြား ထုတ်မပြောခဲ့ကြပေ။
ဓမ္မရာဂျာ တံတွေး မျိုချလိုက်သည်။
"ကုတင်ပေါ်တက်အိပ်တော့ ဘာဆက်ဖြစ်လဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က သက်ပြင်းချလိုက်သည်။
"အဲ့ဒီနောက်မှာတော့ လက်ခြောက်ချောင်းရှိတဲ့ ဇိသာနတ်ဆိုးက သူ့မျက်နှာရှေ့မှာ လက်ချောင်းတွေကို ဘယ်တော့မှ မမြင်နိုင်တော့ဘူး"
ဓမ္မရာဂျာ "ဒီ ဇိသာနတ်ဆိုးက မျက်စိကွယ်သွားတယ်လို့ ဆိုလိုတာလား"
ဗုံးပစ်စီနီယာအင်မော်တယ် "မဟုတ်ဘူး.. သူ့မှာ လက်ချောင်းတွေ မရှိတော့ဘူး"
ဓမ္မရာဂျာ နှင့် ထန်လေး".........."
"ဒီဇိသာနတ်ဆိုးက လင်းကျန်းရန် ရဲ့ အိပ်ယာပေါ်မှာ လှဲနေတဲ့အခိုက်မှာ သခင် ခေါင်းအုံး အင်မော်တယ်က ဒီနတ်ဆိုး အရမ်းဂုဏ်ယူရတဲ့ လက်ခြောက်ချောင်းကို ဖြတ်ပစ်လိုက်တယ်လေ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရှင်းပြလိုက်သည်။
"သခင်ခေါင်းအုံး အင်မော်တယ်က ညီနောင်လင်း ဉာဏ်အလင်းပေးထားတဲ့ ခေါင်းအုံးပဲ.. သူခွင့်ပြုချက်မရဘဲ ဒီကုတင်ပေါ်မှာ အိပ်ဖို့ကြိုးစားတဲ့ အပြင်လူ မည်သူမဆို ကြေကွဲဖွယ် အဆုံးသတ်ကို ခံစားရလိမ့်မယ်"
အေးစက်သော ချွေးများက ဓမ္မရာဇာ၏ နောက်ကျောကို ရွှဲစိုစေကာ ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားစေသည်။
"တကယ်တော့ မင်း ဒီလောက်ထိ ကြောက်နေစရာ မလိုပါဘူး.. မင်း မတော်တဆ အိပ်ရာကို ထိမိတာလောက်နဲ့တော့ သခင်ခေါင်းအုံး အင်မော်တယ်က မင်းကို ဘာမှလုပ်မှာ မဟုတ်ပါဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါဆို စီနီယာကရော ကုတင်ပေါ်တက်ဖို့ ဘယ်လိုလုပ်လိုက်တာလဲ"
ဓမ္မရာဂျာ၏ မျက်နှာတွင် စူးစမ်းလိုသော အမူအရာ ရှိနေ၏။
"အဲဒါက လျှို့ဝှက်ချက်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက ဤကုတင်ပေါ်မှာ တစ်နှစ်စာ အိပ်ခွင့်ရဖို့ တစ်နှစ်စာ ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို ထောက်ပံ့ပေးခဲ့ရသည်။
သို့ရာတွင် သူက ထိုလျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ပေ။
......................
အိပ်ခန်းက လုံးဝကို တိတ်ဆိတ်နေ၏။
အင်မော်တယ်စံအိမ် မှ ထန်လေးက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။
သူက အင်မော်တယ်စံအိမ်နှင့် ပတ်သက်ပြီး ဘာမှ ထုတ်မပြောသေးပေ။
သို့သော် စောစောက ပြောခဲ့သလိုပင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဤပြဿနာ၏ အဖြေကို ရှာပြီးသွားပြီ ဖြစ်သည်။
ဓမ္မရာဂျာက စိုးရိမ်စိတ်ဖြင့်သာ ရှိနေသည်။
စီနီယာ အင်မော်တယ်က လူအများ၏ စိတ်ကို မှန်းဆရန် နှစ်သက်သည်။
ယင်းက သူတို့တွေ့ဆုံချိန်က စ၍ ဘယ်တုန်းကမှ မပြောင်းလဲခဲ့သည့် စရိုက်တစ်ခု ဖြစ်၏။
အကြမ်းဖျင်း ဆယ့်ငါးမိနစ်လောက် အကြာတွင် ဗုံးပစ်စီနီယာအင်မော်တယ်က လေတဖြူးဖြူး တိုက်ခတ်နေသည့်ပြတင်းပေါက်ကနေ အပြင်ကို ပြုံး၍ ကြည့်လိုက်သည်။
"သူ ရောက်လာပြီ"
အပြင်မှလူက တံခါးခေါင်းလောင်းကို မြည်စေခြင်းအားဖြင့် အိမ်ငယ်လေးထဲရှိ စီနီယာများကို အနှောင့်အယှက် ဖြစ်စေမည့်အချက်ကို စဥ်းစားမိပြီး အိမ်ငယ်လေး၏ အိမ်ရှေ့တံခါးတွင် ထိုလူကို တိုက်ရိုက် စောင့်ဆိုင်းရန် ဗုံးပစ်စီနီယာ အင်မော်တယ်က အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
ခဏအကြာတွင် အသက်လေးဆယ်ကျော် အရွယ်ရှိ လူတစ်ယောက်က လက်ထဲတွင် အိတ်တစ်လုံးကို ကိုင်ကာ အဝေးကနေ အိမ်ငယ်လေး ဆီသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူ၏ မျက်နှာတွင် ဆယ်စင်တီမီတာ ရှည်သော ဓားအမာရွတ်က ညာဘက်မျက်လုံး အထက်ရှိ နဖူးကနေ လည်ပင်းအထိ တစ်ဆက်တည်း ဖြစ်ပေါ်နေ၏။
"အိုး.. သူဌေးထန် မင်္ဂလာပါ"
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ကို အဝေးကနေ နှုတ်ဆက်လိုက်သည်။
သူဌေးထန်က အော်ဒါမှာသည့်လူ ဘယ်သူလဲ ဆိုသည်ကို တွေ့လျှင် နှုတ်ခမ်းများ ချက်ချင်း လှုပ်ရှားသွားသည်။
"မင်းက ဘာလို့လဲ"
သူက လီရှစ်ရာ အကွာအဝေးကနေ အော်ဒါလာပို့ခြင်းဖြစ်သည်။
အော်ဒါက ခေါက်ဆွဲ ဆယ်ပွဲစာ မဟုတ်လျှင် ဤအကွာအဝေးထိ သူဘယ်တော့မှ လာမည် မဟုတ်ပေ။
သူဌေးထန်က အစားအစာအိတ်ကို ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်ထဲသို့ ထည့်လိုက်သည်။
"ဒါက မင်းမှာတဲ့ လောင်ထန် ဂေါ်ဖီချဥ် အမဲသားခေါက်ဆွဲ ပွဲကြီး ဆယ်ပွဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က အိတ်ကို လှမ်းယူလိုက်သော်လည်း မျက်နှာပေါ်တွင် အပြုံးက ရှိနေဆဲ ဖြစ်သည်။
"သူဌေးထန်.. မင်းရဲ့ သန်းခေါင်ယံ ထမင်းစားခန်းမက အိမ်တိုင်ရာရောက် ပို့ဆောင်ရေးစနစ်ကို စတင် လုပ်ဆောင်နေတာ ဘာကြောင့်လဲ"
"စီးပွားရေးက မကောင်းဘူးလေ"
"ငါ့ဆိုင်က ညဘက်မှာဖွင့်တယ်.. ဒါပေမယ့် နေ့ခင်းဘက်ကိုလည်း အခွင့်ကောင်းယူသင့်တယ် မဟုတ်လား.. ဒီလို အရောက်သွားပို့ပေးတာက အရမ်းကောင်းတယ်လို့ ငါထင်တယ်"
"အင်း"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"တကယ်တော့ ငါတို့က မင်းကို တခြား ကိစ္စတစ်ခုကြောင့် တစ်ဖက်လှည့်နဲ့ ခေါ်လိုက်တာပါ"
သူဌေးထန်က ဗုံးပစ်စီနီယာ အင်မော်တယ်ကို မြင်သည်နှင့် ထိုအချက်ကို မှန်းဆမိပြီးသား ဖြစ်၏။
သူက ချက်ချင်းပင် ရယ်မော၍ ပြောလိုက်သည်။
"ဒါဆို ငါ့ကိုပြောပါ.. မင်းမှာ ဘာကိစ္စရှိလို့လဲ"
သူဌေးထန်က သက်ပြင်းချကာ သူ့စကားကို ဆက်လိုက်သည်။
"ငါမင်းကို နောက်ဆုံးအကြိမ် ပေးလိုက်တဲ့ ဟော်သွန်း မျိုးစေ့က ဘာမှ မထွက်လာဘူးလို့ ပြောမလို့လား"
[ဒါမဖြစ်နိုင်ဘူး.. အဲဒါက တကယ့်ဖြစ်ရပ်မှန်ပဲ... နောက်ပြီးတော့ နောက်ကွယ်က ဇာတ်လမ်းကလည်း အမှန်ပဲလေ]
သူ ဤမျိုးစေ့ကို သူ့ဘဝ တစ်လျောက်လုံး သိမ်းဆည်းထားခဲ့သည်။
တကယ်လို့သာ ဤဇာတ်လမ်းဟောင်းကို နှုတ်ဆက်ပြီး သူ့ဘဝ၏ စာမျက်နှာသစ်ကို စတင်လိုသောကြောင့် မဟုတ်ခဲ့လျှင် သူဌေးထန်က ထိုမျိုးစေ့ကို ပေးမိလိမ့်မည် မဟုတ်ချေ။
ထိုအချက်အပြင် မျက်နှာဖုံး တီထွင်သူကို စုံစမ်းနေတာကြောင့်လည်း ပါဝင်၏။
"မဟုတ်ဘူး.. မျိုးစေ့အကြောင်း မဟုတ်ဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။
"သူဌေးထန် ကျေးဇူးပြုပြီး အပေါ်ထပ်ကို လိုက်ကြည့်ပါလား"
သူဌေးထန်က တံခါးကို စိုက်ကြည့်ရင်း အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
.............
ရိုးသားစွာ ပြောရလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူဌေးထန်၏ နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ သံသယ ရှိနေဆဲဖြစ်သည်။
သို့သော် အင်မော်တယ်စံအိမ်မှ လူကို သူကိုယ်တိုင် တွေ့ပြီးနောက် သူဌေးထန်၏ ဝိညာဉ်စွမ်းအင်က အင်မော်တယ်စံအိမ် မှ လူနှင့် အလွန်ဆင်တူကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့အပြင် သူဌေးထန်၏ ဆိုင်တွင် ခေါက်ဆွဲ စားနေစဥ် သူဌေးထန်က အင်မော်တယ်စံအိမ် နှင့် ခပ်ဝေးဝေးတွင် နေရန် ကိုယ်တိုင်ကိုယ်ကျ အကြံပေးခဲ့ဖူးသောကြောင့် သူဌေးထန်ကအင်မော်တယ် စံအိမ်နှင့် ပတ်သက်မှု တစ်ခုခု ရှိနိုင်သည်ဟု ယုံကြည်ရန် အကြောင်းပြချက် ရှိလာသည်။
သူဌေးထန်က အလွန်ထက်မြက်သည်။
သူက တစ်ခုခုကို ချက်ချင်း သတိပြုမိလိုက်၏။
သူက ပထမထပ်တွင်သာ ရှိနေသော်လည်း ဒုတိယထပ်ရှိ ဝမ်လင်း၏ အိပ်ခန်းဆီသို့ လှမ်းကြည့်နေသည်။
နေ့လည်ခင်း နေရောင်က သူဌေးထန်၏ မျက်နှာပေါ်မှ ဓားအမာရွတ်ကို တောက်ပစေသည်။
ထိုအမာရွတ်ကို သူဌေးထန်က မတော်တဆ ချော်လဲပြီးမြေပြင်ပေါ်မှ ဓားနှင့်ရှ၍ ရခဲ့သည်ဟု ပြောခဲ့ကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ်က သတိရမိသည်။
ဤဇာတ်လမ်းက အနည်းငယ် ထူးဆန်းပြီး ဒရမ်မာ ဇာတ်ကွက်နှင့် တူနေသည်။
ဆိုလိုသည်မှာ ထိုဇာတ်လမ်းက လုံးဝ ယုံနိုင်စရာမရှိပေ။
ဤဓားအမာရွတ်၏ နောက်ကွယ်မှ ဇာတ်လမ်းက ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနိုင်သည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ်က အမြဲ ခံစားခဲ့ရသည်။
သူဌေးထန်က လွန်ခဲ့သော နှစ်များကတည်းက အင်မော်တယ်စံအိမ်၏ ကွန်ယက်မှ ရှောင်ပြေးရန် ကြိုးစားခဲ့သည်။
သို့သော် သေချာသည်မှာ ယခုအချိန်ထိ လုံးလုံးလျားလျား မလွတ်မြောက်သေးပုံရ၏။
ခဏအကြာတွင် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကြည့်လိုက်သည်။
"လမ်းပြပါ"
....................
အိမ်ငယ်လေး ထဲသို့ ဝင်လိုက်သောအခါ ဖိုးဖိုးဝမ်နှင့် မေမေဝမ်က မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေကြသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မိတ်ဆွေ တစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်လာခဲ့သည်ဟု ဆိုကာ မီးဖိုချောင်အဝကနေ ဖိုးဖိုးဝမ်နှင့် မေမေဝမ်ကို ခွင့်တောင်းလိုက်သည်။
ဖိုးဖိုးဝမ်က နားလည်ရလွယ်သူ ဖြစ်၍ မေးခွန်းများစွာ မမေးဘဲ ချက်ချင်းပင် လက်ခံခဲ့သည်။
မီးဖိုချောင် အပြင်ဘက်တွင် ရပ်နေသည့် ဗုံးပစ်စီနီယာအင်မော်တယ်၏ နှိမ့်ချသော အမူအရာကိုမြင်လျှင် သူဌေးထန် အလွန် အံ့အားသင့်သွားသည်။
အကြောင်းတစ်ခုခုကြောင့် သူက ဂုရုကြီးများ ဝိုင်းရံခံထားရသလို ခံစားလိုက်ရသည်။
ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူဌေးထန်ကို အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။
အိပ်ခန်းတံခါးရှေ့သို့ အရောက်တွင် သူဌေးထန်က မျက်ခုံးပင့်လိုက်ပြီး လက်နှစ်ဖက်ကို ကျောနောက်သို့ ဟန်ပါပါပစ်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။
"ဒီမှာလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က အလေးထားသော အမူအရာဖြင့် သူဌေးထန်ကို ပြောလိုက်သည်။
"ငါတို့ အင်မော်တယ်စံအိမ်က လူတစ်ယောက်ကို ဖမ်းမိထားတယ်.. သူဌေးထန် သူ့ကို မှတ်မိလားလို့ မေးချင်တာပါ"
သူဌေးထန်က စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။
ယင်းအချိန်တွင် အင်မော်တယ်စံအိမ် မှ အသားခပ်ညိုညို လူငယ်က တစ်စုံတစ်ရာကို အာရုံခံစားမိသွားပုံ ရသည်။
လူငယ်က ကြမ်းပြင်ပေါ်၌ လဲလျောင်း နေရာကနေ အနည်းငယ် ကြောက်လန့်သည့် အမူအရာဖြင့် ခေါင်းကို မော့လိုက်ရာ သူဌေးထန်ကို တွေ့သွားသည်။
သူဌေးထန် နှင့် လူငယ်က တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင် အင်မော်တယ် စံအိမ်မှ လူငယ်က ထိတ်လန့်တကြားဖြင့် အခန်းထောင့် တစ်နေရာသို့ ဆုတ်ခွာသွားခဲ့သည်။
"အစ်ကိုကြီးက ဘာလို့ ဒီကိုရောက်နေတာလဲ"