ဝိညာဉ်ဓားစုဆောင်းသူ အရူး
Vol. 17 Ch. 246
သူဌေးထန်က အင်မော်တယ်စံအိမ်မှ လူနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေလောက်သည်ဟု မှန်းဆထားပြီ ဖြစ်သော်လည်း ၎င်းတို့၏ ဆက်ဆံရေးက ဤမျှ နီးစပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
"အကိုကြီးလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြဇာတ်ဆန်လွန်းသော အော်ပရာကို ကြည့်နေရသလို ခံစားခဲ့ရသည်။
ခန္ဓာကိုယ် တည်ဆောက်ပုံ သို့မဟုတ် ရုပ်ရည်အရဖြစ်စေ သူဌေးထန် နှင့် ကြမ်းပြင်ပေါ်ရှိ လူငယ်က လုံးဝမတူပေ။
သူဌေးထန်၏ ခန္ဓာကိုယ်က အားကောင်းသော အလယ်အလတ် ကြွက်သားများဖြင့် တည်ဆောက်ထားသော်လည်း ဤလူငယ်ကမူ အရပ်ရှည်ပြီး အလွန်ပင် ကြံ့ခိုင်သန်မာလွန်းနေ၏။
လူငယ်က အခန်း ထောင့်နားသို့ ကပ်သွားသည်ကို မြင်လျှင် သူဌေးထန်က ခေါင်းကိုက်လာ သကဲ့သို့ သူ့ခေါင်းကိုလက်ဖြင့် ဖိနှိပ်လိုက်သည်။
"မင်းကို ထွက်သွားဖို့ ငါပြောခဲ့တယ် မဟုတ်လား.. ဒီနှစ်တွေမှာ မင်းဘာလို့ သောက်ကမြင်းကြောထပြီး အဲဒီမှာ ဆက်ရှိနေရတာလဲ"
သူဌေးထန်က အနည်းငယ် စိတ်ဆိုးနေပုံရ၏။
"နောက်ထပ် အလုပ်တစ်ခုပြီးရင် ကျွန်တော့်ကို ဌာနခွဲခေါင်းဆောင်အဖြစ် ရာထူးတိုးပေးမယ်လို့ စံအိမ်သခင်က ပြောခဲ့တယ်.. ကျွန်တော် ဌာနခွဲခေါင်းဆောင်ကနေ အငြိမ်းစားယူပြီးရင် ပင်စင်ယူဖို့ စီစဉ်နေပါတယ်..."
သူဌေးထန်က ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားသည်။
"............."
[သူ့ညီလေးက အဆင်အခြင် မဲ့နေသေးတာပဲ]
ပင်စင်လစာနှင့် ပတ်သက်ပြီး အဓိပ္ပါယ်မဲ့သည့်တိုင် ဤညီလေးက မည်သည့်အရာကိုမဆို ယုံလိမ့်မည်။
သူဌေးထန်က ထိုဂိုဏ်းမှ ထွက်ခွာရန် ရွေးချယ်ခဲ့သည့် အချိန်ကို ပြန်လည် သတိရမိသည်။
ထိုအချိန်က သူဌေးထန်၏ လစာမှာ သူဆိုင်ဖွင့်ပြီးနောက် ယခုရရှိနေသည့် ဝင်ငွေပမာဏထက် အဆပေါင်းများစွာ နည်းပါးခဲ့သည်။
ဟုတ်ပါသည်.. ယင်းမှာ သူဌေးထန် ထွက်သွားရသည့် အကြောင်းရင်းတွေ ထဲက တစ်ခု ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ဤအင်မော်တယ်စံအိမ်က ဇယား ရှုပ်လွန်းသောကြောင့် ဖြစ်သည်။
ထို့အပြင် ဤအင်မော်တယ်စံအိမ်က မည်ကဲ့သို့ လှည့်စားလေ့ရှိသည်ကို သူကောင်းကောင်း သိထားသည်။
"သူ့ကို ဖမ်းထားတာ ဘယ်လောက်ကြာပြီလဲ"
သူဌေးထန်က သက်ပြင်းချ၍ မေးလိုက်သည်။
"ခန့်မှန်းချက်အရတော့ နှစ်နာရီတောင် မပြည့်သေးပါဘူး"
ဓမ္မရာဂျာက ဖြေလိုက်သည်။
"ငါ အမှတ်မမှားဘူးဆိုရင် အင်မော်တယ်စံအိမ်မှာ ပုံမှန်လုပ်ထုံးလုပ်နည်းတွေ ရှိတယ်.. မစ်ရှင် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ တိုးတက်မှု အစီရင်ခံချက်ကို မရရှိခဲ့ရင် ရှုံးနိမ့်မှုအဖြစ် သတ်မှတ်လေ့ရှိတယ်"
သူဌေးထန်က သူ့မျက်လုံးကို မှိတ်ထားလိုက်သည်။
မစ်ရှင် မအောင်မြင်ကြောင်း အင်မော်တယ်စံအိမ်က ဆုံးဖြတ်ပြီးသည်နှင့် မစ်ရှင်ကို တာဝန် ပေးအပ်ခံရသူမှာ အလွန်လျင်မြန်စွာ သုတ်သင်ခံမည့် ပစ်မှတ် ဖြစ်လာမည်ကို သူကောင်းစွာ သိသည်။
သူဌေးထန်က တခြားဘာမှ ဆက်မပြောတော့ဘဲ ထန်လေး၏ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ပြီး ဖုန်းခေါ်သည့် ခလုတ်ကို နှိပ်ကာ စပီကာကို ဖွင့်၍ သူ့ရှေ့ကလူကို စိုက်ကြည့်လိုက်သည်။
"မင်းဘာပြောရမလဲ သိတယ် မဟုတ်လား"
ထန်လေးက စိတ်မပါသော အမူအရာဖြင့် ရှိနေသည်။
"ညီလေး.."
သူဌေးထန်၏ အမူအရာက မာန်ပါလာ၍ ထန်လေးက ခေါင်းကို ငုံ့ထားလိုက်သည်။
"မင်းလုပ်မလား မလုပ်ဘူးလား.. မင်းမလုပ်ရင် ငါ့ပေါင်ကြားကဟာနဲ့ မင်းခေါင်းကို ထိုးပစ်မယ်"
ထန်လေး ".........."
ခဏအကြာတွင် လိုင်းပေါ်မှ အသံတစ်သံ ထွက်လာသည်။
"ဟယ်လို.. ထန်လေး.. မင်းရဲ့ တာဝန်က အခြေအနေ ဘယ်လိုရှိလဲ"
ခေတ္တခဏ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ထန်လေးက ပြန်ဖြေလိုက်သည်။
"အစီရင်ခံပါတယ် အကြီးအကဲ.. ကျွန်တော် နည်းနည်းတော့ ဒုက္ခရောက်သွားတယ်.. ဒါပေမယ့် ဘာပြဿနာမှတော့ မရှိပါဘူး"
"အိုး.. ဒါဆို မင်း စစ်ကူလိုသေးလား"
"စစ်ကူ မလိုအပ်ပါဘူး.. ကျနော် ဒီလောက်တော့ ထိန်းနိုင်ပါတယ်"
"ကောင်းပြီ မင်းရဲ့ အောင်ပွဲကို ငါ စောင့်နေမယ်"
ထို့နောက် သူဌေးထန်က ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီး သက်ပြင်းချလိုက်သည်။
"မင်းတို့အားလုံးကို ဒုက္ခပေးမိလို့ စိတ်မကောင်းပါဘူး.. သူ့ကို မိတ်ဆက်ပေးပါရစေ.. သူက ငါ့ညီအရင်း ထန်ချမ့်ပါ"
"ဒါကြောင့်ကိုး.. မထူးဆန်းတော့ဘူး"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။
"သူ့ရဲ့ ဝိညာဉ်စွမ်းအင်က မင်းနဲ့ ဆင်တူတယ်လို့ ငါခံစားမိခဲ့တယ်.. မင်းတို့နှစ်ယောက် စကားပြောနေတဲ့ အချိန်မှာ မင်းတို့ရဲ့ လေသံတွေကလည်း အတူတူပဲလို့ ငါချက်ချင်း တွေးမိခဲ့တယ်.. ညီလေးထန် နဲ့ သူဌေးထန်က အမြွှာညီအကိုတွေများ ဖြစ်နေမလား"
"ဟုတ်ပါတယ်.. ငါတို့က အမွှာတွေပါ"
သူဌေးထန်က ပြောလိုက်သည်။
"ငါတို့ရဲ့ အသွင်အပြင်နှင့် ခန္ဓာကိုယ် တည်ဆောက်ပုံတွေက ကွဲပြားနေတာကို မင်းတို့ သတိထားမိတယ် မဟုတ်လား.. ဒီလိုဖြစ်ရတာ သူက အင်မော်တယ်စံအိမ်ရဲ့ ဖန်ဝူး ကျင့်စဥ်ကို ကျင့်ကြံနေတာကြောင့်ပဲ"
"ဒီနည်းစနစ်ကို ကျင့်ရင် အရပ်ရှည်လာပြီး အဆမတန် သန်မာလာစေတယ်.. အသွင်အပြင်က အစ ပြောင်းလဲသွားတယ်.. ဒါပေမဲ့ အားနည်းချက် တစ်ခုတော့ရှိတယ်.. အဲဒါက လူတစ်ယောက်ရဲ့ သက်တမ်းကို တိုစေတာပဲ"
သူဌေးထန်က အတိတ်မှ အရာများစွာကို သတိရနေပုံရသည်။
"ဒီနည်းစနစ်ကို နှစ်ပေါင်း ရာနဲ့ချီပြီး ကျင့်ကြံလာသူတွေက မီတာ ဆယ်ဂဏန်းလောက်ထိ အရပ်ရှည် ထွားကြိုင်းလာပြီး ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ သွားလာနေတာကို ကျွန်တော်ကိုယ်တိုင် အရင်တုန်းက မြင်ခဲ့ရဖူးတယ်"
".............."
ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဓမ္မရာဂျာတို့က အံ့ဩသွားသည်။
"ဒီလို ပုံမှန်မဟုတ်တဲ့ ကျင့်ကြံသူတွေ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ မင်းသိလား"
သူဌေးထန်က သူ့ညီလေးကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ဖန်ဝူး ကျင့်စဥ်ကို အဆင့်မြင့်မြင့် ကျင့်ကြံနိုင်တဲ့ ကျင့်ကြံသူတွေကို အင်မော်တယ်စံအိမ်ရဲ့ မက်မွန်ပန်း ဌာနက အလားအလာ ရှိတဲ့သူတွေလို့ သတ်မှတ်ပြီး လိုချင်တာမှန်သမျှကို ဖြည့်ဆည်းပေးကြတာ မဟုတ်ဘူးလား"
ထန်ချန့်က ပြန်ဖြေခဲ့သည်။
"ကြည့်ရတာ မင်းဘာမှမသိသေးပုံပဲ"
သူဌေးထန်က ရယ်မောလိုက်သော်လည်း သူ့အမူအရာတွင် ဝမ်းနည်းသော အရိပ်အယောင် ရှိနေသည်။
"ဒီကျင့်စဥ်ကို ကျင့်ကြံတဲ့သူတွေကို နောက်ဆုံးမှာ မက်မွန်ပန်းဌာနလို့ ခေါ်တဲ့ နေရာတစ်ခုဆီ ပို့ကြတယ်....ဒါပေမယ့် တကယ့် အမှန်တရားကတော့ အဲဒီနေရာက အင်မော်တယ် စံအိမ်ရဲ့ လျှို့ဝှက်ကွပ်မျက်မှုတွေကို ကျူးလွန်တဲ့နေရာ တစ်ခုပဲ.. သူတို့က ဖန်ဝူး ကျင့်စဥ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်တဲ့ လူတိုင်းကို ကွပ်မျက်လေ့ရှိတယ်.. ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက ကြီးမားတဲ့ စွမ်းအားတွေရဲ့ အရင်းအမြစ်တွေ ဖြစ်လို့ပဲ"
"ဘယ်လိုဖြစ်ရတာလဲ..."
ထန်ချမ့်က တုန်လှုပ်သွားသည်။
ဤအကြောင်းကို သူ လုံးဝမသိခဲ့ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် ဓမ္မရာဂျာတို့က အေးစက်သော ချွေးများ စိုစွတ်လာခဲ့သည်။
ကျင့်ကြံသူများ သေဆုံးပြီးလျှင် ၎င်းတို့၏ ခန္ဓာကိုယ်များမှာ အားကောင်းသော စွမ်းအင် အရင်းအမြစ်များ ဖြစ်လာနိုင်သည်မှာ အမှန်တရားပင် ဖြစ်သည်။
သို့သော် အင်မော်တယ်စံအိမ်၏ သခင်က အဘယ်ကြောင့် ဤမျှများပြားသော စွမ်းအင်ကို လိုအပ်နေရပါသနည်း။
"ငါ ဂိုဏ်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်မချခင်မှာ ဒီကိစ္စကို ဖော်ထုတ်နိုင်ခဲ့တယ်.. သူတို့ရဲ့ အဆုံးသတ် ပန်းတိုင်က ဘာလဲဆိုတာတော့ ငါမသိဘူး.. အဲဒီအချိန်တုန်းကတော့ အဲဒီလူတွေကို လွတ်မြောက်ဖို့ ငါ တတ်နိုင်သမျှ လုပ်ပေးခဲ့တယ်"
သူဌေးထန်၏ မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာက ထင်ရှားလာသည်။
"ဒါဆို သူဌေးထန် အင်မော်တယ်စံအိမ်နဲ့ ပတ်သက်ပြီး မင်းသိထားတဲ့ နောက်ထပ် အချက်တွေများ ရှိသေးလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သည်။
သူဌေးထန်၏ စကားအရဆိုလျှင် အင်မော်တယ်စံအိမ်က သူထင်ထားသည်ထက် ပိုဆိုးနေ၏။
"အင်း.. ရှိတယ်"
သူဌေးထန်က ဆက်ပြောလိုက်သည်။
"ငါသိသလောက်တော့ အင်မော်တယ် စံအိမ်သခင်က နတ်ဓားတွေ စုဆောင်းတာ ဝါသနာပါတဲ့ ဓားရူးပဲ.. သူ့ဆီမှာ သမိုင်းဝင် ဓားရှည်စာရင်းမှာ ပါဝင်တဲ့ နတ်ဓား သုံးပုံနှစ်ပုံရှိတယ်.. သူက စာရင်းထဲက တခြားဓားတွေ အားလုံးကို ချေမှုန်းဖို့ အဆုံးစွန်သော နတ်ဘုရားဓားကို ဖန်တီးဖို့ ကြိုးစားနေပုံပဲ.."
ထိုစကားက ဗုံးပစ်စီနီယာ အင်မော်တယ်ကို အတွေးတစ်ခု ပေါ်လာစေသည်။
"ငါ့နေရာကို ကျူးကျော်လာတဲ့ အင်မော်တယ်စံအိမ်က လူက ကျောက်သရဲ မျက်နှာဖုံး တီထွင်တဲ့သူကို ရှာနေတယ် ဆိုတော့ အဲဒါနဲ့များ ပတ်သက်မှု ရှိနေမလား"
"ဒါက ဖြစ်နိုင်ချေ အရမ်းများတယ်"
သူဌေးထန်က ခေါင်းညိတ်သည်။
"သူတို့က အဆုံးစွန် အစွမ်းထက်တဲ့ နတ်ဓားကို ဖန်တီးချင်ရင် အစွမ်းထက်တဲ့ ပန်းပဲဆရာကို ရှာရမယ် မဟုတ်လား"
၎င်းတို့ အပြန်အလှန် ပြောနေသည်ကို နားထောင်ရင်း ထန်ချမ့်က အရာအားလုံးကို နားလည်သွားခဲ့သည်။
သူက အခန်းထောင့်တွင် နာကျင်သော အမူအရာဖြင့် ခေါင်းကို ဆုပ်ကိုင်လိုက်သည်။
"စီနီယာအင်မော်တယ် မင်း သူ့ကို ဘယ်လိုလုပ်ဖို့ စီစဥ်ထားလဲ"
သူဌေးထန်က ထန်ချမ့်ကို တစ်ချက် ကြည့်လိုက်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကြည့်လိုက်သည်။
"အင်မော်တယ်စံအိမ် အကြောင်းကို ငါသိတာထက် သူက ပိုသိမှာ မဟုတ်ဘူး.. သူ့ကို လွှတ်ပေးလိုက်ပါ.. မင်းသိချင်တာ မှန်သမျှ ငါပြောပြပါ့မယ်.. ငါ ဘာမှ ထိန်ချန်ထားမှာ မဟုတ်ဘူး"
"သူက မင်းရဲ့ညီလေး ဆိုတော့ ငါတို့ ဘာဆက်လုပ်ရမလဲ ဆိုတာ အေးဆေး ဆွေးနွေးလို့ရပါတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြန်ဖြေလိုက်သည်။
"အဲဒါကောင်းတယ်"
သူဌေးထန် အသက်ရှုထုတ်လိုက်သည်။
"ဒါပေမယ့် စီနီယာ အင်မော်တယ်.. ငါ့မှာ တောင်းဆိုချက် တစ်ခုရှိတယ်။"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"သူဌေးထန် လွတ်လွတ်လပ်လပ် ပြောပါ"
"စီနီယာက ထူးဆန်းတဲ့ နည်းပညာတွေကို သိတယ်လို့ လူတိုင်းပြောကြတယ်.. လူတစ်ယောက်ကို သူတို့ ကျင့်ကြံထားတဲ့ ကျင့်စဥ်တွေ မေ့သွားအောင် လုပ်တဲ့နည်းကို စီနီယာ သိလား"
သူဌေးထန်က ထန်ချမ့်ကို တစ်ချက် ကြည့်၍ စကားဆက်လိုက်သည်။
"သူက ဖန်ဝူး ကျင့်စဥ်ကို အဆင့်မြင့်တဲ့ထိ မကျင့်ကြံထားပေမဲ့လည်း ဒီနည်းစနစ်က ဆွဲဆောင်အားကြီးလွန်းတယ်.. လူတစ်ယောက်က မေ့မပစ်နိုင်ရင် အလွယ်တကူ စွဲလန်းသွားနိုင်ပြီး စွန့်လွှတ်ဖို့ အရမ်းခက်တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က သူဌေးထန် ပြောသည်ကို နားလည်သည်။
ဆိုရလျှင် ဤကျင့်စဥ်ကို ဆက်လက် ကျင့်ကြံဖို့မှာ အလွန် အန္တရာယ်များ၏။
သို့သော် မှတ်ဉာဏ်တစ်ခုကို အတိအကျ ဖယ်ရှားရန် ကြိုးစားခြင်းမှာလည်း အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။
ထို့အပြင် ကျင့်စဥ်က လူတစ်ဦး၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ နေရာယူထားရာ ထုတ်ယူရန် အခက်ခဲဆုံး မှတ်ဉာဏ် အမျိုးအစားလည်း ဖြစ်သည်။
သူဌေးထန် "စီနီယာအင်မော်တယ် မင်းမှာ အကြံဉာဏ်ကောင်းတွေ ရှိလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းကုတ်လိုက်ပြီး ထန်ချမ့်ကို ညွှန်ပြလိုက်သည်။
"ငါသူ့ကို ဆွဲထိုးဖို့ လုပ်ရင်ကော ဘယ်လိုလဲ"
သူဌေးထန်၊ ထန်ချမ့် နှင့် ဓမ္မရာဂျာ "............"