← Chapters

လေ့လာမှုအားဖြင့်သာ အင်အားကြီးသောလူ ဖြစ်လာနိုင်သည်

Vol. 17 Ch. 247

လေ့လာမှုအားဖြင့်သာ အင်အားကြီးသောလူ ဖြစ်လာနိုင်သည်

Vol. 17 Ch. 247

လူတွေက အကြောင်းအရာများကို မေ့လျော့လေ့ ရှိကြသည်။

မှတ်ဉာဏ်ကို ဖယ်ရှားရန် နည်းလမ်းရှိလျှင်ပင် မလိုအပ်သည့် မှတ်ဉာဏ်ကို အချိန်ဘောင်အတွင်း တိတိကျကျ ဖျက်ပစ်ရန်မှာ မလွယ်ပေ။

ဖြစ်ရပ်တစ်ခု၏ တိကျသော မှတ်ဉာဏ်တစ်ခုကို ထုတ်ယူပြီး ၎င်းကို ပျောက်ကွယ်သွားအောင် ကြိုးစားခြင်းမှာ အမှန်တကယ်ပင် ခက်ခဲလှသည်။

"ငါထင်ထားသလို တကယ်ပဲ နည်းလမ်းမရှိဘူးလား"

သူဌေးထန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"တကယ်လို့ တခြားနည်းလမ်း မရှိရင် ငါ့ဘာသာပဲ သူ့ကို ထိန်းချုပ် ထားတော့မယ်"

ထိုစကားကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်ခုံးပင့်လာသည်။

"ဥပမာအားဖြင့်.. သူက ကျင့်စဥ်ကို ကျင့်ချင်လာတဲ့အခါ သူ့ကို အတင်းချုပ်နှောင်ပြီး ကျင့်လို့မရအောင် တားမြစ်လိုက်မယ်"

".............."

"ဒါပေမယ့် ပြဿနာတစ်ခု ရှိနေတယ်.. အဲဒီလို ချုပ်နှောင်ခံရရင် ကျင့်စဥ်ရဲ့ဆိုးကျိုးကြောင့် ငါ့ညီလေးက ဒေါသတွေ ထွက်လာမယ်.. အဲဒီအခါကျရင် ငါ သူ့ကို ထိန်းချုပ်ဖို့ အရမ်းခက်သွားလိမ့်မယ်"

ထိုစကားကို ပြောရင်း သူဌေးထန်၏ မျက်လုံးများက တောက်ပလာသည်။

"ငါတို့မှာ ရွှေမိုးကြိုးသာ ရှိခဲ့ရင်.."

အင်မော်တယ်ကျန်းရွမ်ရဲ့ ရတနာသုံးပါးထဲက ရွှေမိုးကြိုး..

မော့အင်မော်တယ် ရဲတိုက်၏ လက်အောက်ငယ်သားဖြစ်သူ အားယို ထံမှ ၎င်းတို့ရရှိခဲ့သော ကြယ်ခုနစ်ပွင့်ဓားမှာ သူနှင့်အတူ ရှိနေဆဲ ဖြစ်သည်ကို ဗုံးပစ်စီနီယာ ရုတ်တရက် သတိရသွားသည်။

ယင်းနောက်တွင် ကျန်ရှိသည့် မှော်ရတနာ နှစ်ခုကို စုံစမ်းပေးရန် ဘလက်လေးကို တောင်းဆိုခဲ့သည်။

၎င်းတို့အနက်မှ တစ်ခုဖြစ်သော ခရမ်းရောင် ရွှေဘူးသီးခြောက်မှာ ကွာဖီ၏ လက်ထဲတွင် ရှိနေသည်ကို သူသိထားပြီ ဖြစ်သော်လည်း ရွှေမိုးကြိုး မည်သည့်နေရာတွင် ရှိသည်ကိုမူ သတင်း မရသေးပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် သူဌေးထန်တို့ နှစ်ယောက် အပြန်အလှန် ပြောဆိုနေသည်ကို နားထောင်ရင်း ထန်ချမ့်၏ မျက်လုံးများက သိသိသာသာ မှေးမှိန်သွားသည်။

အကယ်၍သာ ယနေ့ အဖြစ်အပျက် မဖြစ်ခဲ့လျှင် အင်မော်တယ်စံအိမ်က မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သူဘယ်တော့မှ သဘောပေါက်မည် မဟုတ်ပေ။

"အစ်ကို.. ကျွန်တော် ပြန်ရောက်ရင် အတိအလင်းပဲ နှုတ်ထွက်လိုက်ပါတော့မယ်"

"မဖြစ်ဘူး.. လက်ရှိ အခြေအနေအရတော့ အင်မော်တယ်စံအိမ်မှာ မင်းရှိနေတာ မင်းအတွက် ပိုပြီး လုံခြုံလိမ့်မယ်.. ကံကောင်းစွာနဲ့ပဲ ဒါက ငါတို့ရဲ့ စုံစမ်းရေး အတွက်လည်း အကျိုးရှိသွားမယ်.. ဒီလူတွေက မင်းကို ဒီလိုဖြစ်အောင် လုပ်မှတော့ သူတို့အားလုံးကို သတ်လိုက်တာက ပိုကောင်းလိမ့်မယ်"

ထန်ချမ့်က သူ့အကိုအား ကြည့်လိုက်သည်။

သူ့အစ်ကို၏ မျက်နှာတွင် ထိုသို့သော အမူအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

သူဌေးထန်က မျက်လုံးများ မှိတ်၍ စဥ်းစားဟန်ပြုလိုက်သည်။

"အခုအချိန်မှာ အရေးကြီးဆုံးက ဖန်ဝူးကျင့်စဥ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို နှိမ်နင်းနိုင်မဲ့ နည်းလမ်းကို ရှာဖွေဖို့ပဲ"

"လင်းကျန်းရန် ပြန်လာတဲ့အထိ ငါတို့စောင့်ဖို့ အချိန်ရှိရင်တော့ကောင်းသား"

"လင်းကျန်းရန်.."

သူဌေးထန်က ရုတ်တရတ် အမှတ်ရသွားသည့် အမူအရာဖြင့် ပြောလိုက်သည်။

"အော် ငါ့ဆိုင်မှာ သီချင်းရေးသွားတဲ့ လူငယ်လေးကို ပြောတာ မဟုတ်လား"

ထိုကတည်းက လူငယ်လေးကို သာမန် မဟုတ်ဟု သူခံစားခဲ့ရသော်လည်း ယခုလို ကြီးကျယ်ခမ်းနားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

"လင်းကျန်းရန်မှာ အံ့သြစရာကောင်းတဲ့ အရည်အချင်းတွေ ရှိတယ်.. သူသာ ရှိရင် သေချာပေါက် ဖြေရှင်းနိုင်လိမ့်မယ်.. ဒါပေမယ့် သူဘယ်အချိန် အိမ်ပြန်လာမယ် ဆိုတာတော့ ငါတို့ အတိအကျ မသိရသေးဘူး.. လောလောဆယ်တော့ သူက ကျောင်းရဲ့ စစ်ရေးလေ့ကျင့်တဲ့ နေရာမှာပဲ ရှိနေပါသေးတယ်"

ဓမ္မရာဂျာက ပြောလိုက်သည်။

"ကျောင်း.. စစ်ရေးလေ့ကျင့်တဲ့ နေရာ.."

ဝမ်လင်းကို ဖေဖေဝမ်နှင့် အရင်က မြင်ဖူးပြီးသား ဖြစ်၍ သူဌေးထန်က ဝမ်လင်း၏ ကျောင်းသားပုံစံကို တွေ့ဖူးသည်။

သို့သော် ဓမ္မရာဂျာ၏ စကားကို ကြားလိုက်ရသောအခါတွင် သူ တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။

ဤ ဓမ္မရာဂျာ နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့မှာ ကျင့်ကြံခြင်း လောကတွင် ကျော်ကြားလှပေသည်။

၎င်းတို့က ထိုကောင်လေးကို စီနီယာ တစ်ယောက်ကဲ့သို့ ပြောဆိုနေသည်ကို ကြားလျှင် သူဌေးထန် ရူးသွပ်မလိုပင် ဖြစ်သွားသည်။

လင်းကျန်းရန်က အရာရာတွင် နှံ့စပ်ပြီး လေ့လာမှုအား အတော်လေး ကောင်းပုံရ၏။

သေချာသည်မှာ အသိပညာသည် စွမ်းအားဖြစ်၏။

လေ့လာမှုအားဖြင့်သာ အင်အားကြီးသောလူ ဖြစ်လာနိုင်သည် မဟုတ်ပါလား။

...............

ထိုညနေခင်းတွင် ထန်ချမ့် နှင့် သူဌေးထန်က ဝမ်မိသားစု အိမ်ငယ်လေးတွင် ညစာစားခဲ့သည်။

ဖိုးဖိုးဝမ်က ထန်ညီအစ်ကိုများကို အလွန် ဧည့်ဝတ်ကျေခဲ့သည်။

ယင်းက ဖိုးဖိုးဝမ်နှင့် သူဌေးထန်၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ခဲ့သော်လည်း ၎င်းက အဘိုးအို ရှေ့တွင် ရိုသေလေးစားမှု အပြည့်ဖြင့် နေထိုင်ခဲ့သည်။

တန်ချန်း၏ နှောင့်ယှက်မှု နှင့် ပြစ်မှားမှုတို့ကို ရင်ဆိုင်ရသော်လည်း ဖိုးဖိုးဝမ်က ဗွေမယူဘဲ ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။

စစ်မှန်သော စီနီယာကြီး တစ်ယောက်သာ ဤကဲ့သို့သော သည်းခံနိုင်စွမ်း ရှိလိမ့်ပေမည်။

ဓားပျံဖြင့် အင်မော်တယ် စံအိမ်သို့ ပြန်လာရာလမ်းတွင် တန်ချမ့်၏ မျက်လုံးများက သူ့လက်ထဲတွင်ရှိနေသော ဆေးပုလင်းငယ်ကို စိုက်ကြည့်ကာ ရှုပ်ထွေးသော စိတ်ခံစားမှုများ ပြည့်နှက်နေသည်။

ဖန်ဝူးကျင့်စဥ်၏ စွဲလမ်းမှုကို နှိမ်နင်းရန် နည်းလမ်းကို မစဉ်းစားနိုင်ခဲ့သောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ထန်ချမ့်ကို အိပ်ဆေးပုလင်း ပေးအပ်ခဲ့သည်။

ယင်းမှာ ဤကျင့်စဥ်ကို ကျင့်ကြံခြင်းကြောင့် ဖြစ်ပေါ်လာသော စွဲလမ်းမှုကို ဖြတ်ရန် ယခုအချိန်တွင် သူစဉ်းစားနိုင်သည့် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်သည်။

ဤအိပ်ဆေးကို အင်မော်တယ်ထုန်ရာ ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်၏။

ဆေးလုံး တစ်ဝက်လောက်ကပင် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို သုံးနာရီကြာအောင် အိပ်စက်ဖို့ လုံလောက်စေသည်။

ကောင်းကင်ကြီး ပြိုကျလျှင်ပင် ထိုသူက နိုးလာမည် မဟုတ်ပေ။

ဆေးလုံးတစ်လုံး၏ အာနိသင်မှာ အများအားဖြင့် ခြောက်နာရီကြာအောင် ခံနိုင်ရည်ရှိရာ ကျင့်စဥ် စွဲလမ်းခြင်း ပြဿနာအား ဖြေရှင်းရန် လုံလောက်ပေသည်။

သို့သော် အိပ်ဆေးကို အားကိုးသည်က ရေရှည် ဖြေရှင်းချက် မဟုတ်ပေ။

လူတစ်ဦး၏ ကျင့်ကြံမှု နယ်ပယ် မြင့်မားလေ ၎င်းတို့က ဆေးဝါး၏ အာနိသင်ကို ခုခံအား များလေ ဖြစ်သည်။

ဤအိပ်ဆေးပုလင်းက တစ်လခွဲလောက် အထိသာ အကောင်းဆုံး အာနိသင် ရှိလိမ့်မည်။

ထိုနောက်ပိုင်းတွင်မူ ဆေး၏ ထိရောက်မှုက ကျဆင်းသွားမည် ဖြစ်သည်။

ဟုတ်ပါသည်.. ယင်းက ထန်ချမ့်၏ ရှုပ်ယှက်ခတ်နေသည့် ခံစားချက်များ အတွက် အကြောင်းပြချက် မဟုတ်ပေ။

သူက ယနေ့တွင် ဝမ်မိသားစု၏ အိမ်ငယ်လေးသို့ ရောက်လာပြီး ၎င်းတို့နှင့်ပတ်သက်သည့် အမှန်တရားကို စုံစမ်းရန်ကြံစည်ခဲ့သော်လည်း အဆုံးသတ်တွင် မအောင်မြင်ခဲ့ပေ။

ထိုအစား အဖမ်းခံရပြီး သူ့အစ်ကို၏ ဆုံးမမှုများကို နားထောင်ကာ အင်မော်တယ်စံအိမ်၌ သူလျှိုအဖြစ် ဆက်နေဖို့ ဆုံးဖြတ်ခဲ့ရသည်။

အင်မော်တယ်စံအိမ်၏ အဆုံးစွန်သော ရည်ရွယ်ချက် ဖြစ်သည့် နတ်ဓားကိစ္စမှာ သူ့အကို ထန်စစ်မုန့်၏ ထင်ကြေးပေးမှုသာ ဖြစ်သည်။

ယင်းက အမှန်တရားနှင့် အလွန်နီးစပ်နေပြီဟု ခံစားမိသော်လည်း ဟုတ်မဟုတ် စီစစ်လိုပါက အစွမ်းကုန် ကြိုးစားပြီး အထောက်အထား အချို့ကို စုဆောင်းရန် လိုအပ်နေသေးသည်ဟု ထန်ချမ့်က တွေးမိလိုက်သည်။

ထိုအခိုက် အံ့သြစရာ တစ်ခုကို သတိထားမိလိုက်သည်။

ယင်းမှာ သူက ဝမ်မိသားစုကို ဒုက္ခပေးရန် လာခဲ့သော်လည်း ၎င်းတို့ဘက်မှ သူလျှို တစ်ယောက် ဖြစ်သွားခဲ့ခြင်းပင်။

......................

တစ်ခါတစ်ရံတွင် တိုက်ဆိုင်မှုသည် မှော်ဆန်သည့် အရာဖြစ်သည်။

နောက်ထပ် ဘာဆက်ဖြစ်မည်ကို မသိနိုင်ပေ။

ကံကြမ္မာ ဆန်းစစ်ခြင်း တာအိုဖြင့် ကော်ဟောက်၏ ကံကြမ္မာကို တစ်ချိန်က ခန့်မှန်းခဲ့ဖူးသော ဝမ်လင်းပင်လျှင် သူ့ကိုယ်ပိုင် ကံကြမ္မာကို မခန့်မှန်းနိုင်ပေ။

ဇွန်လ 20 ရက် တနင်္လာနေ့သည် စာသင်နှစ်၏ ကိုးပတ်မြောက်နေ့ ဖြစ်သည်။

ကျောင်းခြောက်ကျောင်း၏ စုပေါင်း စစ်ရေးလေ့ကျင့်မှုမှာ ပြီးဆုံးသွားခဲ့သည်။

ယနေ့တွင်မူ ကျောင်းက ကျောင်းသားများ ပင်ပန်းနွမ်းနယ်မှု ပြေလျော့စေရန်နှင့် စစ်ရေး လေ့ကျင့်မှုမှ ရရှိလာသော ဗဟုသုတများကို ဆင်ခြင်နိုင်စေရန် အတွက် ကျောင်းပိတ်ရက် အဖြစ် အထူး ပိတ်ပေးခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် ဝမ်လင်းက စစ်ရေးလေ့ကျင့်မှုကနေ အကျိုးအမြတ် အများအပြား မရရှိခဲ့ပေ။

ကော်ဟောက်ကမူ အမေကျွမ့်၏ "ဖန်ပင်းပင်း" အစားအသောက်ကြောင့် ခံစားခဲ့ရသော်လည်း အကျိုးအမြတ် အများဆုံးရသူ ဖြစ်လာသည်။

နာမည်ကြီး တက္ကသိုလ် အသီးသီးက သူ့ကို ကမ်းလှမ်းထားပြီး ဝိညာဥ်ဓား ထုတ်လုပ်သူ တစ်ဦးက သူ့ကို သူတို့၏ အမှတ်တံဆိပ် သံတမန်အဖြစ် ဖိတ်ခေါ်ခဲ့သည်။

ထို့ကြောင့် သူ၏ အနာဂတ် အလုပ်အကိုင် လမ်းကြောင်းက တောက်ပနေသည်ဟု ဆိုနိုင်၏။

ကော်ဟောက်က သူ့အိမ်မက်မှာ သူ့မိသားစု၏ အိမ်မွေးတိရစ္ဆာန်ဆိုင်ထက် ပိုကြီးသည့် နိုင်ငံတွင်း အကြီးမားဆုံး ပင်လယ်စာဆိုင်ကို ဖွင့်ဖို့ဟု တစ်ခါက ပြောဖူးသည်။

ထိုအချိန်က ကော်ဟောက်၏ ကံကြမ္မာကို ဝမ်လင်း အမှန်တကယ် ဆန်းစစ်ကြည့်ခဲ့၏။

သူ၏ ဗေဒင်ဟောကိန်း ရလဒ်အရ ကော်ဟောက်၏ ရည်မှန်းချက်မှာ အနှစ်ငါးရာအတွင်း အကောင်အထည်ပေါ်လာမည် ဖြစ်သည်။

ယခုတော့ ဝမ်လင်း နားလည်သွားပြီ ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုမှာ ဤအရာအားလုံး၏ မူလအရင်းအမြစ် ဖြစ်ပေသည်။

........................

ဝမ် မိသားစု အိမ်ငယ်လေးသို့ ညနေခင်းတွင် ဝမ်လင်းက ပြန်ရောက်လာပြီး သူ့အိပ်ခန်းသို့ ဝင်လိုက်ရာ ကျင့်ခယ်တစ်ယောက် လှုပ်ရှားခဲ့သည့် အရိပ်အယောင်များကို တွေ့ရှိခဲ့သည်။

သူ မထွက်သွားခင်တွင် ကျင့်ခယ်ကို သူ့ခေါင်းအုံးအောက်၌ ထားခဲ့သော်လည်း ယခုမူ ကျင့်ခယ်က သူ့ခေါင်းအုံး ဘေးတွင် ရှိနေသည်ကို သူ သတိထားမိခဲ့၏။

သေချာသည်မှာ သူ မရှိသည့် အချိန်အတွင်း တစ်ယောက်ယောက်က ဒုက္ခလာပေးသွားပုံရသည်။

ကျင့်ခယ်ကို အိမ်ထဲမှာ ချန်ထားခဲ့သည်က မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု သူ ရုတ်တရက် ခံစားလိုက်ရ၏။

"လင်းလင်း ထမင်းစားဖို့ ဆင်းလာခဲ့"

မေမေဝမ်က အောက်ထပ်တွင် ညစာပြင်ဆင်ထားပြီ ဖြစ်သည်။

ဝမ်လင်းက ကျင့်ခယ်ကို ထားခဲ့လိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ထိုအချိန်မှသာ ထွင်ထျန်းဟာက စောစောက သူနှင့်အတူ အပေါ်ထပ်သို့ မလိုက်လာခဲ့မှန်း ဝမ်လင်း သဘောပေါက်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထွင်ထျန်းဟာ လမ်းတစ်ဝက်သို့ အရောက်တွင် ဖိုးဖိုးဝမ်က ထွင်ထျန်းဟာ၏ ပါးကို ပွတ်သတ်ရန် တားဆီးခဲ့ခြင်းကြောင့် ဖြစ်သည်။

ထွင်ထျန်းဟာ၏ ဝကစ်ကစ် မျက်နှာလေးကို ပွတ်သပ်ရင်း ဖိုးဖိုးဝမ်က မျက်မှောင်ကြုတ်ကာ စိတ်ထဲမှ ညည်းညူနေမိသည်။

"ဒီကလေးက ဘာလို့ ကိုယ်အလေးချိန် ကျသွားရတာလဲ"

All Chapters