ထွင်ထျန်းဟာ၏အိပ်မက်
Vol. 17 Ch. 248
သူ့ကံကြမ္မာကို ခွေးတစ်ကောင်အဖြစ် သေသေချာချာ လက်ခံပြီးနောက် ထွင်ထျန်းဟာက ခေတ်မီကျင့်ကြံရေး ဘဝသို့ ပိုမို ရောနှော ပါဝင်လာခဲ့ပြီး အမှတ် 60 အထက်တန်းကျောင်းမှ စတင်ကာ ဝမ်မိသားစုသို့ တဖြည်းဖြည်း ပေါင်းစည်းလာခဲ့သည်ဟု ဆိုနိုင်သည်။
ဖိုးဖိုးဝမ်က ထွင်ထျန်းဟာ နတ်ဆိုးဘုရင် ဖြစ်ခဲ့ဖူးကြောင်း သိသော်လည်း ၎င်း၏ မူလလက္ခဏာကို ဘယ်သောအခါမှ မဖော်ထုတ်ခဲ့ပေ။
နတ်ဆိုးဘုရင်ကို မည်သူမဆို စူးစမ်းချင်ကြမည်မှာ မှန်၏။
သို့သော် ဖိုးဖိုးဝမ်က နတ်ဆိုးဘုရင်ဟောင်း ထွင်ထျန်းဟာ တွင်လည်း သူ့မာနနှင့်သူ ရှိကြောင်း ကောင်းစွာ သတိပြုမိခဲ့သည်။
အတိတ်က အတိတ်ပင် ဖြစ်သည်။
ယခုအခါတွင် သူက ထွင်ထျန်းဟာကို ဝမ်မိသားစု၏ မိသားစုဝင် တစ်ဦးအဖြစ်သာ ဆက်ဆံခဲ့သည်။
၎င်းက သစ္စာရှိသည့် ခွေးတစ်ကောင်ဖြစ်လျှင် သူ့အနေဖြင့် လုံလောက်ပေသည်။
ထို့ကြောင့် ထွင်ထျန်းဟာ အတွက် ဆရာလေးလင်း ပြီးလျှင် မရင်းနှီးဆုံးလူမှာ ဖိုးဖိုးဝမ် ဖြစ်သည်ဟုပင် ဆိုရမည်။
ဆရာမဖန်က ထွင်ထျန်းဟာကို စစ်သင်တန်းအတွက် ရက်အနည်းငယ်ကြာ ငှားယမ်းခဲ့သည်။
ယခု အိမ်ပြန်ရောက်လာသော အခါတွင် ကိုယ်အလေးချိန် အတော်လေး ကျသွားသည်ကို မြင်ရသောအခါ ဖိုးဖိုးဝမ်၏ နှလုံးသားက နာကျင်သွားခဲ့သည်။
တကယ်တမ်းတွင် ထွင်ထျန်းဟာက ပို၍ ပိန်လာခြင်းမဟုတ်ပေ။
ဝမ်လင်း၏ လမ်းညွှန်မှုဖြင့် ကျင့်ကြံပြီးနောက် ခန္ဓာကိုယ်ထဲမှအညစ်အကြေးများ ကင်းစင်ကာ သန့်စင်သွားခဲ့သည့် အတွက် ပိန်သွားသည်ဟု မှားယွင်းစွာ ထင်မြင်ခံရခြင်း ဖြစ်သည်။
သို့သော် ယင်းအချက်ကို ဖိုးဖိုးဝမ်က နားမလည်ခဲ့ပေ။
အရင်လို ဝဝကစ်ကစ်လေး ပြန်ဖြစ်လာစေရန် အတွက် အာဟာရ ပြည့်ဝသော အစားအစာများကို ကျွေးမွေးရမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။
ထိုညနေခင်းတွင် ဝမ်လင်း ညစာစားနေစဉ် အတွင်း ဖိုးဖိုးဝမ်က ထွင်ထျန်းဟာ အတွက် နောက်ထပ် ဟင်းတစ်ခွက်ကို ပြင်ဆင်ပေးခဲ့သည်။
ဝမ်လင်းက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ဖိုးဖိုးဝမ်ကို သတိပြုမိလိုက်သည်။
ဖိုးဖိုးဝမ်က သူ့ခြေရင်းမှ ထွင်ထျန်းဟာကို ပြုံး၍ ကြည့်လိုက်သည်။
"ငါ ဘယ်လောက်ထိ အသက်ရှည်ရှည် နေနိုင်မယ်လို့ ထင်လဲ"
ထွင်ထျန်းဟာက ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ဖိုးဖိုးဝမ်ကို သံသယဖြင့် ကြည့်လိုက်သည်။
ရုတ်တရက် သူ့ရင်ထဲကနေ အကြောင်းရင်း မသိရဘဲ ဝမ်းနည်းလာမိသည်။
ထွင်ထျန်းဟာက ကံကြမ္မာကို ဆန်းစစ်သည့် နည်းစနစ်ကို မသိသော်လည်း အင်္ဂဝိဇ္ဇာ ဖတ်နည်းကို နည်းနည်းပါးပါး သိထားသဖြင့် သက်တမ်းစေ့ အသက်ရှည်ရှည် နေထိုင်ရန်မှာ ဖိုးဖိုးဝမ် အတွက် ပြဿနာမဟုတ်မှန်း သေချာပေါက်သိသည်။
"ငါ အသက်ကိုးဆယ်ထိ အသက်ရှင်နိုင်ရင်တောင် အနှစ်သုံးဆယ်အောက်ပဲ လိုတော့တယ်.. မင်းကတော့ နတ်ဆိုးဘုရင်ဖြစ်ပြီး ကျင့်ကြံတဲ့နည်းလမ်းကိုလည်း သိတယ်.. မင်းက ငါ့ထက်တော့ အသက်ပိုရှည်ရှည် နေရမှာပဲ မဟုတ်လား"
ဖိုးဖိုးဝမ်က နားလည်ရခက်စွာ ပြုံးလိုက်ပြီး ထွင်ထျန်းဟာ၏ ခေါင်းကို ပွတ်သပ်ကာ ထိုင်ချလိုက်သည်။
"မင်းနဲ့အတူ နေရတဲ့အတွက် အသက် ဘယ်လောက် ရှည်ရှည်ကိစ္စမရှိဘူး.. ဝမ်မိသားစုအိမ်ရဲ့ အနာဂတ်ကို မင်းကာကွယ်ရမယ်.. အခုအချိန်မှာ မင်းက ငါတို့မိသားစုရဲ့ ခွေးတစ်ကောင်ပါပဲ"
ဝမ်လင်းက ဤမြင်ကွင်းကို တံခါးဝမှ လှမ်းကြည့်လိုက်မိသည်။
ထွင်ထျန်းဟာ၏ မျက်လုံးထဲတွင် မျက်ရည်များ အမှန်တကယ် ရှိနေသည်ကို သူမြင်လိုက်ရသည်။
..................
ညစာစားပြီးနောက် ဖိုးဖိုးဝမ် တီဗီကြည့်သည့်အချိန် ဖြစ်သည်။
ဖိုးဖိုးဝမ်က မေမေဝမ်၏ အကြံပြုချက်အပေါ် အခြေခံ၍ "The Story of the True Ring" စီးရီးတစ်ခုလုံးကို ကြည့်ရှု ပြီးစီးသွားခဲ့သည်။
ထို့နောက် ဖေဖေဝမ်၏ ဂရုတစိုက် လမ်းညွှန်မှုအောက်တွင် ဖိုးဖိုးဝမ်က နောက်ဆုံး၌ TV အသုံးပြုနည်းကို သိရှိခဲ့ပြီး သူစိတ်ဝင်စားသည့် ဒရာမာများကို ကိုယ်တိုင် ရှာဖွေနိုင်ခဲ့သည်။
ဖိုးဖိုးဝမ်က "The Verdant and Spicy Years" ဟုခေါ်သော ဟင်းချက်ခြင်း အကြောင်း လှုံ့ဆော်မှုပေးသည့် ဒရမ်မာ ရုပ်ရှင်ကို မကြာသေးမီက ကြည့်ရှုခဲ့သည်။
ထိုရုပ်ရှင်တွင် စားဖိုမှူး မိသားစုတစ်စုမှ လူငယ်စားဖိုမှူး တစ်ယောက်က ဟင်းတစ်ခွက်၏ အဆုံးစွန် အရသာကို အပြည့်အ၀ ပေးနိုင်သည်ဟု ဆိုကြသည့် ဒဏ္ဍာရီလာ နတ်ကြက်သွန်နီကို ရှာဖွေခဲ့သည်။
ထိုခရီးတွင် သူ့ ချစ်သူနှင့် သူ၏ နွေးထွေးသော စိတ်ထားပိုင်ရှင် ဂေးသူငယ်ချင်းလည်း လိုက်ပါခဲ့သည်။
ဤဒဏ္ဍာရီလာ နတ်ကြက်သွန်နီကို ရှာဖွေရာတွင် ဤလူငယ်သုံးဦးသည် မရေမတွက်နိုင်သော အန္တရာယ်များကို ကြုံတွေ့ခဲ့ရသည်။
အဆုံးသတ်တွင် ဇာတ်ဆောင်၏ ချစ်သူသည် နတ်ကြက်သွန်နီကို ဆွဲဆောင်ရန်အတွက် သူမ၏ ဘိုးဘွားပိုင်ဖြစ်သည့် ရေမော်နှင်းပန်းပင်ကို ယဇ်ပူဇော်ခဲ့သည်။
နတ်ကြက်သွန်နီက ရေမော်နှင်းပန်းပင်ကို ခြောက်သွေ့စေပြီး အနက်ရောင်မှို အဖြစ်သို့ ပြောင်းလဲလုနီးပါး အချိန်တွင် ဇာတ်ဆောင် နှင့် ၎င်း၏ ဂေးသူငယ်ချင်းတို့က စွန့်စွန့်စားစား လှုပ်ရှားကာ နတ်ကြက်သွန်နီကို လျှပ်တပြက် ဆွဲယူလိုက်ကြသည်။
နောက်ဆုံးတွင် သူတို့သုံးယောက်က မာစတာ စားဖိုမှူးများ ဖြစ်လာရန် ကြိုးစားခဲ့ကြသည်။
ဖိုးဖိုးဝမ်က ထွင်ထျန်းဟာကို ပွေ့ဖက်ထားပြီး လက်တစ်ဖက်က ခွေး၏ အမွေးများကို ပွတ်သပ်ကာ လက်တစ်ဖက်က မျက်ရည်များကို သုတ်နေသည်။
"The Story of the True Ring"ကို မကြည့်ခင် ယခုလိုမျိုး သူတစ်ခါမှ မငိုဖူးပေ။
ဇာတ်ဆောင်၏ မီးဖိုချောင်နတ်ဘုရား ဖြစ်ရန် ရုန်းကန်သည့် ဇာတ်ကွက်များက ဖိုးဖိုးဝမ်ကို လှုံ့ဆော်သွားခဲ့သည်။
ထိုရုပ်ရှင်က ဖိုးဖိုးဝမ်၏ ဘဝနှင့် သိသိသာသာပင် တစ်ထပ်တည်းကျသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည် မဟုတ်လော။
သူ့စိတ်ထဲတွင် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းပင် မချနိုင်ဖြစ်ခဲ့သည်။
ဤလူငယ်က တကယ်ကို မိုက်မဲသည့် လူငယ်လေးပင်။
ထွင်ထျန်းဟာက ဤရုပ်ရှင်ကို စိတ်ပါလက်ပါ ကြည့်နေစဉ် ဤဒရာမာဇာတ်ကွက်ကြောင့် သိသိသာသာပင် ထိတ်လန့်သွားခဲ့သည်။
ထို့နောက် ထွင်ထျန်းဟာက သူ့အတွေးများကို မောင်းထုတ်လိုက်သည်။
......................
ထွင်ထျန်းဟာက ညရှစ်နာရီတွင် အခန်းထဲသို့ ပြန်ရောက်လာသောအခါ ဆရာလေးလင်းက ကျင့်ခယ်၏ ဓားကိုယ်ထည်အား သန့်ရှင်းရေး လုပ်နေသည်ကို တွေ့ရှိခဲ့သည်။
ကျင့်ခယ်ကို သန့်ရှင်းရေး လုပ်ခြင်းသည် အခြားဓားများကို သန့်ရှင်းရေး လုပ်ခြင်းနှင့် အလွန်ကွာခြားသည်။
သစ်သားဓားက ရေထိ၍ မရသလို ဓားပေါ်က မှော်အက္ခရာများကို ပျက်စီးစေသည့်အတွက် သဲနှင့် ပွတ်တိုက်၍လည်း မရချေ။
အနှစ်သာရအားဖြင့် ၎င်းက မက်မွန်သစ်သားဓား တစ်လက် ဖြစ်နေဆဲ ဖြစ်သောကြောင့် ၎င်း၏ ပြုပြင်ထိန်းသိမ်းမှုကို ပိုမို ဂရုစိုက်ရမည် ဖြစ်သည်။
ဝမ်လင်းက ကျင့်ခယ်ကို ဤကဲ့သို့ ဂရုတစိုက် သန့်ရှင်းရေး မလုပ်သည်မှာ ကြာပြီ ဖြစ်သည်။
သူက သစ်သားဓားများကို ဝိညာဉ်စွမ်းအင်ဖြင့် သန့်စင်ရန်အတွက် အထူးပြုလုပ်ထားသည့် ဝိညာဉ်မြေကြီးကို ကျင့်ခယ်၏ ခန္ဓာကိုယ်အနှံ့ ပေါင်းတင်ထား သကဲ့သို့ ဖုံးအုပ်ထားသည်။
လုံးဝ ခြောက်သွေ့သွားသောအခါမှ ဝိညာဥ်မြေကြီးက ဖြည်းဖြည်းချင်း ကွာကျသွားသည်။
၎င်းက အလွန်ရိုးရှင်းပုံ ပေါက်သော်လည်း လက်ဝင်သော အလုပ် ဖြစ်သောကြောင့် ဝမ်လင်းက ကျင့်ခယ်၏ ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်သည့် အခါတွင် အထူး အလေးအနက် ထားခဲ့သည်။
စာကျက်နေချိန်က လွဲလျှင် ဤအချိန်က ဆရာလေး လင်း အာရုံအစိုက်ဆုံးအချိန်ဟု ထွင်ထျန်းဟာ မြင်မိသည်။
ထွင်ထျန်းဟာက ဝမ်လင်းတို့ကို စိုက်ကြည့်ရင်း ပတ်ဝန်းကျင် ဆိတ်ငြိမ်သောကြောင့် အိပ်ငိုက်လာသလို ခံစားလိုက်ရ၏။
ခဏအကြာတွင် သူက မျက်လုံးကို မဖွင့်နိုင်တော့ပေ။
........................
ထွင်ထျန်းဟာက သူ၏ နတ်အမြင်ကနေ အိပ်မက်မက်နေသည်။
သံတိုင်နှင့် ချည်နှောင်ခံထားရသည့် ဖက်တီးသူစိမ်း တစ်ယောက်ကို သူ အိပ်မက်မက်ခဲ့သည်။
ထိုဖက်တီး၏ ပါးစပ်တွင် သွေးများ ပေကျံနေပြီး အရှေ့တွင်လည်း အနီရောင်ဝတ်စုံ၀တ် ကျင့်ကြံသူ တစ်ယောက် ရပ်နေသည်။
အနီရောင်ဝတ် ကျင့်ကြံသူက လှောင်ပြောင်လိုက်ပြီး ချက်ချင်းပင် ဝိညာဥ်စွမ်းအားကို မှော်ဓားတစ်ရာ အဖြစ်ပြောင်းလဲကာ ဖက်တီး၏ ရင်ဘတ်ကို ထိုးဖောက်စေလိုက်သည်။
ထိုအခိုက် မြင်ကွင်းက ပြောင်းလဲသွားသည်။
ထွင်ထျန်းဟာက အနီရောင်ဝတ်ထားသော ကျင့်ကြံသူကို မြင်လိုက်ရပြန်သည်။
ထိုလူက သွေးစွန်းနေသော မှော်ဓားများကို မီးဖိုထဲသို့ ပစ်ချလိုက်သည်။
"ဒီအိပ်မက်ရဲ့ အဓိပ္ပါယ်က ဘာများလဲ"
ထွင်ထျန်းဟာက နတ်အမြင်မှ လွတ်လွတ်လပ်လပ် ကြည့်နေခဲ့၏။
မှော်ဓားအားလုံးကို မီးဖိုထဲသို့ ပစ်ချလိုက်စဉ် အနီရောင်ဝတ် ကျင့်ကြံသူ၏ ရယ်မောသံကို ကြားလိုက်ရသည်။
ထိုရယ်မောနေသည့် အချိန်မှာပင် ထွင်ထျန်းဟာ ရုတ်တရက် နိုးလာသည်။
အိပ်မက်ဆိုးတစ်ခု မက်နေသလိုမျိုး သူ တုန်လှုပ်သွားသည်။
သူ့ရှေ့တွင်မူ သခင်ငယ်လေးလင်းက ကျင့်ခယ်၏ ဓားကိုယ်ထည်ကို သန့်ရှင်းရေး လုပ်နေဆဲ ဖြစ်သည်။
နံရံပေါ်က နာရီကို ကြည့်လိုက်ရာ ရှစ်နာရီ ငါးမိနစ်ရှိပြီ ဖြစ်၏။
ရှည်လျားပြီး တစ်ပိုင်းတစ်စ ဖြစ်ပုံရသော ဤအိပ်မက်က အမှန်တကယ်တွင် ငါးမိနစ်သာ ကြာမြင့်ခဲ့သည်။
"ဘာဖြစ်သွားတာလဲ"
ထွင်ထျန်းဟာ၏ မျက်နှာပေါ်၌ ချွေးစေးများ အနည်းငယ်ထွက်လာ၏။
ပုံမှန်အားဖြင့် သူက အိပ်နေစဉ်တွင် အိပ်မက်မက်ခဲသည်။
[ဒါက ဖားမျိုးနွယ်စုရဲ့ စိတ်ကူးယဉ်အိပ်မက်တစ်ခုလား]
ထွင်ထျန်းဟာက ရုတ်တရက် မျက်လုံးပြူးသွားသည်။
သူက ဖားမျိုးနွယ်စု၏ ဒဏ္ဍာရီကို အမှတ်ရသွားခဲ့၏။
ဖားများက သဘာဝအားဖြင့် ပျင်းရိပြီး အိပ်ချင်ကြသည်။
၎င်းတို့က အိပ်မက် မက်တာ ရှားပါး၏။
အကယ်၍ မက်ခဲ့လျှင် နိမိတ်ပြခြင်း ဖြစ်တတ်သည်။
ထွင်ထျန်းဟာက ယခုအခါတွင် ခွေးတစ်ကောင် ဖြစ်သော်လည်း အနှစ်သာရအားဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် ဖားဝိညာဉ် ရှိနေဆဲ ဖြစ်သည်။
သို့သော် ဤအိပ်မက်က တကယ်ကို ထူးဆန်းလွန်းနေ၏။
ဇာတ်ကွက်က အစမှအဆုံး တစ်ခုမှ တစ်ခုသို့ အဆက်အစပ်မရှိ ခုန်ကူးသွားသည်။
ဤအိပ်မက်ဆိုးထဲတွင် သူတစ်ခါမှ မမြင်ဖူးသည့် လူများကို ပုံဖော်ထား၏။
[ဇာတ်လမ်းကို ရှင်းရှင်းလင်းလင်း ပြောပြပါလား.. စုံထောက်ကိုနန် ဇာတ်ကားကို ငါတို့တွေ သရုပ်ဆောင်နေတာ မဟုတ်ဘူးလေ.. မင်းက ဘာလို့ ဒီလောက်တောင် လျှို့ဝှက်ထားရတာလဲ]
ထွင်ထျန်းဟာက ရုတ်တရက် ဦးနှောက် ထိခိုက်သွားသလို ခံစားလိုက်ရပြီး သက်ပြင်းကို မှုတ်ထုတ်ကာ မြေပြင်ပေါ်တွင် ပြားပြားဝပ်နေလိုက်သည်။
သူ၏ ဉာဏ်ရည်က လက်ရှိအခြေအနေတွင် ဤအိပ်မက်၏ ပဟေဠိကို ဖြေရှင်းရန် မလုံလောက်သေးပုံရသည်။