← Chapters

ငါက သူ့ညီမလေး မဟုတ်ဘူး..

Vol. 17 Ch. 250

ငါက သူ့ညီမလေး မဟုတ်ဘူး..

Vol. 17 Ch. 250

ကလေးမလေးက ရွှေဆွဲကြိုးဝတ် ဆိုးသွမ်းလူငယ်၏ အရှိုက်ကို နာကျင်အောင် လုပ်ခဲ့ကြောင်း ထင်ရှားနေသည်။

လူငယ်က ဒူးထောက်၍ ကောင်းကင်ကို ကျိန်ဆိုလိုက်သည်။

"တစ်ခါတုန်းက ကလေးမလေး တစ်ယောက် ရှိဖူးပေမဲ့ သူမကို ထွေးပွေ့ခွင့်တောင် မရလိုက်ဘူး.. သူမကို ဆုံးရှုံးလိုက်ရတဲ့အခါမှာ နောင်တရဖို့ နောက်ကျသွားခဲ့ပြီ.. လောကမှာ ဒီထက် အဆိုးဆုံးဝေဒနာ မရှိတော့ဘူး ထင်ပါရဲ့.. အကယ်၍ ကျနော့်ကို အခွင့်အရေးပေးရင် ဘယ်တော့မှ ကလေးမတွေနဲ့ မကစားတော့ပါဘူး"

.......................

ကလေးမလေးက လမ်းကြားထဲတွင် ဝမ်လင်းကို တွေ့ဆုံရန် ရွေးချယ်ရခြင်းမှာ ဝမ်လင်းက သိုသိုသိပ်သိပ် နေထိုင်ရသည်ကို နှစ်သက်သောကြောင့် ဖြစ်သည်။

ဝမ်လင်းက သူမကို အပြင်သို့ ခေါ်ထုတ်သွားသောအခါ လူပေါင်းများစွာ၏ အာရုံစူးစိုက်မှုပေါင်း များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ကလေးမလေး၏ ပန်းရောင်ဆံပင်နှင့် မီးခိုးရောင်အင်္ကျီလေးကလည်း တကယ်ကို ဖမ်းစားလွန်းနေသည် မဟုတ်လော။

သူမက တစ်ပေပတ်လည် အကွာအဝေးကနေ ဝမ်လင်း၏ နောက်သို့ နာခံစွာ လိုက်ပါသွားခဲ့၏။

ဝမ်လင်းက ပတ်ဝန်းကျင်မှလူများ သူ့အပေါ် စူးစူးစိုက်စိုက် ကြည့်နေသည်ကို ခံစားလိုက်ရသည်။

လူမြင်ကွင်းတွင် ကလေးမလေးနှင့် အတူ ရှိနေသောကြောင့် သူ့အနေဖြင့် တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသုံးချ၍လည်း မဖြစ်ပေ။

ထို့အပြင် သူက ကျောင်းဝတ်စုံကိုလည်း ဝတ်ဆင်ထားဆဲဖြစ်သည်။

အကယ်၍ သူ တည်နေရာရွှေ့ပြောင်းခြင်း စွမ်းအား အသုံးပြုသည်ကို တစ်ယောက်ယောက်သာ မြင်သွားလျှင် နောက်တစ်နေ့၏ သတင်းစာ ခေါင်းကြီးပိုင်းတွင် "အမှတ်60 အထက်တန်းကျောင်းက ကျောင်းသားအချို့က တည်နေရာရွှေ့နိုင်စွမ်း အမှန်တကယ် ရှိနေတာလား.. ဒါက ထူးခြားတဲ့လူသားလား ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ စံနှုန်းကို ချိုးဖောက်သွားတာလား"ဟု သေချာပေါက် ပါလာမည် ဖြစ်သည်။

အဆုံးသတ်တွင် သူက ကလေးမလေးကို သူဌေးလော၏ ဆိုင်သို့ ခေါ်သွားရန် မြေအောက်ရထားစီးဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။

သူတို့က ရှည်လျားသော လူကူးတံတားကို ဖြတ်ကူးခဲ့ကြသည်။

အခြားတစ်ဖက်တွင် အမှတ် 60 အထက်တန်းကျောင်းနှင့် အနီးဆုံး ဘူတာရုံသည် ချင်းရန်လမ်း မြေအောက်ရထားလိုင်း နံပါတ်တစ် ဖြစ်သည်။

ဝမ်လင်းက ဤနေရာမှ ဝူလျန့်လမ်း အထိ ရှစ်မှတ်တိုင် ရှိကြောင်း ခန့်မှန်းခဲ့သည်။

ဟွာရှို့နိုင်ငံကို စတင် တည်ထောင်ကတည်းက ရှုပ်ရှက်ခပ်စွာ ဖောက်လုပ်ထားသော ရထားလိုင်းများသည် မြေအောက်နေရာလွတ်များကို ထိုးဖောက် ဝင်ရောက်ကာ ထူထပ်ပြီး ရှုပ်ထွေးသော ကွန်ယက်တစ်ခုလို ဖြစ်လာခဲ့သည်။

ကျင့်ကြံသူ အများအပြားက ၎င်းတို့၏ ခရီးပန်းတိုင်သို့ သွားရန် ဓားပျံများဖြင့် ပျံသန်းရန် ရွေးချယ်လျှင် ဖြတ်သန်းခများ ပေးဆောင်ရန် လိုအပ်ပြီး ID စစ်ဆေးမှုများ အတွက် ရပ်တန့်ပေးရမည် ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် မြေအောက်ရထားတွင်မူ စစ်ဆေးမှု တစ်ခုတည်းသောရှိပြီး ၎င်းမှာ ဘူတာရုံ ဝင်ပေါက်များမှ လုံခြုံရေးများသာ ဖြစ်၏။

မြေအောက်ရထားက ဓားပျံထက် နှေးသော်လည်း ဖြတ်သန်းရန် လုပ်ငန်းစဉ် နည်းပါးသောကြောင့် ပြဿနာနည်းပါးသည်။

ယနေ့ခေတ် မြေအောက်ရထားများ အားလုံးမှာ နေရာလွတ်စွမ်းရည်ဖြင့် ချဲ့ထွင်ထားသောကြောင့် လူတိုင်း ထိုင်စရာနေရာရှိ၍ မကြပ်ညှပ်တော့ပေ။

မြေအောက်ရထား ဘူတာရုံထဲသို့ ဝင်လိုက်သည်နှင့် ဝမ်လင်းတစ်ယောက် သာမန်ရုံးဝန်ထမ်းမှအစ ဝိညာဥ် လက်ဆွဲအိတ်များကို ကိုင်ဆောင်လာသော မတူညီသည့် လူပေါင်းစုံကို တွေ့လိုက်ရသည်။

ဝိညာဥ်ရေးအာရုံများကို အသုံးပြုခြင်းက ကျင့်ကြံသူ ဟုတ်မဟုတ် ဆုံးဖြတ်ရန် အမြဲ တိုက်ရိုက်အကျဆုံးနှင့် ယုံကြည်စိတ်အချရဆုံး နည်းလမ်း ဖြစ်သည်။

သို့မဟုတ်လျှင် ကိုယ့်ရှေ့မှ လူက ရဲတပ်ဖွဲ့ဝင် ဟုတ်မဟုတ် သင်သိနိုင်မည် မဟုတ်ပေ။

သာမန်လူတစ်ယောက်က ကျင့်ကြံသူ သယ်ဆောင်လာသည့် မှော်ရတနာများကို သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း ထိုသို့ မမြင်နိုင်သောကြောင့် အန္တရာယ်မရှိဟု မဆိုလိုပေ။

ထို့ကြောင့် မြေအောက်ရထား ဘူတာရုံသို့ ဝင်လာသောအခါတွင် ကျင့်ကြံသူများသည် ၎င်းတို့နှင့် အတူ ပါလာသည့် မည်သည့်ဝိညာဉ်ဓားနှင့် မှော်ရတနာများကို မဆို သိုလှောင်အိတ်ထဲတွင် ထည့်ထားရမည် ဖြစ်သည်။

ကျင့်ကြံသူများ အနေဖြင့် ထိုအရာများကို မြေအောက်ရထားပေါ်တွင် အသုံးမပြုရန် တားမြစ်ထားသည်။

မြေအောက်ရထားတွင် စောင့်ကြည့်ရေး အချက်ပြမှုများကို ခြေရာခံသည့် မှော်ရတနာတစ်ခုလည်း ပါရှိ၏။

အော်ရာ အတက်အကျ တစ်ခုကို တွေ့ရှိလိုက်သည်နှင့် မြေအောက်ရထား၏ ကာကွယ်ရေး ဝန်ထမ်းအုပ်စုက ပေါ်လာလိမ့်မည် ဖြစ်သည်။

ဝမ်လင်းက ကလေးမလေးကို ဘူတာရုံသို့ ချောမွေ့စွာခေါ်လာခဲ့သည်။

သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ အသိမိတ်ဆွေ တစ်ယောက်ဖြစ်သည့် အင်မော်တယ်ထုန်ရာ၏ တပည့် လီမြောင်ကျန်း (ဝါ) ဆေးရုံ ဒါရိုက်တာလီကို သတိထားမိလိုက်သည်။

ဒါရိုက်တာလီက မြေအောက်ရထား လုံခြုံရေး အစောင့်နှစ်ဦး၏ ဟန့်တားခံရ၍ အနည်းငယ် ရှက်သွားပုံရသည်။

အဝေးကနေ ကြည့်ရင်း ဒါရိုက်တာလီ၏ ဦးတည်ရာက တကယ်ပဲ သူဌေးလော၏ နေရာမှန်း သိလိုက်ရသောကြောင့် ဝမ်လင်း အံ့သြသွားသည်။

ဒါရိုက်တာလီက ပြုပြင်ထိန်းသိမ်းရန် အတွက် သူဌေးလော ထံတွင် အပ်ထားခဲ့သော ဓားတစ်ချောင်းကို ယနေ့ သွားယူမည် ဖြစ်သည်။

သူ၏ အစီအစဉ်မှာ မြေအောက်ရထားကို စီး၍ ဓားသွားယူရန် နှင့် လူနာ၏ ဆီးနမူနာကို ဆေးရုံ၏ ဌာနခွဲသို့ ပို့ဆောင်ရန် ဖြစ်သည်။

အဆုံးသတ်တွင် လုံခြုံရေးများက သူ့ကို ဟန့်တားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လုံခြုံရေးအရာရှိ တစ်ဦးက ဒါရိုက်တာလီ ကိုင်ဆောင်လာသော ဖန်ပုလင်းကို ညွှန်ပြလိုက်သည်။

"ဆရာ.. ဒီအဝါရောင်ပစ္စည်းက ဘာလဲ"

ဆေးရုံဒါရိုက်တာ တစ်ဦး အနေဖြင့် ဒါရိုက်တာလီက လူနာ၏ ကိုယ်ရေးကိုယ်တာအား ကာကွယ်ရန် တာဝန်ရှိသောကြောင့် ဂုဏ်သိက္ခာရှိစွာပင် ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

"တောင်းပန်ပါတယ် ငါမင်းကို မပြောနိုင်ဘူး..."

"အဲဒါက အဆိပ်လား.. အန္တရာယ်ရှိလား"

လုံခြုံရေး အရာရှိများက မျက်မှောင်ကြုတ်ကာ ဒါရိုက်တာလီကို သတိထားသော အမူအရာဖြင့် စိုက်ကြည့်နေကြသည်။

ဒါရိုက်တာလီ "ဟုတ်ပါတယ်.. အာ မဟုတ်ပါဘူး..."

လုံခြုံရေး အရာရှိ "မဟုတ်ရင် ကျေးဇူးပြုပြီး တစ်ငုံလောက် သောက်ပြပါ"

ဒါရိုက်တာလီ "..........."

.........................

နောက်ဆုံးတွင် ဝမ်လင်းက အခြေအနေ မရှုပ်ထွေးအောင် ရွေးချယ်ခဲ့သည်။

စုန့်ဟိုင်မြို့၏ မြေအောက်ရထား လုံခြုံရေးမှာ အမြဲလိုလို တင်းကျပ်၏။

ယခု ဒါရိုက်တာလီက အဖမ်းခံခဲ့ရသည်။

လုံခြုံရေးများက ဒါရိုက်တာလီကို လွှတ်မပေးခင် အချိန်အတော်ကြာ စစ်ဆေးဦးမည် ဖြစ်သည်။

အဆိုးဆုံးမှာ ဒါရိုက်တာလီက ရိုးရိုးအ၀တ်အစားဖြင့် ထွက်လာခဲ့ခြင်းပင်။

သူက ကုတ်အင်္ကျီအဖြူကို မဝတ်ထားသည့်အပြင် သူ့အလုပ် IDကတ်တောင်မှ ပါမလာခဲ့ပေ။

လုံခြုံရေးများက သူသယ်လာသည့် အဝါရောင် အမည်မသိ အရည်ပုလင်းနဲ့ တွဲပြီး သူ့ကို သံသယ မဖြစ်ရင်သာ ထူးဆန်းနေလိမ့်မည်။

ကျောင်းလွှတ်ချိန်က ညနေ အလုပ်ဆင်းချိန်နှင့် တိုက်ဆိုင်နေသည်။

ယနေ့တွင် ဘူတာရုံက ယခင်အတိုင်း စည်ကားနေဆဲ ဖြစ်သည်။

မြေအောက်ရထားတွင် ထိုင်ခုံအလွတ် မရမည်ကို စိတ်ပူစရာ မလိုအပ်တာတောင်မှ ဘူတာရုံ ပလပ်ဖောင်းတွင် လူ အနည်းငယ် စည်ကားနေသေးသည်။

ကလေးမလေးက ဝမ်လင်း၏ နောက်ကနေ နာခံမှုရှိစွာ လိုက်လာသော်လည်း အလွန် လူပြည့်ကျပ်နေသော ပတ်ဝန်းကျင်က သူမကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသောကြောင့် သူမက ရှေ့သို့တိုးကာ ဝမ်လင်း၏ လက်ချောင်းလေးတစ်ချောင်းကို သူမ၏ လက်သေးသေးလေးဖြင့် ဆုပ်ကိုင်လိုက်သည်။

ဝမ်လင်းက အံ့အားသင့်သွားသော်လည်း သူတို့ ပတ်ပတ်လည်တွင် ခရီးသည်များ ပြည့်ကျပ်နေသည်ကို မြင်သည့်အခါ ကလေးမလေး၏ အပြုအမူကို နားလည်သွားခဲ့သည်။

ကလေးမလေးက ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် အကဲခတ်ကြည့်ရင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

ဝမ်လင်းက ကလေးမလေးကို လက်ဆွဲကာ ပလက်ဖောင်းပေါ်တွင် ရပ်၍ မြေအောက်ရထားကို စောင့်နေခဲ့သည်။

သူက သူတို့ဆီသို့ ကြည့်နေသော ပတ်ဝန်းကျင်မှ မျက်လုံးများစွာကို ခံစားမိခဲ့သည်။

၎င်းတို့က သူ့ကို မကြည့်ဘဲ ကလေးမလေးကို ကြည့်နေသည်မှာ သိသာထင်ရှားနေသည်။

ကြွေရုပ်တစ်ရုပ်လို ချစ်စရာကောင်းသည့် ကလေးမလေး တစ်ယောက်..

သူမကို မြင်ဖူးသူတိုင်း မကြည့်မိဘဲ နေနိုင်မည် မဟုတ်ချေ။

ကလေးမလေးကို အချိန်အတော်ကြာ စိုက်ကြည့်နေသည့် အဒေါ်ကြီး တစ်ယောက်က အဆုံးသတ်တွင် ဝမ်လင်းကို မေးခွန်းထုတ်လိုက်သည်။

"ကောင်လေး.. မင်းညီမကို ဆော့ကစားဖို့ ခေါ်သွားမလို့လား"

".............."

ဝမ်လင်းက ခဏလောက် တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။

အဒေါ်ကြီးက ခေါင်းငုံ့ပြီး ကလေးမလေးကို စိုက်ကြည့်ခဲ့သည်။

သူမကို ကြည့်လေ သူမကို ပိုသဘောကျလေ ဖြစ်လာသည်။

အဒေါ်ကြီးက ကလေးမလေး၏ မျက်နှာကို ဖျစ်ညှစ်ချင်စိတ်ပင် ပေါက်လာသည်။

"ကောင်လေး.. မင်းညီမလေးက အရမ်းချစ်စရာ ကောင်းတာပဲ.. သူက မင်းညီမ အရင်းလား"

"..........."

ဝမ်လင်းက ခေါင်းတညိတ်ညိတ်သာ လုပ်လိုက်သည်။

သူက သူ့ရှေ့မှ အဒေါ်ကြီးနှင့် စကားမပြောချင်သော်လည်း သူ့အတွက် ကံဆိုးစွာဖြင့် ထိုအဒေါ်ကြီးက ကလေးမလေးကို နှစ်သက်နေ၏။

ကလေးများက လူကြီးများ၏ နှလုံးသားထဲတွင် အမြဲလိုလို အထူး နေရာယူထားတတ်သည် မဟုတ်လော။

"မင်းညီမငယ်လေးက ချစ်စရာကောင်းပြီး မင်းကလည်း အရမ်းချောတာပဲ.. မင်းအမေက အရမ်းလှမှာ သေချာတယ်"

စကားတပြောပြောဖြင့် အဒေါ်ကြီးက ကလေးမလေးခေါင်းကို ပွတ်သပ်လိုက်သည်။

မထင်မှတ်ဘဲ ကလေးမလေးက မခုခံခဲ့ပေ။

တကယ်တမ်းတွင် သူမက အတွေးနယ်ချဲ့နေခြင်းပင်။

ဆရာလေးလင်းက သူမကို ပုဂ္ဂိုလ်ရေးအရ ဉာဏ်အလင်းပေးပြီးကတည်းက သူတို့၏ ပတ်သက်ဆက်နွှယ်မှုက မောင်နှမ သံယောဇဥ်ထက် ပိုမို နက်ရှိုင်းသည်ဟု သူမ အမြဲ ခံစားခဲ့ရ၏။

ထို့ကြောင့် သူမက လေးနက်သော မျက်နှာထားဖြင့် သူမရှေ့မှ အဒေါ်ကြီးကို လှမ်းကြည့်လိုက်သည်။

"အန်တီ...တကယ်တော့ သမီးက သူ့ညီမ မဟုတ်ဘူး"

ဝမ်လင်း နှင့် အဒေါ်ကြီးတို့ နှစ်ယောက်စလုံးက ကလေးမလေးကို ထိတ်လန့်တကြား ကြည့်မိလိုက်ကြသည်။

ကလေးမလေးက ဝမ်လင်းကို ညွှန်ပြလိုက်သည်။

"သူက သမီးအဖေပဲ"

ဝမ်လင်း "............"

အဒေါ်ကြီး"............."

လာမည့်ရထား၏ ဝီစီသံနှင့် အော်ဟစ်သံများကြားတွင် သူတို့နှစ်ဦးက ချက်ချင်း တုန်လှုပ်သွားခဲ့သည်။

All Chapters