ဖက်တီးလော သတ္တုပစ္စည်း စတိုး
Vol. 17 Ch. 251
ရထားဆိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်လင်းက ကလေးမလေး၏ လက်ကို ချက်ချင်း ဆုပ်ကိုင်ကာ မြေအောက်ရထားပေါ်သို့ အမြန်ပြေးတက်သွားခဲ့သည်။
ပလက်ဖောင်းပေါ်ရှိ အဒေါ်ကြီးမှာ ကလေးမလေး၏ စကားကြောင့် ထိတ်လန့်အံ့သြနေ၍ ရထားပေါ်တက်ရန် မေ့လျော့သွားခဲ့သည်။
သူမ သတိပြန်ဝင်လာချိန်တွင် ရထားဆီမှ တံခါးပိတ်သည့် အသံ ထွက်ပေါ်လာသည်။
မြေအောက်ရထား အတွင်း ကလေးမလေး လက်ကို ကိုင်ထားစဥ် ဝမ်လင်းက အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်နေပုံရသည်။
သူမ၏ နားလည်မှုမှာ အချက်အလက်အရ မမှားယွင်းပေ။
သို့သော် တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦးထံမှ ရုတ်တရက် "အဖေ" ဟု အခေါ်ခံရခြင်းက လူကြားထဲတွင် ဘောင်းဘီထဲသေးပေါက်ချမိသကဲ့သို့ ထိတ်လန့်စေသည်။
သူ့လို ဖြူစင်သည့် လူပျို နုနုထွတ်ထွတ်လေးက ရုတ်တရက် မည်သို့မည်ပုံ ဖခင် ဖြစ်သွားသည်ကို သူနားမလည်နိုင်ပေ။
ဝမ်မိသားစု အိမ်ငယ်လေးတွင် မည်သူမျှ သူမအား မရှင်းပြခဲ့ဖူးသောကြောင့် ဤအခြေအနေနှင့် ပတ်သက်၍ ကလေးမလေး အပေါ် အပြစ်ပြော၍ မရချေ။
သူမက ငယ်ရွယ်သေးသောကြောင့် ဘောပင် နှင့် ခဲဖျက်အပါအဝင် အိမ်ငယ်လေးရှိ မှင်စာအားလုံးကို သူမ ရှေ့တွင် ညစ်ပတ်သော ဟာသများ မပြောရန် တားမြစ်သည့် စည်းကမ်းကို ချမှတ်ခဲ့သည်။
ဤနောက်ပိုင်းတွင် မှင်စာအုပ်စုက သူမနှင့် စကားသိပ်မပြောဖြစ်တော့ပေ။
ဝမ်လင်းက မလိုလားအပ်သော ဒုက္ခများ ဖြစ်မလာစေရန် အတွက် အနာဂတ်တွင် အချိန်ယူ၍ အသေးစိပ် ရှင်းပြရန် လိုအပ်သည်ဟု ခံစားမိလိုက်သည်။
.....................
သူဌေးလော၏ ဆိုင်လိပ်စာမှာ စုန့်ဟိုင်မြို့ဟောင်း ခရိုင်ရှိ အိမ်အမှတ် 300, အေမိထီယပ်စ် လမ်း ဖြစ်သည်။
ဤလမ်းက ရှည်လျားသော သမိုင်းကြောင်းရှိသည့် လမ်းတစ်ခုဖြစ်၏။
ဤလမ်းကို အေမိထီယပ်စ် လမ်းဟု ခေါ်ရသည့် အကြောင်းအရင်းမှာ ထာဝရအရှင် အေမိထီယပ်စ် တစ်ချိန်က ဤနေရာတွင် နေထိုင်ခဲ့ဖူးပြီး သူနေထိုင်သည့် အိမ်တစ်ခုလုံးကို ဒဏ္ဍာရီလာ အေမိထီယပ်စ် နတ်သစ်သားဖြင့် တည်ဆောက်ထားသောကြောင့်ဟု ဆိုကြသည်။
ရှေးခေတ်က အေမိထီယပ်စ် နတ်သစ်ပင်သည် ကောင်းကင်၌ အဆုံးမဲ့ ကြီးထွားနိုင်သော နတ်သစ်ပင် တစ်ပင် ဖြစ်သည်။
သို့သော် ကံဆိုးစွာဖြင့် အနန္တတန်ခိုးရှင်များ ကြားတွင် ပြည်တွင်းစစ်အတွင်း ဖျက်ဆီးခံခဲ့ရကြောင်း နောက်ဆုံး သမိုင်းမှတ်တမ်းက ပြသခဲ့သည်။
ဝမ်လင်းက အင်တာနက်တွင် ပျံ့နှံ့နေသေးသော ထိုအိမ်၏ မှေးမှိန်သော ဓာတ်ပုံကို မြင်ဖူးသော်လည်း ရာသီဥတုဒဏ်ကြောင့် အမှန်တရား ဟုတ်မဟုတ် အင်တာနက်မှ ပုံတစ်ခုတည်းဖြင့် မဆုံးဖြတ်နိုင်ခဲ့ပေ။
သေချာသည်မှာ ဤအိမ်က အေမိထီယပ်စ် လမ်းတွင် မရှိတော့ခြင်းပင်။
ဟွာရှို့နိုင်ငံကို စတင် တည်ထောင်စဉ်က မြို့တိုင်းကို အစီအစဥ်အရ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပြီး ထာဝရအရှင် အေမိထီယပ်စ် ကျန်ရစ်ခဲ့သည့် အိမ်က ဖြိုဖျက်ရေးအဖွဲ့၏ လက်ထဲတွင် "ပျက်စီးသွားပြီ" ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
ဝမ်လင်းက လိပ်စာအတိုင်း လာခဲ့ရာ "ဖက်တီးလော သတ္တုပစ္စည်းဆိုင်"ဟုခေါ်သော ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။
အေမိထီယပ်စ် လမ်းတစ်လျှောက်ရှိ ဗိသုကာလက်ရာများသည် ရှေးခေတ်ပုံစံအတိုင်းသာ ဖြစ်ပြီး ဘာမှမထူးခြားပေ။
အိမ်နံပါတ်များကို လိုက်ရှာခြင်းဖြင့် အလိုရှိသော နေရာကို ရှာဖွေနိုင်မည် ဖြစ်သည်။
ဖြိုဖျက်ရေးအဖွဲ့က ထာဝရအရှင် အေမိထီယပ်စ်၏ နေအိမ်ဟောင်းကို အမှတ်မထင် ဖြိုဖျက်လိုက်ပြီးနောက် အစိုးရက ပြန်လည်မွမ်းမံခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး အေမိထီယပ်စ်လမ်းကို အိမ်ရာ အသေးစားလေး အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲကာ လမ်းအစတွင် ထာဝအရှင် အေမိထီယပ်စ်၏ ရုပ်တုကို ထုလုပ်ထားပြီး ကိုယ်ရေးအကျဥ်းကို ရုပ်တုအောက်တွင် ကဗ္ဗည်း ရေးထိုးထားခဲ့သည်။
ဤလမ်းတစ်ခုလုံးမှာ ထာဝရအရှင် အေမိထီယပ်စ်၏ ယခင်နေထိုင်ရာ နေရာ ဖြစ်၏။
ထာဝရအရှင် အေမိထီယပ်စ်က မည်သူမည်ဝါ ဖြစ်သည်ကို ကိုယ်ရေးအကျဥ်း မှတ်တမ်းတင်သူပင် အသေအချာ မသိကြောင်း ဝမ်လင်းက အလေးအနက် သံသယ ဖြစ်မိသည်။
.........................
ဝမ်လင်းက ကလေးမလေးကို ဆိုင်သို့ ခေါ်လာသော အခါတွင် ဆိုင်တံခါးက ပုံမှန်မဟုတ်ဘဲ မီတာဝက်ကျော် မြင့်သည်ကို တွေ့လိုက်ရသည်။
သူက ကလေးမလေးကို လက်ဆွဲ၍ တံခါးကို ဖြတ်ကျော်သွားခဲ့သည်။
သူ အထဲကို ဝင်လိုက်သည်နှင့် ဝါးကုလားထိုင် ပေါ်တွင် ဝင်ပေါက်ကို ကျောခိုင်း၍ ထိုင်နေသော ဖက်တီး တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုဖက်တီးက ဦးခေါင်းကြီးပြီး အဖြူရောင် အောက်ခံရှပ်အင်္ကျီနှင့် အတွင်းခံ ဘောင်းဘီကို ၀တ်ထားကာ လက်တစ်ဝါးစာ အရွယ် ပန်ကာဖြင့် သူ့ကိုယ်သူ ယပ်ခတ်နေသည်။
"မင်းဝင်တဲ့အခါ သတိထားဝင်ပါ.. ဆိုင်ရဲ့တံခါးကို သစ်သားနဲ့လုပ်ထားပေမယ့် အဲဒီသစ်သားက အဖိုးမဖြတ်နိုင်ဘူး.. အေမီထီယပ်စ် သစ်သားကို မင်းသိလား.. အဲဒါက အဲဒီသစ်သား အမျိုးအစားရဲ့ ကမ္ဘာပေါ်မှာ ကျန်ရှိတဲ့ နောက်ဆုံး တစ်ခုပဲ"
"ဖက်တီးလော"က ဆိုင်ထဲသို့ တစ်စုံတစ်ယောက် ဝင်လာသည်ကို သတိပြုမိပြီး တစ်ချက်ကြည့်လိုက်သည်။
ဧည့်သည်ထံမှ အချိန်အတော်ကြာအောင် တုံ့ပြန်မှု မရှိသည့်အချိန်တွင်မှ တစ်စုံတစ်ရာကို ရုတ်တရက် မြင်သွားပြီး ကုလားထိုင်မှ ချက်ချင်း ထလိုက်သည်။
"လင်းကျန်းရန်လား.. တောင်းပန်ပါတယ် တောင်းပန်ပါတယ်..."
ဖက်တီးလောက ဝမ်လင်းကို ယခင်က မမြင်ဖူးသော်လည်း ကလေးမလေးကို မြင်ဖူးသည်။
ဒဏ္ဍာရီလာ လင်းကျန်းရန်က ယနေ့တွင် ဝန်ဆောင်မှု ယူရန်အတွက် ကလေးမလေးအား ခေါ်လာမည်ကို သူသိသောကြောင့် ဤဆယ်ကျော်သက်၏ ဝိသေသလက္ခဏာကို တခဏအတွင်း ခန့်မှန်းနိုင်ခဲ့ခြင်းပင်။
ဝမ်လင်းနှင့် ပတ်သက်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်က လေးလေးနက်နက် ချီးကျူးထားသောကြောင့် ချက်ဂရုမှ လူအားလုံးမှာ ဝမ်လင်းအပေါ်တွင် လေးစားမှုအပြည့် ရှိကြသည်။
'ဖက်တီးလော'က ဂရုထဲတွင် မရှိသော်လည်း သူက ဂရု၏ အဖွဲ့ဝင် ဖြစ်နေဆဲ ဖြစ်သည်။
ချက်ဂရုမှ လူများက ၎င်းတို့၏ မှော်လက်နက်များကို ပြုပြင်ရန် သူ့ဆိုင်သို့ လာသောအခါတွင် ၎င်းတို့ထဲမှ အတော်များများမှာ လင်းကျန်းရန်၏ ဂုဏ်သတင်းများကို ဖောက်သည်ချလေ့ ရှိကြသည်။
ကံကောင်းစွာဖြင့် ဝမ်လင်းက သူ၏ သူငယ်ချင်းများအကြောင်း အခြားလူများကို ပေါ့ပေါ့တန်တန် ကြွားလုံးထုတ်သည့် အလေ့အထ မရှိခဲ့ပေ။
မဟုတ်လျှင် ယင်းက ထိုသူများ၏ နှုတ်၌ ဒဏ္ဍာရီလာ "ပရော်ဖက်ရှင်နယ် ကြွားဝါခြင်း" ပညာ ဖြစ်သွားပေလိမ့်မည်။
ယနေ့တွင် 'ဖက်တီးလော'က ဝမ်လင်းကို ပထမဆုံးအကြိမ် တွေ့ဖူးခဲ့သည်။
ဤဖက်တီးက ၀တ်စားဆင်ယင်ပုံအရ အနည်းငယ် ညစ်ပတ်နေပုံရသော်လည်း ဝမ်လင်းက ရွံစရာကောင်းသည်ဟု မထင်ပေ။
တစ်ဖက်လူက ချစ်ဖို့ကောင်းသည်ဟု သူထင်ခဲ့သည်။
'ဖက်တီးလော'က သူ၏ ကြီးမားသော အတွင်းခံ ဘောင်းဘီထဲတွင် တစ်စုံတစ်ရာကို ခဏကြာအောင် လှည့်ပတ် ရှာဖွေခဲ့၏။
နောက်ဆုံးတွင် သူက ဝါးကုလားထိုင် နောက်ဘက်တွင် ချိတ်ထားသည့် အတွင်းခံ ဘောင်းဘီထဲသို့ ရှာဖွေကာ ထိုအထဲမှ အဝါရောင် အလုပ်ကတ်ကို ဆွဲထုတ်၍ ဝမ်လင်းအား ပေးလိုက်သည်။
"လင်းကျန်းရန်.. ဒါက ငါ့ရဲ့ အလုပ်ကတ်ပဲ.. မင်း တစ်ခုခုလိုအပ်ရင် ငါ့ကိုကြိုပြီးသာ ဖုန်းဆက်လိုက်ပါ"
ဝမ်လင်းက ကတ်ပေါ်ရှိ ပရိုဖိုင်ကို ဖတ်လိုက်သည်။
ဖက်တီးလော သတ္တုပစ္စည်း စတိုးမန်နေဂျာ, လောချွမ့်
သူက ကတ်ပြားကို သိမ်းလိုက်ပြီး ဆိုင်တစ်ဝိုက်ကို ဂရုတစိုက် အကဲခတ်လိုက်သည်။
ဆိုင်က တကယ်တမ်း သိပ်မကြီးပေ။
တံခါးနားတွင် သစ်သားကောင်တာ တစ်ခုရှိပြီး အနားယူချိန်တိုင်း ဖက်တီးလော အသုံးပြုလေ့ရှိသည့် ပက်လက် ကုလားထိုင် တစ်လုံးလည်း ရှိ၏။
ကောင်တာ၏ တစ်ဖက်တစ်ချက်စီတွင် အလွန်လေးလံပုံရသော သစ်သားဗီဒိုကြီး နှစ်ခု ရှိသည်။
ဗီရို တစ်ခုစီတွင် ရာနှင့်ချီသော အံဆွဲများ ရှိနေသည်။
ယင်းက ရိုးရာ အရေပြားရောဂါ ကုသခြင်းကို အထူးပြုသည့် တရုတ်ရှေးဟောင်း ဆေးဆိုင်များတွင် အသုံးပြုသည့် ဗီရိုများနှင့် အနည်းငယ် ဆင်တူသည်။
"ဆိုင်က နည်းနည်းရှုပ်ပွနေတယ်.. စိတ်မရှိပါနဲ့ လင်းကျန်းရန်"
'ဖက်တီးလော'က ဝမ်လင်း၏ စူးစမ်းသော အမူအရာကို မြင်သောအခါ ရယ်လိုက်သည်။
"ဒီလက်ဝဲဘက် ဗီရိုမှာတော့ ဝန်ဆောင်မှု ပေးထားပြီး ဖောက်သည်ကို ပြန်အပ်ဖို့ အဆင်သင့် ဖြစ်တဲ့ မှော်လက်နက်တွေ ထည့်ထားတယ်.. ညာဘက် ဗီရိုမှာတော့ ဝန်ဆောင်မှုပေးဆဲ ဒါမှမဟုတ် ပြုပြင်ဆဲ ပစ္စည်းတွေ ထားလေ့ရှိတယ်.. ဗီရိုမှာ
နံပါတ်တွေကို အစဥ်လိုက်စီထားတယ်.. နံပါတ်တွေအရ ဦးစားပေး ပြင်လေ့ ရှိတယ်"
ထိုစကားကို ကြားလျှင် ဝမ်လင်း၏ မျက်ခုံးများက သူ့အလိုလို လှုပ်ယမ်းသွားသည်။
'ဖက်တီးလော'က တုတ်ခိုင်သော ခန္ဓာကိုယ်ဖွဲ့စည်းမှု ရှိရုံသာမက စနစ်တကျ အစီအစဉ်ဆွဲတတ်သူ ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ဗုံးပစ်စီနီယာ အင်မော်တယ်နဲ့တော့ သိတာကြာပါပြီ.. ငါတို့တွေက တကယ့်ညီအကိုတွေလိုပါပဲ.. သူက လင်းကျန်းရန် တန်းစီ စောင့်ဆိုင်းစရာ မလိုအောင် ငါ့ကို အထူး ဖုန်းဆက်ခဲ့တယ်"
ဖက်တီးလောက ပန်ကာလေကို ခံရင်း ပြုံးလိုက်သည်။
သူ့မျက်လုံးများက အလွန်သေးငယ်ပြီး မတ်ပဲစေ့ အရွယ်လောက်သာ ရှိသည်။
သူ ပြုံးလိုက်သောအခါ မျက်လုံးပေါက်က ကျဥ်းသွားပြီး မမြင်ရတော့ပေ။
"ကြာမှာလား"
ဝမ်လင်းက နှုတ်ကမပြောဘဲ သူ့မေးခွန်းကို စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
"မကြာပါဘူး လင်းကျန်းရန်.. ဒီမှာ ခဏထိုင်စောင့်ပါ.. ငါ ကလေးမလေးကို မြန်မြန် လုပ်ပေးလိုက်မယ်"
'ဖက်တီးလော'က နာရီကို တစ်ချက် ကြည့်ပြီးနောက် ကလေးမလေးကို ဖယောင်းသုတ်ပေးရန် ဆိုင်ထဲသို့ ရွှေ့လိုက်သည်။
လမ်းတွင် သူက ကောင်တာအံဆွဲကို ဖွင့်၍ ရုတ်တရက် ညွှန်ပြလိုက်သည်။
"ဒီမှာ ငါပြင်ဆင်ထားတဲ့ သရေစာလေးတွေ ရှိတယ်.. လင်းကျန်းရန် အကြိုက်ယူစားပြီး အေးအေးဆေးဆေး စောင့်ဆိုင်းနေလို့ရတယ်"
"အဆာပြေ ခေါက်ဆွဲခြောက်ကြွပ်ကြော်များလား"
ဝမ်လင်းက အနီးကပ် လှမ်းကြည့်လိုက်သည်။
[မိတ်ဆွေကောင်းပဲ]
ဤအံဆွဲတစ်ခုလုံးတွင် အရသာမျိုးစုံ ရှိသည့် ခေါက်ဆွဲအကြွပ်ကြော်များ ပါဝင်နေ၏။
ဤဖက်တီးက တစ်ဖက်သားအတွက် အလွန် စဥ်းစားတတ်ပုံရသည်။