ဖက်တီးလော၏ စုဆောင်းမှု
Vol. 17 Ch. 253
ဝမ်လင်း ကလေးဘဝက ဖျက်ဆီးခဲ့သောကြောင့် ကျင့်ခယ်တွင် ဓားအိမ် မရှိခဲ့ချေ။
ကျင့်ခယ်ထံတွင် ဝမ်လင်း ယနေ့အထိ မမြင်နိုင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သော အလွှာတစ်ခု ဖုံးလွှမ်းနေ၏။
ထိုအရာက ကျင့်ခယ်၏ ခွန်အားကို ထိန်းချုပ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
သို့သော် ထိုအရာက ဝမ်လင်းအတွက် ဝမ်မင် အထူး ဖန်တီးသော တာအိုအဆောင် လက်ဖွဲ့နှင့် ကွဲပြားသည်။
၎င်းက ဝမ်လင်း၏ ခွန်အားကို ဆုတ်ယုတ်သွားစေသည့် အရာမျိုး မဟုတ်ပေ။
ဤမက်မွန်သစ်သားဓားကို ဖေဖေဝမ်က ပန်းဌက်ဈေး၏ လမ်းဘေးဈေးဆိုင် တစ်ခုမှ ဝယ်ယူလာခဲ့ခြင်း ဖြစ်၍ ၎င်း၏ ဇစ်မြစ်ကို ဝမ်လင်းက ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်ခဲ့ပေ။
ဓားဝိညာဥ် ကျင့်ခယ် မွေးဖွားလာသော အချိန်မှာ လွန်ခဲ့သော ခြောက်နှစ်တာ ကာလက ကမ္ဘာခြားဂိတ်တံခါး ဆင်းသက်လာချိန်တွင် ဖြစ်သည်။
ဝမ်လင်း အနေဖြင့် ကျင့်ခယ် တစ်ယောက် ကမ္ဘာခြားဂိတ်နှင့် ပတ်သက်မှုရှိမရှိ တွေးတောခဲ့ဖူးသည့် အချိန်ကာလ တစ်ခုပင် ရှိခဲ့ဖူးသည်။
နောက်ပိုင်းတွင် တိုက်ဆိုင်မှုဟုသာ သူက သတ်မှတ်ခဲ့သည်။
ကျင့်ခယ်၏ ဓားချီတွင် မကောင်းဆိုးဝါးချီ အနည်းငယ်မျှပင် မပါဝင်ပေ။
ဓားကို အိပ်ရာဘေးတွင် ထားအိပ်လျှင် မကောင်းဆိုးဝါးများကို တွန်းလှန်နိုင်ပြီး ၎င်းကို ကိုင်ဆောင်ထားလျှင် နတ်ဆိုးများနှင့် မွန်းစတားများကို သတ်ပစ်နိုင်သည်။
ကျင့်ခယ်၏ အမြင် သုံးပါးက ဖြောင့်မတ်လွန်းသဖြင့် ကျင့်ခယ်က မမွေးမီကပင် ဆိုရှယ်လစ် အခြေခံ စံနှုန်းများ၏ အနှစ်သာရကို စုပ်ယူခဲ့လေ သလားဟုပင် ဝမ်လင်း တွေးမိလိုက်သည်။
ဝမ်လင်းက ဓားအိမ် အကြောင်းကို ပထမဆုံးအကြိမ် တွေးမိသည်။
သူငယ်ငယ်က ကျင့်ခယ်၏ ဓားအိမ်ကို ဖျက်ဆီးမိခဲ့သော်လည်း ဓားအိမ်နှင့် ပတ်သက်၍ လုံးဝဂရုမစိုက်ခဲ့ပေ။
ကျင့်ခယ်၏ ဓားကိုယ်ထည်ကို သူကိုယ်တိုင် သန့်ရှင်းရေး လုပ်သည့်တိုင် ထိုအကြောင်းကို သူဘယ်တုန်းကမှ မစဉ်းစားမိခဲ့ချေ။
ယခု ဖက်တီးလော၏ စကားကို ကြားသောအခါမှ ဓားဗန်းပေါ်ရှိ ကျင့်ခယ် အတွက် လေးလေးနက်နက် တွေးတောလိုက်မိသည်။
ဖက်တီးလော ရှင်းပြသည်ကို နားထောင်ပြီး ဓားအိမ်က ဓားတစ်ချောင်း အတွက် မည်မျှ အထောက်အကူ ဖြစ်သည်ကို သူ နားလည်လာ၏။
ဓားတိုင်းက ကျင့်ခယ် ကဲ့သို့ အကာအကွယ်ဓားချီကို အလိုအလျောက် ထုတ်ပေးနိုင်မည် မဟုတ်ပေ။
ဝိညာဥ်ဓားများသည် ဓားအိမ် မပါလျှင် သံချေးတက်ခြင်းပြဿနာနှင့် ရင်ဆိုင်ရပေမည်။
ကျင့်ခယ်တွင် အကာအကွယ်ဓားချီ ရှိနေ၍ ဓားအိမ်က အရေးမကြီးဟု မဆိုလိုချေ။
ဓားဝိညာဥ်၏ စွမ်းအား ခုနစ်ဆယ် ရာခိုင်နှုန်းသည် လက်ရှိအခြေအနေတွင် ရှိပြီး သုံးဆယ် ရာခိုင်နှုန်းမှာ ဓားအိမ်တွင် ရှိနေဆဲ ဖြစ်သည်။
ထိုအစိတ်အပိုင်း နှစ်ခုကို ပေါင်းစပ်၍ မပြီးမချင်း ဓားတစ်လက်၏ စွမ်းအား အပြည့်အဝကို နားလည်နိုင်မည် မဟုတ်ချေ။
"သခင် ကျင့်ခယ်ရဲ့ မူလခန္ဓာကိုယ်က အရမ်း အားကောင်းနေပါပြီ.. သူနဲ့ သင့်တော်တဲ့ ဓားအိမ်ကိုသာ ရှာတွေ့ခဲ့ရင် သူက အဆုံးမဲ့ အစွမ်းထက်တဲ့ ဓားတစ်လက် ဖြစ်လာလိမ့်မယ်"
'ဖက်တီးလော'က ကျင့်ခယ်ကို ကြည့်ပြီး စိတ်မကောင်းသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
သူက ပန်ကာလေကို ခံရင်း ဝမ်လင်းကို ကြည့်ကာ တစ်ခုခုပြောချင်ခဲ့သော်လည်း ဘာမှမပြောဖြစ်ခဲ့ပေ။
အချိန်ကို ကြည့်လိုက်ရာ အတော်လေး စောနေသေးသည်ကို သူသဘောပေါက်လိုက်သည်။
ဝမ်လင်းက ကျောင်းကနေ ကလေးမလေးကို ခေါ်လာခဲ့သည်။
ကလေးမလေး ဆားဗစ်ယူချိန်က စ၍ ရေတွက်လျှင် တစ်နာရီအောက်သာ ကြာမြင့်ခဲ့၏။
ဖက်တီးလော၏ ပြုပြင်ထိန်းသိမ်းမှုကို ခံယူပြီးနောက် ကလေးမလေးက ပုံမှန်ထက် ဝိညာဥ်စွမ်းအား ပိုကောင်းလာခဲ့သည်။
သူမက ဖက်တီးလော၏ ဆိုင်အတွင်းမှ ပစ္စည်းများကို မျက်တောင် ပေကလပ်ပေကလပ် လုပ်ကာ စူးစမ်းနေခဲ့သည်။
ဘယ်ဘက်နှင့် ညာဘက်ရှိ ဗီဒိုများတွင် သိမ်းဆည်းထားသော မှော်ရတနာများ အပြင် နံရံပေါ်တွင် ထင်ရှားစွာ ပြသထားသည့် မှော်ရတနာအချို့လည်း ရှိသည်။
ယင်းက ဖက်တီးလော စုဆောင်းထားသော မှော်ရတနာများ ဖြစ်ပြီး မှော်ရတနာ တစ်ခုစီကို အကာအကွယ် အလွှာများဖြင့် ဖုံးအုပ်ထားသည်။
"လင်းကျန်းရန်.. ငါစုဆောင်းထားတဲ့ ဒီမှော်ရတနာတွေက ငါ့ရဲ့ဂုဏ်အယူရဆုံး ပစ္စည်းတွေပဲ"
ဖက်တီးလောက ရယ်မောလိုက်သည်။
"ဒီမှော်ရတနာတစ်ခုစီကို ရာဖြတ်ဌာနက ကျွမ်းကျင်သူတွေဆီမှာ အကဲဖြတ်ထားပြီးပြီ.. အားလုံးက ရာနှုန်းပြည့် အစစ်အမှန်တွေပဲ.. နောက်ပြီး သူတို့ဆီမှာ ရာဖြတ်ပြီးသား ဖြစ်တဲ့ အတွက်ကြောင့် ဆုံးရှုံးမှုမျိုးတွေ ဖြစ်လာခဲ့ရင် အဲဒီအတွက် ကိုးဆယ့်ငါး ရာခိုင်နှုန်း လျော်ကြေး ရနိုင်တယ်"
ကလေးမလေးက ဆိုင်ပတ်ပတ်လည်ကို အကဲခတ်နေသည်။
ရုတ်တရက် သူမ၏ အကြည့်က သားရေချပ်ဝတ်တန်ဆာနှင့် တူသည့် အရာတစ်ခုသို့ ရောက်သွားခဲ့သည်။
၎င်းက အမွေးများ ဖုံးလွှမ်းနေသည့် အသားရောင် သားရေမျက်နှာဖုံး ခေါင်းစွပ်ဖြစ်ပြီး ပါးစပ်၏ ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း ကြောက်မက်ဖွယ် အစွယ်ကြီးနှစ်ချောင်း ပါရှိသည်။
"ဒါကဘာလဲ"
ကလေးမလေးက သူ့လက်ချောင်းငယ်လေးများဖြင့် ညွှန်ပြရင်း မေးလိုက်သည်။
"ကောင်းကင်နတ်ဆိုးဝက် အကြောင်းကို မင်းကြားဖူးလား"
ဖက်တီးလောက မေးလိုက်သည်။
ကလေးမလေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ခေါင်းခါယမ်းလိုက်သည်။
"ဒါက တကယ်ပဲ ကောင်းကင်နတ်ဆိုးဝက်လား"
သမိုင်းမှတ်တမ်းများတွင် ယခင်က ဖတ်ခဲ့ဖူးသောကြောင့် ဝမ်လင်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ကောင်းကင်နတ်ဆိုးဝက်က ကမ္ဘာခြားဂိတ်တံခါးမှ ပထမဆုံးအကြိမ် ဆင်းသက်လာသည့် ပထမဆုံး နတ်ဆိုးဘုရင် ဖြစ်ခဲ့သည်။
ထိုကောင်းကင်နတ်ဆိုးဝက် ဆင်းသက်လာသောအခါတွင် ဟွာရှို့နိုင်ငံက ကပ်ဆိုက်သည်နှင့် မခြားပေ။
အဆိုးဆုံးမှာ ဤကောင်းကင်နတ်ဆိုးဝက်၏ စူပါအရေပြားကို မည်သည့်အရာကမျှ မဖောက်ထွင်းနိုင်ခြင်းပင်။
၎င်း၏ ခံစစ်စွမ်းအားက နတ်ဆိုးဘုရင်၏ ဂုဏ်သိက္ခာနှင့်အညီ အမြင့်ဆုံး ဖြစ်သည်။
ထိုတိုက်ပွဲတွင် ဗိုလ်ချုပ်ရီက ကောင်းကင်နတ်ဆိုးဝက်ကို အချိန်မီ လက်မတင်လေး မသတ်ဖြတ်နိုင်ခဲ့ဘဲ အနည်းငယ်မျှ တုံ့ဆိုင်းမိခဲ့လျှင် အကျိုးဆက်များက မှန်းဆ၍ပင် မရနိုင်ပေ။
"ဒီဝက်သားရေ နဲ့ အစွယ်တွေက ငါ့ကို အတော်လေး ကုန်ကျစေတယ်.. အဆင်မပြေမှုတွေ အများကြီး ရှိပေမဲ့လည်း နောက်ဆုံးမှာတော့ ဒီဝက်သားရေက ငါ့လက်ထဲကို ရောက်လာခဲ့တယ်.. အစတုန်းကတော့ တစ်ကိုယ်လုံးစာ မှော်ချပ်ဝတ် အစုံအလင်ကို ဖန်တီးချင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ သားရေ လုံလောက်မှု မရှိတာကြောင့် ဒီသားရေ ချပ်ဝတ်တန်ဆာကိုပဲ ဖန်တီးဖြစ်ခဲ့တယ်.. ဒါကို ဝတ်လိုက်ရင် ဝိညာဉ်စွမ်းအင်က မကြုံစဖူး အခြေအနေအထိ အချိန်တိုအတွင်း တိုးတက်သွားတဲ့ အတွေ့အကြုံကို ခံစားရလိမ့်မယ်"
"လက်တလောမှာတော့ စျေးကွက်ထဲမှာ ကောင်းကင်နတ်ဆိုးဝက် ချပ်ဝတ်တန်ဆာတွေ အများကြီးရှိနေတယ်.. ဒါပေမယ့် အဲဒါတွေ အားလုံးက တကယ်တော့ အတုတွေချည်းပဲ.. ငါ့ရဲ့ဟာကမှ အစစ်အမှန်ပဲ"
'ဖက်တီးလော'က ဂုဏ်ယူစွာဖြင့် သူ ပြုလုပ်ထားသည့် ကောင်းကင် နတ်ဆိုးဝက် သားရေချပ်ဝတ်ကို ကြည့်လိုက်သည်။
"တစ်ခါတုန်းက တစ်စုံတစ်ယောက်က ငါ့ကို လေလံပွဲတစ်ခုဆီ ဖိတ်ခဲ့တယ်.. အဲဒီလေလံပွဲမှာ ကောင်းကင် နတ်ဆိုးဝက် သားရေ ချပ်ဝတ်ကို ရောင်းနေတာကို တွေ့လိုက်ရတယ်.. ဂရေစီယာ မိသားစုက သူတို့ရဲ့ ပစ္စည်းမျိုး ကမ္ဘာပေါ်မှာ တစ်ခုပဲရှိတယ်လို့ ထင်နေလား မသိဘူး"
ဝမ်လင်း "............."
................................
လူတိုင်းတွင် သူတို့ ဂုဏ်ယူသောအရာများ ကိုယ်စီ ရှိတတ်ကြသည်။
ဥပမာအားဖြင့် 'ဖက်တီးလော'က ရုပ်ရည် အသွင်အပြင်ကို ဂရုစိုက်သူ မဟုတ်ပေ။
သူသည်လည်း အရင်က အများနည်းတူ အလှအပ မက်ခဲ့ဖူးသည်။
သို့သော် သူက နှစ်ပေါင်း ရာနှင့်ချီပြီး တွေးကြည့်ခဲ့သည်။
ရုပ်ရည်က ဘာမှ အသုံးမဝင်ပေ။
သူ့အတွက် ဂုဏ်အယူရဆုံး အရာမှာ ထူးချွန်သော ပန်းပဲဆရာ ဖြစ်လာခြင်း ဖြစ်ပြီး တန်ဖိုးအထားဆုံး အရာမှာ ရာစုနှစ်များတစ်လျှောက် သူစုဆောင်းထားခဲ့သော မှော်ရတနာများပင်ဖြစ်သည်။
ကောင်းကင်နတ်ဆိုးဝက်ဖြင့် ပြုလုပ်ထားသော သားရေချပ်ဝတ်အပြင် ဖက်တီးလော သဘောကျ၍ စုဆောင်းထားသည့် ပစ္စည်း အများအပြားလည်း ရှိသည်။
ဤအရာအများစုက ကာကွယ်ရေးနှင့် သက်ဆိုင်နေ၍ ဝမ်လင်း အံ့သြသွားမိသည်။
"ပြီးခဲ့တဲ့ ရာစုနှစ် အနည်းငယ် အတွင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးကို ခရီးဆန့်ပြီး အမာဆုံး ချပ်ဝတ်တန်ဆာကို ရှာဖွေခဲ့တယ်"
'ဖက်တီးလော'က ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်တယ်.. ငါ့ရဲ့ အကြီးမားဆုံးဆန္ဒက ချပ်ဝတ် အားလုံးကို အလွယ်တကူ ဖျက်ဆီးနိုင်တဲ့ မြင့်မြတ်တဲ့ နတ်ဓားတစ်လက်ကို ဖန်တီးဖို့ပဲ"
ထိုစကားကိုပြောရင်း သူက ဆိုင်၏ ပင်မတံခါး ဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။
ဝမ်လင်း နှင့် ကလေးမလေး တို့က သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ တံခါးအနောက်ဘက်တွင် ဒိုင်းတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
၎င်းက အပြာနုရောင်ရှိပြီး ငါးအကြေးခွံများ ကဲ့သို့ အစီအရင် အလွှာများဖြင့် ဖုံးအုပ်ထားသည်။
ပထမတစ်ချက် ကြည့်လိုက်လျှင် သာမန်ထက် ထူးခြားသည့်ပုံ မပေါ်ဘဲ နက်ရှိုင်းသော ပင်လယ်ထဲမှ ညှီစို့စို့ အနံ့ကို ထုတ်လွှတ်နေသည်ကိုသာ အာရုံခံစားမိမည် ဖြစ်သည်။
ဂရုတစိုက် အာရုံ ခံစားပြီးနောက်တွင်မူ ရေနစ်သော ခံစားချက်မျိုးကို အမှန်တကယ် ခံစားသိရှိနိုင်မည် ဖြစ်၏။
"ဒါက ဘာလဲ"
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဤအရာက မရိုးရှင်းကြောင်း သူခံစားမိသည်။
"ဒါက အနောက်ဘက် ပင်လယ်က ရေနက်ဝိညာဉ် ဟော်ကဲသွမ်းရဲ့ အကြေးခွံနဲ့ပြုလုပ်ထားတဲ့ ဒိုင်းတစ်ခုပါ.. သူ့ရဲ့ အရေပြားက အတော်လေးထူပြီး ရေကန်တွေ ပင်လယ်တွေလိုမျိုး ရေရှိတဲ့ နေရာတွေမှာ ဆိုရင် ခံစစ်စွမ်းရည်ကို အားဖြည့်ပေးနိုင်တယ်"
"ဒါကို အတိုကောက် ဟော်ဒိုင်းကာ လို့လည်း ခေါ်လို့ရပါတယ်"
'ဖက်တီးလော'က ရှင်းပြလိုက်သည်။
ဝမ်လင်း "............."