← Chapters

မင်းလုပ်တာမမှန်သေးဘူး

Vol. 17 Ch. 254

မင်းလုပ်တာမမှန်သေးဘူး

Vol. 17 Ch. 254

ဇွန်လ၂၂ရက် ဗုဒ္ဓဟူးနေ့သည် စာသင်နှစ်၏ ကိုးပတ်မြောက် ထဲတွင် ဖြစ်သည်။

ဤနေ့က သမိုင်းတွင် ကျန်ရစ်ခဲ့မည့် နေ့တစ်နေ့ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤနေ့က မိစ္ဆာအင်ပါယာ ကွာဖီ၏ တရားစီရင်ခြင်းနေ့ ဖြစ်သောကြောင့်ပင်။

ကွာဖီကို စုန့်ဟိုင်မြို့အစွန်ရှိ စစ်အခြေစိုက် စခန်းတွင် ဖမ်းမိခဲ့ပြီး တစ်ချိန်ထဲမှာပင် ကျောက်သရဲ မျက်နှာဖုံး၌ ပိတ်မိနေသော အရိပ်အဖွဲ့၏ ခေါင်းဆောင် ကျန်းလျှိုယွဲ့ကိုပါ ဖမ်းဆီး ရရှိခဲ့သည်။

ကွာဖီကို ဖမ်းမိသည်နှင့် ကြိုတင် စီစဥ်ထားသည့် အတိုင်း ကွာဖီကို စုန့်ဟိုင်မြို့ ထောင်သို့ တိုက်ရိုက် ပို့လိုက်သည်။

ထိုနေရာက ကွာဖီကို တိုက်ရိုက် တရားစီရင်မည့် နေရာလည်း ဖြစ်သည်။

ကွာဖီ အဖမ်းခံရသည့်နေ့မှ စ၍ အွန်လိုင်းသတင်းများက ပေါက်ကြားလာပြီး ထိုအကြောင်းကို စိတ်ဝင်စားသည့် အင်တာနက် သုံးစွဲသူများမှာ လူထုဖိုရမ်များတွင် ပြည့်လျှံသွားခဲ့သည်။

ကွာဖီ နှင့် ပတ်သက်သည့် သတင်းများတွင် ထောင်သောင်းချီသည့် မှတ်ချက်များပင် ရှိသည်။

ယင်းက လူမှုအဖွဲ့အစည်း အပေါ် ကွာဖီ၏ သက်ရောက်မှုကို ထင်ထင်ရှားရှား မြင်နိုင်ပေသည်။

ဤလူက ဟွာရှို့ တစ်နိုင်ငံလုံး၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည့် "မိစ္ဆာအင်ပါယာ ကွာဖီ" ဟူသော အမည်အောက်တွင် ထိုအချိန်က အမှောင်အင်အားစုကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

အကယ်၍ အမှောင်ထု၏ အကြီးမားဆုံး တပ်မတော်ဆု အတွက် ဆုတစ်ခု ပေးခဲ့လျှင် ထိုဆုကို ကွာဖီ၏ 'ကွာဖီ တပ်မတော်'က ရရှိသွားမည်မှာ သေချာသည်ဟု ဝမ်လင်း အမြဲခံစားခဲ့ရသည်။

.............................

ထိုနေ့နံနက် ခြောက်နာရီတွင် စုန့်ဟိုင် ပထမထောင်ရှိ စစ်ကြောရေး အခန်းတွင် ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ထဲ၌ တည်ရှိနေဆဲဖြစ်သော ကွာဖီမှာ သစ်သား ကုလားထိုင် ပေါ်တွင် နာခံမှုရှိရှိထိုင်နေခဲ့သည်။

သူက ဝိညာဥ် လက်ထိပ်များကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး သူ၏ ရှေ့တွင် ထောင်မှုးလျန့်၊ ဗိုလ်ချုပ်ရီ၊ အတွင်းရေးမှူး တာခန်း နှင့် စီနီယာ ထောင်ဒါရိုက်တာများ ရှိနေသည်။

သူ့ရှေ့တွင် လူရှစ်ယောက် တန်းစီ ရပ်နေသလို ဘေးဘက်တွင်လည်း ဗီဒီယိုကင်မရာ တစ်လုံးနှင့် အတူ တိုက်ရိုက် ရိုက်ကူးနေ၏။

အစိုးရအနေဖြင့် ဤကိစ္စနှင့် ပတ်သက်ပြီး အလေးထားသည့် အချက်ကို ပြသနိုင်ရန် အပြင် အွန်လိုင်း ကောလာဟလနှင့် သတင်းအချို့ကို တုံ့ပြန်သည့် အနေဖြင့် ဗိုလ်ချုပ်ရီက ယခုတစ်ကြိမ် တရားစီရင်မှု အပေါ်၌ ပွင့်လင်းမြင်သာမှု ရှိသည်ကို ချပြရန် တိုက်ရိုက် ထုတ်လွှင့်မည့် အစီအစဉ် ဖြစ်သည်။

"အဆင်သင့်ဖြစ်ပြီလား"

ဗိုလ်ချုပ်ရီက ခေါင်းကို စောင်းငဲ့လိုက်ပြီး ဘေးမှ ဝန်ထမ်း တစ်ယောက်ကို မေးလိုက်သည်။

"ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ ဗိုလ်ချုပ်ရီ.. ပြင်ပ တင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့်မှုကို စလိုက်တာနဲ့ ဗီဒီယိုကင်မရာပေါ်မှာ ရှိတဲ့ အလင်းရောင်က အစိမ်းရောင် ပြောင်းသွားရင် ချက်ချင်း စတင်နိုင်ပါပြီ"

ဝန်ထမ်းက ခါးကိုင်းလိုက်ပြီး သူ့ရှေ့မှ ကင်မရာကို ညွှန်ပြလိုက်သည်။

"အစောပိုင်းကပဲ အစီအစဥ် တင်ဆက်သူက တိုက်ရိုက်ထုတ်လွှင့်မှု မစခင်မှာ အမှာစကား ပြောခဲ့တယ်.. လက်ရှိမှာ ကျွန်တော်တို့ရဲ့ တီဗီ ကြည့်ရှုနှုန်းအဆင့် သတ်မှတ်မှုက ထိပ်တန်းပဲ.. ငါးမိနစ်တောင် မပြည့်သေးဘဲ အွန်လိုင်းကြည့်ရှုသူက သန်းနှစ်ဆယ် ရှိနေပြီ.. ကြည့်ရှုမှုက သန်းတစ်ရာကို ချိုးဖျက်နိုင်ချေတောင် ရှိတယ်"

ထိုစကားကို ကြားလျှင် ဗိုလ်ချုပ်ရီ၏ မျက်လုံးများက ရုတ်တရက် မည်းမှောင်သွားသည်။

နှစ်ပေါင်း များစွာ ကြာပြီးနောက်တွင် ကွာဖီက ဤမျှလောက် လွှမ်းမိုးနိုင်ဦးမည်ဟု သူ မထင်ထားခဲ့ပေ။

"ဗိုလ်ချုပ် ဘာတွေတွေးနေတာလဲ"

ဗိုလ်ချုပ်ရီ၏ အတွေးနက်နေသော အမူအရာကို မြင်လျှင် ဝန်ထမ်းက မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

ဗိုလ်ချုပ်ရီက သူ့၏ လက်ချောင်းများဖြင့် သူ့ခေါင်းကို ဖိနှိပ်လိုက်သည်။

"ကနဦး တိုက်ရိုက်ထုတ်လွှင့်မှု အတွက် ပရိသတ်အဆင့်သတ်မှတ်ချက်တွေက နှစ်သစ်ကူး ပွဲတော်ထက် မပိုသင့်ဘူးလို့ စီနီယာတွေက ပြောခဲ့တယ်.. ဒါကြောင့် အခုအခြေအနေက နည်းနည်းတော့ ခွကျနေတယ်"

ဝန်ထမ်း "ဒါဆို ကျနော်တို့ စလိုက်တော့မလား"

ဗိုလ်ချုပ်ရီက ကွာဖီကို ကြည့်ကာ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

"အရင်ဆုံး အစမ်း လေ့ကျင့်ရအောင်"

ဝန်ထမ်း"............."

....................

ငါးမိနစ်လောက် အကြာတွင် ဝန်ထမ်းက "စလို့ရပြီ"ဟု ပြောလိုက်သည်နှင့် ကင်မရာကို မျက်နှာမူထားသည့် ကွာဖီက ချက်ချင်း ခေါင်းငုံ့ပြီး စတင် ဝန်ခံတော့သည်။

"ငါအရှင် မှားခဲ့တယ်.. တကယ် မှားယွင်းခဲ့တယ်.. ကိုယ်ရေးကိုယ်တာ ပြဿနာကြောင့် ဟွာရှို့ အမျိုးသား နန်းတော်ကို မကျူးကျော်ခဲ့သင့်ဘူး.. ငါအရှင်က ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးပြီး သူတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မိခဲ့တယ်.. ဒါက လူ့အဖွဲ့အစည်းကိုပါ ထိခိုက်စေတဲ့လုပ်ရပ်ပါပဲ"

ဗိုလ်ချုပ်ရီ "ဒါဆို အရင်တစ်ခေါက်က အစားအသောက် ပို့ဆောင်ရေး သမားတွေနဲ့ ပတ်သက်လို့ရော ဘာပြောချင်လဲ"

ကွာဖီ "ငါ့အရှင် ကိုယ်တိုင် ဒီအဖြစ်အပျက် အတွက် အလွန်စိတ်မကောင်း ဖြစ်မိပါတယ်... ဒါပေမယ့် အဲဒီ ပို့ဆောင်သူတွေရဲ့ ဝိညာဉ်အားလုံးကို ငါ ထိန်းသိမ်းထားခဲ့တယ်.. နေရောင်ထဲကို မတော်တဆ ပျံကျဲသွားခဲ့တဲ့ ပို့ဆောင်သူတွေရဲ့ ဝိညာဉ်တွေ အကြောင်းကို သတင်းတစ်ခုမှာ ငါကြားခဲ့ရတယ်.. တကယ်တော့ ခရမ်းရောင် ရွှေဘူးသီးခြောက်ရဲ့ ကမ္ဘာငယ်လေးမှာ သူတို့ရဲ့ စိတ်ဝိညာဉ် အားလုံးကို ငါထိန်းသိမ်းထားခဲ့ပါတယ်"

ဗိုလ်ချုပ်ရီက ခေါင်းညိတ်လိုက်ပြီး မေးခွန်း မမေးမီ စာရွက်ပေါ်၌ ဖော်ပြထားသည့် ကိစ္စရပ်များကို တစ်ချက် ကြည့်လိုက်သည်။

"မင်း အဖမ်းခံရပုံကို ရှင်းရှင်းလင်းလင်း လူတိုင်းကို ပြောပြပေးနိုင်မလား"

"တိုက်ပွဲမစခင်မှာ ငါက ကမ္ဘာငယ်လေးထဲကို စိမ့်ဝင်ခဲ့တယ်.. အဲဒီနောက်မှာ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း အစီအရင်ကို အသက်သွင်းပြီး ရှင်ပြန်ထမြောက်လာဖို့ အတွက် ကလေးတွေရဲ့ အသက်ဓာတ်ကို စုပ်ယူဖို့ ရည်ရွယ်ထားခဲ့တယ်.. ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ အစီအစဉ်က မအောင်မြင်ခဲ့ဘူး.. အဲဒီနောက်မှာတော့ ငါက ဒြပ်စင်ငါးပါး အစီအရင်မှာ ပိတ်မိခဲ့ပြီး လွတ်မြောက်ဖို့ နည်းလမ်း မရှိခဲ့ဘူး"

ကွာဖီက ခေါင်းမော့ကာ ကင်မရာကို စိုက်ကြည့်လိုက်သည်။

"အဆုံးသတ်မှာတော့ ငါက ဗိုလ်ချုပ်ရီရဲ့ ဓားလက်ဝါးအောက်မှာ အရှုံးပေးခဲ့ရတယ်"

ဗိုလ်ချုပ်ရီက လက်လေးချောင်း ထောင်ပြလိုက်သည်။

"မင်းသိလား.. မင်း ကျူးလွန်ခဲ့တဲ့ အရာတွေကို စကားလုံးလေးလုံးနဲ့ ဖော်ပြလို့ရတယ်"

လူတိုင်း "လူတိုင်းကို စိတ်ဆိုးအောင်လုပ်တယ်"

ဗိုလ်ချုပ်ရီ "တခြား လေးလုံး"

လူတိုင်း "လုံးဝ ရူးသွပ်ပြီး ရယ်စရာကောင်းတယ်"

ကွာဖီ "............"

"အခု မင်းရဲ့ ထွက်ဆိုချက်ကို ငါတို့ သက်သေခံပြီးပြီ.. စည်းမျဥ်းတွေအရ မင်းကို ကျင့်ကြံခြင်း တရားရုံးချုပ်ကို ပို့မယ်.. မင်းမှာ ပြောစရာ ရှိသေးလား"

ဗိုလ်ချုပ်ရီက ထိုစကားကို ပြောလိုက်သည့် အချိန်တွင် ဘေးနားမှ ဝန်ထမ်းက ရုတ်တရက် "ကတ်"ဟု အော်လိုက်သည်။

ဗိုလ်ချုပ်ရီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ.. ပြဿနာရှိလို့လား"

အမျိုးသမီး ဒါရိုက်တာတစ်ဦးက ဗိုလ်ချုပ်ရီထံသို့ အနည်းငယ် အဆင်မပြေသည့် အမူအရာဖြင့် ရောက်လာ၏။

"အခြေခံဖြစ်စဉ်မှာ ဘာမှ အမှားမပါပါဘူး.. ဒါပေမယ့် စိတ်ခံစားမှုကို ဖော်ပြတဲ့ နေရာမှာတော့ လိုအပ်နေသေးတယ်"

ထို့နောက် အမျိုးသမီး ဒါရိုက်တာက ကွာဖီကို ကြည့်၍ ပြောလိုက်သည်။

"အရှင်က 'မှားသွားတယ်'လို့ ပြောတဲ့နေရာမှာ အမူအရာက အနည်းငယ် ပိုပြီး ညှိုးငယ်နေသင့်တယ်.. ဝမ်းနည်းတဲ့ ခံစားချက်ကို ဖော်ပြနိုင်ရင် အကောင်းဆုံးပဲ.. ဒီခံစားချက်က မိသားစု တကွဲတပြားစီ ပြိုကွဲပျက်စီးလို့ ရရှိလာတဲ့ ခံစားမှုမျိုး ဖြစ်နေရမယ်"

ကွာဖီ ".........."

အမျိုးသမီး ဒါရိုက်တာ "တိုက်ရိုက် ထုတ်လွှင့်မှု အပေါ် ဘယ်လောက် စိန်ခေါ်နိုင်မလဲညဆိုတာ ခဏဘေးဖယ်ထားလိုက်.. မစ္စတာ မိစ္ဆာအင်ပါယာသာ မျက်ရည် အနည်းငယ်လောက် ညှစ်ထုတ်နိုင်ရင် ကိစ္စက ပြတ်ပြီပဲ"

ကွာဖီ "........."

အမျိုးသမီး ဒါရိုက်တာက သူ့လက်ထဲမှ ဇာတ်ညွှန်းကို ငုံ့ကြည့်လိုက်သည်။

"နောက်တစ်ချက် အနေနဲ့ ဗိုလ်ချုပ်ရီက အရှင့်ကို ဓားလက်ဝါးနဲ့ ဘယ်လို အနိုင်ယူခဲ့လဲ ဆိုတာကို အသေးစိတ် ဖော်ပြနိုင်မလား.. အဲဒီအတွက် ကျမတို့ ဇာတ်ညွှန်းရေးထားပြီးပြီ.. မိစ္ဆာအင်ပါယာက အဲဒါကို နှစ်မိနစ် သုံးမိနစ်လောက် ကျက်လိုက်ရင် ရပါပြီ.. အဲဒီအကြောင်းကို ပြောနေတဲ့အချိန်မှာ ဓားလက်ဝါးကို အရမ်း ကြောက်ရွံ့တဲ့ ပုံစံမျိုးတော့ ဟန်လုပ်သင့်တယ်"

ကွာဖီ "............"

ဗိုလ်ချုပ်ရီ "............"

အမျိုးသမီး ဒါရိုက်တာ၏ စကားကို ကြားပြီးနောက် အတွင်းရေးမှူး တာခန်းပင် အံသြသွားသည်။

"ဒါက လိုအပ်လို့လား"

"ဒီတစ်ခေါက် တိုက်ရိုက် တင်ဆက်တာကို အထက်အရာရှိတွေကလည်း စောင့်ကြည့်နေတယ်.. သူတို့က ဒီအပိုင်းကို အလေးထားဖို့ လိုအပ်တယ်လို့ သဘောတူကြတယ်.. ဒီလိုလုပ်တာက တစ်ဖက်မှာ ဗိုလ်ချုပ်ရီရဲ့ စွမ်းပကားကို ထင်ဟပ်စေသလို တစ်ဖက်မှာလည်း လူ့အဖွဲ့အစည်းကို စိတ်ဓာတ် မြှင့်တင်ပေးနိုင်တယ်.. အခုလက်ရှိ ကျင့်ကြံနေကြတဲ့ ကျောင်းသားလေးတွေ အတွက် စံနမူနာပြတဲ့ သဘောပေါ့"

အမျိုးသမီး ဒါရိုက်တာက ဖြေကြားလိုက်သည်။

ဗိုလ်ချုပ်ရီ"..........."

"ဗိုလ်ချုပ်ရီ နဲ့ အတွင်းရေးမှူး တာခန်းတို့ နှစ်ယောက်စလုံး ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုလည်း ရှိသေးတယ်"

အမျိုးသမီး ဒါရိုက်တာက ဆက်ပြောလိုက်သည်။

"ဘာကိစ္စများလဲ"

"ကျမတို့ရဲ ပြင်ပတင်ဆက်သူက ကနဦးအဖွင့်ကို တင်ဆက်တဲ့အချိန်မှာ ကျင့်ကြံခြင်း လက်နက်ပုန်း ကုမ္ပဏီရဲ့ သူဌေးဖြစ်တဲ့နတ်ဆိုးဧကရာဇ်ကျွင်းရှဲ့၊ ဒြပ်စင်ငါးပါးဂိုဏ်းက အကြီးအကဲအိုက်နဲ့ ကောင်းကင်ပေါက်ကွဲဂိုဏ်းရဲ့ အကြီးအကဲ ရှချွယ် တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေကို မက်ဆေ့ချ် ပေးပို့ခဲ့တယ်"

အတွင်းရေးမှူးတာခန်းက မျက်ခုံးပင့်လိုက်သည်။

"ဒါက ကောင်းတဲ့အချက်ပဲ မဟုတ်လား.. သူတို့တွေက ကျင့်ကြံခြင်း လောကမှာ နာမည်ကြီးတော့ လူ့အဖွဲ့အစည်းအတွင်း အကောင်းမြင်ဝါဒတွေ ဖြန့်ကျက်ရာမှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေတောင် ရှိလာနိုင်တာပဲ မဟုတ်လား"

"ပြဿနာက ဒီလိုမျိုး ဂုဏ်ပြုတဲ့ မက်ဆေ့ချ်တွေ ပို့အပြီးမှာ ကောင်းကင်ပေါက်ကွဲဂိုဏ်း အကြီးအကဲ ရှချွယ်က ရွက်လှေသင်္ကေတ သုံးထောင်ကို လက်ဆောင်အဖြစ် ပေးပို့ခဲ့တယ်.. နောက်တော့ ဒြပ်စင်ငါးပါးဂိုဏ်းရဲ့ အကြီးအကဲ အိုက်ကလည်း အားကျမခံ ရွက်လှေ သင်္ကေတ သုံးထောင်နဲ့ တစ်ခုကို ပေးပို့ခဲဲ့တယ်.. ခဏအကြာမှာ နတ်ဆိုးဧကရာဇ်ကျွင်းရှဲ့ကလည်း ပေးပို့ပြန်တယ်...သုံးမိနစ်အတွင်းမှာပဲ ကျမတို့မှာ ရွက်လှေသင်္ကေတပေါင်း တစ်သောင်းကျော် ရှိနေခဲ့ပြီ.. ပြင်ပ တင်ဆက်သူ အနေနဲ့ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောသင့်သလားလို့ မေးချင်ပါတယ်"

အမျိုးသမီး ဒါရိုက်တာက ပြောလိုက်သည်။

ဗိုလ်ချုပ်ရီ နှင့် အတွင်းရေးမှူး တာခန်း"..........."

{ရွက်လှေသင်္ကေတမှာ အစီအစဉ် တင်ဆက်စဥ် ပရိသတ်က တိုက်ရိုက် ချီးမြှင့်၍ရသည့် ငွေကြေးတစ်မျိုး ဖြစ်သည်}

All Chapters