အပြောင်းအရွှေ့ ကျောင်းသားအသစ်
Vol. 18 Ch. 257
မိစ္ဆာတောင်ကြား၏ ဒဏ္ဍာရီက ကျင့်ကြံခြင်း လောကတွင် လုံးဝ လျှို့ဝှက်ချက် မဟုတ်တော့ပေ။
ဤနှစ်များတစ်လျောက်တွင် တောင်ကြား၏ ဝင်ပေါက်ကို လူများစွာက ရှာဖွေခဲ့ကြသည်။
ဟွာရှို့ နိုင်ငံသားများ အပြင် ဤရတနာမြေကို မျက်စိကျနေသည့် အနောက်အရပ်မှ ကျင့်ကြံသူ အများအပြားလည်း ရှိသည်။
မိစ္ဆာတောင်ကြားတွင် လက်ရှိကမ္ဘာ၌ မျိုးသုဉ်းသွားသော အရင်းအမြစ်များရှိ၏။
သင်သာ မိစ္ဆာတောင်ကြား၏ ပိုင်ရှင် ဖြစ်လာလျှင် ဘဝခရီး၏ အထွတ်အထိပ်ကို အောင်မြင်နိုင်မည်ဟု ယုံကြည်ရန်မှာ လုံးဝစိတ်ကူးယဉ် အိပ်မက် မဟုတ်တော့ပေ။
မိစ္ဆာတောင်ကြားကို ရှာဖွေသူ အများစုမှာ ၎င်းတို့ ရရှိနိုင်မည့်အကျိုးအမြတ် များကိုသာ တွေးတောခဲ့ကြသော်လည်း 'ဖက်တီးလော'ကမူ ကိုယ်ပိုင် ရည်မှန်းချက် ရှိ၏။
သူမိစ္ဆာတောင်ကြားတွင် ရှာဖွေလိုသည့် တစ်ခုတည်းသော အရာမှာ ဓားအိမ် ဖန်တီးရန် အတွက် အဓိက အရေးပါသည့် ခြောက်သွေ့ အရိုးခြောက်တစ်ထောင်ကို ရှာဖွေရန်ပင် ဖြစ်သည်။
ဖက်တီးလော၏ မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်ကို မြင်ပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။
"လောလောဆယ်တော့ ဘလက်လေးက မိစ္ဆာတောင်ကြားက ဖြစ်နိုင်တယ်လို့ သူသံသယရှိတဲ့ အော်ရာ အတက်အကျတွေကို စောင့်ကြည့်နေပေမဲ့ အပြည့်အဝတော့ အတည်မပြုနိုင်သေးဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။
ထိုအရာက လူတိုင်း နားလည်ပြီးသား အရာ ဖြစ်သည်။
မိစ္ဆာတောင်ကြားက မက်မွန်ကျွန်း နှင့် ဆင်တူသည်။
လူအများစုက မုတ်ဆိတ်ပျားစွဲသော ကံကြမ္မာမျိုး ရှိမှသာ ၎င်းကို ရှာဖွေနိုင်မည် ဖြစ်သည်။
မှတ်တမ်းအရဆိုလျှင် မိစ္ဆာတောင်ကြားသို့ လူနည်းစုသာ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
ထို့အပြင် မျိုးသုဉ်းလုနီးပါး သယံဇာတများကို သယ်ဆောင်လာသော ချိုင့်ဝှမ်းမှ ထွက်လာသူများသည် နောက်ပိုင်းတွင် ထိုနေရာ၌ တွေ့ကြုံခဲ့ရသမျှကို လုံးလုံးလျားလျား မေ့သွားကြသည်ဟုလည်း ဆိုကြသည်။
ယင်းက မိစ္ဆာတောင်ကြား အမှန်တကယ်မရှိဟု ပြောကြသည့် နောက်ထပ် အကြောင်းရင်း တစ်ခုလည်း ဖြစ်၏။
စစ်မှန်သော မိစ္ဆာတောင်ကြားသည် ရှေးခေတ်မှ အနန္တတန်ခိုးရှင် ဖန်တီးထားသည့် စိတ်ကူးယဉ်ရှုခင်းမျှသာ ဖြစ်ကြောင်း အများစုက စောဒက တက်ခဲ့ကြပြီး ချိုင့်ဝှမ်းမှ မျိုးသုဉ်းသွားသော သယံဇာတများကို ယူဆောင်လာသည်ဟု ဆိုသူများမှာ အမှန်တကယ်တွင် ထင်ယောင်ထင်မှားများ ဖြစ်နေကြသည်ဟုလည်း ကောလဟလများ ထွက်ခဲ့သည်။
ဤအချက်အလက်က လျှို့ဝှက်ချက် မဟုတ်ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် လောချွမ့်(ဝါ)'ဖက်တီးလော'က ထိုအကြောင်းကို ၎င်းတို့၏ နှလုံးသားထဲတွင် အလွန်ရှင်းလင်းစွာ သိခဲ့ကြ၏။
သို့ရာတွင် 'ဖက်တီးလော'က လက်မလျှော့ချင်မှန်း ထင်ရှားနေသည်။
"ဘာပဲဖြစ်ဖြစ် ငါအဲဒီကို သွားချင်တယ်.. သခင်ကျင့်ခယ်ကို တွေ့ပြီးကတည်းက အန္တိမ ဓားကို ထုလုပ်မဲ့ အိပ်မက်က ပျက်စီးသွားခဲ့ပြီ ဆိုတာ ငါသိခဲ့တယ်.. ဘယ်လို ဓားအမျိုးအစားပဲ ဖြစ်ဖြစ် သခင်ကျင့်ခယ်ကိုတော့ ဘယ်တော့မှ မီမှာ မဟုတ်ဘူး"
'ဖက်တီးလော'က ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်များကို စိတ်လှုပ်ရှားသော အမူအရာဖြင့် ဆုပ်ကိုင်လိုက်သည်။
"ဒါကြောင့် ငါဓားအိမ်ကို လုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဆိုတာ မင်းအပေါ်မှာပဲ မူတည်သွားပြီ ညီနောင်လဲ့"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပါးစပ်ထောင့်က ရွဲ့မလိုပင် ဖြစ်သွားရသည်။
သူက ဖက်တီးလော၏ တုတ်ခိုင်သော လက်များထဲမှ သူ့လက်ကို ဆွဲထုတ်ကာ အားတင်း၍ ပြုံးပြလိုက်သည်။
"အကောင်းဆုံး ကြိုးစားပါ့မယ်"
........................
ဇွန်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့သည် စာသင်နှစ်၏ ကိုးပတ်မြောက်ထဲတွင် ဖြစ်သည်။
ကွာဖီ၏ တရားရင်ဆိုင်ခြင်း တိုက်ရိုက် ထုတ်လွှင့်မှုတွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။
အတန်းတွင်း ဆူညံမှုကို နှိမ်နင်းရန် ဆရာမဖန်က အတန်းတွင်းသို့ ကြိုရောက်လာခဲ့သည်။
ဆရာမဖန်၏ အဆိုအရ ရုံးခန်းထဲမှ သူမ ထွက်လိုက်သည်နှင့် ဆူညံသံကို မကြားရတော့ပေ။
သို့သော် ကျောင်းအနီးရှိ မြေအောက်ရထား ဘူတာရုံမှ ဆင်းလိုက်သည်နှင့် ဆူညံသံကို သူမ ကြားနိုင်နေပြီ ဖြစ်သည်။
အမှတ်60 အထက်တန်းကျောင်းမှ ရှေ့ဆောင်ဆရာမ ဖြစ်သည့် ဆရာဖန်သည် အဆုံးသတ်တွင် ဆရာဖန်သာ ဖြစ်သည်။
တာဝန်ခံ ဆရာများ အားလုံးမှာ သောတအာရုံ ကောင်းသည် ဟူသော စကားက လုံးဝမှန်ကန်သည်ဟု ဝမ်လင်း တစ်ယောက် ခံစားမိသည်။
ဆူညံသံကို ဖြေရှင်းနေသည့် ဆရာမဖန်မှာ ယနေ့တွင် အထူးကောင်းမွန်သော စိတ်ထားရှိပုံ ပေါ်၏။
ကမ္ဘာပေါ်ရှိ ကျီးကန်းများ အားလုံးမှာ ညီတူမျှတူပင် အနက်ရောင်များ ဖြစ်ကြသည်။
ကမ္ဘာပေါ်ရှိ ဆရာများ အားလုံးသည်လည်း တူညီသောအကျင့်တစ်ခုစီ ရှိကြ၏။
ယင်းမှာ ၎င်းတို့၏ ကျောင်းသားများကို အခြားကျောင်းသားများနှင့် နှိုင်းယှဉ်ခြင်းပင် ဖြစ်၏။
ဆရာမဖန်က သူမ၏ မျက်ဝန်းများကို ပင့်ကာ လက်များကို စားပွဲပေါ်တွင် တင်လိုက်သည်။
ကျောင်းသားများက သူမ မျှော်လင့်ထားသည့် အတိုင်း မနေထိုင်နိုင်သဖြင့် မကျေမနပ်ဖြစ်ကာ သက်ပြင်းချလိုက်သည်။
"မင်းတို့အားလုံးကို ဘယ်လိုဆုံးမရမလဲ ဆိုတာ ငါတကယ် မသိတော့ဘူး.. ငါတို့ အမှတ် 60 အထက်တန်းကျောင်းရဲ့ လက်ရွေးစင် အတန်း နှစ်ခုကြားက ကွာဟမှုက တစ်နေ့ထက် တစ်နေ့ ပိုကျယ်ပြန့်လာခဲ့ပြီ.. မင်းတို့တွေ ဘေးအတန်းက ဖန့်ရှင်း ဆီက သင်ယူလို့ မရဘူးလား"
ထိုနာမည်က ဝမ်လင်း၏ ခေါင်းကို ဆတ်ခနဲ မော့လာစေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအမည်ကို သူအရင်က ကြားဖူးသလို ခံစားရ၍ ဖြစ်သည်။
သူ မကြာသေးခင်ကမှ ဤနာမည်ကို ကြားဖူးခဲ့သည်။
ယင်းမှာ ရှင်သန်ခြင်းပြိုင်ပွဲ အပြီးတွင် ဖြစ်သည်။
ဖန့်ရှင်းက ကျောင်းပြောင်းလာသည့် ကျောင်းသားအသစ် ဖြစ်သည်ကို ဝမ်လင်းက သိရှိနေခဲ့သည်။
ထို့အပြင် ဖန့်ရှင်းက အနီးနားမြို့မှ ပြောင်းရွှေ့လာခဲ့ပြီး လက်ရွေးစင် အတန်းသို့ တိုက်ရိုက် တက်ရောက်ခွင့် ရခဲ့၏။
အမှတ် 60 အထက်တန်းကျောင်းတွင် လက်ရွေးစင် အတန်းနှစ်ခန်းသာ ရှိသည်။
တစ်ခန်းမှာ ဝမ်လင်း၏ Grade 1 အခန်းတစ် ဖြစ်ပြီး အခြား တစ်ခန်းမှာ Grade 1 အခန်းနှစ် ဖြစ်သည်။
ဖန့်ရှင်းက အခန်းနှစ်မှ အပြောင်းအရွှေ့ ကျောင်းသား အသစ် ဖြစ်၏။
ကော်ဟောက်က ထိုအကြောင်းကို နံနက်ထဲက ပြောပြချင်နေသည်မှာ ပါးစပ်ယားနေသည်။
သို့သော် ကွာဖီ၏ တရားရင်ဆိုင်ခြင်း တိုက်ရိုက် ထုတ်လွှင့်မှုက ခေါင်းစီးသတင်းကြီး ဖြစ်၍ လူတိုင်းက ကျောင်းသားသစ် သတင်းထက် ထိုအကြောင်းကိုသာ အာရုံစိုက်ခဲ့ကြသည်။
နံနက်ခင်း စာသင်ချိန်အတွင်း ဆရာမဖန်က အပြောင်းအရွှေ့ ကျောင်းသားနှင့် ပတ်သက်၍ လေးလေးနက်နက် ချီးမွှမ်း ပြောဆိုခဲ့၏။
ယင်းက ကျောင်းသားများ၏ သိချင်စိတ်ကို ကျေနပ်စေဖို့အတွက် မလုံလောက်ပေ။
ထို့ကြောင့် အတန်းပြီးသည်နှင့် အားလုံးက ကော်ဟောက်အနားသို့ စုပြုံရောက်ရှိလာကြသည်။
စွန်းရုံ နှင့် လင်းရှောင်ယု တို့ပင် ဘေးခန်းမှ အတန်းဖော် ဖန့်ရှင်း၏ အကြောင်းကို သိရှိရန် အတွက် ၎င်းတို့၏ ကိုယ်စားလှယ်များ အဖြစ် ကျောင်းသူတချို့ကို ဘေးခန်းသို့ စေလွှတ်ခဲ့သည်။
"ဒီ အပြောင်းအရွှေ့ ကျောင်းသားက တစ်ခုခု ထူးခြားနေလို့လား"
ချန်းချောင်က စိတ်ဝင်တစား မေးလိုက်သည်။
ကော်ဟောက် "ထျန်းရှစ် အင်ပါယာ အထက်တန်းကျောင်း အကြောင်း ကြားဖူးလား"
လူတိုင်းက ခေါင်းခါလိုက်သည်။
အထက်တန်းကျောင်းကို မပြောနှင့်၊ ဤနာမည်ကိုပင် မကြားဖူးပေ။
"ဒါက ဝိညာဥ်တောင်ပေါ်မှာ တည်ဆောက်ထားတဲ့ ကျင့်ဟွာ မြို့က ဆွေကြီးမျိုးကြီးတွေ အတွက် အထက်တန်းကျောင်းလို့ ငါ့ဦးလေး တစ်ယောက်က ပြောခဲ့တယ်.. ဆွေကြီးမျိုးကြီးတွေအတွက် အထက်တန်းကျောင်း ဆိုတော့ ဘယ်သူမဆို ဝင်လို့မရဘူး.. နှစ်စဉ် ရွေးချယ်မှုက အရမ်းတင်းကျပ်ပြီး စာရင်းသွင်းတဲ့ အရေအတွက်ကိုလည်း ကန့်သတ်ထားတယ်"
ကော်ဟောက်က သူ့မေးစေ့ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
သူ့မျက်နှာတွင် သုံးသပ်ဆင်ခြင်နေသော အမူအရာအပြည့် ရှိနေသည်။
"ဒါဆို ဒီဖန့်ရှင်းရဲ ဝိသေသလက္ခဏာက သာမန်မဟုတ်ဘူးပေါ့"
"သူ့ကျောင်းက ဒီလောက် ကောင်းနေတာကို သူက ဘာလို့ ငါတို့ အမှတ် 60 အထက်တန်းကျောင်းကို ရွေးချယ်ခဲ့တာလဲ"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
"ငါ့ဦးလေးဆီကနေ ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းမှာ စာရင်းသွင်းဖို့ အတွက် မဖြစ်မနေ လိုအပ်ချက်တွေထဲက တစ်ခုက ကျောင်းနဲ့နီးတဲ့ ခရိုင်မှာ အိမ်တစ်လုံး ဝယ်ဖို့ဖြစ်တယ်လို့ ကြားသိရတယ်.. အတန်းဖော် ဖန့်ရှင်း ရဲ့ မိသားစုက အခု စုန့်ဟိုင်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီ.. ဒါပေမဲ့ သူဘာလို့ ကျောင်းပြောင်းဖို့ အတွက် အမှတ်60 အထက်တန်းကျောင်းကို ရွေးချယ်ခဲ့တာလည်းတော့ ငါလည်း မသိဘူး"
ကော်ဟောက်က ကူကယ်ရာမဲ့သော အမူအရာဖြင့် ပခုံးတွန့်လိုက်သည်။
"ဒါပေမယ့် အဲဒါအပြင် အတန်းဖော် ဖန့်ရှင်းက ဒီကို စပြောင်းလာတဲ့နေ့မှာပဲ ကိစ္စ ကြီးကြီးမားမား သုံးခုကို လုပ်ခဲ့သေးတယ်လို့ ငါကြားသိရတယ်"
ကော်ဟောက်က ပြောလိုက်သည်။
"ဘာကိစ္စကြီးသုံးခုလဲ"
"ပထမကိစ္စက သူဒီကို ရောက်လာပြီးတဲ့ နောက်မှာ မျိုးနွယ်စုခေါင်းဆောင်ယွီကို ချက်ချင်း စိန်ခေါ်ခဲ့တယ်.. သူတို့နှစ်ယောက်က ကျောင်းသုံး သစ်သားဓားတွေနဲ့ ရန်ဖြစ်ပြီး တိုက်ပွဲအပြီးမှာတော့ အတန်းဖော် ဖန့်ရှင်းရဲ့ ဓားက မပျက်စီးဘဲ မျိုးနွယ်စု ခေါင်းဆောင်ယွီရဲ့ ဓားက ရိုးရှင်းစွာပဲ ပဲ့သွားခဲ့တယ်.. လေပြင်းတစ်ချက် တိုက်လိုက်တဲ့အခါ အဲဒီဓားက သဲအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်.. အတန်းဖော် ဖန့်ရှင်းက သူ့ရဲ့ ဓားနည်းစနစ်ကို 'ငါကလေ မင်းကသဲ'လို့ အမည်ပေးထားတယ်"
ကော်ဟောက်က ပြောလိုက်သည်။
လူတိုင်း ".............."
"ဒုတိယကိစ္စက ကျောင်းသားသစ် ကြိုဆိုပွဲမှာ ဆရာဝမ်က ငါတို့ကျောင်းရဲ့ စည်းကမ်းတွေကို ရှင်းပြဖို့အတွက် သူ့ဆီ သွားခဲ့ပေမဲ့ သူက အိပ်ပျော်နေခဲ့တယ်.. ဒါနဲ့ပဲ ဆရာဝမ်က သူ့ကို မြေဖြူခဲ အပိုင်းအစ တစ်ခုနဲ့ ပစ်လိုက်တာကို သူက မြေဖြူခဲကို ဖမ်းလိုက်တယ်"
လူတိုင်း "..........."
"နောက်ဆုံးကိစ္စက ကြောက်စရာ အကောင်းဆုံးပဲ.. အတန်းဖော် ဖန့်ရှင်းကို ကြိုဆိုဖို့အတွက် အမေကျွမ့်က အထူးစားစရာတစ်ခု ပြုလုပ်ပေးခဲ့တယ်.."
ကော်ဟောက်က ပြောပြခဲ့သည်။
'အမေကျွမ့်' ဟူသော စကားလုံး နှစ်လုံးကို ကြားရုံဖြင့် လူတိုင်းက တုန်လှုပ် ခြောက်ခြားသွားကြသည်။
ရှင်သန်ခြင်း ပြိုင်ပွဲ မတိုင်မီက သူမ၏ "ဖန်ပင်းပင်း" အစားအသောက်ကြောင့် ကော်ဟောက် မည်ကဲ့သို့ ခံစားနေရသည်ကို ပြန်ပြောင်း သတိရမိသွားကြသည်။
"အမေကျွမ့်ရဲ့ 'ဖန်ပင်းပင်း'ကို အတိုင်းအထွာအဖြစ် သုံးရင် သူ့ရဲ့ မရှူနိုင်မကယ်နိုင် ဖြစ်စေတဲ့ အဆင့်က ကြယ်သုံးပွင့်ပဲ ရှိတယ်.. 'ကောင်းကင် နတ်ခရုပေါင်း'ကတော့ ကြယ်ငါးပွင့် အဆင့်ရှိတယ်"
ကော်ဟောက်၏ မျက်လုံးများတွင် ထိတ်လန့်မှုများ အပြည့်ရှိနေသည်။
သူက စကားကို ဆက်ပြောလိုက်သည်။
"အတန်းဖော်ဖန့်ရှင်းက အမေကျွမ့်ရဲ့ 'ကောင်းကင် နတ်ခရုပေါင်း'ကို စားပြီးနောက်မှာ...."
ကော်ဟောက်က သူ့စကားကို ခေတ္တ ရပ်တန့်ပြီးမှ ဆက်ပြောလိုက်သည်။
"သူက အကောင်းပကတိအတိုင်း ရှိနေဆဲပဲ"
".............."
ယခုဆိုလျှင် အမေကျွမ့်ကို ဝမ်လင်းပင် ကြောက်လန့်နေပြီ ဖြစ်သည်။