ဒီကောင်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ
Vol. 18 Ch. 261
ဝမ်လင်းက ဤမြင်ကွင်းကို ငေးကြည့်နေခဲ့သည်။
သူက အနားယူချင်ဟန် ဆောင်ရင်း သစ်ပင်ရိပ်အောက်တွင် ထိုင်နေသည်။
ဤနေရာက မထင်ရှား မပေါ်လွင်သော နေရာလည်း ဖြစ်၏။
သို့ရာတွင် ဝမ်လင်း၏ တွက်ချက်မှုက လွဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာက ဖန့်ရှင်း နှင့် ဆန့်ကျင်ဘက်နေရာ ဖြစ်နေသည့်အပြင် သူတို့က တစ်ဦးနှင့် တစ်ဦး အလွန် နီးကပ်နေသောကြောင့်ပင်။
ရလဒ်အနေဖြင့် ဆရာယဲ့ဟန်၏ စကားဆုံးသည်နှင့် ဖန့်ရှင်းက ဝမ်လင်းဆီသို့ ဦးတည်၍ ခြေလှမ်းလိုက်သည်။
"ဒီက အတန်းဖော်.. ငါ့ကို မင်းရဲ့ ဝိညာဥ်ဓား တစ်ခဏလောက် ဌားပေးနိုင်မလား"
ဖန့်ရှင်းက သဘာဝကျသည့် တည်ငြိမ်သော အမူအရာဖြင့် ပြုံးပြုံးရွှင်ရွှင် အကူအညီ တောင်းလိုက်သည်။
ဝမ်လင်းက ဓားဌားပေးရန် ဆန္ဒမရှိပေ။
ကျင့်ကြံသူများ အတွက် ၎င်းတို့၏ ကိုယ်ပိုင် မှော်ရတနာမှာ တစ်ဦးတည်းပိုင် ပစ္စည်းမျိုးလည်း ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဝမ်လင်းအတွက် ကျင့်ခယ်က အထူးအရေးပါနေခြင်းပင်။
ဖန့်ရှင်း၏ တောင်းဆိုမှု အပြီးတွင် နှစ်ဦးလုံးက မလှုပ်မရှား ဖြစ်နေကြသည်။
သူတို့က တစ်ယောက်ကို တစ်ယောက် တစ်မီတာ အကွာကနေ ကြည့်နေကြ၏။
ယင်းက ဖန့်ရှင်း နှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းလည်း ဖြစ်သည်။
မြင်ကွင်းအရ တစ်ယောက်က သစ်ပင်ရိပ်မှာ ထိုင်နေပြီး နောက်တစ်ယောက်က နေရောင်အောက်တွင် ရပ်နေကာ ပြတ်သားသော ခြားနားမှုကို ဖန်တီးနေ၏။
နေရောင်ထဲတွင် ဖန့်ရှင်း၏ ဆံပင်က အနည်းငယ် အညိုရောင်
ဖြစ်နေသည်။
သူက အဖြူရောင် ရှပ်အင်္ကျီလက်တို နှင့် အပြာရောင် အဖြူစင်း ဘောင်းဘီကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။
ဖန့်ရှင်းက အလွန်ချောမောပြီး မိန်းကလေး အဝတ်အစားများ ၀တ်ထားလျှင်ပင် လှပနေမည်မှာ သေချာသည်ဟု ဝမ်လင်း ခံစားမိသည်။
တစ်မိနစ်ခန့် တိတ်ဆိတ်သွားပြီးနောက် ဝမ်လင်းက ကျင့်ခယ်ကို နောက်ဆုံးတွင် ပေးအပ်ခဲ့သည်။
အကြောင်းရင်းမှာ သူ့ပတ်ဝန်းကျင်မှ မိန်းကလေးများ၏ စူးစူးရှရှ အကြည့်များကို သူ မခံနိုင်တော့၍ ဖြစ်သည်။
ဖန့်ရှင်းက အမှတ် 60 အထက်တန်းကျောင်းသို့ ရောက်ပြီးနောက် နေရောင်ကဲ့သို့ တောက်ပြောင် လင်းလက်လာခဲ့သည်။
ဝမ်လင်းသာ ဖန့်ရှင်း၏ တောင်းဆိုမှုကို ငြင်းခဲ့မည်ဆိုလျှင် သူက မိန်းကလေး ပရိသတ်များ၏ ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည် မဟုတ်လော။
သူက ဖန့်ရှင်းတစ်ယောက် သူ့ဓားကို ငှားရမ်းခြင်းအား မကြိုက်လျှင်ပင် ရွေးချယ်စရာ မရှိချေ။
ဖန့်ရှင်းက သူ၏ ဓားကို ငှားရမ်းရန် တမင်တကာ ရည်ရွယ်ထားပုံရ၏။
ယခုဖြစ်ရပ်က အလွန် သဘာဝကျသည်ဟု ထင်ရသော်လည်း ဝမ်လင်းကမူ ဖန့်ရှင်း တစ်ယောက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု ခံစားနေရသည်။
ဟုတ်ပါသည်.. ဝမ်လင်းတွင် ကျင့်ခယ်ကို ဌားပေးရသည့် ကိုယ်ပိုင် အကြောင်းပြချက်လည်း ရှိသည်။
ကျင့်ခယ်တွင် ကိုယ်ပိုင်အသိစိတ် ရှိ၏။
ဖန့်ရှင်း နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထူးခြားမှုရှိနေခဲ့လျှင် ကျင့်ခယ်က ၎င်း၏ အစွမ်းသတ္တိဖြင့် သိရှိနိုင်မည် ဖြစ်သည်။
ကာယအတန်းချိန်သည် ဖန့်ရှင်း၏ တစ်ကိုယ်တော် သရုပ်ပြပွဲလို ဖြစ်လာခဲ့၏။
အားကစားအဖွဲ့၏ သင်ကြားရေးနှင့် သုတေသနအဖွဲ့ အကြီးအကဲအဖြစ် စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့သည့် ဆရာယဲ့အတွက် အမှတ် ၆၀ အထက်တန်းကျောင်း၏ ခရိုင်အဆင့် ကျောင်းသား အားကစား တွေ့ဆုံပွဲမှာ အမြဲ ခေါင်းခဲစရာ ဖြစ်ခဲ့သည်။
ယခုနှစ်တွင် ချန်းချောင် အပါအဝင် ထူးချွန်သော ကျောင်းသား အများအပြားက အားကစား ထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ဆရာယဲ့ဟန်က ပျိုးပင်ငယ်လေး ဖန့်ရှင်းကို ရုတ်တရက် တွေ့ရှိပြီးနောက်တွင် ဤအခွင့်အရေးကို လုံးဝ အလဟဿ အဖြစ်မခံနိုင်ဟု ခံစားမိသည်။
ဖန့်ရှင်းက ကျင့်ခယ်ကို ကိုင်ထားပြီးနောက် စမှတ်မျဥ်းတွင် ရပ်ကာ ဆရာယဲ့ဟန်၏ လမ်းညွှန်မှုကို စောင့်ဆိုင်းနေ၏။
အစောပိုင်းတွင် သူက သင်ကြားရေး ဓားကို အသုံးပြုပြီး ကွင်းဆယ်ပတ်ကို အချိန်တစ်မိနစ်ခွဲဖြင့် ပြီးမြောက်ခဲ့သည်။
သာမန်ဝိညာဥ်ဓားဖြင့် ဆိုလျှင် အနည်းဆုံး စက္ကန့်သုံးဆယ်ကနေ အများဆုံး နှစ်မိနစ်သာ ဖြစ်သည်။
ယခုနှစ် ကျောင်းသား အားကစားပွဲတော်တွင် အမှတ် 60 အထက်တန်းကျောင်း၏ အမှတ်များက အလွန်တစ်ရာ ခိုင်မာနေပြီဟု ဆရာယဲ့က ယူဆခဲ့သည်။
ဆရာယဲ့ဟန်က လက်ဝှေ့ယမ်းလိုက်သည့် အခါတွင် ဖန့်ရှင်းက လမ်းကြောင်းအတိုင်း ပြေးသွားခဲသည်။
ဖန့်ရှင်းက ဖြည်းဖြည်း နှင့် မှန်မှန်သာ ပြေးနေသော်လည်း သူ၏ ပြေးနှုန်းက သာမန်လူတစ်ဦး၏ ပြေးနှုန်းထက် များစွာ ပိုမြန်နေသည်။
စတင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖန့်ရှင်းက သူ့ အနောက်ဘက်တွင် အရိပ်အယောင် များစွာကို ချန်ထားခဲ့ပြီး ပတ်ဝန်းကျင်ရှိ မိန်းကလေး များစွာကို အားပေးထောက်ခံသောပရိသတ်များ အဖြစ် ချက်ချင်း ပြောင်းလဲစေခဲ့သည်။
မိန်းကလေးများက သည်းသည်းလှုပ် နေကြသဖြင့် ယောကျာ်းလေးများက မနာလို ဖြစ်လာကြသည်။
အပြောင်းအရွှေ့ ကျောင်းသား တစ်ယောက် ဖြစ်သည့် ဖန့်ရှင်းက ကျောင်းသား အချို့ကို မပျော်မရွှင် ဖြစ်စေခဲ့သည်။
သို့ရာတွင် ယောကျာ်းလေးများက ဤမကျေနပ်မှုများကို စိတ်ထဲမှာသာ သိမ်းထားလိုက်သည်။
ဖန့်ရှင်း နှင့် ဆန့်ကျင်ဘက်တွင် နေဖို့ ဆုံးဖြတ်သည့် မည်သူမဆို ယင်းအတွက် သေချာပေါက် ခါးသီးစွာ ခံရမည် ဖြစ်သည်။
ဤသည်က မိန်းကလေးတွေ သူတို့ကို အထင်အမြင်သေးစေမည့် လုပ်ရပ် တစ်ခုလည်း ဖြစ်သည်။
ထို့အပြင် သူတို့က ဖန့်ရှင်း နှင့် သီးသန့် ပြဿနာရှာရန် ကြိုးစားခဲ့သော်လည်း သူ့ကို အနိုင်မယူနိုင်သည့် သာဓကများလည်း ရှိနေသည်။
{ဘာပြောတာလဲ.. မင်းငါ့ကို မုန်းတီးနေရင်တောင် ငါမင်းကိုရှင်းထုတ်ပစ်မှာ မဟုတ်ဘူး}
ဤစကားက လက်ရှိအချိန်တွင် ဖန့်ရှင်း နှင့် အလွန်သင့်လျော်သည်ဟု ဝမ်လင်း ခံစားမိသည်။
မမျှော်လင့်ဘဲ ဖန့်ရှင်းက ပထမ ခြောက်ပတ်ကို လွယ်လွယ်ကူကူ ပြေးနိုင်ခဲ့ပြီး ကျင့်ခယ်သည်လည်း သူ၏ ဦးခေါင်းထက်ရှိ လေထဲတွင် တည်ငြိမ်စွာ လွင့်မျောနေခဲ့သည်။
ဝမ်လင်းက ကျင့်ခယ်ကို ပေးစဥ် ကျင့်ခယ်အား အတတ်နိုင်ဆုံး အေးအေးဆေးဆေးနေရန် တောင်းဆိုထားပြီး ဖန့်ရှင်း၏ ဝိညာဥ် စွမ်းအင်ကို ပိုမို လျော့နည်းစေမည့် နည်းလမ်းအား ရှာဖွေခိုင်းခဲ့သည်။
သို့သော် ဖန့်ရှင်းက ယခုအချိန်ထိ ကျင့်ခယ်ကို အမှန်တကယ် ကိုင်တွယ်နိုင်ခဲ့၍ ဝမ်လင်းတစ်ယောက် အံ့သြသွားခဲ့သည်။
သတ္တမမြောက် အပတ်တွင်မူ ဖန့်ရှင်း၏ ပါးပြင်မှ ချွေးများ စီးကျလာပြီး နှေးကွေးလာသည်မှာ သိသာထင်ရှားသည်။
ဟုတ်ပါသည်.. သာမန်လူများ၏ မျက်လုံးထဲတွင်မူ သူက အရိပ်များ ချန်ရစ်နေဆဲပင်။
ဆရာယဲ့ဟန်က ဖန့်ရှင်းကို အနီးကပ် ကြည့်ရင်း အကဲခတ်နေသည်။
ဆရာယဲ့ဟန်က ကာယကို နှစ်ပေါင်းများစွာ သင်ကြားပြီးနောက် ပြေးနှုန်း ကွာဟချက်မျိုးတွင် အလွန် အကဲဆတ်သည်။
ဝမ်လင်းက သစ်ပင်ရိပ်တွင် ထိုင်နေရာရင်း လှမ်း၍ ကြည့်ရှုနေ၏။
ချန်းချောင်ကလည်း ခါးထောက်၍ တအံ့တသြ ကြည့်နေသည်ကို သူတွေ့လိုက်ရသည်။
"အတန်းဖော် ဖန့်ရှင်းက သောက်ရမ်း ရူးသွပ်တဲ့လူပဲ"
ဤနေရာတွင် ဖန့်ရှင်းကို "အရူး" ဟု ခေါ်ခြင်းသည် ချီးကျူးခြင်း ဖြစ်သည်။
ချန်းချောင်၏ အဆင့်အတန်းသည် ဟွာရှို့နိုင်ငံ၏ အခြေခံ တည်ဆောက်ခြင်း အဆင့်ရှိ ပထမတန်းစား အားကစားသမားများ အဆင့်အတန်းတွင် ရှိသည်။
ထို့ကြောင့် သူ၏အကဲဖြတ်မှုက ဖန့်ရှင်း တစ်ယောက် သာမန်မဟုတ်ကြောင်း သက်သေပြရန် လုံလောက်နေ၏။
ဖန့်ရှင်းက သာမန် မဟုတ်သည်ကို ဝမ်လင်းက အစကတည်းက ခံစားမိသည်။
ဝမ်လင်းက လမ်းကြောင်းကို ကြည့်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဖန်ရှင်းက ကိုးပတ်မြောက်ကို ပတ်ပြေးနေပြီ ဖြစ်၏။
မမျှော်လင့်ဘဲ သူ၏ နှေးကွေးလာသော ပြေးနှုန်းက အမျိုးသမီး ကျောင်းသူများ၏ အားပေးသံများနှင့် အတူ ရုတ်တရက် အရှိန်ပြန်ရလာသည်။
ဆယ်ပတ်ပြည့်သည်နှင့် ဆရာယဲ့ဟန်က ဝီစီ မှုတ်လိုက်ရာ အဆုံးသတ်တွင် စံချိန်မှတ်သည့် နာရီလက်တံက တစ်မိနစ်နှင့် သုံးဆယ့်တစ် စက္ကန့်တွင် ရပ်တန့်သွားသည်။
"အရမ်း... မိုက်တယ်ကွာ"
ဆရာယဲ့ဟန်က စံချိန်ကို ကြည့်ရင်း အထိန်းကွပ်မဲ့ စိတ်လှုပ်ရှားနေကာ ခုန်ပေါက်လုမတတ် ဖြစ်နေသည်။
ဖန့်ရှင်းက သာမန်ဝိညာဉ်ဓားကို အသုံးပြုသောအခါနှင့် ယခု ကွာခြားချက်မှာ တစ်စက္ကန့်မျှသာ ဖြစ်သည်။
ထို့အပြင် အရေးကြီးဆုံးမှာ သူအသုံးပြုခဲ့သော ဝိညာဉ်ဓားက ကျောင်းသား ဝမ်လင်း၏ ပိုင်ဆိုင်မှု ဖြစ်နေသလို သူနှင့်လည်း စာချုပ် ချုပ်ဆိုထားခြင်းလည်း မရှိပေ။
ထိုကဲ့သို့ ဝိညာဥ်ဓားနှင့် ဆက်ဆံရေးမျိုး မရှိသည့် အခြေအနေမှာပင် ဖန့်ရှင်းက အားကစား ကျောင်းသားများထက် ပိုမိုထူးခြားသော ရလဒ်များကို ရရှိခဲ့သည်။
ဆရာယဲ့ဟန်က ရတနာကို တူးဖော် တွေ့ရှိသွားသလို ခံစားလိုက်ရသည်။
အပြေးလေ့ကျင့်ပြီးနောက်တွင် ဖန့်ရှင်း၏ မျက်နှာက အနည်းငယ် နီရဲနေ၏။
သူက ဝမ်လင်းထံ သွားကာ ကျေးဇူးတင်စကားဆို၍ ကျင့်ခယ်ကို ပြန်ပေးကာ အမောဖြေနေခဲ့သည်။
ကျင့်ခယ်ကို ပြန်လည် သိမ်းယူပြီးသောအခါ ဖန့်ရှင်း၏ နယ်ပယ် အတိအကျက အခြေခံ တည်ဆောက်ခြင်း အဆင့်ကဲ့သို့ မရိုးရှင်းကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
[ဒီလူက ဘာလို့ အစွမ်းတွေကို သိုဝှက်ထားရတာလဲ"
ဝမ်လင်းက အခြေအနေကို အတိအကျ မသိသည့် အတွက် ဤခံစားချက်ကို မကြိုက်ပေ။
ဖန့်ရှင်းက ချွေးသုတ်ရင်း တောက်ပစွာ ပြုံးပြလိုက်သည်။
"အတန်းဖော်.. ကျေးဇူးတင်ပါတယ်.. သြော် ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ"
ဝမ်လင်းက သူ၏ နက်ရှိုင်းသော အကြည့်များကို နဖူးမှဝဲကျနေသော ဆံစအောက်တွင် ဖုံးကွယ်ထားသည်။
သူတို့က ဒုတိယ အကြိမ်မြောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။
ဝမ်လင်းက သူ့ပါးစပ်ကို မဖွင့်ခင်မှာပင် သူ့ဘေးနားမှ ချန်းချောင်က ကိုယ်စား ဝင်ဖြေပေးလိုက်သည်။
"သူ့နာမည်က ဝမ်လင်းလို့ခေါ်တယ်.. သူက စကား များများ ပြောရတာကို မကြိုက်ဘူး"
ချန်းချောင်က လူအများနှင့် ပေါင်းသင်း ဆက်ဆံတတ်ပြီး အားကစား စွမ်းရည်များကို အမြဲလိုလို နှစ်သက်သောကြောင့် ဖန့်ရှင်းအပေါ် သူ၏ အထင်ကြီးမှုက မဆိုးလှပေ။
"အင်း ဒါဆို မင်းက အတန်းဖော် ဝမ်လင်းပေါ့"
ဖန့်ရှင်း ခေါင်းညိတ်၍ ပြောလိုက်ပြီး ရုတ်တရက် သူ့ဘေးမှ ဆရာယဲ့ဟန်ကို ကြည့်လိုက်သည်။
"ဆရာ.. အားကစားပွဲအတွက် လိုအပ်တဲ့လူတွေ အကုန်လုံး ဒီမှာရှိလား"
ဆရာယဲ့ဟန်က ခဏမျှတွေးပြီးမှ ပြောလိုက်သည်။
"တိကျတဲ့ လူစာရင်းကိုတော့ ဆရာ မဆုံးဖြတ်ရသေးဘူး.. ဒါပေမယ့် ဒီနှစ်မှာ အဓိကမြို့ပြ အထက်တန်းကျောင်း ဖြစ်ချင်တယ် ဆိုရင်တော့ ဒီခရိုင်ပြိုင်ပွဲကို အလေးအနက်ထားရမယ်.. ကျောင်းအုပ်ကြီးချမ်းက ဖြစ်နိုင်သမျှ အတောင့်တင်းဆုံး လူစာရင်းကို ဖန်တီးစေချင်နေတယ်.. ငါ့အနေနဲ့က လက်ရွေးစင် လူစာရင်း အတွက် ကျောင်းသား ချန်းချောင် နဲ့ မင်းရဲ့ နေရာတွေကိုတော့ အတည်ပြုပြီးပါပြီ"
"ကျနော်သိပါပြီ"
ဖန့်ရှင်းက ဆရာယဲ့ကို ကြည့်ရင်း ပြုံးလိုက်သည်။
"တကယ်တော့ အတန်းဖော် ဝမ်လင်းက တော်တော် သန်မာတယ်လို့ ကျနော် ထင်တယ်.. သူ့ကို ကျနော်တို့နဲ့ ဘာလို့ တွဲမကစားခိုင်းရတာလဲ"
".............."
ဝမ်လင်းက ဖန့်ရှင်း၏ ရည်ရွယ်ချက်ကို မြင်လိုက်ရသည်။
"ဒီကောင်.. သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ"