ကျနော်တို့မိသားစုလည်း ခေါက်ဆွဲဆိုင်ဖွင့်ထားတယ်
Vol. 18 Ch. 262
ဤသည်မှာ ထောင်ချောက်ဆင်ခံရသည့် အတွေ့အကြုံကို ဝမ်လင်း အနေဖြင့် ပထမဆုံးအကြိမ် ခံစားရခြင်းပင်။
လျှို့ဝှက်ဆန်းကြယ်သော အဖြစ်အပျက်များက တစ်ခါတစ်ရံတွင် ဖြစ်တတ်သော်လည်း၊ အခြေအနေ တစ်ရပ်ရပ်တွင် တိုက်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သူယုံကြည်သော်လည်း ၎င်းက တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် ထိုထက် ပို၍ ဖြစ်ပျက်ခဲ့လျှင် ထိုအရာများက ပုံမှန် မဟုတ်ဟု သူစတင်သံသယ ဖြစ်လိမ့်မည် မဟုတ်လော။
ထို့ကြောင့် ဖန့်ရှင်းက ဝမ်လင်းကို ပေးခဲ့သော အထင်အမြင်မှာ အလွန်ထူးခြားသည်။
ဤအခိုက်အတန့်တွင် ဖန့်ရှင်းက မျက်လုံးထောင့်ကနေ လှမ်းကြည့်နေသည်ကို ဝမ်လင်း မြင်လိုက်ရပြီး သူတို့နှစ်ဦးက အကြည့်ချင်း ဆုံသွားခဲ့သည်။
တိုက်ဆိုင်မှု ဟုတ်ဟုတ် မဟုတ်ဟုတ် ဝမ်လင်းက ဖန့်ရှင်းကို အလွန် သတိထားခဲ့သည်။
သို့သော် ဝမ်လင်းက သူ့ဘက်မှ ပထမဆုံး လှုပ်ရှားမှု ပြုလုပ်ရန် ဘယ်တုန်းကမှ မစဥ်းစားခဲ့ပေ။
ဆရာယဲ့ဟန်က ဖန့်ရှင်း၏ အကြံပြုချက်ကြောင့် အလွန်ပျော်နေ၏။
ဆရာယဲ့ဟန်က ဝမ်လင်းကို အထင်ကြီးစရာ သိပ်မရှိပေ။
သို့ရာတွင် အမှတ် 59 အထက်တန်းကျောင်း၏ ယခင် ဝိညာဥ်ဓားဖလှယ်ပွဲတွင် ဝမ်လင်းက အထူး ကံကောင်းစေသည်ဟု သူခံစားခဲ့ရ၏။
ဤတစ်ခေါက်တွင်လည်း ဝမ်လင်းက လာဘ်ကောင်လေး အဖြစ် တိုက်ပွဲဝင်နိုင်ပါမည်လော။
"ကျောင်းသား ဝမ်လင်း.. မင်း ငါတို့နဲ့ ပူးပေါင်းမှာလား"
ဖန့်ရှင်း၏ အကြံပြုချက် အပြီးတွင် ဆရာယဲ့ဟန်က ပွင့်ပွင့်လင်းလင်းပင် ဝမ်လင်းကို စည်းရုံးလိုက်သည်။
ဝမ်လင်း "............."
ခရိုင်အဆင့် ကျောင်းသား အားကစားတွေ့ဆုံပွဲနှင့် ပတ်သက်၍ ချန်းချောင်၏ ပြောကြားချက်ကို အမှန်တကယ် ကြားသိခဲ့ရသည်။
သို့သော် ဝမ်လင်းက ကျောင်းလက်ရွေးစင် အဖြစ် ကန့်သတ်ထားသော နေရာများထဲမှ တစ်ခုကို ဖြည့်နိုင်မည် မဟုတ်ဟု ခံစားခဲ့ရသည်။
သူက များသောအားဖြင့် ကျောင်းတွင် နိမ့်ကျသော ကိုယ်ရေးအကျဉ်းကိုသာ ထိန်းသိမ်းထားလို၏။
ထို့အပြင် သူ၏ ကာယ အဆင့်မှာလည်း အလယ်အလတ်တွင်သာ ရှိသည်။
ယခုနှစ်တွင် ချန်းချောင် အပါအဝင် အားကစားစွမ်းရည် ရှိသော ကျောင်းသားသစ် အများအပြား ရှိခဲ့သည်။
ဝမ်လင်းက သေသေချာချာ စဥ်းစားကြည့်ပြီးနောက် သူ့ကိုယ်သူ ရောင်းစားမိသလို ခံစားလိုက်ရသည်။
[ဘာလို့ သူ့ကိုယ်သူ သစ္စာဖောက်မိသွားတာလဲ]
အဆုံးသတ်တွင် ဝမ်လင်းက ထိုအရာကိုလုပ်ဖို့ အတင်းအကြပ် ဖိအားပေးခံရခြင်းသာ ဖြစ်၏။
..............
ထိုနေ့ ကျောင်းဆင်း၍ ဂိတ်တံခါးမှ ထွက်လာသောအခါ ဖန့်ရှင်း၏ ပတ်ဝန်းကျင်တွင် မိန်းကလေးများ ဝိုင်းရံထားဆဲ ဖြစ်သည်။
ဝမ်လင်းကလည်း ကျောင်းဂိတ်တံခါးမှ ထွက်လာသည်။
မည်သို့ပင်ဆိုစေကာမူ သူက ဖန့်ရှင်းနှင့် အတော်အလှမ်းဝေး၏။
ဝမ်လင်းက ယခုအချိန်တွင် တစ်ယောက် နှင့်တစ်ယောက် အဆက်အသွယ် နည်းပါးလေလေ ပိုကောင်းလေဟု ခံစားရသည်။
ဝမ်လင်းက အစောပိုင်းတွင် အိမ်သို့ တည်နေရာ တိုက်ရိုက် ရွှေ့ပြောင်းရန် ရွေးချယ်နိုင်ခဲ့သော်လည်း ဖိုးဖိုးဝမ်က ယခင်ပထမတန်းစား ဟိုတယ်တွင် သူနှင့်အတူ လုပ်ဆောင်ခဲ့သော တပည့်များဆီ အလည်အပတ်လာရင်း သူ့ဆီသို့ ရောက်လာသည်။
ဖိုးဖိုးဝမ်က သုံးဘီဆိုင်ကယ်ဖြင့် ရောက်လာ၏။
ထိုထက် ဆန်းကြယ်သောအရာမှာ ထွင်ထျန်းဟာလည်း ပါလာခြင်းပင်။
အမှတ် 60 အထက်တန်းကျောင်းရှေ့ရှိ လူကူးမြင်းကျား တစ်ဖက်ကို လှမ်းကြည့်လိုက်ရာ မကြာသေးမီက ဆားဗစ်ယူထား၍ တောက်ပနေသည့် သုံးဘီးဆိုင်ကယ် ပေါ်တွင် သူ့ကို စောင့်နေသည့် ဖိုးဖိုးဝမ်ကို မြင်လိုက်ရသည်။
ဤမြင်ကွင်းက ပျင်းရိငြီးငွေ့စွာ လဲလျောင်းနေသော အမွေးထူထူ အစိမ်းရောင် ခွေးတစ်ကောင်ကိုပါ ပေါင်းထည့်လိုက်လျှင် အနည်းငယ် ထူးထူးဆန်းဆန်း ဖြစ်နေသည်။
ဖိုးဖိုးဝမ်က လူအများမြင်နိုင်သည့် ထင်ရှားသော နေရာတွင် သုံးဘီးဆိုင်ကယ်ကို ရပ်ထားခဲ့၏။
ဝမ်လင်းက ကျောင်းဆင်းသည်နှင့် လွယ်အိတ်ကို ကောက်လွယ်ကာ စာသင်ခန်းမှ ချက်ချင်း ထွက်လာသည်။
သူက ဖန့်ရှင်းကို ရှောင်ပြီး အလျင်အမြန် ထွက်သွားချင်ခဲ့သည်။
"ဘာကိစ္စရှိလို့လဲ လင်းလင်း.. မင်းဘာလို့ အရမ်းထိတ်လန့်နေပုံရနေတာလဲ"
ဖိုးဖိုးဝမ်က အနည်းငယ် ထူးဆန်းသည်ဟု ခံစားရ၍ မေးခွန်းထုတ်လိုက်၏။
ထွင်ထျန်းဟာက ဝမ်လင်းကို မော့ကြည့်ကာ အံ့သြစွာဖြင့် မျက်တောင်ခတ်လိုက်သည်။
သူ့ဆရာလေးလင်းက ဤနေ့တွင် စိတ်နှင့်ကိုယ် သိပ်မကပ်ဟု သူခံစားရ၏။
သို့သော် လမ်းတစ်ဖက်မှ ဖန့်ရှင်းက ကောင်မလေးတွေကို နှုတ်ဆက်ပြီးနောက် သူတို့ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို မြင်လိုက်ရလျှင် သူက ချက်ချင်းပဲ ဖြစ်ပျက်ခဲ့သမျှကို မှန်းဆမိလိုက်သည်။
ထွင်ထျန်းဟာက ဖန့်ရှင်းကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သော်လည်း အလွန်ထူးဆန်းသည်ဟု ခံစားမိသည်။
ဖန့်ရှင်း၏ အော်ရာက ဖော်မပြနိုင်လောက်အောင် ရင်းနှီးနေသလို သူခံစားလိုက်ရသည်။
ဤအော်ရာအနံ့မျိုး အရင်က တစ်နေရာရာတွင် အနံ့ရဖူးသလို သူခံစားရ၏။
"လင်းလင်း.. ဒါက မင်းရဲ့ အတန်းဖော်လား"
ဖိုးဖိုးဝမ်က အနီးရှိ ဖန့်ရှင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။
ထို့နောက် မကြာခင်မှာပင် ဖိုးဖိုးဝမ်က သူ၏ ပထမဆုံးအကြိမ် ဖန့်ရှင်းအပေါ် အထင်ကြီးမှုကို ပြသခဲ့၏။
"မင်းရဲ့ အတန်းဖော်က ခြေတံတော်တော်ရှည်တယ်ဟ"
ဝမ်လင်း "............."
ဖိုးဖိုးဝမ်က နှစ်အတန်ကြာ မှတ်ဉာဏ်ချို့ယွင်းရောဂါ ဖြစ်ဖူးသော်လည်း ထိုရောဂါ ပျောက်ကင်းပြီးနောက် အာရုံခံစားမှုများက ယခင်ကထက် ထက်မြက်လာသည်။
ဖေဖေဝမ်က ဖိုးဖိုးဝမ်အား ဗီဒီယိုအသုံးပြုနည်းကို သင်ကြားပေးပြီးနောက်တွင် ဖိုးဖိုးဝမ်က ယနေ့ခေတ် လူငယ်များ၏ စရိုက်လဏ္ခဏာများကို အဆက်မပြတ် လေ့လာနေခဲ့သည်။
ထို့ကြောင့် ဖိုးဖိုးဝမ်က အလွန်ခေတ်မီသော အဘိုးအိုတစ်ဦးဟု ယူဆနိုင်သည်။
"ဟယ်လို.. အဖိုးက ဝမ်လင်းကို ကြိုဖို့လာတာလား"
ဖန့်ရှင်းက အနားကပ်လာပြီး နွေးထွေးစွာ နှုတ်ဆက်သည်။
ဖိုးဖိုးဝမ်က ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်" ဟူသော အဓိပ္ပါယ်ဖြင့် သူ့လက်ကို မြှောက်ပြလိုက်သည်။
ဝမ်လင်း"............"
ဖန့်ရှင်းက ရွှင်ပြစွာ ရယ်မောလိုက်သည်။
"ဖိုးဖိုးက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"
"မင်းနဲ့ ငါတို့ လင်းလင်းက အတန်းတူတူပဲလား.. စာသင်နှစ် စစချင်းမှာ ရိုက်ထားတဲ့ အတန်းသား ဓာတ်ပုံထဲမှာ မင်းကို မမြင်ဖူးဘူးထင်တယ်"
ဖိုးဖိုးဝမ်က ပြောလိုက်သည်။
"အတန်းတူပေမဲ့ အခန်းတော့မတူပါဘူး.. ကျနော့် နာမည်က ဖန့်ရှင်းပါ.. မနေ့ကမှ ဒီမှာ စာရင်းသွင်းခဲ့တဲ့ ကျောင်းသားသစ်ပါ "
ဖန့်ရှင်းက ပြန်ဖြေလိုက်သည်။
[ဒါဆို ဒီကလေးက အပြောင်းအရွှေ့ ကျောင်းသားတစ်ယောက်ပေါ့]
အဘိုးအိုက ဉာဏ်အလင်းရသွားသည်။
စာသင်နှစ် တစ်ဝက်တွင် ရုတ်တရက် ကျောင်းပြောင်းဖို့ဆိုလျှင် ဤလူငယ်၏ နောက်ကွယ်မှ အဆက်အသွယ်များနှင့် ငွေကြေးများက ရိုးရှင်းမည် မဟုတ်လောက်ပေ။
ထို့အပြင် ဖိုးဖိုးဝမ်က ဖန့်ရှင်း မိဘများ၏ ပုံရိပ်ကို သူ့စိတ်ထဲတွင် ပုံဖော်ထားပြီ ဖြစ်သည်။
[ဦးခေါင်းကြီးပြီး ထူထဲသောလည်ပင်း၊ မင်းအဖေက သြဇာကြီးမားတဲ့ သူဌေးကြီး မဟုတ်ရင် စားဖိုမှူးပဲ ဖြစ်ရမယ်]
ထို့ကြောင့် ဤအတန်းဖော် ဖန့်ရှင်း၏ မိဘများမှာ သူဌေးမဟုတ်လျှင် စားဖိုမှူး ဖြစ်နိုင်သည်။
ဖိုးဖိုးဝမ်က ချက်ချင်းပင် ဖန့်ရှင်း နှင့် ဘုံတူညီချက်တစ်ခု(တူညီသောဝါသနာကို)ကို တွေ့ရှိသွားသည်ဟု ခံစားလိုက်ရသည်။
"............."
ဝမ်လင်းက ဖိုးဖိုးဝမ်၏ ထူးဆန်းသော တွေးခေါ်ပုံနှင့် ပတ်သက်၍ ဘာပြောရမှန်းမသိ ဖြစ်နေသည်။
"ကျောင်းသားဖန့်.. မင်းက လင်းလင်းနဲ့ တစ်ခန်းတည်းမှာ မဟုတ်ဘူး ဆိုပေမယ့်လည်း ကျောင်းနေဖက် ဖြစ်နေတုန်းပဲ.. မင်း ငါတို့ရဲ့ လင်းလင်းကို အနာဂတ်မှာ ကောင်းကောင်း ဆက်ဆံနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"
ဖိုးဖိုးဝမ်က ဖန့်ရှင်းကိုကြည့်ကာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ အဖိုး.. အတန်းဖော် ဝမ်လင်း နဲ့ ကျွန်တော်က နှစ်ပတ်အတွင်း ခရိုင်အဆင့် အားကစားပွဲမှာ ကျောင်းကို ကိုယ်စားပြုဖို့ ပါဝင်ထားတယ်.. အဲဒီအခါကျရင် သူ့ကို သေချာလေး ဂရုစိုက်ပါ့မယ်"
ထိုစကားကို ပြောနေချိန်တွင် ဖန့်ရှင်း၏ မျက်နှာ၌ အန္တရာယ်ကင်းသည့် အပြုံးတစ်ခုရှိနေသည်။
သူ့မျက်လုံးများကလည်း အဓိပ္ပါယ် လေးနက်မှုနှင့်အတူ အနည်းငယ် ကျဥ်းမြောင်းသွားသည်။
ဝမ်လင်းက ဖန့်ရှင်း၏ စိတ်ကို ဖတ်ကြည့်လိုက်သောအခါ ဖန့်ရှင်း၏ ခေါင်းထဲ၌ မကောင်းသော ရည်ရွယ်ချက်ကို စိုးစဥ်းမျှ ရှာမတွေ့ခဲ့ပေ။
ဤကောင်က သူတွေ့ဖူးသမျှထဲတွင် အထူးဆန်းဆုံးလူ ဖြစ်သည်။
ဖိုးဖိုးဝမ် နှင့် ခဏမျှ စကားစမြည် ပြောပြီးနောက် ဖန့်ရှင်းက သုံးဘီးဆိုင်ကယ်၏ ကုန်စည်သိမ်းဆည်းသည့် အံဝှက်ထဲတွင် ကုန်စိမ်းများကို ရုတ်တရက် သတိပြုမိခဲ့သည်။
ယင်းမှာ ဟိုတယ်ကနေ အပြန်တွင် ဖိုးဖိုးဝမ်၏ တပည့်များ လက်ဆောင်ပေးခဲ့သည့် လတ်ဆတ်သည့် အသားနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်၏။
ကုန်စိမ်းနှင့်အသားများက သုံးဘီးဆိုင်ကယ် တစ်ဝက်ခန့် ပြည့်နှက်နေ၏။
"Kikkaro စားတော်ဆက်မှ အထူးပြုလုပ်သည်" ဟူသော စာသားပါသည့် လေဖောင်းအိတ် တစ်ခုထဲတွင် ဝက်ပေါင်ခြောက် အကြီးကြီး တစ်ခုကို ထုပ်ပိုးထားသည်။
"အဖိုးက စားဖိုမှူးလား"
ဖန့်ရှင်းက စိတ်ဝင်တစား မေးလိုက်သည်။
"ဟုတ်ပါတယ်.. ဒါပေမယ့် အဖိုးက အနားယူပြီးပါပြီ.. အသက်ကြီးလာတော့ ယောက်ချိုဇွန်းကိုတောင် ကောင်းကောင်း မကိုင်တွယ်နိုင်တော့ဘူးလေ"
ဖိုးဖိုးဝမ်က ပြုံးလိုက်သည်။
"တိုက်ဆိုင်လိုက်တာ"
ဖိုးဖိုးဝမ်၏ တုံ့ပြန်မှုကို ကြားသောအခါ ဖန့်ရှင်းက အံ့အားသင့်စွာ ကြည့်လိုက်သည်။
"အဖိုးသိလား.. ကျနော်တို့ မိသားစုကလည်း ခေါက်ဆွဲဆိုင်ကို ဖွင့်ထားတာလေ"
"အိုး.. ခေါက်ဆွဲဆိုင်လား.. ဘယ်လို ခေါက်ဆွဲ အမျိုးအစားတွေ ရောင်းတာလဲ"
ဖိုးဖိုးဝမ်က ရုတ်တရက် စိတ်ဝင်စားသွားသည်။
ဖန့်ရှင်း "ခေါက်ဆွဲ အမျိုးအစား အစုံပေါ့.. ဒါပေမယ့် ကျနော်တို့ဆိုင်ရဲ့ အကျော်ကြားဆုံး ခေါက်ဆွဲကတော့ လန်ကျိုးရှီးဖူ ကိုယ်တိုင် လုပ်ထားတဲ့ အမဲသားအရွတ်ကို အသင့်စား ခေါက်ဆွဲ ပုံသဏ္ဍာန် ဖြစ်အောင် လုပ်ပြီးတော့ အပူချိန်မြင့်မြင့်နဲ့ ကြော်ထားတဲ့ သရေစာပဲ.. အဆုံးမှာတော့ အဲဒါက ခေါက်ဆွဲခြောက်ကြွပ်ကြော် သရေစာတွေ ဖြစ်လာတယ်"
အဘိုးဝမ် ".........."
ထွင်ထျန်းဟာ ".........."
ဝမ်လင်း "..........."