အယ်ဒီတာအားလုံးကို အဆီပိတ်နေတဲ့ ငမိုက်သားလို့ ဘယ်သူပြောတာလဲ
Vol. 18 Ch. 264
ရှစ်နာရီဝန်းကျင်တွင် ဝမ်လင်းက မနက်စာအတွက် ဖက်ထုပ်ပြုတ်အချို့ကို စားနေစဥ် ချက်ဂရုကို အကဲခတ်လိုက်သည်။
ဂရုထဲမှလူများက ယနေ့နံနက်ခင်းတွင် အလွန်သက်ဝင်လှုပ်ရှားကာ တက်ကြွနေသည်ကို သူသတိပြုမိသည်။
ဓမ္မရာဂျာကက မိစ္ဆာတောင်ကြား အကြောင်းကို ပြောခြင်းဖြင့်စကားဝိုင်းကို ဖွင့်လိုက်သည်။
ဝမ်လင်းက ဤဒဏ္ဍာရီလာ လျှို့ဝှက်နယ်မြေ အကြောင်းကို ကြားဖူးသည်။
သို့သော် ကံဆိုးစွာဖြင့် ၎င်းနယ်မြေ ထွက်ပေါ်လာတတ်သည့် အချိန်က အလွန်ပင် ရှားပါးသည်။
ဤဒဏ္ဍာရီက အခြေခံအားဖြင့် ကျင့်ကြံမှု အသိုင်းအဝိုင်း အတွင်းရှိ ကောလာဟလများမှတဆင့် ပေါ်ပေါက်လာခဲ့သည်။
၎င်းက Wechat လှုပ်ရှားမှုတွင် မကြာခဏ ပေါ်လာတတ်သည်။
ကိုယ်တိုင် မျက်စိနှင့် မည်သူမှ မမြင်ဖူး မတွေ့ဖူးသော်လည်း ယုံကြည်ရသည့် စာရင်းဇယားတွေအရ ကမ္ဘာခြားဂိတ်ပေါက်ထက်ပင် ထွက်ပေါ်လာတတ်ချိန် နည်းပါး၏။
ဝမ်လင်းက ဤလျှို့ဝှက်ဆန်းကြယ်နယ်မြေကို အလွန်စိတ်ဝင်စားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက အခြားကိစ္စတစ်ခုနှင့် ပတ်သက်၍ ဗုံးပစ်စီနီယာ အင်မော်တယ်ကို ရှာဖွေခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျောင်းခြောက်ကျောင်းအတွက် ပူးတွဲစစ်ရေး လေ့ကျင့်မှု အတွင်း ကမ္ဘာခြားဂိတ်တံခါးတွင် ညှပ်သွားသော ဧရာမ မှင်စာလက်က ၎င်း၏အမြင်အာရုံ နယ်ပယ်ထဲတွင် ယခုတိုင် ရှိနေသေးသည်။
နတ်ဆိုးဘုရင်၏ လက်က အမြင်အာရုံ နယ်ပယ်မှာပင် ပြိုကွဲမသွားခဲ့ပေ။
ရိုးရိုးသားသား ပြောရလျှင် ဤနတ်ဆိုးဘုရင်လက်က ဝမ်လင်း အတွက် အသုံးမဝင်ပေ။
ဝယ်သူအတွက်မူ ဤနတ်ဆိုးဘုရင်၏ လက်က သေချာပေါက် အလွန်တန်ဖိုးရှိမည်မှာ သေချာသည်။
ကံဆိုးစွာဖြင့် ဖေဖေဝမ်ရော မေမေဝမ်ပါ အသုံးမပြုနိုင်ခဲ့ပေ။
ဤသည်က နတ်ဆိုးဘုရင်၏ လက်တစ်ဖက်သာ ဖြစ်သော်လည်း ၎င်းတွင် ပါဝင်သည့် နတ်ဆိုးစွမ်းအင်မှာ အလွန်ပင် သိပ်သည်းလှသည်။
သာမန်လူသာ ၎င်းကို တစ်ကိုက်မျှ မျိုချမိလျှင် နတ်ဆိုးစွမ်းအင်၏ သက်ရောက်မှုကို ခံနိုင်ရည် ရှိမည်မဟုတ်ဘဲ ခန္ဓာကိုယ် ပေါက်ကွဲထွက်ကာ သေဆုံးသည်အထိ ဖြစ်နိုင်၏။
ထို့ကြောင့် ဝမ်လင်းက ၎င်းကို ပြန်လည် အသုံးပြုရန်အတွက် ဗုံးပစ်စီနီယာ အင်မော်တယ်ဆီသို့ အမြန်ဆုံး လွှဲပြောင်းပေးခြင်းသည်ကသာ အကောင်းဆုံး ဖြစ်သည်ဟု ယူဆထားသည်။
နတ်ဆိုးဘုရင်၏ လက်မှာ အရိုးမှ အရွတ်အထိ အဖိုးမဖြတ်နိုင်ပေ။
'ဖက်တီးလော'က အရိုးများကို အသုံးပြု၍ လက်နက်များ ပြုလုပ်နိုင်ပြီး ကျန်ရှိသော အရာများကို အင်မော်တယ်ထုန်ရာက ဆေးဝါးဖော်စပ်ရာတွင်အသုံးပြုနိုင်သည် မဟုတ်လော။
...................
လဲ့မုန့်မုန့်က ရေချိုးရန် အပေါ်ထပ်သို့ တက်သွားသောအချိန်တွင် မေမေဝမ်က စားပွဲကို ရှင်းလင်းနေသည်။
ဝမ်လင်းက အပေါ်ထပ်ကို တက်နေသော အချိန်၌ မီးဖိုချောင်မှ မေမေဝမ်၏ အသံကို ကြားလိုက်ရသည်။
"လင်းလင်း အိမ်ရှေ့တံခါးမှာ ပါဆယ်ထုပ် တစ်ထုပ် ရောက်နေတယ်.. မင်းဟာ ဟုတ်မဟုတ် စစ်ဆေးကြည့်လိုက်ပါဦး"
[တစ်စုံတစ်ယောက်က ပါဆယ်ထုပ်ကို ပို့ခဲ့တာလား]
ဝမ်လင်းက ခဏမျှ တုံ့ဆိုင်းနေသည်။
ပါဆယ်ထုပ် ပို့ပေးသောသူကို သူစဥ်းစား၍ မရပေ။
ပစ္စည်း လာပို့သည့်လူက အထုပ်ကို အိမ်ရှေ့တွင် ခိုးကြောင်ခိုးဝှက် ချသွားပြီး လက်ခံရရှိကြောင်း လက်မှတ်ပင် မတောင်းဘဲ ထွက်သွားခဲ့သည်။
တွေးကြည့်လျှင်ပင် ယင်းက ထူးခြားနေ၏။
အိမ်တံခါးဝသို့ရောက်လျှင် ဝမ်လင်းက တင်းကျပ်စွာ ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ်ကို တွေ့လိုက်သည်။
၎င်းက ပါးလွှာသော ကတ်ထူသေတ္တာ ဖြစ်ပြီး အနက်ရောင်သံအလွှာပါးဖြင့် အမှန်အကန် ထုပ်ပိုးထားသည်။
ထို့နောက် ပလပ်စတစ် အထူတစ်လွှာဖြင့် ထုပ်ပိုးထားပြန်၏။
တစ်နည်းအားဖြင့် သာမန်လူမဟုတ်ဘဲ ကျင့်ကြံသူသာလျှင် ဤပါဆယ်ထုပ်ကို ဖွင့်နိုင်မည် ဖြစ်သည်။
မှော်ရတနာကို အသုံးမပြုဘဲ ဖွင့်မည်ဆိုလျှင် အနည်းဆုံး ရွှေအမြူတေအဆင့်သို့ ရောက်မှသာ ဖြစ်နိုင်ပေမည်။
ဤကမ္ဘာပေါ်ရှိ မည်သူက ဤအရာကို သူ့ဆီ ပို့ခဲ့ပါသနည်း။
ပါဆယ် ပေးပို့သူ၏ အမည်နေရာတွင် ခရေပွင့်သဏ္ဍာန်သင်္ကေတများ စီတန်း၍ ရှိနေသဖြင့် အမည်ဝှက်ဖြင့် ပို့လိုက်သည်မှာ ထင်ရှားနေ၏။
ဤကိစ္စက အလွန်ထူးဆန်းပြီး သံသယဖြစ်စရာ အနည်းငယ်ရှိသည်ဟု ဝမ်လင်း တွေးမိသည်။
အဘယ်ကြောင့်ဆိုသော် သူက အိမ်ငယ်လေး တစ်ဝိုက်တွင် မည်သည့်အော်ရာကိုမျှ လုံးဝ မခံစားမိသောကြောင့် ဖြစ်သည်။
ပို့ဆောင်ရေး ဝန်ထမ်းက ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ဖွယ်ရှိပြီး အော်ရာကို ဖုံးကွယ်ရာတွင်လည်း အလွန် ထူးချွန်ပုံရ၏။
ဝမ်လင်းက ပေါ့ဆမိပြီး အလစ်အငိုက် ဖမ်းခံခဲ့ရသည်။
သူက ပါဆယ်ထုပ်ကို ကောက်ယူလိုက်သည်။
အထုပ်ကို ကောက်ယူပြီးနောက် ရုတ်တရက် တုန်လှုပ်သွားသည်။
သူက အထုပ်နှင့်ပတ်သက်၍ အလွန်အမင်း ဂရုတစိုက် ကိုင်တွယ်ခဲ့၏။
သို့သော် အတွင်းပိုင်းတွင် လှုပ်ရှားမှု အနည်းငယ်မျှပင် မရှိခဲ့ပေ။
ထို့နောက် ဝမ်လင်းက အထုပ်၏ အတွင်းပိုင်းကို တိုက်ရိုက်ကြည့်ရှုရန် သူ၏ ကောင်းကင်မျက်လုံးကိုဖွင့်၍ စစ်ဆေးလိုက်ရာ အန္တရာယ် တစ်စုံတစ်ရာ မပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အထုပ်ထဲ၌ အလွန်သေးငယ်သော USB drive တစ်ခု ရှိနေ၏။
သူက ခဏမျှ တွေးတော ဆင်ခြင်ပြီးနောက်တွင် သူ၏ လက်သည်းများကို အသုံးပြုကာ အထုပ်ကို တိုဟူးခုတ်ဖြတ်သကဲ့သို့ လွယ်ကူစွာ ဖွင့်လိုက်သည်။
"အစ်မ.. မင်းရဲ့ ရေပူပေးစက်က အရမ်းအံ့သြစရာ ကောင်းတတာပဲ.. အဲဒါက အပူထိန်း စမတ် အာရုံခံ ကိရိယာကို အသုံးပြုထားတဲ့ပုံပဲ.. ဒီဟာက နည်းနည်း အေးလာတာနဲ့ ချက်ချင်း ပူအောင် လုပ်ပေးနိုင်တယ်"
လဲ့မုန့်မုန့်က အောက်ထပ်သို့ ဆင်းလာရင်း ဝမ်မင်၏ သုတေသနပြုချက်ဖြင့် တီထွင်ထားသည့် အပူထိန်း စမတ်အာရုံခံစက်ကို ချီးမွမ်းခန်း ဖွင့်လိုက်သည်။
လဲ့မုန့်မုန့်က ဖေဖေဝမ်၏ လက်ရှည်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားသည်။
သူက အောက်ခံအဖြစ် အနီရောင်တောက်တောက် အသားကပ် ဘောင်းဘီရှည်အား ဝတ်ဆင်ထားသည်ကို ဝမ်လင်းက မြင်နေရသည်။
"မရှက်ပါနဲ့.. ကိုယ့်အိမ်လိုပဲ လွတ်လွတ်လပ်လပ်နေပါ"
မေမေဝမ်က လဲ့မုန့်မုန့်ကို ပြောလိုက်သည်။
လဲ့မုန့်မုန့် ပြောနေသည့် ရေပူပေးစက်မှာ ဝမ်မိသားစု အိမ်ငယ်လေး၏ ထူးခြားမှုများ ထဲမှ တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
၎င်းကို ဝမ်လင်းက ဉာဏ်အလင်းမပေးခဲ့ပေ။
ဝမ်မိသားစု၏ အိမ်ငယ်လေးတွင် ရေချိုးခန်းသုံးခန်းပါရှိသည်။
ဝမ်လင်းက သူ့ကိုယ်ပိုင်အိမ်သာက လွဲ၍ အခြားသူများ၏ အိမ်သာကို မထိခဲ့ပေ။
ရေပူပေးစက်ကို ရေချိုးခန်းအတွင်းရှိ အနီအောက် ရောင်ခြည်အပူပေးစက် အထက်တွင် တပ်ဆင်ထားသည်။
ဝမ်လင်းသာ ထိုအရာကို ဉာဏ်အလင်းပေးပြီး မှင်စာအဖြစ် ပြောင်းလဲခဲ့မည်ဆိုလျှင် ရေချိုးသည့်အခါတိုင်း ထိုမှင်စာက ငေးကြည့်နေမည်မှာ သေချာသည်။
ရေချိုးပြီးနောက် လဲ့မုန့်မုန့်က လန်းဆန်းတက်ကြွသွားသည်။
သူက အမြင် စူးရှလွန်းစွာဖြင့် ဝမ်လင်း၏ လက်ထဲမှ USB ကို မြင်လိုက်ရသည်။
USB၏ အမှတ်တံဆိပ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူက အလွန်တရာ စိတ်လှုပ်ရှားလာသည်။
"အဲဒါက "လွတ်မြောက်ခြင်း" ဂိမ်းအသစ် မဟုတ်လား"
".............."
ဝမ်လင်းက ဤ USB တွင် ဂိမ်းတစ်ခုသာ ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
အစောပိုင်းတွငိ လူသားမျိုးပွားခြင်းဆိုင်ရာ "ပညာပေးဗီဒီယိုများ"ကဲ့သို့ တစ်စုံတစ်ရာ ပါဝင်မည်ဟု သူက တွေးထင်ထားခဲ့သည်။
"ဒီဂိမ်းနဲ့ပတ်သက်ပြီး အရင်ဗားရှင်းတွေကို ငါမြင်ဖူးတယ်...ဂိမ်းထဲက နတ်ဘုရားသခင်ရဲ့ အဆိုအရ ပေးထားတဲ့ အလုပ်တစ်ခုစီကို ပြီးမြောက်ပြီး စစ်ဆေးရေး ဂိတ်မှာ အသက်ရှင်ကျန်ရစ်အောင်လုပ်ရမယ်.. နောက်ဆုံးဂိတ်ကို ရောက်ရင်တော့ မင်းအနိုင်ရမှာပါ"
လဲ့မုန့်မုန့်က ဝမ်လင်း၏ လက်ထဲမှ USB ကို စိုက်ကြည့်နေသည်။
သူ့မျက်နှာတွင် မနာလိုသော အမူအရာများ ပြည့်နှက်နေသည်။
"ဒါပေမယ့် ဒီဂိမ်းက စျေးကွက်မှာ တရားဝင် မဖြန့်ချီရသေးဘူး.. အခုမင်းလက်ထဲက ဂိမ်းကတော့ အဆင့်မြင့် နောက်ဆုံးပေါ်ဂိမ်းပဲ.. မင်းဘယ်ကနေ ရလာတာလဲ"
ဝမ်လင်းက USBကို အံ့အားသင့်စွာ ကြည့်နေမိပြီး ဤဂိမ်းကို လူမှား၍ ပို့မိခြင်းလားဟု လေးလေးနက်နက် တွေးနေမိသည်။
အဆုံးသတ်တွင် သူက စူးစမ်းလေ့လာရသည်ကို သဘောကျသူ ဖြစ်သည်။
"ဒီဂိမ်းမှာ လူတော်တော်များများက တစ်ချိန်တည်း ပါဝင်နိုင်ကြတယ်.. မင်း အဲဒါကို လက်လွှတ်လိုက်ချင်လို့လား"
လဲ့မုန့်မုန့်က USBကို စားတော့ဝါးတော့ မတတ် စိုက်ကြည့်ရင်း တံတွေး မျိုချလိုက်သည်။
ဝမ်လင်းသာ USBကို မကိုင်ထားလျှင် သူက USB ကို သေချာပေါက် ဝါးစားမိမည် ဖြစ်သည်။
ဝမ်လင်းက လဲ့မုန့်မုန့်၏ အမူအရာကိုကြည့်ရင်း အယ်ဒီတာအားလုံးက အမှန်တကယ်ပင် အဆီပိတ်နေသော ငမိုက်သားများ ဖြစ်ကြောင်း တစ်ချိန်က ဖေဖေဝမ် ပြောခဲ့ဖူးသော စကားကို ရုတ်တရက် ပြန်သတိရမိသည်။
ယခုဆိုလျှင် ဝမ်လင်းက လဲ့မုန့်မုန့် တစ်ယောက် အခြားအယ်ဒီတာများနှင့် မည်သို့ ကွာခြားသည်ကို တွေ့မြင်နိုင်ပြီ ဖြစ်သည်၊
အယ်ဒီတာများတွင် အဆီပိတ်နေသော ငမိုက်သားများတင် မပဘဲ ပိန်ပိန်ပါးပါး ငမိုက်သားများလည်း ရှိပုံရ၏။
ဝမ်လင်းက လဲ့မုန့်မုန့်၏ မနာလိုသော အကြည့်ကို မခံနိုင်တော့သဖြင့် သူ့အိပ်ခန်းသို့ ခေါ်သွားကာ ကွန်ပျူတာကိုဖွင့်၍ USB ကို ထည့်လိုက်သည်။
တစ်မိနစ်မပြည့်မီမှာပင် "လွတ်မြောက်ခြင်း"ဟုခေါ်သော ဂိမ်းက ကွန်ပျူတာတွင် အလိုအလျောက် အင်စတောလ် လုပ်သွားခဲ့သည်။
တိုးတက်မှု ဘားပြည့်သွားသည်နှင့် ဂိမ်း၏ ဝင်းဒိုးက ဖန်သားပြင်တွင် တိုက်ရိုက် ပေါ်လာသည်။
သာမန်အားဖြင့် ဝမ်လင်းက ဂိမ်းများကို မကစားတတ် သော်လည်း ဤဂိမ်းက မည်မျှ ကောင်းမွန်ကြောင်းကို သတိထားမိသွားပြီး အံ့အားသင့်သွားသည်။
အင်စတောလ် တင်ပြီးနောက်တွင် အခန်းတစ်ခုလုံးကို ကွန်ပျူတာ စခရင်မှ တိုက်ရိုက်ကြားခံ ဆက်သွယ်၍ ဟိုလိုဂရပ်ဖစ် ရလဒ်ကို ဖန်တီးခဲ့သည်။
(holographic >>လေထဲတွင် လွင့်မျောနေသော ပုံရိပ်များ)
"ဒီဂိမ်းက အရမ်းမိုက်တာပဲ"
လဲ့မုန့်မုန့် အရမ်း စိတ်လှုပ်ရှားနေခဲ့သည်။
"ကွန်ပြူတာ ဂရပ်ဖစ်တွေကလည်း အရမ်းကောင်းတယ်.. ဒီUSB က အနက်ရောင်နည်းပညာရဲ့ အပိုင်းအစ တစ်ခုပဲ"
ဝမ်လင်းက သူ့ပတ်ဝန်းကျင်ရှိ ရှုခင်းများ ပြောင်းလဲသွားသည်ကို သိသော်လည်း ဘာမှ ပြန်မပြောပေ။
ထို့နောက်တွင်တော့ အနီရောင် စာသားတစ်ကြောင်း သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
"ဘဝရဲ့ အဓိပ္ပါယ်ကို နားလည်ချင်လား... တကယ့်ဘဝအစစ်နဲ့ နေချင်လား"
"............"
ဝမ်လင်းက အကြောင်းတစ်ခုခုကြောင့် ဤစကားများကို သူအရင်က ကြားဖူးသလို ခံစားခဲ့ရသည်။