ကျွမ်းကျင်ကစားသမားသည် ကြောက်ရွံ့ခြင်းမရှိပါ
Vol. 18 Ch. 267
အသံက သူ၏ စိတ်ကူးယဉ်မှု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့နားထဲသို့ တစ်စုံတစ်ယောက် အသက်ရှူသွင်းလိုက်သလိုမျိုး ဖျတ်ခနဲ ခံစားလိုက်ရပြီးနောက် လဲ့မုန့်မုန့်က သူ့ကိုယ်သူပင် တုန်လှုပ်သွားသည်။
["MMP"လို့ တစ်စုံတစ်ယောက် ပြောတာကို ဘာကြောင့် ကြားခဲ့ရတာလဲ]
[ဒီလူက ဘယ်သူများလဲ]
သို့သော် လဲ့မုန့်မုန့်က အမှန်တရားကို စုံစမ်းရန် အချိန်မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် စိတ္တဇဆေးရုံ၏ အဓိက တံခါးများကို ဝမ်လင်းက လူနာတင်ယာဉ်ဖြင့် ဖွင့်ထားပြီး ဖြစ်သောကြောင့်ပင်။
ဝမ်လင်းက အခြေခံ ထူထောင်ရေး အထက်တန်းကျောင်းတွင် ပညာသင်ကြားနေမှန်း သူသိသော်လည်း လူနာတင်ယာဉ်ကို လက်တစ်ဖက်ထဲဖြင့် ကောက်ကိုင်လိုက်သည်ကို မြင်လိုက်ရသောအခါ ထိုပုံရိပ်က သူ့ကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။
"ဝိုး.. အခြေခံ ထူထောင်ရေး ကျောင်းက အထက်တန်း ကျောင်းသားတွေ အားလုံးက ဒီလောက်တောင် အားကောင်းတယ်လား"
လဲ့မုန့်မုန့်က ဝမ်လင်း အကြောင်းကို အနည်းငယ်သာ သိသည်မှာ သိသာထင်ရှားနေသည်။
တစ်ဖက်တွင်လည်း လဲ့မုန့်မုန့်၏ စကားကို ကြားပြီးနောက် ဖက်တီးလော နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့၏ နှုတ်ခမ်းများက တစ်ပြိုင်နက်တည်း တုန်ယင်သွားသည်။
အကြောင်းရင်းမှာ အခြေခံ ထူထောင်ရေးကျောင်းမှ ကျောင်းသားတိုင်းက ဤမျှ မသန်မာကြသောကြောင့်ပင်။
ဝမ်လင်းကမူ ခြွင်းချက် ဖြစ်၏။
လဲ့မုန့်မုန့်က အပြင်လူ မဟုတ်ဘဲ ဖေဖေဝမ်နှင့် အလွန်ရင်းနှီးသော်လည်း ဝမ်လင်းအကြောင်းကို စေ့စေ့စပ်စပ် မသိခဲ့ပေ။
ဝမ်လင်း၏ စစ်မှန်သော နယ်ပယ်အဆင့်ကို လျှို့ဝှက်ထားရန်မှာ စည်းမျဉ်း တစ်ခုလို ဖြစ်နေပြီ ဖြစ်သည်။
ဖက်တီးလောနှင့် ဗုံးပစ်စီနီယာအင်မော်တယ်တို့ နှစ်ယောက်စလုံးက ဤအချက်ကို အလွန်ရှင်းလင်းစွာ သိသည်။
ထို့ကြောင့် သူတို့က ဝမ်လင်းနှင့် လဲ့မုန့်မုန့်ကို မြင်သောအခါဝမ်လင်းကို စီနီယာလင်းဟု မသုံးနှုန်းဘဲ ညီနောင်လင်း အဖြစ်သာ ပြောဆိုခဲ့ကြသည်။
လူနာတင်ယာဉ်ဖြင့် ပင်မတံခါးကို အောင်မြင်စွာ ဖြိုဖျက်ပြီးနောက်တွင် ဂိမ်း၏ ဇာတ်ကွက်က ချောမွေ့စွာ ဆက်လက် ရွေ့လျားသွားသည်။
ဝမ်လင်း နှင့် အခြားသူများ စိတ္တဇဆေးရုံထဲသို့ ဝင်လာသောအခါ ဖိုသီဖတ်သီ ဖြစ်နေသော ဆံပင်ရှည်နှင့် ပုံပန်းသဏ္ဌာန်တစ်ခုကို နောက်ကျောဘက်ကနေ မြင်လိုက်ရ၏။
၎င်းက ဆေးရုံဂါဝန်ဖြစ်သည့် အပြာနှင့် အဖြူအစင်းဝတ်ကို ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦး ဖြစ်ဟန်တူပြီး စိတ်ပိုင်းဆိုင်ရာတွင် တစ်စုံတစ်ရာ ချို့ယွင်းနေသည်မှာ သိသာထင်ရှားနေသည်။
သူမက ဝမ်လင်း နှင့် အခြားသူများကို ထောင့်တစ်နေရာတွင် ကျောပေး၍ ရပ်နေပြီး သူမဘာသာသူမ တိုးတိုးလေး ရေရွတ်နေသည်။
ယင်းက အတော်လေး ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်၏။
၎င်းက သေစေနိုင်ရုံတင်မကဘဲ ထိတ်လန့်စရာ အချက်များနှင့် ပေါင်းစပ်ထားသည့် ဂိမ်းတစ်ခု ဖြစ်သည်။
ဝမ်လင်းက ကြောက်ရွံ့တတ်သည့်သူ မဟုတ်သော်လည်း ယင်းက သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့၏။
ဆန့်ကျင်ဘက်အားဖြင့် လဲ့မုန့်မုန့်က ဝါရင့်တစ်ဦး ဖြစ်ကြောင်းအလွန် ထင်ရှားနေသည်။
သူက ကောင်မလေးဆီသို့ တိုက်ရိုက် ပြေးသွားချင် သကဲ့သို့ အလွန်ပင် စိတ်လှုပ်ရှားနေ၏။
"သူက ညကြည့် ကင်မရာနှင့်အတူ အခန်းဆီ လမ်းပြပေးမယ်ထင်တယ်.. ဇာတ်ညွှန်းအရ ကင်မရာကို ရှာတွေ့တာနဲ့ ဆေးရုံကနေ လုံးဝ ထွက်သွားရမယ်.. ရှေ့ကို ဆက်သွားဖို့အတွက် ညကြည့် ကင်မရာကိုပဲ အားကိုးရတော့မယ်"
"ဒီဂိမ်းက တကယ်ကို စိတ်အနှောင့်အယှက်ပေးတာပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။
အကယ်၍ ၎င်းတို့က ဇာတ်ကြောင်းကို ရှေ့သို့ ဆက်လက် ရွှေ့လျားရန် ထိုညကြည့် ကင်မရာကိုသာ အသုံးပြုရမည် ဆိုလျှင် ကောင်းကင်မျက်လုံးက ဤကျယ်ပြောလှသော ပတ်ဝန်းကျင်တွင် အသုံးမဝင်နိုင်တော့ပေ။
"နောက်တစ်ချက်က ဇာတ်ကွက်ကို ရှေ့ဆက် ရွေ့လျားဖို့ ငါတို့က ကောင်မလေးကို ထိဖို့ပဲ လိုအပ်တယ်ပေါ့"
လဲ့မုန့်မုန့်က ကောင်မလေး၏ ပုခုံးပေါ်သို့ သူ့လက်ကို တင်လိုက်သည့် အခိုက်အတန့်တွင် ကောင်မလေးက ဓာတ်လိုက်ခံရသကဲ့သို့ တုန်လှုပ်သွားပြီး သူ့ဘက်သို့ လှည့်လာသည်။
လဲ့မုန့်မုန့်က သူမ၏ ရှုပ်ပွနေသော ဆံပင်များကြားမှ သူမ၏ ရူးသွပ် ပုံပျက်နေသော မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူမ၏ မျက်နှာက မီးလောင်ခံထားရသလို မျက်နှာပြင် တစ်ခုလုံး နီမြန်းနေသည်။
အခန်းထောင့်ကနေ သူမက သွေးရူးသွေးတန်း အော်ဟစ်လိုက်ရာ သူတို့က သူမ၏ ချွန်ထက်နေသော ငါးမန်းသွားများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
လဲ့မုန့်မုန့်က ဂိမ်းထဲတွင် ဤကဲ့သို့ ခြောက်လှန့်မှုများကို ရိုးအီနေပြီ ဖြစ်သော်လည်း လက်တွေ့ဆန်သော ပတ်ဝန်းကျင်တွင်မူ ၎င်းက စိတ်မောနေခဲ့၏။
ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့ လက်ကို ရုတ်လိုက်သော်လည်း အရူးမက ပိုမို လျင်မြန်စွာဖြင့် သူ့လက်ကို လှမ်းဆွဲလိုက်သည်။
ဤ အားနွဲ့ပုံရသော မိန်းကလေးက ထိုမျှ အားကောင်းလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
"မကောင်းတော့ဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ်က သတိပေးသည့် အနေဖြင့် အော်ဟစ်လိုက်သည်။
သို့သော် အရမ်းနောက်ကျသွားချေပြီ။
အရူးမက လဲ့မုန့်မုန့်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး ချွန်ထက်သော အစွယ်များဖြင့် ပြင်းပြင်းထန်ထန် ကိုက်ရန် ပါးစပ်ကို ဟလိုက်သည်။
သို့သော် "ဂလောက်"ဟူသည့် အသံတစ်ခုသာ ထွက်ပေါ်လာ၏။
အရူးမ၏ မျက်လုံးများက အလွန် လျင်မြန်စွာပင် တုန်လှုပ် ခြောက်ခြားကာ ပြူးကျယ်သွားခဲ့သည်။
လဲ့မုန့်မုန့်၏ လက်မောင်းတွင် ရွှေရောင်အလင်းတန်း တစ်ခု ရစ်ပတ်နေ၏။
တခဏအတွင်း သူမ၏ သွားများက ပျက်စီးသွားသည်။
လဲ့မုန့်မုန့်"..........."
ဗုံးပစ်စီနီယာ အင်မော်တယ် "............"
ဖက်တီးလော "..........."
......................
ဝမ်လင်းပင်လျှင် တစ်ခါတစ်ရံ၌ ကံတရားက မှော်ဆန်သော အရာ ဖြစ်သည်ကို မငြင်းနိုင်ပေ။
လဲ့မုန့်မုန့်သာ ဖေဖေဝမ် နှင့် ညလုံးပေါက် အလုပ်မလုပ်ခဲ့လျှင်ရက်အနည်းငယ်ကြာအောင် ရေချိုးရန် မေ့လျော့နေမည်မဟုတ်ပေ။
ထိုသို့ဆိုလျှင် မေမေဝမ်ကလည်း လဲ့မုန့်မုန့်၏ ညှင်းသိုးသိုး အသွင်အပြင်ကို ရှင်းလင်းဖို့ အတွက် ရေချိုးရန် တိုက်တွန်းမိမည် မဟုတ်ချေ။
အကယ်၍ သူသာ ရေမချိုးဖြစ်ခဲ့လျှင် မေမေဝမ်က သူ့ကို အသားကပ် ဝတ်စုံကို ထုတ်ပေးလိမ့်မည် မဟုတ်ပေ။
သူက အသားကပ် ဝတ်စုံကိုသာ ဝတ်မထားလျှင် အရူးမကလည်း သွားများကို ဆုံးရှုံးမည် မဟုတ်ချေ။
ကံကောင်းထောက်မစွာပင် အရူးမ၏ သွားများက ဆုံးရှုံးသွားသော်လည်း ဇာတ်ကွက်က ချောမွေ့စွာ လည်ပတ်နေဆဲဖြစ်သည်။
[ဒါက ဘယ်လိုမြင်ကွင်းမျိုးလဲ]
အသည်းကွဲသော အမူအရာဖြင့် သွားမရှိသော အရူးမက လမ်းပြအဖြစ် ဦးဆောင်နေသည်။
ထို့ကြောင့် ဝမ်လင်းက ဤအစီအရင်တွင် လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခု ရှိနေကြောင်း စိတ်ထဲကနေ ခံစားမိခဲ့သည်။
"အခုထိတော့ ဇာတ်ကွက်က ငါကစားခဲ့တဲ့ အစမ်းဗားရှင်းနဲ့ အတူတူပါပဲ"
လဲ့မုန့်မုန့် ပြောသည့်အတိုင်းပင်။
အရူးမက အခန်းငယ်တစ်ခု ဆီသို့ လမ်းပြခဲ့ပြီး တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
"ငါတို့ အထဲကိုရောက်ရင် ဇာတ်ကြောင်းကို ရှေ့ဆက်ဖို့အတွက် ညကြည့် ကင်မရာကို ရှာဖွေသင့်တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
သူက မမျှော်လင့်ထားသည့် အရာများ ထပ်ဖြစ်လာမည်ကို စိုးရိမ်ပြီး ရှေ့ကနေ ဦးဆောင်၍ တံခါးဖွင့်လိုက်သည်။
သို့သော် မည်သည့်အရာမှ မဖြစ်ခဲ့ပေ။
ထိုအစား မထင်မှတ်စွာဖြင့် တိတ်ဆိတ် ငြိမ်သက်နေ၏။
'ဖက်တီးလော'က ညကြည့်ကင်မရာကို တွေ့ရှိခဲ့သည်။
ထို့အတူ လဲ့မုန့်မုန့်ကလည်း ကြမ်းပြင်ပေါ်တွင် ကျနေသည့် ဆေးဘက်ဆိုင်ရာ အကဲဖြတ်ချက် အစီရင်ခံစာကို တွေ့ခဲ့၏။
ဂိမ်း၏ အစမ်းဗားရှင်းကို ကစားပြီးနောက် လဲ့မုန့်မုန့်က အစီရင်ခံစာတွင် ပါရှိသည့် အကြောင်းအရာများနှင့် အလွန် ရင်းနှီးနေခဲ့သည်။
"တကယ်လို့ ငါအမှတ်မမှားဘူးဆိုရင် ဒီအကဲဖြတ် အစီရင်ခံစာက အဲဒီအရူးမနဲ့ သက်ဆိုင်နေတယ်.. အစမ်း ဗားရှင်းမှာကျတော့ ဇာတ်လမ်းကို အတိုချုံးပြီး ထုတ်ဝေခဲ့တယ်.. အခုတော့ အဓိက ဇာတ်ကွက်ကို ငါ ကောင်းကောင်း ခန့်မှန်းလို့ရသွားပြီ"
"အဲဒါဘာကိုပြောတာလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။
"အတိုချုပ်ပြောရရင် အိမ်တွင်း အကြမ်းဖက်မှုတွေကြောင့် စိတ်ရောဂါ ဖြစ်ပွားခဲ့တဲ့ ဒီအရူးမက စိတ္တဇဆေးရုံမှာ တက်ခွင့်ရခဲ့တယ်..သူ့ယောကျာ်းက သူ့ကို မှော်လက်နက်နှင့် ရိုက်နှက်ခဲ့ဖူးတဲ့ အတွက် စောစောက ငါရဲ့ ညာလက်ကို ကိုက်ဖို့ကြိုးစားတာပဲ...ဒါက ရူးသွပ်သွားပြီးနောက်မှာ အနိုင်ကျင့်ခံရတာကို သူမ တွန်းလှန်တဲ့ နည်းလမ်းတစ်ခုပဲ"
ထိုစကားကိုပြောရင်း လဲ့မုန့်မုန့်က အရူးမ သူ့ကို ကိုက်လိုက်သည့်အခါက ကြောက်စရာကောင်းသော မြင်ကွင်းကို ပြန်သတိရပြီး ကူကယ်ရာမဲ့စွာ တုန်လှုပ် ချောက်ခြားသွားသည်။
"သူ့ခင်ပွန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာထဲမှာ အချက်အလက်တချို့လည်း ပါတယ်.. ဒီကောင်က ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူတစ်ယောက်ပဲ.. ဒါပေမယ့် မကြာခဏဆိုသလို ဂိမ်းပြိုင်ပွဲတွေ ရှုံးတာနဲ့ သူ့မိန်းမကို ဒေါသတကြီး ရိုက်နှက်ခဲ့တယ်
"လူယုတ်မာပဲ"
ဖက်တီးလော နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့က တစ်လေသံထဲ ပြောလိုက်သည်။
"တကယ်တော့ စိတ္တဇဆေးရုံရဲ့ ဒီဇီဝဓာတုဘေးဒုက္ခက အရူးမရဲ့ခ င်ပွန်းကြောင့် ဖြစ်လာတာပါ.. အရှုပ်တော်ပုံ အပြီးမှာ ခင်ပွန်းသည်က စိတ်ကြွရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် သူ့ကိုပါ ဆေးကုသမှု ခံယူဖို့ ဒီနေရာကို ပို့ခဲ့တယ်.. ဒါပေမဲ့ သူက ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်...သူဒီမှာရှိစဉ် သုတေသန ဓာတ်ခွဲခန်းထဲ ပုန်းအောင်းနေချိန်မှာ ဗိုင်းရပ်စ်ပိုး ပါတဲ့ သေတ္တာကို မတော်တဆ မှောက်ချမိလိုက်တဲ့အတွက် ဒီဇီဝဓာတု ဘေးဒုက္ခက ဖြစ်လာခဲ့တာပဲ"
ဤဇာတ်ကွက်များကို ပြောရင်း လဲ့မုန့်မုန့်က ရုတ်တရက် အံ့သြသွားဟန် ရှိသည်။
"အယ်.. အကဲဖြတ်ချက် အစီရင်ခံစာမှာ ယောက်ျားက သူ့မိန်းမကို ရိုက်နှက်ခဲ့တဲ့ မှော်လက်နက်ကို တကယ်ပဲ ဖော်ပြထားတာလား"
"အဲဒါကဘာလဲ"
ဖက်တီးလောက အလွန် သိချင်နေခဲ့သည်။
လဲ့မုန့်မုန့် "အဲဒါက... သေခြင်းတရားကြေငြာချက်တဲ့လား"
ဗုံးပစ်စီနီယာအင်မော်တယ် "............"
ဝမ်လင်း "............"