အေးစက်စက်နိုင်သူက စာချန်ပြအမှတ်အသားကို သုံးလေ့ရှိတယ်
Vol. 18 Ch. 270
"'ညီနောင်လော.. ဒီအစီအရင်ကို အရင်က မြင်ဖူးလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။
အမှန်တကယ်တွင် သူကိုယ်တိုင်လည်း အနည်းငယ် ရင်းနှီးနေသလို ခံစားမိခဲ့သည်။
လွန်ခဲ့သည် နှစ်အတော်ကြာက သတင်းများတွင် အလားတူ ဓာတ်ပုံတစ်ပုံ ရှိခဲ့ဖူးသော်လည်း ၎င်းကို မမှတ်မိတော့ပေ။
"အင်မော်တယ်စီနီယာ.. လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်က ကောင်းကင်အုပ်စိုး မူလတန်းကျောင်း အဖြစ်အပျက်ကို မှတ်မိသေးလား"
ရုတ်တရက် 'ဖက်တီးလော'၏ မှတ်ဉာဏ်ထဲတွင် မှတ်သားလောက်စရာ အကြောင်းအရာ တစ်ခု ပေါ်လာသည်။
တစ်ဖက်မှ ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် လဲ့မုန့်မုန့်တို့က ရုတ်တရက် နားလည်သွားသည်။
ဝမ်လင်းကမူ ခံစားချက်မဲ့ အေးစက်စက် အမူအရာဖြင့် ရှိနေသည်။
"ကောင်းကင်အုပ်စိုး မူလတန်းကျောင်း အဖြစ်အပျက်.. အဲဒါဘာလဲ"
လွန်ခဲ့သောဆယ့်နှစ်နှစ် ဆိုလျှင် သူ့အသက် လေးနှစ်သာ ရှိဦးမည်။
"အဲဒီတုန်းက အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့တယ်.. ကလေးတစ်စုကို စွန့်ပစ်ထားတဲ့ မူလတန်းကျောင်းဟောင်း တစ်ခုဆီကို ပို့ပြီး ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အစီအရင်နဲ့ အချင်းချင်း သတ်ပစ်စေဖို့ အစီအရင် ဖန်တီးသူက အတင်းအကြပ် စီစဥ်ခဲ့တယ်"
ဖက်တီးလော မျက်မှောင်ကြုတ်သွားသည်။
"ဒါက ဟိုတုန်းက သတင်းမှာပါတဲ့ အစီအရင် ခင်းကျင်းမှုပုံစံနဲ့ အတူတူပဲ ဆိုတာ သေချာတယ်.. အဲဒီတုန်းက ပါဝင် ပတ်သက်ခဲ့တဲ့ ကလေးတွေရဲ့ မိဘတွေထဲမှာ ပန်းပဲသမားတွေလည်း ပါကြတယ်.. ဒါ့အပြင် ကောင်းကင်အုပ်စိုး မူလတန်းကျောင်းက ပန်းပဲသမားတွေ အတွက် ကျော်ကြားတဲ့ လေ့ကျင့်ရေးဌာန တစ်ခုလည်း ဖြစ်တယ်"
"ဟုတ်တယ်.. ဒါတွေအားလုံးက ပန်းပဲသမားတွေနဲ့ သက်ဆိုင်တာ သေချာတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။
လဲ့မုန့်မုန့်က အလွန်လေးနက်သော အရာတစ်ခုကို နားထောင်နေပုံရသည်။
သူတက္ကသိုလ်ဘွဲ့ရပြီး နှစ်အနည်းငယ် အကြာတွင် ထိုအဖြစ်အပျက် ဖြစ်ပျက်ခဲ့သည်ကို သတိရမိသည်။
"ဒါပေမဲ့ အသက်ရှင် ကျန်ရစ်သူတွေတော့ ရှိခဲ့တယ် မဟုတ်လား"
"အဲဒီတုန်းက အခင်းဖြစ်ပွားရာကနေ လွတ်မြောက်လာတဲ့သူ တစ်ယောက်တော့ ရှိခဲ့တယ်.. သူက ကလေးတွေရဲ့ ဆရာပဲ.. ရဲတွေရဲ့ စုံစမ်းမှုတွေ အရတော့ ဒီဆရာက ဒီဖြစ်ရပ်မှာ သံသယရှိသူ မဟုတ်ဘဲ ကျူးလွန်ခံခဲ့ရသူတွေ ထဲက တစ်ယောက်လို့ သိရတယ်"
'ဖက်တီးလော'က မေးစေ့ကို ပွတ်သပ်၍ ပြောလိုက်သည်။
"ဒါဆို သူက ဘယ်လိုလုပ်လွတ်လာတာလဲ"
"ဆရာက ရွှံ့ထဲကနေ ဓားတစ်လက်ကို ပြုလုပ်ပြီး ကန့်လန့်ဖြတ်ဓားချက်နဲ့ နေရာလွတ်ကို တိုက်ရိုက် ခုတ်ဖြတ်လိုက်တယ်လို့ ကြားလိုက်တယ်...ဒါပေမဲ့ ရွှံ့နဲ့ဓားလုပ်တာက အချိန်အတော်ကြာတဲ့ အတွက် ကလေးတွေကို မကယ်တင်နိုင်လိုက်တာကတော့ နှမြောစရာပဲ"
"ရွှံ့ထဲကနေ ဓားတစ်ချောင်းကို လုပ်ခဲ့တာလား"
ဝမ်လင်းက သူဌေးထန် ပြောပြခဲ့သည့် ကျောက်သရဲ မျက်နှာဖုံးကို ရွှံ့ကနေ ပြုလုပ်ခဲ့သည့် ကလေးမလေး နွီဝါးအား ရုတ်တရက် သတိရသွားသဖြင့် မျက်ခုံးပင့်မိလိုက်သည်။
၎င်းတို့က တူညီသောလူ(တစ်ယောက်ထဲ) ဖြစ်နိုင်ပါသလော။
..........................
ဒုတိယထပ်က ပထမထပ်နှင့် နှိုင်းယှဥ်လျှင် ဖုတ်လက်ပါးစေများ သိသိသာသာ နည်းပါးနေကြောင်း ဝမ်လင်း သတိပြုမိသည်။
ပြင်းထန်သော တိုက်ပွဲအတွင်း ဗုံးပစ်စီနီယာ အင်မော်တယ်၏ ကောင်းကင်ဗုံးများက ဒုတိယထပ်မှ ဖုတ်လက်ပါးစေများကို ပထမထပ်သို့ ဆွဲဆောင်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ဒုတိယထပ်ရှိ အမှောင်ထုထဲတွင် ဖုတ်လက်ပါးစေ သုံးလေးကောင်ခန့် ပုန်းနေသေးသော်လည်း ခြိမ်းခြောက်မှုတော့ မရှိပေ။
လမ်းတစ်လျောက်တွင် လဲ့မုန့်မုန့်က အစောပိုင်းတွင် တွေ့ရသော အစီအရင်ပုံစံကဲ့သို့ သဲလွန်စများ မကျန်ရစ်ခဲ့စေရန် ညကြည့် ကင်မရာဖြင့် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် လေ့လာကြည့်ရှုခဲ့သည်။
သူက သူတို့ရှေ့ကနေ ဦးဆောင်နေသည့် ဝမ်လင်းကို ကြည့်ပြီး ရုတ်တရက် သိချင်စိတ်များ ခံစားလာရကာ ဖက်တီးလောနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်ဘက်သို့ လှည့်၍ မေးခွန်းထုတ်လိုက်သည်။
"စကားမစပ်.. ညီနောင် စီနီယာအင်မော်တယ် နဲ့ ဒီဦးလေးဖက်တီးက ငါတို့လင်းလင်းကို ဘယ်လိုလုပ် သိနေတာလဲ"
ဖက်တီးလော၏ နှုတ်ခမ်းများ ရွဲ့သွားသည်။
"ငါ့နာမည်က 'လောချွမ့်' ပါ... တကယ်တော့ ငါက မင်းရဲ့ညီနောင် ဖြစ်တဲ့ စီနီယာအင်မော်တယ် နဲ့ အသက် အတူတူလောက် ပါပဲ"
ဤတစ်ခေါက်တွင်မူ လဲ့မုန့်မုန့်၏ နှုတ်ခမ်းများ ရွဲ့သွားသည်။
"............"
'ဖက်တီးလော'က တကယ်ပဲ အသက်ကြီးလွန်းသည့်ပုံ ပေါက်နေသည်။
လဲ့မုန့်မုန့်က ကျင့်ကြံသူများနှင့် သာမန်လူများကြားရှိ နုပျိုမှု ကွာဟချက်မှာ အမှန်တကယ် ကြီးမားသည်ဟု ထင်ခဲ့သော်လည်း သေချာစွာ လေ့လာပြီးနောက်တွင် ၎င်းက မမှန်ကြောင်း ချက်ချင်း ခံစားခဲ့ရသည်။
ကျင့်ကြံသူပဲ ဖြစ်ဖြစ် သာမန်လူတွေပဲ ဖြစ်ဖြစ် ၎င်းတို့ထဲတွင် သင်က တစ်စုံတစ်ယောက်ကို အမြဲတစေ ရှာတွေ့နိုင်သည်။
ထိုတစ်စုံတစ်ယောက်က မိဘဟု ထင်ရသော်လည်း အမှန်စစ်စစ် ကျောင်းသားအရွယ်သာ ဖြစ်နေတတ်သည်။
ကျောင်းတက်စဥ် ကိုယ်တိုင် အသုပ်စားခဲ့ရသည့် မပြေလည်သောနေ့ရက်များကိုပင် ပြန်အောက်မေ့သွားသည်။
သူက စိတ်ထဲတွင် လေးလေးနက်နက် သက်ပြင်းချရင်း ထပ်မေးလိုက်သည်။
"ဒါဆို ညီနောင် စီနီယာအင်မော်တယ် နဲ့ ညီနောင်လောတို့က ငါတို့ လင်းလင်းကို ဘယ်လိုသိတာလဲ"
လဲ့မုန့်မုန့်၏ မျက်လုံးထဲတွင် ဝမ်လင်းက အမှန်တကယ်ပင် လူအများနှင့် ခပ်ကင်းကင်းနေတတ်သည့် လူမှုရေး ခေါင်းပါးသောသူမျိုး ဖြစ်သည်။
သူက လွယ်လွယ်နှင့် သူငယ်ချင်းဖွဲ့တတ်သည့် သူမျိုးလည်း မဟုတ်ပေ။
လဲ့မုန့်မုန့်က ဝမ်မိသားစုအိမ်သို့ စရောက်သည့် အချိန်ကို သတိရမိသည်။
ဝမ်လင်းကို သူက နှုတ်ဆက်ရန် အစပြုခဲ့သော်လည်း ဝမ်လင်းက နှစ်သစ်ကူးကာလ သူသွားရောက် ဆုတောင်းသော ဗိမာန်တော်ရှိ နတ်ဘုရားရုပ်ပွားတော်များကို အမြဲအမှတ်ရစေမည့် ခံစားချက်ကို ထုတ်ဖော်မပြတတ်သည့် မျက်နှာထားမျိုးဖြင့်သာ ခပ်တန်းတန်း ဆက်ဆံခဲ့သည်။
ဝမ်လင်းက ထိုနတ်ရုပ်များ၏ အမူအရာနှင့် လုံးဝ တစ်ထပ်တည်းပင်။
“ဆွေးနွေးပွဲ ဖိုရမ်အကြောင်းကို ကြားဖူးလား”
ကျင့်ကြံခြင်း ဖိုရမ်ကို စတင်တည်ထောင်သည့် ဂရုချက်မဖွဲ့မီကပင် ဝမ်လင်းကို သူတို့က သိခဲ့ခြင်းဖြစ်သည်။
ပြောရလျှင် ဇာတ်လမ်းက တော်တော်ရှည်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ခဏလောက် စဉ်းစားလိုက်သည်။
"အဲဒီတုန်းက ဖိုရမ်ကို စတည်ထောင်ချိန် ဆိုတော့ အွန်လိုင်းမှာ ဟောပြောပွဲတွေ မကြာခဏ လုပ်လေ့ရှိတာကြောင့် ဖိုရမ်က ကျောင်းသားတွေ အများကြီးကို ဆွဲဆောင်နိုင်ခဲ့တယ်.. အဲဒီနောက်မှာတော့ ဆွေးနွေးညှိနှိုင်း ဟောပြောပွဲတွေကို အထူးတလည် ဝယ်ယူပြီး ကျောင်းသားတွေကို တိုက်ရိုက်သင်ကြားတဲ့ သင်ထောက်ကူပစ္စည်း အဖြစ် ပြောင်းလဲပေးခဲ့တဲ့ ကျောင်းတွေလည်း ရှိလာခဲ့တယ်.. အချိန်ကြာလာတာနဲ့အမျှ ငါတို့ ဖိုရမ်ကို စပွန်ဆာ ပေးလိုတဲ့ ကြော်ငြာရှင်တွေလည်း အများအပြား ရှိလာခဲ့တယ်.. အဲဒီထဲမှာ ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေကို ရောင်းချတဲ့ စားသောက်ကုန်လုပ်ငန်း အသေးစားလေး တစ်ခုလည်း ပါဝင်တယ်"
"ငါနားလည်ပြီ"
လဲ့မုန့်မုန့်က ချက်ချင်း သဘောပေါက်သွားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ စကားကို ကြားသောအခါ… ဒါမှမဟုတ် ထိုထက် ပို၍ အတိအကျ ပြောရမည်ဆိုလျှင် "ခေါက်ဆွဲခြောက်" ဟူသည့် စကားလုံး သုံးလုံးကို ကြားလိုက်သည်နှင့် ဤနောက်ပိုင်းတွင် ဘာတွေဆက်ဖြစ်မည်ကို ကောင်းစွာ ခန့်မှန်းမိပြီးသား ဖြစ်သည်။
"စီနီယာ အင်မော်တယ် နဲ့ညီနောင်လင်းက ညီအကို အရင်းတွေလို အလွန်ပဲ ရင်းနှီးကြတယ်.. ကျနော်ကတော့ ညီနောင်လင်းနဲ့ မကြာသေးမီကမှ အသိမိတ်ဆွေ ဖွဲ့ခဲ့တာပါ"
'ဖက်တီးလော'က လဲ့မုန့်မုန့်ကို ကြည့်ရင်း ရယ်မောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ညီနောင်စုန့်ကရော ညီနောင်လင်းကို ဘယ်လိုမြင်လို့လဲ"
"ငါလား.."
လဲ့မုန့်မုန့်က မေးစေ့ကို ပွတ်သပ်လိုက်ပြီး ခဏမျှ စဥ်းစားပြီးမှ ဗုံးပစ်စီနီယာ အင်မော်တယ်၏ နားရွက်နားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အမှန်တကယ်တော့ ငါက ဒီကလေးကို အေးစက်စက်နိုင်တဲ့သူလို့ အမြဲထင်ခဲ့တာ...ပုံမှန်အားဖြင့်တော့ သူ့ကို အွန်လိုင်းမှာ ရှာရင် သူက စာချန်ပြ အမှတ်အသားတွေပဲ အမြဲပို့လေ့ရှိတယ်လေ.. ညီနောင် စီနီယာအင်မော်တယ်.. အပြင်ပန်းမှာ အေးတိအေးစက်နိုင်တဲ့ သူတွေက စာချန်ပြ အမှတ်အသား သုံးရတာကို သဘောကျတယ်လို့ မင်းထင်လား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဤအချက်ကို သဘောမတူနိုင်သော်လည်း ထမင်းလုံးများကို နှုတ်ဖြင့်ဆိတ်၍ စားနေသော ကြက်ကဲ့သို့ ခေါင်း တဆက်ဆက် ညိတ်လိုက်သည်။
သူတို့နှစ်ဦးက အပြန်အလှန် နားလည်မှုကို ဖလှယ်ခဲ့ကြသည်။
လဲ့မုန့်မုန့် ပြောသလိုပင်၊ ဝမ်လင်း နှင့် စကားအနည်းငယ် ပြောဆိုခွင့်ရခြင်းသည် ကြီးမားသော ကြိုးစားအားထုတ်မှုတစ်ခု ဖြစ်သည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ်က ခံစားခဲ့ရသည်။
အကြိမ်တိုင်းတွင် ဝမ်လင်း၏ ရည်ရွယ်ချက်များကို ထိုအမှတ်အသားမှ တဆင့် ခန့်မှန်းရန် လိုအပ်ပေသည်။
"ဒါ့အပြင် ငါတို့ရဲ့ လင်းလင်းက တကယ့်ကို တော်တဲ့ ကလေးတစ်ယောက်ပဲ.. သူက ချောမောတယ်.. အရပ်ရှည်ပြီး စမတ်ကျတယ်.. အရေးကြီးဆုံးကတော့ မင်းသူ့ကို ခေါက်ဆွဲခြောက်ထုပ် အနည်းငယ် ပေးပြီး ဖြည့်ဆည်းပေးဖို့ပဲ လိုတယ်.. ဝမ်လင်းကို အိမ်မှာ မွေးထားတာက စိတ်ဖိစီးမှုကင်းပြီး ငွေကုန်လည်း သက်သာတယ်.. တစ်ခု ဆိုးတာက မင်းသူ့ကို ဂရုမစိုက်ဘဲ ကိုင်တွယ်လို့မရဘူး.. တစ်နည်းပြောရရင် သူ့ရဲ့ အမွေးတွေက စိတ်လှုပ်ရှားစေတယ်"
ဝမ်လင်း၏ နောက်ကျောကို စိုက်ကြည့်ရင်း လဲ့မုန့်မုန့် သက်ပြင်း ချလိုက်မိသည်။
"သူသာ ကြောင်တစ်ကောင်သာဆိုရင် ငါ နေ့တိုင်း ပွေ့ဖက်မိမှာပဲ"
ဗုံးပစ်စီနီယာအင်မော်တယ်"............."
ဖက်တီးလော "............"
ထိုခဏတွင် မြင်ကွင်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အကြမ်းဖျင်း နှစ်မိနစ်ခန့် အကြာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က လဲ့မုန့်မုန့်၏ နားရွက်နားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ငါတစ်ခုလောက်ပြောပါရစေ"
လဲ့မုန့်မုန့် "...???..."
ဗုံးပစ်စီနီယာအင်မော်တယ် "ငါတို့က ညီနောင်လင်း နဲ့ တော်တော်ဝေးဝေးမှာ ရှိနေတယ် ဆိုပေမယ့် ဒီအကွာအဝေးလောက်နဲ့ဆို ငါတို့ပြောသမျှကို သူကြားနိုင်တယ်..."
"............"
လဲ့မုန့်မုန့်က ဝမ်လင်း၏ ဦးတည်ရာကို ကြည့်လိုက်ပြီး ရုတ်တရက် သဘောပေါက်လိုက်သည်။
ဒေါသကြောင့်လား မသိသော်လည်း ဝမ်လင်း၏ အရှိန်က တကယ်ကို မြန်ဆန်လာ၏။
အဆိုးဆုံးမှာ ဤလူငယ်လေးက သွေးစွန်းနေသည့် ခြေရာ ခြောက်ခုကို မြေပြင်ပေါ်မှာ တမင်တကာ ချန်ထားခဲ့ကာ စာချန်ပြ အမှတ်အသား ပုံစံမျိုး ဖြစ်လာစေခြင်းပင်။