အင်မော်တယ်တွေကြားက စကားဝိုင်း
Vol. 19 Ch. 274
အရှေ့ပိုင်း ဌာနခွဲမှူးက စာရွက်ကိုကြည့်ရင်း အချိန်အတော်ကြာအောင် အတွေးထဲတွင် နစ်မြောသွားခဲ့သည်။
အရှေ့ပိုင်း ဌာနခွဲမှူး "ဒါက ဘာအဓိပ္ပါယ်လဲ"
"ဒါက နတ်ဓားပေါ်က ထောက်လှမ်းရေး အညွှန်းကိန်းပါ.. အကြီးအကဲရဲ့ အဆိုအရ ဒီဝိညာဉ်ဓားရဲ့ စွမ်းအားညွှန်းကိန်းက ငါတို့ ပစ္စည်းတွေ တိုင်းတာနိုင်စွမ်းထက် ကျော်လွန်နေပြီ"
ထန်ချမ့်က ဖြေလိုက်သည်။
"ဒီလိုမျိုးဖြစ်နိုင်လို့လား"
ဌာနခွဲမှူးက မျက်မှောင် ခပ်တင်းတင်း ကြုတ်လိုက်သည်။
"အခုပဲ အကြီးအကဲက ဒီဝိညာဥ်ဓားရဲ့ သခင်ကို သေချာစုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်တယ်"
"စုံစမ်းဖို့လား.. ဟားဟား.. ငါတို့မှာ ကြီးကြီးမားမား အားသာချက် ဘာတစ်ခုမှ မရှိဘူးလေ"
အရှေ့ပိုင်း ဌာနခွဲမှူးက ရှက်ရွံ့စွာ ရယ်မော၍ ပြောလိုက်သည်။
"အင်း.. အနည်းဆုံးတော့ ဒီဝိညာဉ်ဓားရဲ့သခင်က အိမ်ငယ်လေးမှာ ရှိတဲ့ လူတွေနဲ့ သေချာပေါက် ပတ်သက်နေတယ်ဆိုတာတော့ ငါတို့သိထားတယ်.."
"အဲဒီတုန်းက မင်းကို အခြေအနေတွေ စုံစမ်းဖို့ စေလွှတ်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပုံပဲ.. ငါအရှင်က တကယ်ကို ထက်မြက်တာပဲ.. ဟားဟား"
ထန်ချမ့်က ချွေးများပင် ထွက်လာသည်။
"အဲဒီလိုတော့ မဖြစ်နိုင်ဘူး ဌာနမှူး.. ကျနော် စုံစမ်းချက်အရတော့ အဲဒီအိမ်ငယ်လေးမှာ နေထိုင်တဲ့မိသားစုက သာမန်လူတွေပါပဲ"
"ငါတော့ အဲလိုမထင်ဘူး.. USBကို ဖက်တီးလောရဲ့ သတ္တုပစ္စည်းဆိုင်အပြင် ဒီအိမ်ငယ်လေးဆီလည်း ပေးပို့ခဲ့တာပဲ.. ဒီမိသားစုနဲ့ ဘာမှမဆိုင်ဘူး ဆိုရင်တောင် သူတို့ရဲ့ ဆွေမျိုးတွေနဲ့ ပတ်သက် ဆက်နွှယ်မှုရှိနိုင်တယ်.. ဒါက လောလောဆယ် ငါ့တို့အတွက် တစ်ခုတည်းသော သဲလွန်စပဲ"
ဌာနခွဲမှူးက သူ့လက်များကို တိုက်ရိုက် ဝှေ့ယမ်းလိုက်သည်။
"ဒီတစ်ခါတော့ ငါကိုယ်တိုင် သွားစုံစမ်းမယ်.. သူတို့ကို လွှတ်ပေးထားတာထက် သတ်လိုက်တာက ပိုကောင်းတယ်လို့ ငါထင်တယ်"
ထန်ချမ့် ".............."
[အကြီးအကဲ.. မင်းရဲ့ဆုံးဖြတ်ချက်ကို နှစ်ခါလောက် ပြန်မစဥ်းစားတော့ဘူးလား]
"ငါကိုယ်တိုင် သူတို့ ခေါင်းဆောင်ကို ရှာဖွေပြီး အကြီးအကဲဆီ သတင်းပို့နိုင်သရွေ့ အင်မော်တယ်စံအိမ်ရဲ့ ထိပ်တန်းအဆင့် ရာထူးကို ရဖို့ဆိုတာ သိပ်မဝေးတော့ဘူး"
ဌာနခွဲမှူးက ထန်ချမ့်ကိုကြည့်ကာ ပခုံးပေါ် လက်တင်လိုက်သည်။
"ငါသာ အကြီးအကဲ အဖြစ် ရာထူးတိုးရင်.. ထန်လေး...မင်းကအရှေ့ပိုင်းဌာနခွဲမှူး အသစ် ဖြစ်လာလိမ့်မယ်"
"..........."
ထန်ချမ့်က စိတ်ထဲတွင် လေးလေးနက်နက် သက်ပြင်းချလိုက်၏။
သူသည် ဤအကြောင်းများကို ဗုံးပစ် စီနီယာ အင်မော်တယ်ထံ သတင်းပို့ရပေမည်။
.....................
ဤနေ့က ဇွန်လ ၂၆ရက် စာသင်နှစ် ကိုးပတ်မြောက်၏ တနင်္ဂနွေနေ့ ဖြစ်သည်။
နံနက်ခင်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က လတ်ဆတ်သော ဘရိုကိုလီများ ယူလာပြီး အိမ်ရှေ့သို့ ရောက်ရှိလာသည်။
အဘိုးအိုက အပေါက်ဝတွင် အပင်များကို ရေလောင်းနေ၏။
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ရှိနေသည်။
မနေ့က ဖန့်ရှင်း မိသားစု၏ ခေါက်ဆွဲဆိုင်ကို အထူးတလည် သွားရောက်ခဲ့ပြီး ချက်ပြုတ်မှု အတွေ့အကြုံများကို ဖလှယ်နိုင်ခဲ့သည်။
အဘိုးအိုက အချက်အပြုတ် ပညာကို လိုက်စားရန် အမြဲလိုလို စိတ်အားထက်သန်သူ ဖြစ်၍ သူနှင့် တန်းတူ ယှဥ်နိုင်သည့် တစ်စုံတစ်ဦးကို ကြုံတွေ့ခဲ့ရာ ဝမ်းသာသွားမိသည်။
ယင်းကို တွေးကြည့်မိတိုင်း ဝမ်းသာပီတိ ဖြစ်ခဲ့ရ၏။
"စီနီယာကြီးဝမ် မင်္ဂလာ နံနက်ခင်းပါ"
ဗုံးပစ်စီနီယာအင်မော်တယ်က ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"ဝိုး.. လဲ့ကလေးပါလား.. မနက်စာ စားပြီးပြီလား"
အဘိုးအိုက လက်ထဲမှ ရေလောင်းသည့်ပိုက်လုံးကို မြှောက်ရင်း နွေးထွေးစွာ တုံ့ပြန်လိုက်သည်။
"စားပြီးပြီ.. စီနီယာကြီးဝမ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်လိုက်သည်။
"အစောပိုင်းက စီနီယာကြီး ရယ်နေတာ မြင်လိုက်ရတယ်.. ဘယ်အရာကများ စီနီယာကြီးကို ပျော်စေခဲ့တာလဲ"
"မနေ့က ငါလင်းလင်း ရဲ့ အတန်းဖော်မိသားစု ဖွင့်ထားတဲ့ဆိုင်ကို သွားလည်ခဲ့တယ်.. သူတို့က ခေါက်ဆွဲဆိုင် ဖွင့်ထားတာလေ.. သူ့အဖေက အတော်လေး ဟင်းချက်ကောင်းတယ်.. ငါတို့တွေ ချက်ပြုတ်ခြင်း အသိပညာတွေ ဖလှယ်ခဲ့ကြတယ်"
အဘိုးအိုက သူ့မုတ်ဆိတ်မွေးကို လေးလေးနက်နက် ပွတ်သပ်ရင်း ပြောလိုက်သည်။
"သူ့အဖေက အသက်ဆယ့်သုံးနှစ် ကတည်းက ထိပ်တန်းစားဖိုမှူး ဖြစ်နေပြီလို့ ငါသိခဲ့ရတယ်.. သူက သူ့တံဆိပ်ကို အဝတ်စအဖြူနဲ့ ဖုံးအုပ်ထားလေ့ ရှိတယ်.. မနေ့က ငါသွားတုန်းက သူ့အဖေဘေးကနေ အလုပ်သင်တစ်ယောက်က ဖြတ်လျှောက်ရင်း တိုက်မိသွားတယ်.. အဲဒါက အဝတ်ဖြူကို ဖွင့်လိုက်သလို ဖြစ်စေခဲ့ပြီး စားဖိုမှူးချုပ် ဆိုတဲ့ တောက်ပတဲ့စာလုံးတွေကို အမှတ်မထင် မြင်လိုက်ရတယ်.. ဝိုး.. အဲဒါက အရမ်းမိုက်တာပဲ"
ဗုံးပစ်စီနီယာအင်မော်တယ် "..."
"ဒါနဲ့ လဲ့လေးက ဒီကို ဘာကိစ္စနဲ့ရောက်လာတာလဲ"
အဘိုးအိုက မေးလိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က လက်သီးဆုပ်ဟန်ပြု၍ ဦးညွှတ်လိုက်သည်။
"ညီနောင်လင်းကို ရှာနေတာပါ.. သူရှိနေလား"
"အင်း.. စနေ တနင်္ဂနွေဆိုတော့ သူအိမ်မှာ ရှိပါတယ်"
အဘိုးအိုက ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ဒီနေ့လင်းလင်းက အခန်းအောင်းနေတဲ့ပုံပဲ.. အပြင်လုံးဝထွက်လာတာ မတွေ့ဘူး"
"အခန်းအောင်းနေတာလား.. အာ.. ညီနောင်လင်းက တံခါးပိတ် ကျင့်ကြံနေတာပေါ့"
ဗုံးပစ်စီနီယာ အင်မော်တယ်က အထိတ်တလန့် ရေရွတ်လိုက်သည်။
တံခါးပိတ်ကျင့်ကြံခြင်း ဆိုသည်မှာ တစ်စုံတစ်ဦးက နယ်ပယ်အသစ်ကို ထိုးဖောက်ရန် သို့မဟုတ် တည်ငြိမ်အောင်လုပ်ရန်အတွက် ဖြစ်သည် မဟုတ်လော။
"ညီနောင်လင်း တံခါးပိတ် ကျင့်ကြံတာ အတော်ရှားတယ်ဆိုတော့ နောက်တစ်ဆင့်ကို တက်တော့မှာများလား"
သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ်က ဤအယူအဆကို အလွန်လျင်မြန်စွာ ပယ်ချခဲ့ပြီး အဖိုးဝမ်ကို မေးကြည့်လိုက်၏။
"ညီနောင်လင်း အခန်းထဲမှာ ဘာလုပ်နေလဲဆိုတာ စီနီယာကြီး သိလား"
"သူက ကျင့်ခယ် နဲ့ စကားပြောနေပုံရတယ်"
ဖိုးဖိုးဝမ်က ပြန်ဖြေလိုက်သည်။
"လင်းလင်းက ကျင့်ခယ်နဲ့ နှလုံးသားချင်း ရင်းနှီးဖို့ အတွက် လစဥ်လတိုင်းမှာ အချိန်တစ်ရက် ပေးလေ့ရှိတယ်"
ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ချင်းပင် မျက်လုံးပြူးသွားသည်။
"ညီနောင်လင်းက နှလုံးသားချင်း စကားပြောနေတာလား"
ဤမျှထိတ်လန့်သွားခြင်း အတွက် မည်သူမှ သူ့ကို အပြစ်မတင်နိုင်ပေ။
လင်းကျန်းရန်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမြင်တွင် အံ့ဖွယ်တည်ရှိမှု တစ်ခု ဖြစ်သည်။
ထိုကဲ့သို့သော လူမျိုးက ထူးထူးခြားခြား ပြုမူနေသည်မှာ အံ့အားသင့်စရာ ဖြစ်နေသည် မဟုတ်လော။
"ဒါပေမဲ့ လင်းလင်းရဲ့ အပြုအမူက အရမ်း ထူးဆန်းနေတယ်.. သူက ဘာစကားမှ မပြောဘဲ ကျင့်ခယ်ကို ဆုပ်ကိုင်ထားတယ်"
ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး အဘိုးအိုက စိတ်ပူပန်နေပုံရ၏။
"သူ့အဖေနဲ့အမေက လင်းလင်း ဆီမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခုရှိနေမှာကို စိုးရိမ်နေကြတယ်.. လဲ့လေးက လိမ္မာပါးနပ်တဲ့သူ ဆိုတော့ လင်းလင်းနဲ့ ကျင့်ခယ်လေး ဘာတွေပြောနေတာလဲ ဆိုတာ သိနိုင်ဖို့ နည်းလမ်းရှိလား"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်နှာက ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
စိတ်ဖတ်စွမ်းရည် ကဲ့သို့ အဆင့်မြင့်ကျင့်စဥ်ကို သူ မသင်ယူရသေးပေ။
သို့ရာတွင် သူက မြန်မြန်ဆန်ဆန်ပဲ အကြံတစ်ခုကို ရလိုက်၏။
"စီနီယာကြီးဝမ်.. ခဏလေးနော်.. ကျနော့် သူငယ်ချင်းဆီ ဖုန်းဆက်လိုက်ဦးမယ် "
သူက နယ်စပ်မှာရှိသည့် ဘလက်လေး၏ ဓာတ်ခွဲခန်း ဆီသို့ တိုက်ရိုက် ဖုန်းဆက်လိုက်သည်။
"ဟယ်လို.. ဘလက်လေးလား.. မင်းနောက်ဆုံးတီထွင်ခဲ့တဲ့ စိတ်ဖတ်ဆော့ဖ်ဝဲလ်ကို ခဏလောက် ငှားပေးနိုင်မလား.. ငါအရေးပေါ် လိုအပ်နေလို့ အခုပဲ ငါ့ဖုန်းဆီကို လှမ်းပို့ပေးလို့ရမလား"
ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်တွင် ဘလက်လေးက အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်မှာ ထင်ရှားသည်။
"ညီနောင်လဲ့.. ဆော့ဖ်ဝဲလ်က လောလောဆယ် စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတယ်..."
"ဒီဆော့ဝဲလ်က အလုပ်မဖြစ်ဘူးလို့ ပြောနေတာလား"
ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။
"အဲလိုတော့ မဟုတ်ဘူး.. ဒီဆော့ဖ်ဝဲလ်ကို သုတေသနလုပ်ပြီး တီထွင်ရာမှာ အတော်လေး စေ့စေ့စပ်စပ် လုပ်ခဲ့တာပါ.. အဲဒါက ငါ့ဓာတ်ခွဲခန်းထဲက စိတ်ဖတ်စက်နဲ့ အဝေးကနေ ချိတ်ဆက်ထားတဲ့ အတွက် ဘယ်နေရာဒေသမှာ မဆို အတွေးတွေကို ဘာသာပြန်ပေးနိုင်တယ်"
ဘလက်လေးက သူ့သွားများကို အံကြိတ်လိုက်သည်။
"ညီနောင်လဲ့ စမ်းကြည့်ချင်ရင်တော့ အခုပဲ ပို့ပေးလိုက်မယ်လေ"
....................
အကြမ်းဖျင်း နှစ်မိနစ်ခန့် အကြာတွင် ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ဖုန်းစခရင် လင်းလာသည်ကို တွေ့လိုက်ရသည်။
ဘလက်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်ဆီ အမည်မသိဖိုင်တစ်ခု ပေးပို့လိုက်ခြင်းပင်။
ထို့နောက် ဗုံးပစ်စီနီယာ အင်မော်တယ်က အဘိုးအိုဝမ်ကို စိတ်လှုပ်ရှားစွာ ကြည့်၍ ပြောလိုက်သည်။
"စီနီယာကြီး.. ကျနော့်မှာ နည်းလမ်းရှိတယ်.. ညီနောင်လင်းရဲ့အခန်းရှေ့ကို သွားရအောင်"
အဘိုးအိုက အနည်းငယ် သံသယရှိနေပုံရသည်။
"ဘယ်လိုလုပ်မှာလဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က ဆော့ဖ်ဝဲကိုဖွင့်ပြီး နောက်တွင် အဘိုးအိုကို သူ့ဖုန်းဖြင့် ချိန်ရွယ်လိုက်သည်။
တခဏအကြာတွင် ဆော့ဖ်ဝဲ၏ ကြားခံနည်းစနစ်မှ တဆင့် စကားလုံးများစွာ ထွက်ပေါ်လာသည်။
အဘိုးအိုက ထိုမြင်ကွင်းကို မြင်လျှင် အံဩတုန်လှုပ်သွားသည်။
"တကယ်အလုပ်ဖြစ်တာပဲဟ"
"ဟုတ်တယ် စီနီယာကြီး"
ဗုံးပစ်စီနီယာ အင်မော်တယ်က ယုံကြည်မှု မြင့်တက်သွားသည်။
သူတို့က ဒုတိယထပ်သို့ တက်သွားကာ ဝမ်လင်း၏ အခန်းတံခါးရှေ့တွင် ရပ်လိုက်သည်။
အခန်းထဲတွင် ဘာအသံမှ မကြားရလောက်အောင် တိတ်ဆိတ်နေ၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဆော့ဖ်ဝဲ၌ အတက်အကျ အော်ရာနှစ်ခုကို တွေ့ရှိခဲ့ရသည်။
ထိုအော်ရာများကို ခွဲခြားနိုင်ရန် "A" နှင့် "B" ကုဒ်များကို အသုံးပြုထား၏။
"A" မှာဝမ်လင်းဖြစ်ပြီး "B"မှာ ကျင့်ခယ် ဖြစ်သည်။
အဘိုးအိုက သေချာ အကဲခတ်လိုက်သည်။
"အဲဒါဘာကိုဆိုလိုတာလဲ"
တစ်မိနစ်ကြာပြီးနောက် အပြန်အလှန် ဆွေးနွေးမှု သုံးစုံ၏ ခွဲခြမ်းစိတ်ဖြာမှု ထွက်ပေါ်လာသည်။
A (ဝမ်လင်း) ".............."
B (ကျင့်ခယ်) ".............."
A (ဝမ်လင်း) ".............."
B (ကျင့်ခယ်) "............."
A (ဝမ်လင်း) "............."
B (ကျင့်ခယ်)"............."
.....................................
ဖိုးဖိုးဝမ် "သူတို့ ဘာတွေပြောနေကြတာလဲ"
ဖတ်နေရင်းဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ဖုန်းကို ရိုက်ချိုးချင်စိတ်ပင် ပေါ်လာသည်။
"ဒါက အင်မော်တယ်တွေကြားက စကားဝိုင်းတစ်ခုပဲ"