ဓားဝိညာဉ်နဲ့ဆက်ဆံရေးကို သင်ဘယ်လိုတိုးမြှင့်နိုင်မလဲ
Vol. 19 Ch. 275
ဓား၏ ဓားဝိညာဥ် နှင့် လူတစ်ဦး၏ ဆက်ဆံရေးကို တိုးမြှင့်ရန် နည်းလမ်းများစွာ ရှိသည်။
ယခင်က ကျင့်ကြံသူများသည် ဝိညာဥ် သားရဲများ နှင့် နတ်ဆိုးသားရဲများကို အမဲလိုက်သတ်ဖြတ်ရာတွင် ဝိညာဉ်ဓားများကိုသာ တတ်နိုင်သမျှ အသုံးပြုရန် ရွေးချယ်ခဲ့ကြသည်။
ဤနည်းလမ်းဖြင့် သတ္တဝါများကို သတ်ဖြတ်ခြင်းက ဓားဝိညာဥ် နှင့်ဆက်ဆံရေးကို တိုးတက်စေ၏။
ဤသည်မှာ အထိရောက်ဆုံး နှင့် အမြန်ဆုံးနည်းလမ်းဖြစ်သည်။
ယခုအခါတွင် နတ်ဆိုးသားရဲများက ကမ္ဘာခြား ဂိတ်တံခါး နောက်တွင် ရှိနေကြပြီး ဝိညာဥ်သားရဲများကမူ လူမျိုးစုများကို အကာအကွယ်ပေးသော တိရစ္ဆာန်များ ဖြစ်လာကြသည်။
ခေတ်သစ် ကျင့်ကြံသူများက ဓားဝိညာဥ်များနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ၎င်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်နည်းများကို တီထွင်ကြလေ့ ရှိသည်။
ဥပမာအားဖြင့် ဓမ္မရာဂျာက သူ၏ ဝိညာဥ်ဓားအား အလင်းလျှပ်စစ်ဖြင့် နှိပ်နယ်ပေးရန် အတွက် နတ်မိုးကြိုး အမွေအနှစ်ကို အများဆုံး အသုံးပြုလေ့ ရှိသည်။
အခြားဥပမာ အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က အဖိုးဝမ် ဆီမှ ဘရိုကိုလီ လက်ခံရရှိပြီးချိန်ကစ၍ သူ၏ ဝိညာဥ်ဓားကို ဘရိုကိုလီ စိုက်ခင်းထဲတွင် ထားထားလေ့ရှိသည်။
၎င်းတို့နှင့် ဆန့်ကျင်ဘက်ပင် ဝမ်လင်း၏ လုပ်ဆောင်ချက်က အလွန် ရိုးရှင်းသည်။
ဝမ်လင်းအနေဖြင့် ကျင့်ခယ်ကို သူ့လက်ထဲတွင် ကိုင်ထားဖို့သာ လိုအပ်ခဲ့သည်။
ဤအရာကို "လက်ထဲတွင်ကိုင်ထား၍ ခိုင်မာသော ဆက်ဆံရေး ချဥ်းကပ်မှု"ဟု ဝမ်လင်းက ခေါ်ဆိုခဲ့သည်။
ဤအမည် အသံထွက်က ဆန်းပြားမှုမရှိဘဲ တောဆန်၏။
သို့သော် မည်မျှပင် ဆန်းပြားမှု မရှိစေကာမူ ဝမ်လင်းက "ရွှေရောင်ပေါင်းကူးတံတား" အမည်ထက်တော့ ပိုဆိုးသည်ဟု မထင်ခဲ့ပေ။
.......................
ဝမ်လင်းက ကျင့်ခယ် နှင့် ၎င်း၏ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်အတွက် လစဥ်တစ်ရက်ကို သီးသန့် ဖယ်ထားလေ့ ရှိသော်လည်း ပုံမှန်အားဖြင့် အချိန် သိပ်ယူလေ့ မရှိချေ။
အောက်ထပ်တွင် တစ်နာရီခန့် စောင့်ပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်း အောက်ထပ်သို့ ဆင်းလာသည်ကိုတွေ့လိုက်ရ၏။
ဝမ်လင်းက အကြင်နာမဲ့ မျက်ဝန်းများဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကြည့်လိုက်သည်။
ယင်းက စီနီယာအင်မော်တယ်၏ ဆော့ဖ်ဝဲကို အသုံးပြု၍ စိတ်ဖတ်ရန် ကြိုးစားမှုကို သတိပေးချက်လည်း ဖြစ်သည်။
ဝမ်လင်း၏ စူးစူးရဲရဲ အကြည့်များကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်ပျက်စွာ သက်ပြင်းချလိုက်၏။
သူ၏အမှားကို ဖာထေးရန်အတွက် အကန့်အသတ်ဖြင့် ထုတ်ဝေသည့် ခေါက်ဆွဲခြောက်ထုပ်ဖြင့် ဖားရတော့မည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ်က တွေးမိလိုက်သည်။
ရုတ်တရက် သူက လာရင်းကိစ္စကို ပြန်သတိရလာသည်။
အဖြူရောင်ဝတ်လူငယ်(ဝါ) ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းကို စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ညီနောင်လင်း.. မင်းအရင်က ပြောခဲ့တဲ့ နတ်ဆိုးဘုရင်ရဲ့လက်ကို သိမ်းဆည်းဖို့ ငါဒီကို လာခဲ့တာပါ"
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
တစ်ဖက်သားက ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးဝတွင် ဖိုးဖိုးဝမ် နှင့် စကားစမြည် ပြောနေသည်ကို သိသည်နှင့် ထိုသူကဗုံးပစ်စီနီယာ အင်မော်တယ်မှန်း သူသိထားပြီးသား ဖြစ်သည်။
တစ်ယောက်ပြီး တစ်ယောက် အိမ်နောက်ဖေးသို့ သွားကြစဉ် ထွင်ထျန်းဟာက နေပူစာလှုံ၍ မြေပြင်ပေါ်တွင် ပြားပြားဝပ် လဲလျောင်းနေ၏။
သူက ဆရာလေးလင်း ရောက်လာသည်ကို မြင်လိုက်ရသည်နှင့် အလွန်သတိရှိစွာဖြင့် အမြီးတွန့်၍ ဝမ်းလျားမှောက်ကာ ဝမ်လင်း၏ ခြေရင်းသို့ ရောက်ရှိသွားသည်။
ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ပြီး ရူပါရုံ၏ စွမ်းအားကို လှုံ့ဆော်လိုက်၏။
ထိုအချိန်တွင် ဝမ်လင်း၏ မျက်လုံးများက ကောင်းကင်မျက်လုံး၏ တန်ခိုးကြောင့် ပွင့်ချပ်များ ကဲ့သို့ ပွင့်အာနေပြီး ရွှေရောင်အဖြစ် ပြောင်းသွားသည်ကို ဗုံးပစ်စီနီယာ အင်မော်တယ်က တွေ့လိုက်ရသည်။
ခဏအကြာတွင် ၀ိညာဉ်စွမ်းအင်က ဝမ်လင်း၏ အမြင်လမ်းကြောင်းတွင် လှည့်ပတ်သွားပြီး အားကောင်းသော အာကာပြင် ဝဲကတော့က လေထဲတွင် ပေါ်လာခဲ့သည်။
"ဝုန်း"
အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးက ထိုနေရာကနေ ကြီးမားသော အနက်ရောင် အသွင်သဏ္ဍာန်တစ်ခု တိုက်ရိုက် ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။
ဧရာမ နတ်ဆိုးလက်၏ အလေးချိန်အောက်တွင် မြေကြီးသည်ပင် သိသိသာသာ ကျွံဝင်သွားခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ် "............"
ထိုအရာက နတ်ဆိုးဘုရင်၏ လက်ဖြစ်ပြီး မှင်စာမျိုးနွယ်၏ အကြီးအကဲလည်း ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က နတ်ဆိုးဘုရင်လက်၏ ဧရာမ အရွယ်အစားကို မျှော်လင့်ထားပြီ ဖြစ်သော်လည်း မျက်စိဖြင့် တပ်အပ် မြင်လိုက်သောအခါတွင် ထိတ်လန့်နေဆဲပင်။
[ဒီနတ်ဆိုးဘုရင်ရဲ့လက်က အရမ်းထူတာပဲ]
အင်မော်တယ်ထုန်ရာ ကိုယ်တိုင်ထံမှ ထိုအကြောင်းကို ကြားမသိခဲ့လျှင် လင်းကျန်းရန်က ဤနတ်ဆိုးလက်ကို ဂိတ်တံခါး နှင့် ညှပ်ဖြတ်လိုက်သည်ဟု သူစိတ်ပင် ကူးမိမည် မဟုတ်ပေ။
ဝမ်လင်းက နတ်ဆိုးဘုရင်၏လက်ကို ဗုံးပစ်စီနီယာ အင်မော်တယ်၏ ရူပါရုံနယ်ပယ် ထဲသို့ ချက်ချင်း ထည့်ပေးလိုက်သည်။
လက်ကို ဖြတ်ချလိုက်သည်မှာ ကြာပြီ ဖြစ်သော်လည်း ၎င်းပတ်ပတ်လည်ရှိ နတ်ဆိုး အော်ရာမှာ ယခုတိုင် အားကောင်းနေဆဲ ဖြစ်သည်။
ယင်းက အနီးနားမှ ပန်းများနှင့် အပင်များကိုပင် ညှိုးနွမ်းစေ၏။
ကံအားလျော်စွာပင် အဘိုးအိုက အိမ်နောက်ဖေးရှိ အပင်များကို ဂရုတစိုက် သိပ်မရှိလှပေ။
မဟုတ်လျှင် ဖိုးဖိုးဝမ် အပေါ် အပြစ်ကြီးတစ်ခု ကျူးလွန်မိသကဲ့သို့ သူ ခံစားရပေလိမ့်မည်။
ဘရိုကိုလီ တန်ချိန်များစွာနှင့်ပင် အလျော်ပေးနိုင်မည် မဟုတ်ပေ။
"ဒီနတ်ဆိုးဘုရင်ရဲ့ လက်က အလွန် အဖိုးတန်တဲ့ အရင်းအမြစ်တစ်ခုပဲ.. ငါအိမ်ပြန်ရောက်တာနဲ့ စည်းစနစ်ကျတဲ့ သုတေသန အစည်းအဝေး တစ်ခု လုပ်ရမယ်"
နတ်ဆိုးဘုရင်လက်ကို လက်ခံပြီးနောက် လူငယ်က စိုးရိမ်ပူပန်မှုအချို့ကို စွန့်လွှတ်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းရှည်ကို ချလိုက်သော်လည်း အမူအရာကမူ နည်းနည်းလေးမှ ပြေလျော့မသွားခဲ့ပေ။
ယမန်နေ့က ဂိမ်းကမ္ဘာထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သတိရပြီး သူက ဝမ်လင်းကို ကြည့်ကာ မေးလိုက်သည်။
"ညီနောင်လင်း.. မနေ့က နေရာလွတ် ဒိုင်မန်းရှန်းမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို မင်းဘယ်လိုမြင်လဲ"
တကယ်တမ်း တစ်ဖက်လူ ဘာမှမပြောလျှင်ပင် ဝမ်လင်း၏ စိတ်ထဲတွင် အဖြေက ရှင်းလင်းနေသည်။
ဤအဖြစ်အပျက်က "အင်မော်တယ်စံအိမ်" နဲ့ ဆက်စပ်နေမည်မှာ သေချာသလောက်ပင်။
ဤကိစ္စကို ဖြေရှင်းဖို့က သူတို့ စိတ်ကူးထားသလို လွယ်ကူမှာ မဟုတ်သော်လည်း ရှုပ်ထွေးမှုတော့ မရှိလောက်ပေ။
ဂိမ်းကမ္ဘာထဲတွင် အင်မော်တယ်စံအိမ်၏ ရည်ရွယ်ချက်က သူတို့ကို လုံးလုံးလျားလျား ရှင်းပစ်ဖို့ ဖြစ်၏။
ထိုအကြောင်းအရာကို တွေးရင်း ဝမ်လင်းက သူ့မျက်လုံးကို ခဏမျှ မှိတ်ထားလိုက်သည်။
ဤအင်မော်တယ် စံအိမ်ကြောင့် မကြာသေးမီကစပြီး သူ့ဘဝတွင် ပြဿနာများစွာ ဖြစ်ပျက်ခဲ့သည်ကို သူပြန်လည် သတိရမိသည်။
သူ့ဘဝ၏ အေးချမ်းသာယာမှုကို အကြိမ်ကြိမ်အခါခါ ပျက်ပြားစေသည့် သူများကို သူဘယ်တုန်းကမှ သည်းခံလေ့မရှိပေ။
ဝမ်လင်း၏ သူငယ်ချင်းကောင်း အဖြစ် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သော ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း၏ စိတ်နေသဘောထားကို ကောင်းစွာ သိရှိခဲ့သည်။
သူက အသက်ပြင်းပြင်းရှူပြီး ဝမ်လင်းကို ပြောလိုက်သည်။
"တကယ်တော့ ထန်ချမ့်က အင်မော်တယ်စံအိမ် ရဲ့ ဌာနခွဲမှူးကိုယ်တိုင် လှုပ်ရှားတော့မယ်လို့ ငါ့ကို သတိပေးခဲ့တယ်.. ညီနောင်လင်းရဲ့ အစီအစဥ်က ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းရဲ့ညီနောင်အနေနဲ့ ကျရောက်လာမဲ့ အန္တရာယ်တွေကို အဆုံးထိ ကာကွယ်ပေးပါ့မယ်"
အဖြူရောင်ဝတ် လူငယ် နှင့် အကြည့်ချင်း ဆုံမိသောအခါ ဝမ်လင်း၏ အေးစက်စက် မျက်ဝန်းများက ရှားရှားပါးပါး ကူကယ်ရာမဲ့စွာဖြင့် သစ္စာဖောက်မိသွားခဲ့သည်။
..........................
ညနေခင်း တစ်ခုတွင် ဝမ်မိသားစု အိမ်ငယ်လေး အရှေ့ရှိ အရှေ့ဟွမ်လမ်းထဲ၌ တုန်ခါမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။
မြေပြင်က တုန်ခါသွားသဖြင့် ငှက်များစွာက လေထဲသို့ ပျံတက်သွားကြ၏။
အိမ်ငယ်လေးရှေ့တွင် သက်ဆင်းလာသည့် ပုံရိပ်တစ်ခု၏ ပြင်းထန်သော ဖိအားကြောင့် မြေပြင်က အက်ကွဲသွားသည်။
ဤလူကို ဝန်းရံထားသည့် အကန့်အသတ် မရှိသော ဝိညာဉ်အလင်းရောင်က မမြင်နိုင်သော အကာအကွယ် အဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ကို တုန်ခါအက်ကွဲစေကာ လေထဲတွင် လေထု ပုံပျက်မှုကိုတောင်မှ ဖြစ်စေခဲ့သည်။
"ဒီနေရာပဲ"
အလင်းတန်းများ ဝိုင်းရံထားသည့် လူလတ်ပိုင်း အမျိုးသားက ရယ်မောလိုက်သည်။
သူက သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ဝမ်မိသားစု အိမ်ငယ်လေးကို စိုက်ကြည့်လိုက်သည်။
သူက အရှေ့ပိုင်း ဌာနခွဲမှူး အဖြစ် နှစ်ပေါင်း တစ်ရာပတ်လုံး တာဝန် ထမ်းဆောင်ခဲ့၏။
သူက ဤမိသားစု အပေါ်တွင် ဉာဏ်နီဉာဏ်နက်ကို အမှန်အကန် ထုတ်သုံးနိုင်သရွေ့ အင်မော်တယ်စံအိမ်၏ ထိပ်တန်းအဆင့် အကြီးအကဲ ရာထူးက သူနှင့် အလှမ်းဝေးမည် မဟုတ်တော့ပေ။
လူလတ်ပိုင်း အမျိုးသားက မဲ့ပြုံးပြုံးလိုက်သည်။
သူ ဤနေ့မျိုးကို စောင့်ခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်။
၎င်းက ရာစုနှစ်တစ်ခု အတွင်း ရာထူးတိုးဖို့ အကောင်းဆုံးနှင့် အနီးစပ်ဆုံး အခွင့်အရေးလည်း ဖြစ်၏။
ယခုတစ်ခေါက် အခွင့်အရေးကို အရ မယူနိုင်လျှင် ဤအခွင့်အရေးမျိုး ဘယ်တော့မှ ရရှိနိုင်မည် မဟုတ်တော့ချေ။
သူက ဝင်ပေါက်တံခါးကို စိုက်ကြည့်လိုက်သည်။
သူ၏ ထိန်းချုပ်မထားသော လူသတ်ငွေ့များက ဝမ်မိသားစု အိမ်လေးထဲသို့ ထိုးဖောက် ဝင်ရောက်သွား၏။
နှစ်မိနစ်လောက် အကြာတွင် ဝမ်မိသားစု၏ အိမ်ရှေ့တံခါးက ပွင့်သွားသည်။
သို့သော် တံခါးက အက်ကြောင်း တစ်ခုစာသာ ပွင့်လာခဲ့သည်။
ယင်းနောက်တွင် ထိုအက်ကြောင်းမှ အညိုရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းတန်းက အလင်းမှုန် အစုအဝေး အဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်သိမ်မွေ့သော လေထုပတ်ဝန်းကျင်ကို ဖန်တီးလိုက်၏။
အလင်းမှုန်အစုအဝေးများက မက်မွန်သစ်သားဓား အဖြစ်သို့ လုံးလုံးလျားလျား ပေါင်းစပ်သွားသည်ကို မြင်သောအခါ လူလတ်ပိုင်း၏ မျက်နှာက အဆုံးသတ်တွင် ပြောင်းလဲသွားခဲ့သည်။
ဤဓားက အလွန် ကြောက်စရာကောင်းသည့် အပြင် ၎င်းနှင့်အတူ ပါလာသည့် ဖိအားများက အသားဆော့လ်ထဲသို့ ရောက်သွားသလို သူ့ကို ခံစားရစေသည်။