← Chapters

ဝမ်လင်းသည် ခရီးတစ်ခုတွင် ပျောက်ဆုံးသွားသည်

Vol. 19 Ch. 279

ဝမ်လင်းသည် ခရီးတစ်ခုတွင် ပျောက်ဆုံးသွားသည်

Vol. 19 Ch. 279

တစ်ခါတရံတွင် ဤကဲ့သို့ တိုက်ဆိုင်မှုမျိုး ကြုံရတတ်၏။

၎င်းကို ဝမ်လင်းက "ကြမ္မာဆိုး"ဟု ရည်ညွှန်းခဲ့သည်။

ဖန့်ရှင်း၏ သူ့အပေါ် ပြုမူပုံအရ ဤလူက သူ့ကို မှတ်မိနေသည်ဟု သူထင်ခဲ့၏။

ဗုံးပစ်စီနီယာ အင်မော်တယ် ပြောသလိုသာ အခင်းဖြစ်ပွားရာနေရာ၏ ပထမဆုံးသက်သေမှာ ဖန့်ရှင်းဖြစ်ခဲ့လျှင် ဝမ်လင်းက နတ်ဆိုးဘုရင်ကို လုပ်ကြံသတ်ဖြတ်ပြီး ချိုက်လျန် နှင့် ပွေ့ဖက်နေသည်ကို သေချာပေါက် မြင်တွေ့ခဲ့မည် ဖြစ်သည်။

သို့သော် ထိုအချိန်က ဝမ်လင်းမှာ ကလေးအရွယ်သာ ရှိသေး၏။

သူက လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ရုပ်ရည် အသွင်အပြင်ကို နည်းစနစ်သုံး၍ ပြုပြင် ပြောင်းလဲခဲ့သည်။

ဖန့်ရှင်းက သူ့ကို မှတ်မိနိုင်ပါဦးမည်လော။

သူ့မျက်နှာက အတန်အသင့် ပြောင်းလဲသွားသည်ကတော့ အမှန်ပင်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တွေ့သောအခါ အလွန် ပျော်ရွှင်သွားမည်ဟု ထင်ခဲ့သော်လည်း ဝမ်လင်းက ဖန့်ရှင်းကိုမြင်ပြီးနောက် တစ်စုံတစ်ရာ မူမမှန်ကြောင်း သူရှင်းရှင်းလင်းလင်း သိမြင်ခဲ့သည်။

ဤလင်းကျန်းရန်၏ ပုံမှန် အေးတိအေးစက် မျက်နှာပေးက အဆင်မပြေသည့် အမူအရာကို ရှားရှားပါးပါး ထုတ်ဖော်ပြသနေ၏။

"ဒါက ဘာအဓိပ္ပါယ်လဲ"

ဗုံးပစ်စီနီယာ အင်မော်တယ် အနည်းငယ် အတွေးနက်သွားသည်။

ဖန့်ရှင်း၏ ဘေးမှ ချိုက်လျန်ကမူ သံသယကင်းစွာဖြင့် ပြုံးနေ၏။

သူမက ဖန့်ရှင်း၏ မျက်နှာကို စိုက်ကြည့်ရင်း လုံး၀ အံသြနေခဲ့သည်။

သူ့မွေးရပ်ဒေသ စကားဖြင့် ဖော်ပြရလျှင် ဤကောင်လေးက သောက်ရမ်း ဆွဲဆောင်မှုရှိသော ကောင်လေး ဖြစ်၏။

"ဒါဆို လွန်ခဲ့တဲ့ ခြောက်နှစ်က နင်လည်း အဲဒီမှာ ရှိနေတယ်ပေါ့"

ချိုက်လျန် အံ့အားသင့်စွာ မေးလိုက်သည်။

"ဒီနှစ်တွေမှာ ဟိုတုန်းက မျက်မြင် သက်သေတွေကို ငါရှာဖွေခဲ့တယ်.. ပထမဆုံး ရှာတွေ့တဲ့ တစ်ယောက်က ကျောင်းသား ဖန့်ရှင်း ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး"

ဖန့်ရှင်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။

"တကယ်တော့ လွန်ခဲ့တဲ့ ခြောက်နှစ် အဲဒီနေ့က ကျွန်တော်တို့ ခေါက်ဆွဲဆိုင်ကို နေရာပြောင်းဖို့ ပြင်ဆင်နေခဲ့တာပါ.. ကျနော်တို့ အပြင်ကို ထွက်ရုံပဲရှိသေးတယ်.. ဖားပြုပ် တစ်ကောင်က ကောင်းကင်ကနေ ပြုတ်ကျလာခဲ့တယ်လေ"

လူတိုင်း "............"

ဓမ္မရာဂျာ "ဒါဆို ညီနောင် ဖန့်ရှင်းက ဘာလို့ အဲဒီနေရာကို ပြန်ပြောင်းလာရာတာလဲ"

ဖန့်ရှင်း ရယ်လိုက်သည်။

"ဖားက ချမ်းသာမှုကို ဖိတ်ခေါ်တယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဖားတစ်ကောင် ဆင်းသက်လာတာက ချမ်းသာကြွယ်ဝမှုတွေ ဖြစ်လာမဲ့ နိမိတ်လို့ ငါ့အဖေက ပြောခဲ့တယ်"

လူတိုင်း ".............."

"ဒါကြောင့် အစိုးရရဲ့ ကပ်ဘေးကာလအလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ အပြီးမှာပဲ ကျနော် ပြန်ပြောင်းလာခဲ့ရတာပဲ.. မကြာသေးခင်ကပဲ ကျနော် စုန့်ဟိုင်မြို့ကို လာပြီး ကျောင်းပါပြောင်းခဲ့တယ်.. အချိန်ရရင် ရသလို မိသားစု လုပ်ငန်းကိုလည်း ကူညီပေးခဲ့ပါတယ်"

ဖန့်ရှင်းက ပြောလိုက်သည်။

လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။

"ဒီလိုကိုး"

ချက်ဂရု၏ အဖွဲ့ဝင် ဖြစ်လာသူ မည်သူမဆို အားကောင်းသော မိသားစု နောက်ခံ ရှိရမည် ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် ကိုယ်တိုင် ဖန့်ရှင်းကို လက်ခံလိုက်သည့် အတွက် အဖွဲ့ထဲမှ လူတိုင်းက ထွေထွေထူးထူး ပြောစရာမရှိခဲ့ချေ။

"မင်းတို့တွေ မေးစရာ ရှိသေးရင် ငါတို့ ရထားပေါ် တက်ပြီးမှပဲ မေးကြတော့.. အခုချိန်ကစပြီး ဖန့်ရှင်းက ငါတို့ရဲ့ ညီနောင်ပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က သွားများပေါ်သည်အထိ ပြုံးပြ၍ ပြောလိုက်သည်။

"နောက်တစ်ခုကတော့ ညီနောင် ဖန့်ရှင်းက လင်းကျန်းရန်နဲ့အတူ တစ်ကျောင်းထဲ တက်နေတာပဲ"

ထိုစကားကို ကြားလျှင် ဝမ်လင်းက လွဲ၍ ကျန်လူတွေ အားလုံး အံ့သြသွားသည်။

ဖက်တီးလော "အခုခေတ်က အထက်တန်းကျောင်းတက်ဖို့ ခေတ်စားနေတာလား"

ဓမ္မရာဂျာက ဗုံးပစ်စီနီယာ အင်မော်တယ်ကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"စီနီယာ အင်မော်တယ်.. လင်းကျန်းရန်နဲ့ ညီနောင်ဖန့်ရှင်း တို့ရဲ့ ကျောင်းက လူသိပ်မများသေးဘူး မဟုတ်လား.. ကျွန်တော်လည်း အပြောင်းအရွှေ့ ကျောင်းသား ဖြစ်ချင်ပါတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်လိုက်သည်။

"အသက်ကြီးလွန်းတဲ့ ကျောင်းသားတွေကို ကျောင်းက လက်ခံဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး.. ဟုတ်တယ်မလား"

"မှန်တာပေါ့.. သိပ်မှန်တဲ့စကားပဲ"

ချိုက်လျန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"အကယ်၍ သူတို့သာ ကျောင်းသားတွေကို ရှာဖွေနေတယ်ဆိုရင် ကျမလို လူမှပဲ ဖြစ်နိုင်လိမ့်မယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "ရင်သားကြီးတဲ့ အဒေါ်ကြီးတွေကိုလည်း ဘယ်သူမှမခေါ်ပါဘူး"

ချိုက်လျန် "..........."

ဝမ်လင်း "............"

လူတိုင်း "............."

ဗုံးပစ်စီနီယာ အင်မော်တယ်က ရထားလက်မှတ်များကို အစဥ်လိုက် နံပါတ်များဖြင့် ကြိုတင်မှာယူထားသည်။

၎င်းတို့၏ ထိုင်ခုံများမှာ ရထားနံပါတ် လေး၏ နောက်ဆုံးသုံးတန်း ဖြစ်သည်။

ချိုက်လျန်က ပထမတန်းတွင် သူ့ဘာသာသူထိုင်ရန် ရွေးချယ်ခဲ့ပြီး ဝမ်လင်းက နောက်ဆုံးအတန်း ပြတင်းပေါက်နားမှ ထိုင်ခုံကို ချက်ချင်း ရွေးချယ်၍ ထိုင်လိုက်သည်။

ထောင့်နေရာက သူ့ကို မည်သူမျှ သတိမထားမိစေရန် အကောင်းဆုံးနေရာ ဖြစ်သည် မဟုတ်လော။

ရထားပေါ်သို့ ရောက်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ဘေးတွင် ထိုင်မည်ဟု သူထင်ခဲ့သော်လည်း ဖန့်ရှင်းနှင့် ထိုင်ခုံချင်း လဲထိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။

ဖန့်ရှင်းက ဝမ်လင်းကို တောက်ပစွာ ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ အတန်းဖော်ဝမ်လင်း.. မင်းရဲ့လျှို့ဝှက်ချက်ကို ငါ ဘယ်သူ့ကိုမှ မပြောပါဘူး"

ဖန့်ရှင်းက ထိုစကားများကို ဝမ်လင်း၏ စိတ်ကိုဖတ်ပြီးမှ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်ခြင်း ဖြစ်၏။

ဤအရာက ဝမ်လင်းကို အံ့အားသင့်စေခဲ့သည်။

ဖန့်ရှင်းက "စိတ်ဖတ်စွမ်းရည်"ကို အသုံးပြုလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ထိုစွမ်းရည်မျိုးကို ဗုံးပစ်စီနီယာ အင်မော်တယ်ပင် မတတ်ကျွမ်းသေးချေ။

ထို့ကြောင့် ဝမ်လင်းအတွက် ဖန့်ရှင်းက ခန့်မှန်း၍မရသော လူတစ်ယောက် ဖြစ်နေခြင်းပင်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဖန့်ရှင်း၏ မိသားစုနောက်ခံအား အသေအချာ စုံစမ်းထားလျှင်ပင် ဖန့်ရှင်းကို အထူးအာရုံစိုက်ဖို့ လိုအပ်သည်ဟု သူခံစားမိသည်။

သူတို့ဘေးတွင် ထိုင်နေသော ဗုံးပစ်စီနီယာ အင်မော်တယ်မှာ လေထုက ထူးထူးခြားခြား အေးခဲနေသည်ကို သတိပြုမိလိုက်သည်။

"သူတို့က အတန်းဖော်တွေဖြစ်ပြီး ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေး သိပ်မရှိရတာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ယခုခေတ်တွင် အတန်းဖော် နှစ်ယောက်ကြား ခင်ခင်မင်မင် မရှိခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

ထိုအချိန်တွင် ဗုံးပစ်စီနီယာအင်မော်တယ်၏ စိတ်ထဲသို့ပေါက်ကရ အတွေးများ ဝင်ရောက်လာ၏။

ဝမ်လင်း နှင့် ဖန့်ရှင်းတို့ အထက်တန်းကျောင်း ပြီးသောအခါ တက္ကသိုလ်တစ်ခုတည်း တက်ပြီး အိပ်ဆောင်တစ်ခုတည်း အတူတူ နေရလျှင် မည်သို့ဖြစ်လာမလဲ ဆိုသည်ကို သူစဥ်းစား၍ပင် မရပေ။

ထိုနှစ်ယောက်သာ အတူတူနေရမည် ဆိုလျှင် နွေရာသီမှာ အဲယားကွန်း ဖွင့်ဖို့ မလိုလောက်ပေ သို့မဟုတ် ရေခဲသေတ္တာ မရှိလျှင်ပင် အဆင်ပြေနိုင်သည်ဟု သူခံစားမိသည်။

အခန်းတစ်ခုလုံးက အက်စကီမိုး လူမျိုးတို့ နေထိုင်သည့် နှင်းဖြင့် ဆောက်လုပ်ထားသော အိမ်နှင့် တူနေလိမ့်မည်။

ထို့ကြောင့် အဆင်မပြေမှုကို ချိုးဖျက်ရန် အခွင့်အရေးတစ်ခုကို မြင်လိုက်ရသည်နှင့် ဗုံးပစ်စီနီယာအင်မော်တယ်က အခြေအနေကို အလိုက်သင့် စီးမျောလိုက်သည်။

"ညီနောင်ဖန့်ရှင်း.. မင်းဘာယူလာတာလဲ"

ဖန့်ရှင်းက ဤတစ်ကြိမ်တွင် လက်ဗလာဖြင့် မဟုတ်ဘဲ ကျောပိုးအိတ်ထဲတွင် တစ်စုံတစ်ခု ထည့်လာသည်ကို သူသတိပြုမိသည်။

"ဘာမှမဟုတ်ပါဘူး"

ဖန့်ရှင်း ပြန်ဖြေလိုက်သည်။

"အဖွဲ့ထဲက စီနီယာတွေက ဆောင်းရာသီ မြို့တော်မှာ အမှောင်အင်အားစုတွေကို သင်ခန်းစာ ပေးမှာမို့ ကိုယ်ပိုင် မှော်ရတနာတွေကို ကြိုတင် ပြင်ဆင်ပြီး ယူလာကြတယ်.. ငါ့မှာတော့ ယူလာနိုင်တဲ့ မှော်ရတနာလည်း မရှိပါဘူး.. ရှိရင်လည်း စီနီယာတွေရှေ့မှာ ရယ်စရာပဲဖြစ်နေမှာ.. တကယ်တော့ ဒီအိတ်ထဲမှာက အဆာပြေ စားစရာတွေပဲ ရှိပါတယ်"

"အဆာပြေစားစရာလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြုံးလိုက်သည်။

"ညီနောင်ထုန်ရာမှာ အစာရှောင်ဆေးရှိတယ်.. ငါတို့ ဗိုက်ဆာရင် ဆေးတစ်လုံးလောက် စားလိုက်ရုံပဲ"

"အဲလို မဟုတ်ဘူး.. ကျနော်တို့ မိသားစုရဲ့ ခေါက်ဆွဲတွေက အစာရှောင်ဆေးတွေနဲ့ မတူပါဘူး.. အဲဒါက ဆာလောင်မှုကို သက်သာစေရုံတင် မကဘူး.. ခွန်အားနဲ့ စိတ်စွမ်းအားတွေကိုပါ မြန်မြန်ဆန်ဆန် ဖြည့်စွမ်းပေးနိုင်ပါတယ်"

ထိုသို့ပြောပြီးနောက် ဖန့်ရှင်းက သေသပ်စွာ ထုပ်ပိုးထားသော ခေါက်ဆွဲboxကို တိုက်ရိုက် ထုတ်လိုက်သည်။

ဤထုပ်ပိုးမှုမျိုးကို သူ့မိသားစု၏ ခေါက်ဆွဲဆိုင်တွင်သာ သီးသန့် အသုံးပြု၏။

"ဆာလောင်တဲ့အခါ ခေါက်ဆွဲboxထဲကို ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်ရုံနဲ့ ခေါက်ဆွဲက အလိုအလျောက် ပူလာလိမ့်မယ်.. ဒီခေါက်ဆွဲက ခွန်အားနဲ့ စိတ်စွမ်းအင်ကို ဖြည့်တင်းပေးတဲ့ အပြင် ပြင်ပ ဒဏ်ရာတွေကိုလည်း လျင်မြန်စွာ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်"

ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က နှုတ်ခမ်းများ ရွဲ့စောင်းသွား၏။

"............."

"ဒါက senzu bean များလား"

{senzu bean= Dragon Ball စီးရီးထဲမှ ပြန်လည်နုပျိုစေသော ဂုဏ်သတ္တိရှိ ဆန်းကြယ်သော ပဲစေ့)

ဖန့်ရှင်း၏ အညွှန်းကို ကြားပြီးနောက် ရှေ့ဆုံးတန်းတွင် ထိုင်နေသော ဓမ္မရာဂျာက အလွန်စိတ်ဝင်စားသွားသည်။

"ညီနောင် ဖန့်ရှင်းရဲ့ ခေါက်ဆွဲက တကယ် အကျိုးရှိစေတာပဲ.. ဒါပေမယ့် ခေါက်ဆွဲစားရတာက နည်းနည်းတော့ အဆင်မပြေဘူး.. ဒီထက် ပိုရိုးရှင်းတဲ့ ဗားရှင်းရော မလုပ်ထားဘူးလား"

"လုပ်ထားတယ်"

ထိုစကားကို ပြောပြီးနောက် ဖန့်ရှင်းက တောက်ပသော အထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။

"ဒါက ငါတို့မိသားစုရဲ့ ခေါက်ဆွဲကြွပ်ကြော် အဆာပြေမုန့်ပဲ.. အပူပေးစရာလည်း မလိုဘူး.. ချက်ချင်းဖွင့်ပြီး စားလို့ရတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "............"

[ဒါက ဒီကောင့် စိတ်ကူးလား.. ငါ့နေရာကိုလုဖို့ကြိုးစားနေတာတော့ မဟုတ်လောက်ဘူးမလား ]

လင်းကျန်းရန်၏ လည်ချောင်းမှ တံတွေးမျိုချသံက ဗုံးသံကဲ့သို့ ကျယ်လောင်နေသည်ဟု သူထင်၏။

[ညီနောင်လင်းရေ.. ခေါက်ဆွဲခြောက်ရဲ့ ဆွဲဆောင်မှုကနေ ရုန်းထွက်ဖို့ မင်းကိုယ်တိုင် ကြိုးစားပေတော့]

All Chapters