လင်းကျန်းရန် ဘယ်လိုလုပ် သန်မာသူဖြစ်လာတာလဲ
Vol. 19 Ch. 280
ကံကြမ္မာဆိုးက သူ့အပေါ် ဘယ်အချိန် ကျရောက်လာတတ်မှန်းပင် ဝမ်လင်း တစ်ယောက် ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။
သို့သော် သူ့အနေဖြင့် ၎င်းကို ကံကြမ္မာဆိုးဟု တထစ်ချ သတ်မှတ်မည် မဟုတ်တော့ချေ။
ယခုမူ ဝမ်လင်းက ခေါက်ဆွဲခြောက်ကို တိတ်တိတ်ဆိတ်ဆိတ် စားနေရင်း ဤကံကြမ္မာက နက်နဲလာသည်ဟု ကောင်းကောင်းကြီး သိလိုက်သည်။
ခေါက်ဆွဲအကြွပ်ကြော်ကို စားပြီးသောအခါ အဖြူရောင်ဝတ်လူငယ်က သူ့လက်ချောင်းများကို စုပ်၍ ချီးမွမ်းခန်း ဖွင့်လိုက်သည်။
"ညီနောင် ဖန့်ရှင်း.. မင်းရဲ့ခေါက်ဆွဲခြောက်က အရမ်းစားကောင်းတာပဲ"
သူ့စကားကို ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် ဓမ္မရာဂျာ၊ အင်မော်တယ်ထုန်ရာ၊ ဖက်တီးလော နှင့် ချိုက်လျန်တို့ အားလုံးက ခေါင်းညိတ်၍ ထောက်ခံလိုက်ကြသည်။
"စားပြီးတာနဲ့ ငါ့ရဲ့ စွမ်းအားတွေ ပြည့်နေသလို တကယ်ကြီး ခံစားရတယ်"
"ညီနောင်ဖန့်ရှင်း.. မင်းရဲ့ ခေါက်ဆွဲကြွပ်ကြော်ထဲမှာ ဆေးဖက်ဝင် အပင်တွေ အများကြီး ပါနေတာလား"
အင်မော်တယ်ထုန်ရာက အရသာကို မြည်းစမ်းကြည့်၍ သုံးသပ်လိုက်သည်။
"ဒီခေါက်ဆွဲကြွပ်ကြော် သရေစာထုပ်မှာ ရာနဲ့ချီတဲ့ ဆေးဖက်ဝင်အပင်တွေ ပါဝင်တယ်.. ဆေးပင် အားလုံးရဲ့ အနံ့အသက်ကို ချေဖျက်ပြီး သရေစာရဲ့ အရသာကို ထိန်းသိမ်းဖို့ ဆိုတာ တကယ်ပဲ လွယ်တဲ့အလုပ် မဟုတ်ဘူး
ဗုံးပစ်စီနီယာ အင်မော်တယ်က ရှင်းပြလိုက်သည်။
"စီနီယာက ကျနော့်ကို မြှောက်နေပါပြီ"
ဖန့်ရှင်း ပြုံးလိုက်သည်။
"ကျနော်က ကျောင်းတက်ရင်း ကျနော်တို့မိသားစုရဲ့ ခေါက်ဆွဲဆိုင်မှာ သင်ယူခဲ့ရတာပါ.. ဒီခေါက်ဆွဲခြောက် အပါအဝင် အသင့်စား ခေါက်ဆွဲတွေက ကျနော်တို့မိသားစုရဲ့ ခေါက်ဆွဲဆိုင်က သုတေသနပြုပြီး တီထွင်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်အသစ်ပါ.. ဈေးကွက်မှာ တရားဝင် မရောင်းချရသေးပါဘူး"
"ဟားဟား.. ဒါဆို ငါတို့က ပထမဆုံးစားရတဲ့ အသုတ်ပဲပေါ့.. ဟုတ်တယ်မလား"
ဓမ္မရာဂျာက ကလေးငယ် ကဲ့သို့ ပေါ့ပါးစွာ ရယ်မောရင်း ဝမ်လင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"လင်းကျန်းရန် မင်းအမြင်ရော ဘယ်လိုလဲ"
လင်းကျန်းရန် အသည်းစွဲနှစ်သက်သည့် တစ်ခုတည်းသော အရာမှာ ခေါက်ဆွဲအကြွပ်ကြော်များ ဖြစ်သည်ကို လူတိုင်းသိသည်။
ထို့ကြောင့် ခေါက်ဆွဲအကြွပ်ကြော်ကို သုံးသပ်သည့်နေရာတွင် လင်းကျန်းရန်ထက် သာလွန်သောသူ မရှိနိုင်လောက်ချေ။
ဤမေးခွန်းက ရိုးရှင်းလွန်းသည်ဟု ဝမ်လင်း ထင်မြင်ခဲ့သည်။
သူက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။
ဖန့်ရှင်း ပါဝင်လာသည်နှင့် တစ်ပြိုင်နက် ရိုးရှင်းသော မေးခွန်းက ရှုပ်ထွေးသော ပြဿနာတစ်ခုလို ဖြစ်လာ၏။
ဝမ်လင်းက ဖန့်ရှင်းကို မုန်းတီးခြင်း မဟုတ်ပေ။
ဤအကောင်က တော်တော် ဒုက္ခပေးသည်ဟု ထင်ခဲ့ခြင်းပင်။
ပထမတော့ ဝမ်လင်းက သူ၏ ခပ်တန်းတန်း နေတတ်သော အသွင်အပြင်ကို ထိန်းသိမ်းထားရန် ဓမ္မရာဂျာ၏ မေးခွန်းကို မဖြေဘဲ ရှောင်နေမည်ဟု တွေးထားခဲ့သည်။
ဝမ်လင်းက သရေစာစားပြီး ကတည်းက စကားအများကြီး မပြောခဲ့သော်လည်း အနည်းငယ် ခေါင်းတညိတ်ညိတ် လှုပ်၍ အသိအမှတ်ပြုလိုက်သည်။
ဤသို့ဖြင့်ပင် နှစ်မိနစ်လောက် ငြိမ်သက်သွားပြီးနောက် သူက ခေါက်ဆွဲကြွပ်ကြော်ထုပ်ကို ထပ်လိုချင်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြန်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝင်ပြောလိုက်သည်။
"ညီနောင်လင်းက တခြားလူတွေကို ချီးမွမ်းတာ ခပ်ရှားရှားပဲ.. ညီနောင်ဖန့်ရှင်း.. မင်းရဲ့ ထုတ်ကုန်တွေက ပန်ကိတ်တွေလို ရောင်းကောင်းမှာ သေချာပါတယ်"
"အတန်းဖော် ဝမ်လင်း သဘောကျရင် ငါတို့ ခေါက်ဆွဲအကြွပ်ကြော်က အရမ်းစားကောင်းတာ သေချာသွားပြီ"
ဖန့်ရှင်းက သူ၏ သင်္ကေတဖြစ်သည့် တောက်ပသော အပြုံးကို ပြုံးပြလိုက်သည်။
သို့ရာတွင် ဝမ်လင်းက ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းများကို လှည့်ကြည့်နေပြီ ဖြစ်သည်။
...................
ထို့နောက် ရထားထဲရှိ လေထုက ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့လူစုက အင်မော်တယ်စံအိမ်ကို ဝင်စီးပြီး အမြစ်ဖြတ် သုတ်သင်ရန် ဆောင်းဥတုမြို့ကို ခရီးထွက်လာခဲ့၏။
ဤကိစ္စက လျှို့ဝှက်ချက်ကြီး ဖြစ်၍ သူတို့ ထွက်လာကြသည့်အခါတွင် မည်သည့်အရာမှ ယူဆောင်မလာရဟု ဗုံးပစ်စီနီယာအင်မော်တယ်က အလေးအနက် သတိပေးခဲ့သည်။
ဆိုရိုးထဲကလို နံရံပေါ်တွင် နားများရှိနိုင်သည် မဟုတ်လော။
ဆောင်းဥတုမြို့တွင် စစ်တပ်များ တပ်စွဲထားသော်လည်း အင်မော်တယ်စံအိမ်က ခြေကုပ်ယူနိုင်ခဲ့သောကြောင့် အမှောင်ထဲတွင် အင်မော်တယ်စံအိမ် အတွက် အလုပ်လုပ်နေသော သူလျှို အများအပြား ရှိနေမည်မှာ သေချာသည်။
'ဖက်တီးလော'က ဖောက်သည်များကို လက်ခံသည့်အချိန်ကလွဲ၍ စကားနည်းသူ ဖြစ်သည်။
အင်မော်တယ်ထုန်ရာက သာမန်ပင်။
သူက အဂ္ဂိရိတ်ဆရာ တစ်ယောက်အနေဖြင့် မီးဖိုရှေ့တွင် ရက်ပေါင်းများစွာ ထိုင်နေရသည့် အချိန်များပင် ရှိခဲ့သည်။
ဆောင်းဥတုမြို့သို့ ရထားဖြင့် သုံးနာရီကြာ ခရီးမှာ ရိုးရာဝတ်စားဆင်ယင်မှုဖြင့် လိုက်ဖက်သော ဤယောက်ျားအတွက် မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားသည်ဟု ခံစားရမည်ဖြစ်သည်။
လူတိုင်းက ဤအကြောင်းအရာနှင့် ပတ်သက်ပြီး အတွေးနက်နေကြစဥ် ချိုက်လျန်က ဇာပုဝါတစ်ထည်ကို တွေတွေကြီး ငေးစိုက်ကြည့်နေသည်။
ဤပုဝါက သူမ၏ ရည်းစားအသစ် အတွက်ဟု စီနီယာအင်မော်တယ်ထံမှ ဝမ်လင်း ကြားဖူး၏။
ဤခရီးတွင် အပင်ပန်းဆုံးမှာ ဓမ္မရာဂျာ ဖြစ်သည်။
သူက ပျင်းရိလာသဖြင့် အတင်းအဖျင်း ပြောရန် ဆုံးဖြတ်လိုက်သည်။
"စကားမစပ် စီနီယာ အင်မော်တယ်နဲ့ ညီနောင်ဖန့်ရှင်းတို့က တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသိကြတာလဲ.. စီနီယာအင်မော်တယ်က တာဝန်တစ်ခု ထမ်းဆောင်ရင်း ညီနောင် ဖန့်ရှင်းနဲ့ တွေ့ခဲ့တာလို့ စောစောက ပြောခဲ့တယ်နော်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဖန့်ရှင်းကို သူတို့နဲ့ မိတ်ဆက်ပေးခဲ့သော်လည်း ချက်ဂရုထဲမှ လူအများစုက ဖန့်ရှင်း၏ အတိတ် အကြောင်းကို ဂဃနဏ မသိကြပေ။
ဓမ္မရာဂျာ၏ မေးခွန်းက ချိုက်လျန် နှင့် ဖက်တီးလောတို့လည်း သိချင်နေသည့်အရာ ဖြစ်သည်။
ထို့အပြင် သူတို့ပို၍ သိချင်သည်မှာ ဖန့်ရှင်း၏ ခွန်အား ဖြစ်သည်။
လက်ရှိ အသွင်အပြင်ကို ကြည့်လျှင် ဖန့်ရှင်းက စွမ်းအားကြီးမားပုံရပြီး လက်ရှိလူများ၏ ပျမ်းမျှ အဆင့်အထက်ပင် ရှိနေပုံရသည်။
"တကယ်တော့ ဒါက ညီနောင်ဖန့်ရှင်းရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်နေတော့ ငါမပြောလိုပါဘူး.. ဒါပေမယ့် တစ်စုံတစ်ယောက်က မေးလာရင် ရှင်းပြနိုင်တယ်လို့ သူက ငါ့ကို အထူးခွင့်ပြုထားပါတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က အတင်းအဖျင်း ပြောရန် အဆင်သင့် ဖြစ်နေသည်။
"အတိအကျ ပြောရမယ်ဆိုရင် ညီနောင် ဖန့်ရှင်းက ကျင့်ဟွာမြို့မှာ ကျောင်းတက်နေတဲ့ အချိန်၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သိခဲ့တာပါ"
"ကျောင်းသားဖန့်ကို ငယ်ငယ်လေးကတည်းက ဖန့် ဇနီးမောင်နှံက မွေးစားခဲ့တာပါ.. သူ့ရလဒ်တွေက အရမ်းကောင်းတာကြောင့် ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်း သူ့ကို ခြွင်းချက်အနေနဲ့ ခေါ်သွားခဲ့တယ်.. မိသားစု သုံးယောက်လုံး အသတ်ခံခဲ့ရတဲ့ မိန်းကလေးကို မှတ်မိသေးလား.. လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ သူမ ဆီကနေ တစ်ယွမ် လက်ခံပြီး အဲဒီ လူဆိုးအုပ်စုတွေကို လက်စားချေဖို့ ကူညီပေးခဲ့တယ်.. အခင်းဖြစ်တဲ့နေရာက ထျန်းရှစ် အင်ပါယာ အထက်တန်းကျောင်းနဲ့ သိပ်မဝေးဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြန်ပြောင်း ပြောပြလိုက်သည်။
"အဲဒီအဖြစ်အပျက်က ညီနောင်ဖန့်ရှင်းနဲ့ စတင်တွေ့ခဲ့တဲ့ အချိန်ပေါ့.. အဲဒီအချိန်မှာ တစ်စုံတစ်ယောက်က ရဲကို ဖုန်းဆက်လိုက်တယ်.. ရဲတွေ ရောက်မလာခင်မှာ အလောင်းတွေကို ဖယ်ရှားဖို့ အကူအညီပေးခဲ့တဲ့သူက ညီနောင်ဖန့်ရှင်းပဲ"
ဤအဖြစ်အပျက်ကို လူတိုင်း ကြားဖူးခဲ့ကြသည်။
ကျင့်ဟွာမြို့တွင်းရှိ မြေအောက် အဖွဲ့အစည်းများကို ချေမှုန်းရန်အတွက် ငွေပေးချေမှု အဖြစ် ကလေးမလေးထံမှ တစ်ယွမ်သာ လက်ခံလိုက်သော စီနီယာ အင်မော်တယ်၏ သတင်းမှာ ထိုအချိန်က ကျင့်ကြံခြင်း အသိုင်းအဝိုင်း အတွင်း တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သေးသည်။
သို့သော် ထိုကိစ္စထဲတွင် ဖန့်ရှင်း ပါဝင်နေမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ဓမ္မရာဂျာက ဤအတင်းအဖျင်းကို ကြားလျှင် ကျေနပ်အားရနေခဲ့သည်။
"ဒီကိစ္စက ဒီလိုကိုး... ဒီကိစ္စနဲ့ ပတ်သက်ပြီး လူပြိန်းကြိုက်သတင်းစာ တစ်စောင်မှာ ဖတ်ခဲ့ဖူးတဲ့ ဆက်စပ် ဆောင်းပါးတစ်ပုဒ်ကိုတောင် ပြန်အမှတ်ရမိသွားတယ်.. ကျင့်ဟွာမြို့မှာ လူဆိုးတွေကို သုတ်သင်တုန်းက မင်းနဲ့ လက်တွဲခဲ့တဲ့ မိန်းကလေး တစ်ယောက် ရှိတယ်လို့ ရေးထားတာလေ"
"ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်နိုင်ပါတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်လိုက်သည်။
"မစ်ရှင်နဲ့ ပတ်သက်ပြီး ငါ အတော်လေး လျှို့ဝှက်ထားခဲ့တယ်.. ညီနောင်ဖန့်ရှင်းသာ ခွင့်မပြုခဲ့ရင် အသေးစိတ်ကို ဘယ်သူမှ မသိနိုင်လောက်ပါဘူး.. အဲဒီ လူပြိန်းကြိုက် သတင်းစာက အများပြည်သူဆီက အာရုံစိုက်ခံရဖို့အတွက် ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်"
"ဖြစ်နိုင်တယ်"
ဓမ္မရာဂျာက ခေါင်းညိတ်လိုက်ပြီး ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။
"လင်းကျန်းရန်ရော ဘယ်လိုထင်လဲ"
ထိုစကားကို ကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏ ပါးစပ်နားတွင် လက်ညိုးကို ကပ်ဟန် ပြုလိုက်ပြီး တီးတိုးပြောလိုက်သည်။
"လင်းကျန်းရန်က သူ့စာကျက်ချိန်ကို ဘာအနှောင့်အယှက်မှ အဖြစ်မခံဘူး.. အဲဒါက တားမြစ်ချက်ပဲ.."
ဖန့်ရှင်း၏ မူလဇစ်မြစ်ကို ဆွေးနွေးနေကြစဉ် လင်းကျန်းရန်က သူ့လက်ထဲတွင် ကိုင်ထားသော အစီအရင် စာအုပ်ပါ လေ့ကျင့်ခန်းများတွင် အမှန်တကယ် နစ်မြောနေသည်ကို သတိထားမိကာ လူတိုင်းက အံ့ဩသွားကြသည်။
[ဖြစ်နိုင်မလား.. ဒါက လင်းကျန်းရန် သန်မာလာတဲ့ အထူးနည်းလမ်းများလား]