← Chapters

စဥ်းစဥ်းစားစား လုပ်တတ်သော နောက်လိုက်

Vol. 19 Ch. 281

စဥ်းစဥ်းစားစား လုပ်တတ်သော နောက်လိုက်

Vol. 19 Ch. 281

ဝမ်လင်းက မည်မျှပင် သန်မာသည်ဖြစ်စေ အနှစ်သာရအားဖြင့် သူက ကျောင်းသား တစ်ယောက် ဖြစ်နေဆဲဖြစ်၍ စာသင်ရန် လိုအပ်သည်။

တကယ်တမ်းတွင် သူ့ကိုယ်စား ကျောင်းတက်ရန် ကိုယ်ပွားကို ချန်ထားခဲ့ရ၍ ပြစ်မှုတစ်ခု ကျူးလွန်နေသလို ခံစားနေရသည်၊

လူတော်တော်များများက နွေရာသီ သို့မဟုတ် ဆောင်းရာသီ အားလပ်ရက်များတွင် မီးကုန်ယမ်းကုန် ကစားလေ့ရှိကြပြီး နောက်ဆုံးနေ့ကျမှ အိမ်စာကို ကုန်းရုန်း လုပ်လေ့ရှိကြသည်။

သို့သော် ဝမ်လင်းကမူ ကိုယ်ပွားအား အိမ်စာ လုပ်ခိုင်းလျှင် မိနစ်အနည်းငယ်သာ လိုအပ်လိမ့်မည် ဖြစ်၏။

ဝိညာဥ်စွမ်းအင်သုံး ကျည်ဆန်ရထားက သုံးနာရီအတွင်း လီပေါင်း သောင်းနှင့်ချီ ဖြတ်သန်းကာ ဆောင်းဥတုမြို့ ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာသည်။

လူတိုင်း ပြောကြသလိုပင်၊ မြို့ထဲရောက်လာသည်နှင့် အပူချိန်က လျင်မြန်စွာပင် သိသိသာသာ ကျဆင်းသွားသည်။

ဝမ်လင်းက ရထား ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ရာ ကျင့်ကြံသူ အများအပြားက အဝတ်အစားများ ထပ်၍ ဝတ်ထားကြပြီး အအေးဒဏ် သက်သာစေရန် မတ်တပ်ထရပ်၍ ကိုယ်လက်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။

ဆောင်းဥတုမြို့တော်၏ အအေးဒဏ်ကို ရွှေအမြူတေ အဆင့် ကျင့်ကြံသူ မဟုတ်လျှင် ခံနိုင်ရည်ရှိရန်မှာ အနည်းငယ် ခဲယဥ်း၏။

သူတို့ချက်ဂရုအဖွဲ့မှ လူခုနစ်ဦးထဲကမူ မည်သူမျှမထကြပေ။

အားလုံးက အတော်လေး သက်သောင့်သက်သာ ရှိနေပုံရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း ပေးခဲ့သော အသားကပ်ဝတ်စုံကြောင့် အအေးဒဏ်ကို လုံးဝ မမှုခဲ့ပေ။

ရထားအပြင်ဘက်မှ တိမ်ကင်းစင်သော ကောင်းကင်ပြာနှင့် နှင်းကျနေသော မြင်ကွင်းများကိုကြည့်ရင်း ဝမ်လင်း၏ တုန်လှုပ်နေသော နှလုံးသားက သိသိသာသာ ငြိမ်သက်သွားသည်။

အိမ်စာထဲတွင် စိတ်နှစ်ထားခြင်းကလည်း တကယ်တမ်းတွင် စိတ်ဖြေလျှော့နည်း တစ်မျိုး ဖြစ်သည်။

"အခုအပူချိန်က ခြောက်ဆယ်ဒီဂရီအောက် ရောက်နေပြီ.. အချို့ မှော်ရတနာတွေက အအေးဒဏ်ကို ခံနိုင်ရည် အတော်လေး နည်းပါးကြတယ်.. ဆောင်းဥတုမြို့လို ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာဆို မှော်ရတနာတွေက သူတို့ရဲ့ စွမ်းအားတစ်ဝက်လောက်ပဲ စွမ်းဆောင်နိုင်ကြတယ်

'ဖက်တီးလော'က ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ့ဘေးမှ ဓမ္မရာဂျာက ဖက်တီးလော၏ အောက်ခံအင်္ကျီ၊ ဘောင်းဘီတို နှင့် လက်ဖဝါးစာ အရွယ် ပန်ကာကို ကြည့်ကာ ရင်တုန်နေသည်။

"ညီနောင်လော.. မင်းရဲ့အဝတ်အစားကို အပေါ်ကနေ ထပ်ဝတ်လို့ မရဘူးလား.. မင်းကို ကြည့်မိရင် ငါချမ်းလာသလိုလို ခံစားရတယ်"

အောက်ခံအင်္ကျီ၊ ဘောင်းဘီတိုနှင့် ပန်ကာတို့မှာ ဖက်တီးလော၏ ကိုယ်ပိုင်သင်္ကေတ ဖြစ်၏။

"ဘာလို့ထပ်ဝတ်ရမှာလဲ"

'ဖက်တီးလော'က ဓမ္မရာဂျာ၏ တောင်းဆိုမှုကို လျစ်လျူရှုခဲ့သည်။

"အောက်ခံအင်္ကျီ နဲ့ ဘောင်းဘီတိုက ဝတ်လို့အရမ်းကောင်းတယ်.. ငါ့ကိုလည်း နွေးထွေးနွေးထွေးထွေး ရှိစေတယ်"

ဖက်တီးလောသာ မပြောပြလျှင် ဤအောက်ခံအင်္ကျီနှင့် ဘောင်းဘီတိုက အလွန်ကောင်းသည့် လုပ်ဆောင်ချက်ရှိသည့် မှော်ရတနာများဟု မည်သူမှ ယုံမည်မဟုတ်ပေ။

ဆယ်မိနစ်လောက် အကြာတွင် အစောင့် တစ်ယောက်၏ သာယာသော အသံက ရထားတစ်လျှောက် ထွက်ပေါ်လာသည်။

"ချစ်လှစွာသောခရီးသည်များ.. ဝိညာဥ်စွမ်းအင်သုံး ကျည်ဆန်ရထားကို စီးနင်း လိုက်ပါလာကြတဲ့ ခရီးသည်များ အားလုံးကို ကျေးဇူးတင်ပါတယ်.. မကြာမီ အချိန်အတွင်းမှာ ဆောင်းဥတုမြို့ရဲ့ နောက်ဆုံး ဘူတာရုံကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်.. သင်တို့ရဲ့ အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်.. နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့ဖို့လည်း မျှော်လင့်နေပါတယ်.. သာယာသော ခရီးလေး ဖြစ်ပါစေ"

၎င်းတို့ ခုနစ်ဦးက ဘူတာရုံမှ ထွက်လာသောအခါ ထွက်ပေါက်တွင် ရပ်တန့်လိုက်ပြီး ၎င်းတို့၏ ID ကတ်များကို ပြသလိုက်ကြသည်။

ဤသည်မှာ ဗုံးပစ်စီနီယာ မျှော်လင့်ထားသည့်အတိုင်းပင်။

ဆောင်းဥတုမြို့က ဟွာရှို့နိုင်ငံ၏ ကျင့်ကြံခြင်း စစ်တပ်များတပ်စွဲထားသည့်နေရာ ဖြစ်သော်လည်း ပုံမှန်လူများ ဤနေရာကိုလာရန် တားမြစ်ထားခြင်းမရှိပေ။

အလွန်တရာ အေးစက်နေသော်လည်း နှင်းတွေကျဆင်းနေသည့် ရှုခင်းမှာ အမှန်တကယ် လှပသည့် မြင်ကွင်းကောင်း တစ်ခုပင်။

ဘလက်လေးက "အမ်းစထရောင်း ဆိုင်ကလုန်းဂျက် အမ်းစထရောင်းအမြှောက်"ကို တီထွင်ရန် ဆောင်းဥတုမြို့တွင် မြင်ဖူးသော ရေခဲရုပ်တုမှ စိတ်ကူးရသည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။

ရေခဲပန်းပု ပိုင်ရှင်များမှာ နှာခေါင်းနှိုက်ရသည်ကို နှစ်သက်သော ဆံပင်ဖြူ ဦးလေးကြီး တစ်ယောက်နှင့် နောက်စေ့ကပ်ဆံထုံးကို ထုံးထားသော ကောင်မလေး တစ်ယောက် ဖြစ်သည်။

ဖက်တီးလောမှာ ဤနှစ်များ တစ်လျောက်တွင် မှော်ရတနာများ၏ မြေပုံအမျိုးအစား အားလုံးကို စုဆောင်းထားသောကြောင့် ဤတစ်ကြိမ်တွင် သူတို့အဖွဲ့၏ လမ်းပြအဖြစ် ဂုဏ်ပြုခံခဲ့ရသည်။

ဝမ်လင်း၏ ဆောင်းဥတုမြို့ မြေပုံနှင့် ပေါင်းစပ်ထားသော ပုံကြမ်းဆွဲ စွမ်းရည်ကြောင့် 'ဖက်တီးလော'က အင်မော်တယ်စံအိမ်၏ တည်နေရာကို အခြေခံအားဖြင့် အတည်ပြုပြီးပြီ ဖြစ်သည်။

"အဲဒီနေရာက စန်းယွမ်လမ်းမှာပဲ.. ငါသေချာပြောရဲတယ်"

'ဖက်တီးလော'က အေးစက်သောလေနှင့် နှင်းများထဲတွင်၊ အောက်ခံအင်္ကျီ နှင့် ဘောင်းဘီတိုကို ဝတ်ထားသည်။

သူက ဘူတာရုံရှေ့ ရင်ပြင်ရှိ ခုံတန်းရှည် တစ်ခုပေါ်တွင် ရပ်ကာ စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် လူတိုင်းအတွက် နောက်ဆုံးနေရာကို အတည်ပြုပေးခဲ့သည်။

"သခင်ကျင့်ခယ် မင်းကိုတွေ့ဖို့ ငါလာခဲ့ပြီ"

"ကယ်တင်ခြင်း" အစား "လာမည်" ဟု ပြောသောကြောင့်

ကျင့်ခယ်၏ ဖန်ဖြစ်သည့် ဖက်တီးလော၏ ယုံကြည်မှုမှာ သြချရလောက်ပေသည်။

သူ့အမြင်အရဆိုလျှင် ကျင့်ခယ် တစ်ယောက်တည်းကပင် အင်မော်တယ်စံအိမ်ကို တိုက်ရိုက်ဖျက်စီးရန် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။

ဝမ်လင်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

".............."

သူ့တွင် ဆိုးရွားသော ခံစားချက်တစ်ခု ရှိနေ၏။

ထွင်ထျန်းဟာ၏ နိမိတ်ပြ အိပ်မက်ကို သူအမှတ်ရမိသွားသည်။

ထိုအိပ်မက်ထဲတွင် ဖက်တီးတစ်ယောက်က သံတိုင် တစ်ခုတွင်ချည်နှောင်ခံထားရပြီး ဓားအစင်းတစ်ရာဖြင့် နှလုံးသားကို ထိုးဖောက် ခံခဲ့ရ၏။

[ဒီဖက်တီးက ဖက်တီးလော မဟုတ်ဘဲ ဓမ္မရာဂျာများ ဖြစ်နေမလား"

"ညီနောင်လင်း.. ပြဿနာတစ်ခုခု ရှိလို့လား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း၏ အမူအရာ သိပ်မကောင်းသည်ကို သတိထားမိပြီး မေးလိုက်သည်။

ဝမ်လင်းက အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်။

ထွင်ထျန်းဟာ၏ နိမိတ်ပြ အိပ်မက်က တကယ် ဟုတ် မဟုတ် မဆုံးဖြတ်မီ ထိတ်လန့်စရာ လုံးဝ မလိုဟု ဝမ်လင်းက တွေးလိုက်သည်။

"ဒါဆို ငါတို့တွေ စန်းယွမ်လမ်းကို အရင်သွားကြည့်ကြတာပေါ့"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။

"ဒါပေမယ့် ငါတို့ အဲဒီကို ဘယ်လိုသွားကြမလဲ"

ချိုက်လျန်က မေးလိုက်သည်။

သူတို့ထဲက အများစုမှာ ဆောင်းဥတုမြို့နှင့် မရင်းနှီးကြပေ။

၎င်းတို့ ခုနစ်ဦးတွင် ဗုံးပစ်စီနီယာ အင်မော်တယ် တစ်ဦးတည်းသာ ဤနေရာကို အကြိမ်များစွာ ရောက်ဖူး၏။

သို့သော်လည်း သူသည်ပင် စန်းယွမ်လမ်းနှင့် အကျွမ်းတဝင် မရှိပေ။

"ငါတို့ လိုင်စင်မဲ့ကားကို ခေါ်ကြမလား.. အခုလေးတင် လမ်းမှာ လိုင်စင်မဲ့ ကားမောင်းသူ တော်တော်များများကို တွေ့မိလိုက်တယ်"

'ဖက်တီးလော'က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

သူက ဤနှစ်များတစ်လျောက်တွင် မှော်ရတနာများ စုဆောင်းရာ၌ သင်္ချိုင်းပါမချန် ဖောက်ထွင်းပြီ အမှန်အကန် စုဆောင်းနိုင်ခဲ့သည်။

သူသွားသည့် နေရာတိုင်းတွင် လိုင်စင်မဲ့ကားကိုသာ ငှားယမ်းလေ့ရှိ၏။

ထို့ကြောင့် သူက လိုင်စင်မဲ့ ယာဉ်မောင်းများနှင့် အထူး ချိတ်ဆက်မှုများ ရှိခဲ့သည်။

"ညီနောင်လော.. မင်းရဲ့ ပေါက်ကရ အကြံကို မေ့လိုက်ပါ... လိုင်စင်မဲ့ကားကို ဖမ်းမိသွားရင် အတော်လေး ဒုက္ခများသွားလိမ့်မယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။

"ငါတို့ အက်ပလီကေးရှင်းကို သုံးပြီး လုပ်ငန်းသုံးကားကို ခေါ်လို့ရပါတယ်"

သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ် အက်ပလီကေးရှင်းကိုဖွင့်ခါနီးမှာပင် အနက်ရောင် လုပ်ငန်းသုံး ကားတစ်စီးက သူတို့ဆီသို့ အဝေးကနေ ချဉ်းကပ်လာခဲ့သည်။

"အဇူရီ လိုင်စင်နံပါတ်ပြားလား"

ဤနံပါတ်ပြားများကို ဆောင်းဥတုမြို့၏ အစိုးရ အဖွဲ့အစည်းသာ အသုံးပြုနိုင်သောကြောင့် လူတိုင်းက ကူကယ်ရာမဲ့ကာ မျက်မှောင်ကြုတ်သွားသည်။

ထိုသို့ သင်္ကာမကင်း ဖြစ်နေစဥ်မှာပင် ဝမ်လင်း၏ ဖုန်းက ရုတ်တရက် မြည်လာသည်။

သူက ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။

မမျှော်လင့်ဘဲ ဖုန်းခေါ်ဆိုနေသူမှာ ကျိုးရီ ဖြစ်နေ၏။

လူအားလုံးက အရှိန်လျှော့၍ သူတို့ဘက်ကို လာနေသည့် အစိုးရကားကို စိုက်ကြည့်နေကြသည်။

စက္ကန့်အတော်ကြာအောင် သူ့လက်ပတ်နာရီ တုန်ခါသွားပြီးနောက်တွင် ဖုန်းခေါ်ဆိုမှုကို ဝမ်လင်းက ပြန်လည် ဖြေကြားခဲ့သည်။

"ဟယ်လို ဆရာလား"

သူဖုန်းကိုင်လိုက်သည်နှင့် အခြားတစ်ဖက်မှ ကျိုးရီက စိတ်လှုပ်ရှားစွာ ပြောနေပြီ ဖြစ်သည်။

"ဆရာ အခု ဆောင်းဥတုမြို့ကို ရောက်နေပြီလား.. ခရီးမထွက်ခင် ဘာလို့ ဆရာ့ရဲ့တပည့်ကို မပြောပြတာလဲ"

".............."

ဝမ်လင်း၏ နှုတ်ခမ်းများ လှုပ်ခါသွားသည်။

ကျိုးရီ မည်သို့ သိသွားသလဲ ဆိုသည်ကို သူ အံ့သြနေချိန်မှာပင် ကျိုးရီက သူ့ကို ရှင်းပြခဲ့၏။

"ဒီနေ့ ထောင်အုပ်လျန့် နဲ့ ကျနော်က ဖမ်းမိထားတဲ့ အရိပ်အဖွဲ့ခေါင်းဆောင်ရဲ့ညီမနဲ့ ပတ်သတ်တဲ့ တစ်ခုခုကို စစ်ဆေးနေတာလေ.. အဲဒီမှာရှိတဲ့ အွန်လိုင်း စောင့်ကြည့်ရေးစနစ်ကနေ မြို့ထဲကို ဆရာရောက်နေတယ် ဆိုတာ သိလိုက်ရတယ်.. ဆရာက တတိယမျိုးဆက် IDကတ်ကို စက်ထဲမှာ ပွတ်ဆွဲလိုက်တာနဲ့ ဒီကနေ ကျနော်တို့ သိနေပါပြီ.. ဒါပေမဲ့ စိတ်မပူပါနဲ့ ဆရာ.. ဆရာ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ကျနော် ဘယ်တော့မှ အတင့်မရဲပါဘူး"

ဝမ်လင်း "............"

ကျိုးရီ "ဆောင်းဥတုမြို့က အစိုးရ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို အနက်ရောင် လုပ်ငန်းသုံး ကားတစ်စီး ဆရာတို့ဆီစေလွှတ်ခိုင်းထားတယ်.. ဆောင်းဥတု မြို့မှာ တစ်နေရာနဲ့တစ်နေရာ သွားဖို့လာဖို့က မလွယ်ဘူးလေ.. ဒါကြောင့် ဆရာ သွားချင်တဲ့ နေရာတိုင်းကို အဲဒီကားနဲ့ သွားလာလို့ လွယ်အောင်ပါ"

ဝမ်လင်း "............."

မျှော်လင့်ထားသလိုပဲ တပည့်ကောင်း တစ်ယောက်သည် ဆရာ၏ အနွေးထည် အင်္ကျီလို ဖြစ်၏။

...................

ဖုန်းပြောပြီးနောက် ကျိုးရီက စိတ်လှုပ်ရှားနေဆဲ ဖြစ်၏။

စုန့်ဟိုင်ထောင်ရှိ ရုံးခန်းတွင် ထောင်အုပ်လျန့်က သူ့ကို ထူးခြားသော အမူအရာဖြင့် ကြည့်နေသည်။

"ဒါရိုက်တာကျိုး... မင်းဘာလို့ အရမ်းပျော်နေတာလဲ.. မင်းရဲ့ဆရာက မင်းကို တစ်ခုခု သင်ပြလိုက်လို့လား"

"အဲဒီလို မဟုတ်ပါဘူး"

ကျိုးရီက ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

"အခုတလော ငါ အရမ်း အလုပ်များနေလို့ ဆရာနဲ့ မတွေ့ရတာကြာပြီ.. သူနဲ့ ဖုန်းပြောပြီးရင် ခံစားချက် ပိုကောင်းလာသလို ခံစားလာရတယ်"

"ဒါရိုက်တာကျိုး.. မင်းတို့ရဲ့ ဆရာတပည့် ဆက်ဆံရေးက တစ်ခုခုတော့ မူမမှန်သလိုပဲ"

ထောင်အုပ်လျန့်က ကျိုးရီကို သူ့ထင်မြင်ချက် ပြောပြခဲ့သည်။

"ခဏခဏ မဆုံဖြစ်တဲ့ ဆရာနဲ့ တပည့် ဆက်ဆံရေးက အဝေးကနေ ပတ်သက် ဆက်ဆံနေရတဲ့ ချစ်သူတွေလိုပါပဲ.. ပုံမှန် အဆက်အသွယ် မလုပ်ဘူးဆိုရင် ဒီဆက်ဆံရေးကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး"

ထောင်အုပ်လျန့် ဘာမှ မပြောလျှင် ပိုကောင်းလိမ့်မည်။

ထိုသို့ပြောလိုက်သောအခါ ကျိုးရီ အနည်းငယ် စိုးရိမ်သွားပြီး ထောင်အုပ်လျန့်၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။

"သတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

ထောင်အုပ်လျန့် "ဒါရိုက်တာကျိုး.. မင်း ဘာလုပ်မလို့လဲ"

ကျိုးရီ "ဆောင်းဥတုမြို့ကို သွားဖို့ လက်မှတ်ဝယ်ပြီး ငါ့ဆရာကို သွားရှာတော့မယ်"

ထောင်အုပ်လျန့် "..........."

All Chapters