ကောင်လေး၊ မင်းမှာ အလားအလာရှိတယ်
Vol. 19 Ch. 283
ဆောင်းဥတုမြို့တွင် စစ်တပ်များ တပ်စွဲထားသည့် အပြင် စကိုင်းနက် စနစ်ဖြင့် တင်းကျပ်သော စစ်ဆေးမှုများ၊ ID စိစစ်မှုများ ပြုလုပ်နေသော်လည်း အင်မော်တယ်စံအိမ်နှင့်အပေးအယူ အများအပြား ရှိနေပုံရသည်ကို ကားပေါ်ရှိ လူခုနစ်ဦးလုံး မအံ့ဩကြပေ။
ယင်းက နောက်ကွယ်တွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များသာ ဖြစ်၏။
ယခု သူတို့ရှေ့မှ ပြဿနာမှာ ကျင့်ခယ်ရှိနေသည်ဟု ဝမ်လင်း အာရုံရနေသည့် စန်းယွမ်လမ်းတွင် မည်သည့် အဆောက်အဦးမှ မရှိဟု အောင်မြင်ခြင်းကျိုးက ပြောနေခြင်းပင်။
"ဒါက ဘယ်လိုဖြစ်တာလဲ"
"သူတို့က အဆောက်အဦးတွေကို မမြင်နိုင်အောင် မြေအောက်ထဲမှာ ဆောက်ထားတာ ဖြစ်နိုင်မလား"
ချိုက်လျန် ခန့်မှန်းလိုက်သည်။
"မဖြစ်နိုင်ဘူး… မြေအရင်းအမြစ် ဗျူရိုက ခေါင်းဆောင်တွေက အရူးမှမဟုတ်တာ.. ဂိုဏ်းနှစ်ဂိုဏ်း ထွက်ခွာသွားပြီးကတည်းက အဲဒီဝိညာဥ်သတ္တုကြောရဲ့ ပိုင်ရှင်အသစ်ကို အကြီးအကဲတွေက ဘယ်လိုပဲ စဥ်းစားတွေးခေါ်ပါစေ.. ဘယ်တော့မှ ဆက်သွယ်လို့ မရခဲ့ဘူး.. လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ထိ စန်းယွမ်လမ်းကို စောင့်ကြည့်နေတဲ့သူတွေ ရှိပေမဲ့ ဒီနှစ်ကစပြီး ဘယ်သူမှ မလာတော့ဘူး"
အောင်မြင်ခြင်းကျိုးက ပြောလိုက်သည်။
"ဘာလို့လဲ"
"လက်လျှော့လိုက်လို့လေ"
"............."
"ပိုင်ရှင်ကို မဆက်သွယ်နိုင်ဘဲ ဒီမှာပဲ ထိုင်စောင့်နေတာက အချိန်ဖြုန်းသလိုပဲ မဟုတ်လား"
စတီယာရင်ကို ကျင်လည်စွာ ထိန်းကျောင်းရင်း အောင်မြင်ခြင်းကျိုးက ပခုံးတွန့်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
သူတို့စကားစမြည် ပြောနေစဥ်မှာပင် ဤအကြီးအကဲများ ထိုနေရာ၌ ဘာလုပ်ကြမည်ကို သူက ခပ်ရေးရေး ခန့်မှန်းနိုင်နေပြီဖြစ်သည်။
၎င်းတို့ကိစ္စက ဝိညာဥ်သတ္တုကြော ပိုင်ရှင်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိရပေမည်။
မြေပုံပေါ်တွင်ပင် အမှတ်အသားပြုထားသောကြောင့် အသေအချာ ပြင်ဆင်လာသည်မှာ အလွန်ထင်ရှားနေ၏။
သူက စန်းယွမ်လမ်းကို အကျွမ်းတဝင် ရှိသောကြောင့် ဤလူခုနစ်ယောက် ထိုနေရာသို့ သွားလိုကြောင်းကို ကြားသိလိုက်ရသောအခါ နှလုံးသားတစ်ခုလုံး ကစုန်ဆိုင်းသွားခဲ့သည်။
အစောပိုင်းတွင် ၎င်းတို့ အမှတ်အသား ပြုထားသည့် နေရာကမှားယွင်းနေသည်ဟု သူထင်ခဲ့သော်လည်း မြေပုံတွင် အမှတ်အသား ပြုလုပ်သည့်သူမှာ လင်းကျန်းရန်ဟု ကြားသိပြီးနောက်တွင် ပြောထွက်တော့မည့် စကားလုံးများကို ဝမ်းထဲ ပြန်မျိုချလိုက်ရသည်။
သူက ကားပေါ်ရှိ စီနီယာ ခုနစ်ယောက်ထဲမှ တစ်ဦးကိုမျှ အထင်မသေးရဲပေ။
အထူးသဖြင့် လင်းကျန်းရန် ဖြစ်သည်။
ဒါရိုက်တာကျိုးက ဤအချက်ကို ဖုန်းထဲတွင် သေချာ အလေးပေး ပြောကြားခဲ့သည်။
ရိုးရိုးသားသား ဝန်ခံရလျှင် ကျိုးရီက အလေးပေးဖို့ မမှာကြားခဲ့လျှင်ပင် တခြားစီနီယာများ၏ လင်းကျန်းရန်အပေါ် လေးစားမှုကို သူခံစားနိုင်ပေသည်။
သူက ကားနောက်ကြည့်မှန်ကနေ ဝမ်လင်းကို ဖျတ်ခနဲ သို့မဟုတ် မရည်ရွယ်ဘဲ ကြည့်လိုက်မိသည်။
လင်းကျန်းရန် ဤမျှအထိ ငယ်ရွယ်အောင် မည်သို့ လုပ်ဆောင်လိုက်သလဲဟု တွေးမိကာ ဝမ်လင်းအပေါ် ပို၍ စူးစမ်းလိုစိတ် ရှိလာသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အရှေ့ရှိ ခရီးသည်ထိုင်ခုံတွင် ရှိနေသည်။
ကိစ္စတစ်ချို့ကို တွေးပြီးနောက်တွင် အောင်မြင်ခြင်းကျိုးက အသေအချာ မေးလိုက်သည်။
"လင်းကျန်းရန်က စကားများများ ပြောရတာကို မနှစ်သက်ဘူး မဟုတ်လား"
ထိုမေးခွန်းကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
"တိတ်ဆိတ်နေခြင်းက ရွှေဖြစ်တယ် ဆိုတဲ့ စကားအတိုင်းပေါ့.. ပညာရှိတိုင်းက တွေးခေါ်မှုကို နှစ်သက်ကြတယ်လေ"
"ဒီစကားအတိုင်းဆို လင်းကျန်းရန်ကို ဘယ်လိုမြင်လဲ"
"လင်းကျန်းရန်က စောစောက ငါတို့ စီးလာတဲ့ ရထားပေါ်မှာ အစီအရင်နဲ့ ပတ်သက်တဲ့ အထက်တန်း လေ့ကျင့်ခန်းတွေ အကြောင်း တွေးနေတာလေ.. သူက အခုချိန်ထိ စာမေးပွဲအကြောင်းပဲ စဉ်းစားနေလောက်တယ်"
"............"
ထိုစကားကိုကြားလျှင် အောင်မြင်ခြင်းကျိုးက သက်ပြင်းကိုပင် မချနိုင်ခဲ့ပေ။
ပညာရှင်တွေက အမှန်တကယ်ပင် နားလည်ရခက်သည် မဟုတ်ပါလော။
ဤ အထက်တန်း အစီအရင် လေ့ကျင့်ခန်းစာအုပ်က အမှန်တကယ်ပင် အရေးကြီးကြောင်း ယခုမှပင် သူ သဘောပေါက်ခဲ့သည်။
အဘယ်ကြောင့် သူနှင့် ဤအကြီးအကဲတွေ ကြား၌ ကွာဟချက် ကြီးမားနေရလဲ ဆိုသည်ကို သူရှာဖွေတွေ့ရှိခဲ့ပုံ ရသည်။
အထက်တန်း ကျောင်းသူကျောင်းသားများ အတွက် ထုတ်ထားသော ဤဗလာစာအုပ်တွင် ပါရှိသည့် နက်နဲသောအရာများကို အပြည့်အ၀ ဆုပ်ကိုင်နိုင်ခြင်း မရှိဘဲ အပေါ်ယံ တွေးခေါ်မှုများသာ ပြုလုပ်နိုင်သည့် အတွက် သူ့ကိုယ်သူသာ အပြစ်တင်ရတော့မည် မဟုတ်လော။
ထိုသို့ တွေးမိပြီးနောက် သူက ဝမ်းနည်းစရာ အကြောင်းအရာကို ခေါင်းစဥ်ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။
"အကြီးအကဲတို့.. ကျနော်တို့ စန်းယွမ်လမ်းကို ခဏနေ ရောက်တော့မယ်"
"မြန်လှချည်လား"
အောင်မြင်ခြင်းကျိုးက ဆောင်းရာသီမြို့၏ လမ်းများနှင့်ရင်းနှီးပြီး အစိုးရနံပါတ်ပြား ပါသော လုပ်ငန်းသုံး ကားတစ်စီးဖြင့် ခေါ်ဆောင်လာသောကြောင့် သူတို့လူစုက စစ်ဆေးရေး ဂိတ်များကို အလွယ်တကူ ဖြတ်သန်းနိုင်ခဲ့ကာ ခရီးတွင်ခဲ့ခြင်း ဖြစ်၏။
အနက်ရောင် လုပ်ငန်းသုံးကားက ကားလမ်းတစ်လျှောက် အရှိန်ပြင်းစွာ ဖြတ်မောင်းသွားခဲ့သည်။
လမ်းညွှန် ဆိုင်းဘုတ်ကို ဖြတ်ကျော်လာစဉ် ဗုံးပစ်စီနီယာအင်မော်တယ်က အရှေ့ဘက်မှ အဝေးပြေးလမ်းက စန်းယွမ်လမ်းဖြစ်ကြောင်း သတိပြုမိသည်။
"ငါတို့ကို ချပေးပြီးရင် မင်း ပြန်ချင် ပြန်လို့ရပါပြီ.. မင်းရဲ့ အကူအညီ လိုအပ်ရင် မင်းကို ဆက်သွယ်ဖို့ ငါတို့ သေချာပေါက် တွန့်ဆုတ်နေမှာ မဟုတ်ဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏ သင်္ကေတ ဖြစ်သည့် ဖြူဖွေးသောသွားများ ပေါ်သည်အထိ အောင်မြင်ခြင်းကျိုးကို ပြုံးပြလိုက်သည်။
"အဆင်ပြေတယ် စီနီယာကြီး.. ကျနော်လည်း အလုပ်တစ်ခု ရှိသေးတယ်"
အောင်မြင်ခြင်းကျိုးက ပြောလိုက်သည်။
"ဘာအလုပ်လဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"သူငယ်တန်း ကလေးတွေကို မုန့်ကျွေးပြီး ညှဥ်းပန်းနှိပ်စက်တဲ့ဆိုက်ကို ဆရာ ကိစ္စကို သွားရှင်းမလို့လေ.. ဒီလုပ်ရပ်က ရက်စက်လွန်းတယ် မဟုတ်လား"
အောင်မြင်ခြင်းကျိုးက ဒေါသတကြီး ပြောလိုက်သည်။
"အစိုးရက ဒီကိစ္စကို ဦးစားပေးထားတယ်.. ဒီမူလတန်းပြ ဆရာရဲ့ စိတ်ရောဂါကို လျှပ်စစ်ကုထုံးနဲ့ ကုသဖို့အတွက် အင်တာနက်စွဲလမ်းမှု ပြန်လည် ထူထောင်ရေး စင်တာကို ပို့ဖို့ တညီတညွတ်တည်း မဲခွဲ ဆုံးဖြတ်ခဲ့ကြတယ်"
အဆုံးသတ်တွင် ဓမ္မရာဂျာက အနည်းငယ် စဉ်းစားလိုက်ပြီး သူ၏ လုပ်ငန်းသုံး ကတ်ပြားကို ပေးလိုက်သည်။
"လျှပ်စစ်ကုထုံးအတွက် ကိုးဆယ်ရာခိုင်နှုန်း လျှော့ပေးမယ်လို့ မင်းရဲ့ ခေါင်းဆောင်တွေကို ပြောလိုက်.. ဒီအရူးကို ငါ့ရဲ့လျှပ်စီး နဲ့ ရှယ်ရှို့ပေးမယ်လို့ အာမခံတယ်"
အောင်မြင်ခြင်းကျိုး "............."
..........................
ဆယ်မိနစ်လောက် အကြာတွင် သူတို့က ဦးတည်ရာသို့ ရောက်လာသည်။
အောင်မြင်ခြင်းကျိုးက ကားကို ရပ်လိုက်သည်။
ခလုတ်နှိပ်လိုက်သည်နှင့် အော်တိုတံခါးများ ဖြစ်သည့် လုပ်ငန်းသုံးကား၏ ဘေးဘက်တံခါးများက ပွင့်သွားပြီး တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။
နောက်ဆုံးတန်းမှာ ထိုင်နေသည့် ဝမ်လင်းမှာ ကားပေါ်မှနောက်ဆုံး ဆင်းမည့်လူ ဖြစ်၏။
အောင်မြင်ခြင်းကျိုးက ရှေ့ခရီးသည် ထိုင်ခုံရှိ ပစ္စည်းထည့်သည့်အံကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည်။
အဆုံးသတ်တွင် ဝမ်လင်း မထွက်ခင်၌ အောင်မြင်ခြင်းကျိုးက သတ္တိမွေးလိုက်ပြီး အံထဲမှ မူလအရသာ ခေါက်ဆွဲအကြွပ်ကြော် နှစ်ထုပ်ကို ထုတ်ယူကာ ဝမ်လင်း၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။
"လင်းကျန်းရန်.. ဒါတွေက ဆရာ့ အတွက်ပဲ.. ကျေးဇူးပြုပြီး လက်ခံပေးပါ"
ဝမ်လင်းက ခေါက်ဆွဲခြောက်ထုပ်ကို လက်ခံလိုက်သည်။
".............."
တစ်ဖက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ကားပြတင်းပေါက် နားသို့ ကပ်လာပြီး အောင်မြင်ခြင်းကျိုး၏ ပုခုံးကို လက်ဖြင့် ပုတ်ကာ ရယ်မောလိုက်သည်။
"ကောင်လေး.. မင်းက အလားအလာရှိတယ်"
"............."
အကြောင်းတစ်ခုခုကြောင့် အောင်မြင်ခြင်းကျိုးက အလွန်ကျေနပ်မိသလို ခံစားခဲ့ရသည်။
........................
ကားပေါ်မှဆင်းပြီးနောက် အားလုံးက မြေပုံကို တဖန်အာရုံစိုက်၍ ကြည့်လိုက်သည်။
"လင်းကျန်းရန် အမှတ်အသားပြုထားတဲ့ တည်နေရာကို အခြေခံရင် ငါတို့က နေရာမှန်ကို ရောက်နေပြီ"
'ဖက်တီးလော'က အေးစက်သည့် လေထုထဲတွင် မြေပုံကို ကိုင်ထားရင်း သေချာပေါက် ပြောလိုက်သည်။
သို့သော် အောင်မြင်ခြင်းကျိူး ပြောခဲ့သလိုပင်။
စန်းယွမ်လမ်း တစ်ဝိုက်က နှင်းများသာ ဖုံးလွှမ်းနေ၏။
သစ်ပင်တစ်ပင်မျှ မမြင်ရတော့သည် အထိ လမ်းတစ်လျှောက်တွင် ဆီးနှင်းများ ထူထပ်နေခဲ့သည်။
လမ်းအောက်ကို ငုံ့ကြည့်လိုက်ရာ အနိမ့်ဆုံး နေရာမှာပင် နှင်းထုက သုံးမီတာ ကျော်နေမှန်း မြင်လိုက်ရ၏။
"စီနီယာ အင်မော်တယ်.. ဒီနေရာမှာ ဖုံးကွယ်ထားတဲ့ အစီအရင်ကို သုံးထားသလား၊ မသုံးထားဘူးလား ဆိုတာ စစ်ဆေးပေးလို့ရမလား"
ဤလမ်းတွင် ဘာမှမမြင်ရသော်လည်း တော်တော်လေး သံသယဖြစ်စရာ ကောင်းသည်ဟု 'ဖက်တီးလော'က ခံစားမိနေ၏။
ယခုအချိန်အထိ သူတို့က မည်သည့်အရာကိုမျှ သတိမပြုမိသော်လည်း လူတိုင်းက ဝိညာဉ်သတ္တုကြော၏ စွမ်းအားကို ခံစားနိုင်ခဲ့သည်။
“ဒါက တကယ့်ကို ရှားပါးပြီး အဖိုးတန်တဲ့ မြေနေရာပဲ.. ဝိညာဥ်သတ္တုကြော ရှိနေတဲ့အတွက် ရွှေအမြူနေအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီနေရာမှာ ပုန်းနေချင်တယ် ဆိုရင်တောင် စွမ်းအား ကုန်သွားမှာကို စိတ်ပူစရာ မလိုဘူး"
ဓမ္မရာဂျာက ပြောလိုက်သည်။
တစ်ဖက်တွင်လည်း ဗုံးပစ်စီနီယာ အင်မော်တယ် ပတ်ဝန်းကျင်ကို စစ်ဆေး လေ့လာရန် ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။
အဆုံးသတ်တွင် သူက နှင်းများ ထူထပ်နေသော လမ်းထဲသို့ လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်လိုက်သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပြီးနောက်တွင် ဆီးနှင်းများက အလင်းတန်းများနှင့်အတူ အရပ်မျက်နှာ အမျိုးမျိုးသို့ လွင့်ပျံလာသည်။
"စီနီယာ အင်မော်တယ်.. မင်းဘာလုပ်နေတာလဲ"
"ပုံရိပ်ယောင် အစီအရင် တစ်ခုခု ရှိနေမလားလို့ ငါတွေးမိတယ်.. ပုံရိပ်ယောင် အစီအရင်ကနေ ဖန်တီးထားတဲ့ နေရာလွတ်ဆိုရင် ပုံမှန်အားဖြင့် တည်ငြိမ်လေ့ မရှိတဲ့အတွက် ကောင်းကင်ဗုံးနဲ့ စမ်းသပ်ကြည့်လို့ရတယ်.. ဒါပေမယ့် ဒီနေရာကတော့ အတော်လေး သိသိသာသာ တည်ငြိမ်နေတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချရင်း ဝမ်လင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ညီနောင်လင်း.. မင်းမှာရော အကြံဥာဏ်ကောင်းတွေ ရှိလား"
ဝမ်လင်းက သူ့ရှေ့မှ နှင်းများကို စိုက်ကြည့်ရင်း သဲလွန်စ တစ်ချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
သူက ဗုံးပစ်စီနီယာ အင်မော်တယ်တို့ကို စိတ်ချင်းဆက်သွယ်၍ မပြောမီ တစ်စုံတစ်ရာကို သတိပြုမိလိုက်သည်။
ထို့နောက် ရှေ့ကိုတိုးလာပြီး မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။
"အော်ရာက ဒီမှာရှိနေပေမဲ့ ဘာမှတော့ မမြင်ရဘူး.. ပုံရိပ်ယောင်မှော်စွမ်းရည် ဖြစ်နိုင်ခြေကိုတော့ ဖယ်ထားလို့ရပြီ"
"အစီအရင်က ငါတို့ ခြေထောက်အောက်မှာ ရှိတဲ့ ဝိညာဉ်သတ္တုကြောနဲ့အတူ ပတ်ဝန်းကျင်နဲ့ တစ်သားတည်း ဖြစ်နေတယ်လို့ မထင်ဘူးလား"
"လင်းကျန်းရန်က ဒဏ္ဍာရီလာ ရေခဲ ခရစ္စတယ် အစီအရင်ကို ရည်ညွှန်းချင်တာလား"
ချိုက်လျန်က ဝမ်လင်း၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။
၎င်းက မှော်အစီအရင် တစ်ခုကို လက်တွေ့ နှင့် ပေါင်းစပ်ထားသည့် အဓိက အစီအရင် တစ်မျိုးဖြစ်ပြီး ဖုံးကွယ်ရန်အတွက် အသုံးပြုသည့် မှန်နေရာလွတ် တစ်ခုလည်း ဖြစ်၏။
ယင်းက ပုံရိပ်ယောင် မှော်အစီအရင် မဟုတ်သော်လည်း ကျော်ဖြတ်ဖို့ရန် အလွန်တရာ ခက်ခဲသည်။