← Chapters

အကျွမ်းဝင်ပြီးသားဖြစ်သော်ငြား တုန်လှုပ်စေသည်

Vol. 19 Ch. 284

အကျွမ်းဝင်ပြီးသားဖြစ်သော်ငြား တုန်လှုပ်စေသည်

Vol. 19 Ch. 284

အကယ်၍ ရေခဲ ခရစ္စတယ် အစီအရင်သာ ဆိုလျှင် ၎င်းတို့၏ လက်ရှိ အခြေအနေကို ရှင်းပြနိုင်မည် ဖြစ်သည်။

ထိုအစီအရင်က နေရာဒေသ တစ်ခုကို ပွားကာ လူအများပုန်းအောင်းနိုင်သော မှန်နေရာလွတ်ကို ဖန်တီးနိုင်သည့် မှော်အစီအရင်တစ်ခု ဖြစ်သည်။

ဖုံးကွယ်ခြင်း အစီအရင်နှင့် ပတ်သက်လျှင် ၎င်းထက် ပိုမိုကောင်းမွန်သော နည်းစနစ် မရှိခဲ့ပေ။

သို့သော် အစီအရင်၏ အဓိက အားနည်းချက်မှာ ဝိညာဉ်စွမ်းအင်များစွာကို သုံးစွဲရခြင်းကြောင့် အစီအရင်ကို တည်ဆောက်သည့် အခါမျိုးတွင် အစီအရင် ဆက်လက် လည်ပတ်နိုင်စေရန် အတွက် ဝိညာဥ်သတ္တုကြော လိုအပ်ခြင်းပင်။

သို့ရာတွင် ချိုက်လျန်က သံသယအချို့ ရှိနေဆဲ ဖြစ်သည်။

"ရေခဲခရစ္စတယ် အစီအရင်ရဲ့ နောက်ဆုံးပိုင်ရှင်က အင်မော်တယ်ရှဲဖီ ဆိုတာကို ငါမှတ်မိတယ်"

"အဲဒီတုန်းက သူ့ လျှို့ဝှက်စခန်းအောက်မှာ ဝိညာဥ်သတ္တုကြော တစ်ခု ရှိခဲ့တယ်.. ဒါကြောင့် သူဒဏ်ရာရတိုင်း ရေခဲခရစ္စတယ် အစီအရင်ကနေ ဖန်တီးထားတဲ့ မှန်နေရာလွတ်ထဲကို ရှောင်တိမ်းပြီး လွတ်မြောက်ခဲ့တယ်"

ချိုက်လျန်က ဆက်လက် ပြောပြခဲ့သည်။

"ဒါပေမဲ့ ကျမ သိရသလောက်တော့ အဲဒီနှစ်က သူဖမ်းမိခဲ့ပြီးနောက်မှာ အစီအရင်ရဲ့ အစီအရင်ဝိညာဥ် အပါအဝင် ဝိညာဥ်သတ္တုကြောကိုပါ နိုင်ငံတော်က သိမ်းယူခဲ့တယ်"

"ဒါဆို အင်မော်တယ်စံအိမ်ရဲ့ လက်ထဲ ဘယ်လိုလုပ် ရောက်သွားတာလဲ"

ဝမ်လင်းက မျက်ခုံးပင့်လိုက်ရင်း အတော်လေး ထူးဆန်းသည်ဟု တွေးမိခဲ့သည်။

လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဒဏ္ဍာရီလာ ရေခဲခရစ္စတယ် အစီအရင် ကြောင့်သာ ၎င်းတို့ ရှေ့တွင် ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်ကြောင်း သံသယမရှိဘဲ အတည်ပြုနိုင်ခဲ့သည်။

ရေခဲခရစ္စတယ် အစီအရင်မှ ဖန်တီးထားသော မှန်နေရာလွတ်မှာ ထင်ယောင်ထင်မှား ဖြစ်စေသော ပုံရိပ်ယောင် အစီအရင်မျိုး မဟုတ်သောကြောင့် ဖြတ်ကျော်ရန် အလွန်ခက်ခဲသည်။

အော်ရာအတက်အကျ ထောက်လှန်းရန် ခက်ခဲသည့် အဆန်းပြားဆုံးသော စက်ကိရိယာများ ပင်လျှင် ဝမ်လင်း၏ သတိပြုမိမှုမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။

စန်းယွမ်လမ်းကို ရောက်သည်နှင့် သူက အဖြေထုတ်နိုင်ခဲ့သည်။

သို့သော် သူ့ကို ပဟေဋ္ဌိဖြစ်စေသည့် နောက်တစ်ချက်မှာ ဖန့်ရှင်းဖြစ်၏။

ဖန့်ရှင်းသည်လည်း ရေခဲ ခရစ္စတယ် အစီအရင်ကို ထူးထူးခြားခြား အာရုံခံစားမိပုံ ရနေသည်။

"အင်မော်တယ်စံအိမ်က ဘယ်လောက်တောင် အားကောင်းနေတာလဲ"

ဓမ္မရာဂျာက တုန်လှုပ်သွားမိသည်။

"အရင်တုန်းက စီနီယာအင်မော်တယ် နဲ့ ငါက အင်မော်တယ်စံအိမ်ကဖန်တီးတဲ့ ဂိမ်းကမ္ဘာထဲက ပုံရိပ်ယောင်အစီအရင် တစ်ခုမှာ ပိတ်မိခဲ့ဖူးတယ်.. အဲဒီအစီအရင်မှာ ခြေသလုံးအိမ်တိုင်အင်မော်တယ် ဖန်တီးထားတဲ့ အစီအရင်ဝိညာဥ်တောင် ရှိနေမှတော့ ဒီလိုမျိုး ဒဏ္ဍာရီလာ အစီအရင် သူတို့ဆီမှာရှိနေတာ ဘာမှမထူးဆန်းပါဘူး"

'ဖက်တီးလော'က ပြောလိုက်သည်။

ထိုအစီအရင်ကို လင်းကျန်းရန်က ကျင့်ခယ်ကို အသုံးပြု၍ ဖျက်ဆီးလိုက်သည်ဟု သူက ပြောချင်သေးသော်လည်း ပါးစပ်ကို အချိန်မီ ဘရိတ်အုပ်လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သူက သူ့ဘေးနားရှိ လင်းကျန်းရန် ထံမှ ကြီးမားသောစွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသောကြောင့်ပင်။

ဝမ်လင်း၏ ကောင်းကင်မျက်လုံးထဲကနေ ထွက်လာသည့် ကြီးမားသော ဝိညာဉ်ရေး ဖိအားများနှင့် အော်ရာများက ရောနှောပေါင်းစပ်သွားပြီး အစွမ်းထက်စွမ်းအင် တစ်ခုကို ဖြစ်ပေါ်စေကာ ပတ်ဝန်းကျင်ရှိ နှင်းများကို အရည်ပျော်စေခဲ့သည်။

ဝမ်လင်း၏ မျက်လုံးများ ထံမှ ထွက်ပေါ်လာသော လှိုင်းလုံးများ ကဲ့သို့ စွမ်းအင် အတက်အကျမှာ ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေ၏။

"ရေခဲခရစ္စတယ် အစီအရင်ကနေ ဖန်တီးထားတဲ့ မှန်နေရာလွတ်ကို ဖြတ်ကျော်ဖို့ဆိုရင် ငါတို့တွေ ဝိညာဥ် စွမ်းအင် ပမာဏ အမြောက်အမြားကို စုဆောင်းဖို့ လိုအပ်တယ်"

ဗုံးပစ်စီနီယာအင်မော်တယ် နှင့် အခြားသူများက ဝမ်လင်းအနားမှ ထွက်ခွာသွားကြသည်။

ဝမ်လင်း၏ ဝိညာဉ်ရေးဖိအားက အလွန်ပြင်းထန်သည့် အတွက် သူ့ဘေးမှာ ရပ်နေရုံဖြင့်ပင် အသက်ရှူရကြပ်သလို ခံစားရသောကြောင့် ဖြစ်၏။

လင်းကျန်းရန်၏ ခွန်အားက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။

ဝမ်လင်းက ဤမျှ ကြီးမားလှသော ဝိညာဉ်စွမ်းအင်ကို အနည်းငယ် ထုတ်သုံးလိုက်ရုံဖြင့် ပတ်ဝန်းကျင်လေထု လှုပ်ခါသွားသည်ကို မြင်လိုက်ရသောအခါ ဓမ္မရာဂျာက လုံး၀ အံ့သြသွား၏။

ဤအခြေအနေကို မသိသည့်သူ တစ်ယောက်သာဆိုလျှင် ဝမ်လင်းတစ်ယောက် ဒေါသထွက်နေပြီဟု ထင်မိမည်မှာ သေချာသည်။

'ဖက်တီးလော'က ဤကဲ့သို့ တစ်စုံတစ်ယောက်ကို ယခင်ကမြင်ဖူးသလို ခံစားရပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ကို တံတောင်ဖြင့် အသာအယာ ပွတ်ကာ မေးလိုက်သည်။

"စီနီယာအင်မော်တယ်.. ညီနောင်လင်းရဲ့ ဒီလိုပုံစံကို ရင်းနှီးနေတယ်လို့ မခံစားရဘူးလား"

'ဖက်တီးလော'က မေးလိုက်သည်။

"အင်း ခံစားရသလိုပဲ.."

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။

"ရှောင်မျိုးနွယ်စုက ရိုက်ကူးထားတဲ့ တီဗီဒရမ်မာ ရှောင်မိသားစုခြံဝင်းဆိုတဲ့ ဇာတ်ကားကို ကြည့်ဖူးလား"

"မကြည့်ဖူးဘူး"

"သွားကြည့်ကြည့်"

"ဇာတ်ကားထဲမှာ ဇာတ်လိုက်က 'ဘဝဆိုတာ အတက်အကျရှိတယ်' လို့ ပြောပြီး စေ့စပ်ကြောင်းလမ်းတာကို ဖြတ်တော့မယ်လို့ ကြေငြာလိုက်တယ်.. အပြင်ပန်းမှာ ကြံခိုင်တဲ့ပုံ ပေါ်ပေမဲ့ ရင်ထဲမှာ ကျိတ်ငိုနေတဲ့ သူ့ရဲ့ပုံစံက ညီနောင်လင်းနဲ့ အတော်လေး ဆင်တူသလိုပဲ"

"............."

.......................

ဝိညာဥ်စွမ်းအင်ကို အချိန်အတော်ကြာ စုဆောင်းပြီးနောက် သူ၏ ကောင်းကင်မျက်လုံးက သမိုင်းမတိုင်မီက စွမ်းအားမျိုး ရှိနေပြီဟု ဝမ်လင်း ခံစားမိသည်။

"အားလုံးသတိထားကြပါ"

သူ့နောက်မှ လူတိုင်း၏ အမူအရာများက လေးနက်သွားသည်။

၎င်းတို့က မှော်အကာအကွယ်များကို အလျင်စလို လုပ်လိုက်ကြ၏။

ငါးစက္ကန့်မျှ အကြာတွင်...

လင်းကျန်းရန်၏ မျက်လုံးထဲကနေ ရုတ်တရက် နဂါးငွေ့တန်းကဲ့သို့ အလင်းတန်းနှစ်ခု ထွက်လာပြီး အရှေ့ဘက်ရှိ လေထုထဲသို့ တိုက်ရိုက် ကျရောက်သွားသည်ကို အားလုံးက မြင်လိုက်ရသည်။

ထိုအလင်းတန်းနှစ်ခုက အာကာပြင် နံရံအချို့ကို ဖြတ်ကျော်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေကြသည်။

အကယ်၍ ဗုံးပစ်စီနီယာ အင်မော်တယ်က ၎င်းကို ပုံဖော်ရမည်ဆိုလျှင် ဤအံ့သြဖွယ်မြင်ကွင်းသည် Gyaradosက ထူးခြားသော အလင်းတန်းအား ပထမဆုံးအကြိမ် လွှတ်လိုက်သည်ကို မြင်လိုက်ရသလိုပင်။

(Gyarados= ပိုကီမွန်စီးရီးထဲမှ ဇာတ်ကောင်)

ဤကောင်းကင်မျက်လုံး အလင်းတန်းက မမြင်ရသည့် အာကာပြင် နံရံကို ရိုက်ချိုးလိုက်သည်နှင့် လူတိုင်းက အာကာပြင်ထဲတွင် အက်ကွဲကြောင်း တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရသည်။

"အာကာပြင်အက်ရာတစ်ခုပါလား"

ပြင်းထန်သော ရောင်ခြည်တန်း ထိမှန်သော ဧရိယာက တဖြည်းဖြည်း ပွင့်လာသည်ကို ကြည့်ကာ ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

သူက တစ်စုံတစ်ရာ လောင်ကျွမ်းသောအနံ့ကို ရခဲ့သည်။

အစောပိုင်းက မမြင်ရသည့် အာကာပြင်နံရံတွင် လူတစ်ယောက် ဝင်လောက်ရုံ အပေါက်တစ်ခုစာ မီးလောင်သွားသည်ကို အားလုံးက တွေ့လိုက်ရသည်။

အံ့ဩလွန်း၍ ဖက်တီးလော နှင့် ဓမ္မရာဂျာ၏ မေးရိုးများက အောက်သို့ ပြုတ်ကျသွားသည်။

လင်းကျန်းရန်က တစ်စုံတစ်ရာကို စမ်းကြည့်နေသည်ဟု သူတို့ထင်ခဲ့ကြသော်လည်း အာကာပြင်နံရံကို အမှန်တကယ် ဖောက်ထွင်းနိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

၎င်းက ရေခဲခရစ္စတယ် အစီအရင်ဖြင့် ပုံတူကူးထားသော မှန်နေရာလွတ် ဖြစ်ပြီး အာကာပြင်နံရံကို ဖောက်ထွင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။

နံရံကိုဖောက်ထွင်းဖို့ မပြောနှင့်၊ အာကာပြင် နံရံ၏ အက်ရာကိုရှာတွေ့ဖို့ အတွက်ပင် ဝိညာဉ်စွမ်းအင် အများအပြား လိုအပ်လိမ့်မည် ဖြစ်သည်။

သာမန်လူများအဖို့ အာကာပြင် နံရံမှ အက်ကွဲကြောင်းကို ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် လင်းကျန်းရန်၏ စွမ်းပကားမှာ သူတို့အားလုံးအတွက် နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့ရ၏။

အင်မော်တယ်ထုန်ရာ၏ အံ့ဩခြင်းမှာ ဝမ်လင်း တစ်ယောက် လက်တစ်ဖက်တည်းဖြင့် ကမ္ဘာခြားဂိတ်တံခါးအား ပိတ်လိုက်သည်ကို မြင်လိုက်ရသောအခါက ခံစားမှုထက် မနည်းလှပေ။

"ဝိုး ညီနောင်လင်း.. မင်းရဲ့ ဒီနည်းစနစ်မှာ နာမည်ရှိလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

ဝမ်လင်း ခေါင်းခါယမ်းလိုက်သည်။

ဤသည်မှာ ကောင်းကင်မျက်လုံး၌ ဝိညာဉ်စွမ်းအင်များ စုဆောင်းပြီး ထွက်လာသည့် စွမ်းအင် အလင်းတန်းမျှသာဖြစ်သည်။

အခက်ခဲဆုံး အပိုင်းမှာ စုဆောင်းထားသည့် စွမ်းအားများကို ထိန်းချုပ်ရာတွင် ဖြစ်၏။

သိပ်သည်းသော ဝိညာဉ်စွမ်းအင်ကို တစ်နေရာထဲတွင်ပေါင်းဆုံ စုစည်းလာသောအခါ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နိုင်မည် မဟုတ်ပါလော။

ဟုတ်ပါသည်၊ ဤနည်းစနစ်တွင် လိုအပ်ချက်တစ်ခု ရှိပေသည်။

ယင်းမှာ သူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် ကျင့်ကြံသူများသာ အသုံးပြုနိုင်ခြင်းပင်။

သို့မဟုတ်လျှင် စွမ်းအင်စုစည်းရင်း တစ်ဝက်တစ်ပျက်မှာတင် မျက်လုံးက ပေါက်ကွဲသွားနိုင်ပေသည်။

"ဒီလို အစွမ်းထက်တဲ့ နည်းစနစ်ကို ငါတို့ နာမည် ဘယ်လိုပေးသင့်လဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အကြံပြုလိုက်သည်။

ဖက်တီးလော"ပူဆွေး ရောင်စဥ်တန်း"

အင်မော်တယ်ထုန်ရာ "မရဏမျက်လုံး"

ချိုက်လျန် "ကိုယ်ဝန်ရစေနိုင်တဲ့ အကြည့်တစ်ချက်"

ဖန့်ရှင်း "ဘဝ ပြိုကွဲ အလင်းတန်း"

ဝမ်လင်း ".............."

"အင်း.. မဆိုးပါဘူး မဆိုးပါဘူး... တခြားနာမည်တွေ မရှိတော့ဘူးလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။

"ခပ်ဆန်းဆန်း နာမည်တွေ ရှိသေးလား.. ညီနောင်လင်းက သူ့မျက်လုံးထဲကနေ စွမ်းအင်ရောင်ခြည်တန်း နှစ်ခုကို ပစ်လွှတ်လိုက်တဲ့ အချိန်မှာ ဒီရင်သပ်ရှုမောဖွယ် မြင်ကွင်းကြောင့် မင်းတို့တွေ နည်းနည်းလောက် စိတ်လှုပ်ရှားသွားတယ် မဟုတ်လား"

ထိုအချိန်တွင် ဓမ္မရာဂျာက မေးစေ့ကို ပွတ်သပ်ကာ ခေါင်းကုတ်လိုက်ပြီး အနည်းငယ် အရိုင်းဆန်စွာ ရယ်လိုက်သည်။

"ငါ့မှာ နာမည်တစ်ခု ရှိတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "ပြောကြည့်လေ.. ငါတို့နားထောင်ကြည့်မယ်"

ဓမ္မရာဂျာ "တွင်းပေါက်ထဲ ဝင်သွားတဲ့ ရေတံခွန် နှစ်ခု"

လူတိုင်း "............."

ဝမ်လင်း ".............."

All Chapters