← Chapters

ကြီးမြတ်သောသူများက အတွေးချင်းတူကြသည်

Vol. 20 Ch. 288

ကြီးမြတ်သောသူများက အတွေးချင်းတူကြသည်

Vol. 20 Ch. 288

အလှလေး နှင့် လျော့စျေးလေးတို့၏ နန်းတော်ထဲတွင် သူတို့ကအဝတ်အစားကို လဲဝတ်လိုက်ကြသည်။

ဤအမျိုးသမီး ကျင့်ကြံသူ နှစ်ဦးက ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ထားသောကြောင့် ဤနန်းတော်၌ ရှိသည့် တစ်ခုတည်းသော မှန်များမှာ သာမန် ကြေးမုံမှန်များသာ ဖြစ်နေသည်။

မှန်ထဲတွင်ပေါ်နေသည့် သူ့ပုံရိပ်ကိုကြည့်ရင်း ဝမ်လင်းတစ်ယောက် ချက်ချင်းလက်ငင်း သေချာစိတ်ပင် ပေါက်လာသည်။

[ဟမ့်.. ဒီလိုပုံစံမျိုး ဘယ်သူ့ကိုမှ မြင်စေလို့မဖြစ်ဘူး]

"အံ့ဩစရာပဲ.. လက်ဖျားခါလောက်တယ်.."

ဗုံးပစ်စီနီယာ အင်မော်တယ်က လက်ခုပ်တီးပြီး ချီးကျူးဂုဏ်ပြုလိုက်သည်။

"ညီနောင်လင်း မင်း မိန်းကလေးလို ဘယ်လောက်လှလဲဆိုတာ ငါပထမဆုံး သိလိုက်တာပဲ"

ဝမ်လင်းက အပြာရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဇာပုဝါအပါးဖြင့် မျက်နှာကို ကာထားသည်။

လင်းကျန်းရန်က ဤဝတ်စုံဖြင့် လိုက်ဖက်နေမည်ဟု

ဗုံးပစ်စီနီယာ အင်မော်တယ်က မထင်ထားထားခဲ့ပေ။

သူက ဖုန်းကို ထုတ်၍ ဓာတ်ပုံမရိုက်ခင် ဝမ်လင်းက မျက်လုံးထောင့်ကနေ တစ်ချက် စိုက်ကြည့်လိုက်ရာ ကင်မရာက ချက်ချင်း ပိတ်ကျသွားခဲ့သည်။

ထိုခဏတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်နှာညိုးငယ်သွား၏။

လင်းကျန်းရန်က အမျိုးသမီး အဝတ်အစားကို နေ့စဥ် ဝတ်ဆင်ထားမည် မဟုတ်ချေ။

အကယ်၍သာ သူက ဓာတ်ပုံတစ်ပုံမျှ ရိုက်နိုင်ခဲ့လျှင် ရှားပါးပစ္စည်းစုဆောင်းသူများ အကြိုက် တန်ဖိုးကြီး ရတနာတစ်ခု ဖြစ်လာနိုင်ပေသည်။

ကံဆိုးစွာဖြင့် လင်းကျန်းရန်က လက်ခံခြင်း မရှိခဲ့ပေ။

သူက စိတ်ထဲမှ သက်ပြင်းချကာ ဖုန်းထဲမှ ဆင်းမ်ကတ်နှင့် မန်မိုရီကတ်ကို ဖြုတ်လိုက်သည်။

"ငါ ဒီဖုန်းကို အခုမှဝယ်လာတာပါ"

ဝမ်လင်းက ဖုန်းကိုကြည့်လိုက်ရာ သုံးဆယ်စင်တီမီတာရှည်သည့် နောက်ဆုံးထုတ် မော်ဒယ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုဖုန်းကို မြေပြင်ပေါ်တွင်လဲကျနေသည့် အမျိုးသမီးနှစ်ဦး ပေါ်သို့ ပစ်ချလိုက်သည်။

"ငါ့လုပ်ရပ်အတွက် တောင်းပန်ပါတယ်.. ဒီဖုန်းက အခုငါ့အတွက် အသုံးမလိုတော့ဘူး"

ဝမ်လင်း ".............."

ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်လင်း.. ငါတို့ တစ်ခုခုကို မေ့နေခဲ့တယ်"

ထိုစကားကို ပြောပြီးနောက် အဖြူရောင်ဝတ် လူငယ်က နန်းတော်၏ စားပွဲပေါ်ရှိ အသီးအနှံများကို လှမ်းကြည့်လိုက်သည်။

ထို့နောက် ပန်းသီးနှစ်လုံးကို ယူ၍ ရင်ဘတ်ထဲတွင် အသေအချာ နေရာချလိုက်၏။

"ညီနောင်လင်း.. မင်းရော ယူဦးမလား"

ဝမ်လင်း "............."

[သေချင်နေပြီလား]

------------------------------

တစ်ချိန်တည်းမှာပင် မြေအောက်နန်းတော်ရှိ အနီရောင်ဝတ် တာအိုကျင့်ကြံသူက အနည်းငယ် မျက်မှောင်ကြုတ်နေသည်။

"ကျူးကျော်သူတွေကို ဖမ်းထားပြီးပြီလား"

အင်မော်တယ်စံအိမ်၏ တာအိုဝတ်စုံများမှာ အထူးပစ္စည်းများဖြင့် စိတ်ကြိုက် ပြုလုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ ဝတ်စုံများက အတည်ပြုကုဒ်များ အဖြစ်လည်း လုပ်ဆောင်နိုင်၏။

အင်မော်တယ်စံအိမ်သို့ ကျူးကျော်သူများ ဝင်ရောက်လာလျှင် ရေခဲခရစ္စတယ် အစီအရင်ကို ကျူးကျော်သူများ၏ အော်ရာများပေါ်တွင် သက်ရောက်စေပြီး ခြေရာခံရန် အသုံးပြုနိုင်သည်။

"သူတို့ရဲ့ အော်ရာကို ခြေရာခံမိတယ်.. ဒါပေမဲ့.."

အရှေ့ပိုင်းဌာနခွဲမှူးက ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် ဘာလဲ"

"လူတချို့ ပျောက်နေပုံရတယ်"

အရှေ့ပိုင်း ဌာနခွဲမှူးက သူ့လက်ကို မြှောက်လိုက်ရာ ဝိညာဉ် အလင်းတန်းများ ရုတ်ချည်း ထွက်ပေါ်လာပြီး မြင်ကွင်းများစွာကို လေထဲတွင် ပုံဖော်ထားခဲ့သည်။

"အကြီးအကဲ.. ဒါတွေက သိဒ္ဓိအစီအရင် အခင်းအကျင်းကနေ ကူးယူလာတဲ့ ပုံရိပ်တွေပါ.. သူတို့အားလုံး နေရာဒေသ အသီးသီးမှာ ရှိနေပါတယ်.. ပုံရိပ်ထဲက အမျိုးသမီး ကျင့်ကြံသူရဲ့ တာအိုနာမည်က ချိုက်လျန် ဖြစ်ပြီး နောက်ကျောမှာ ဘူးသီးခြောက်အရက်ဘူးကို လွယ်ထားတဲ့ အမျိုးသားက အင်မော်တယ်ထုန်ရာလို့ ခေါ်ပါတယ်.. သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီး ကျင့်ကြံခြင်းလောကရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် ဖြစ်လာခဲ့တယ်"

"ငါ သူတို့ နှစ်ယောက်လုံးကို သိပါတယ်"

အနီရောင်ဝတ်ကျင့်ကြံသူက ပြောလိုက်သည်။

"အခြားသုံးယောက်ထဲမှာ တစ်ယောက်က ဖက်တီးလော သတ္တုပစ္စည်းဆိုင်ပိုင်ရှင် လောချွမ့်ပါ.. အရင်က သူ့ကို ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး.. နောက်တစ်ယောက်ကတော့ ဓမ္မရာဂျာပါ.. လက်ရှိ ကျန်ရှိနေတဲ့ တစ်ခုတည်းသော ဓမ္မအမွေအနှစ် ဖြစ်တဲ့ နတ်မိုးကြိုးကို အမွေဆက်ခံသူပေါ့.. နောက်ဆုံးတစ်ယောက်က.."

အရှေ့ပိုင်း ဌာနခွဲမှူးက ပုံရိပ်ကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။

"ကျနော် ဒီလူ့အကြောင်းကိုတော့ သေချာမသိသေးဘူး.. လောလောဆယ်တော့ တပည့်တွေကို လွှတ်ပြီး သူ့အထောက်အထားကို ရှာဖွေခိုင်းထားပါတယ်"

"မင်းပြောတော့ လူတချို့ပျောက်နေတယ်ဆို.."

"ဟုတ်ပါတယ် အကြီးအကဲ.. ပျောက်နေတဲ့ သူတွေ ရှိနေပါတယ်"

အရှေ့ပိုင်းဌာနခွဲမှူးက ဆိုသည်။

"ပျောက်နေတဲ့ နှစ်ယောက်ထဲက တစ်ယောက်က သေမင်းတမန်စီနီယာပါ.. နောက်တစ်ယောက်ကတော့ ကောလဟာလတွေအရ လင်းကျန်းရန်လို့ ခေါ်တဲ့သူပဲ.. သူက ဒီမက်မွန်သစ်သားဓားရဲ့ ပိုင်ရှင်ပါ"

"ဟားဟား စိတ်ဝင်စားဖို့ကောင်းတယ်.. ဒီနှစ်ယောက်က ကိုင်တွယ်ရ အခက်ခဲဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ဒါပေမယ့် ဒါတွေက ငါ့အတွက်တော့ အသေးအမွှားကိစ္စလေးတွေပါပဲ"

အနီရောင်ဝတ် ကျင့်ကြံသူက အရှေ့ပိုင်းဌာနခွဲမှူးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

"နတ်ဓား ဖန်တဖို့ အသင့်တော်ဆုံး ဓားဝိညာဉ်ကို ငါ ရှာတွေ့ခဲ့တယ်.. အဆုံးစွန်သော နတ်ဓားကို ထုတ်လုပ်ဖို့အတွက် ဓားဝိညာဉ်ပဲဖြစ်ဖြစ်၊ ဓားကိုယ်ထည်ပဲဖြစ်ဖြစ်၊ အဲဒီဓားနဲ့ပတ်သက်တဲ့ အရာအားလုံးက အကောင်းဆုံး ဖြစ်မှရမယ်.. ဓားအတွက် ကောင်းကင်အဆင့် ပစ္စည်းတွေအပြင် အတွေ့အကြုံရှိတဲ့ ပန်းပဲဆရာလည်း လိုအပ်တယ်"

အရှေ့ပိုင်းဌာနခွဲမှူး "အကြီးအကဲ ဆိုလိုတာက.."

အနီရောင်ဝတ် ကျင့်ကြံသူက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ငါ မင်းကို အဲဒီဖက်တီးလောကို ဖမ်းပြီး ဒီကို ခေါ်လာခဲ့စေချင်တယ်"

..................

အာကာပြင် တံတိုင်းကို ဖြတ်ကျော်ပြီးနောက် ဖက်တီးလောနှင့်ဓမ္မရာဂျာတို့က တစ်ဖွဲ့တည်း ကျခဲ့သည်။

သူတို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် အစီအရင်၏ အုပ်ထိန်းသူ ဝိညာဥ်များ တစ်နေရာသို့ ဆင်းသက်သွားသည်ကို သတိပြုမိလိုက်ကြသည်။

"ဒါက မှော်လက်နက် တစ်ခုခုရဲ့ စွမ်းအား ဖြစ်နိုင်တယ်.. ငါ့အထင်တော့ အဲဒါက ဝိညာဉ်ဓားတစ်လက်ပဲ.. သိဒ္ဓိအစီအရင်ရဲ့ စွမ်းအားကို ဆွဲယူပြီး အုပ်ထိန်းသူ ဝိညာဉ်တွေကို ဆင့်ခေါ်လိုက်တာ ဖြစ်နိုင်တယ်"

တစ်ချက်ကြည့်လိုက်ရုံဖြင့် 'ဖက်တီးလော'က မှန်းဆမိလိုက်သည်။

သူက ဝိညာဥ်ရေးအာရုံများဖြင့် အုပ်ထိန်းသူ ဝိညာဉ်၏ အသွင်အပြင်နှင့် ဦးတည်ရာကို ငေးကြည့်လိုက်သည်။

"လင်းကျန်းရန်တို့ပါလား"

"ငါတို့တွေ လင်းကျန်းရန်တို့နဲ့ အရင်သွားတွေ့သင့်လား"

ဓမ္မရာဂျာက မေးလိုက်သည်။

ဖက်တီးလောက အခြေအနေကို လေ့လာသုံးသပ်ပြီးမှ ပြန်ဖြေလိုက်သည်။

"ငါတို့ လောစရာမလိုပါဘူး.. လင်းကျန်းရန်က အဲဒီ အုပ်ထိန်းသူ ဝိညာဉ်တွေကို ချက်ချင်း သတ်ပစ်နိုင်မယ်လို့ ငါထင်တယ်... လောလောဆယ်တော့ ငါတို့ရဲ့ ဦးစားပေးက ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားဖို့ပါပဲ.. ဒီသိဒ္ဓိ အစီအရင်က သာမန် အစီအရင် တစ်ခု မဟုတ်ဘူး.. ပြီးတော့ အဲဒီအစီအရင်ကို အသုံးချပြီး အင်မော်တယ်စံအိမ်က ကျူးကျော်သူတွေရဲ့ အော်ရာကို ခြေရာခံနေတယ်လို့ ငါထင်တယ်"

ဖက်တီးလောက ဖက်တီးလော ဟုသာ ပြောနိုင်သည်။

ဤကဲ့သို့ အခြေအနေမျိုးမှာပင် သူ၏ သတိထားမှုက သာမန်လူတစ်ယောက်ထက်ပင် သာလွန်နေခဲ့သည်။

သူ၏ အုတ်ဂူဖောက်သော သမိုင်းကြောင်းက အပျော်သက်သက် မဟုတ်မှန်း သိသာနေ၏။

လူသားများက အသက်ကြီးလာလေ ဆင်ခြင်ဉာဏ်ရှိလာလေဖြစ်၏။

သူတို့နှစ်ဦးက စန်းယွမ်လမ်း၌ စခန်းချရန် စင်္ကြံကို ရှာဖွေခဲ့ကြသည်။

အင်မော်တယ်စံအိမ်အနေဖြင့် ကျူးကျော်သူများကို စောင့်ကြည့်နိုင်၍ သူတို့ကို ဖမ်းမိန့်ထုတ်ထားမည်မှာ သေချာ၏။

ထို့ကြောင့် သူတို့က အင်မော်တယ်စံအိမ်မှ တပည့်များ၏ အော်ရာများကို သတိထားနေကြသည်။

ဓမ္မရာဂျာက ခေါင်းကိုက်သလို ခံစားလိုက်ရသည်။

"ဒီနေရာမှာ သရဲတွေများရှိနေမလား"

"ဒါက သင်္ချိုင်းတော့ မဟုတ်ဘူး ဆိုပေမယ့် ပတ်ဝန်းကျင်မှာ သရဲတစ္ဆေမရှိဘူးလို့တော့ မဆိုလိုပါဘူး"

'ဖက်တီးလော'က ဆိုလိုက်သည်။

"ဒါဆို ငါတို့က ဖယောင်းတိုင်တစ်တိုင်ကို ထွန်းပြီး အတားအဆီးတွေကို ကျော်ဖြတ်ဖို့ ဆုတောင်းသင့်လား"

ဓမ္မရာဂျာက ပြောလိုက်သည်။

ဖက်တီးလော "............."

သူတို့က မထင်မရှား စင်္ကြံတစ်ခုတွင် အချိန်အတော်ကြာ ခိုနားခဲ့ကြသည်။

ခဏအကြာတွင် ဓမ္မရာဂျာက မျက်မှောင်ကြုတ်လိုက်သည်။

"အင်မော်တယ်စံအိမ်ရဲ့ တပည့်တွေအားလုံးက ဘာလို့မိန်းကလေးတွေ ဖြစ်နေတာလဲ"

ထိုမေးခွန်းကိုကြားလျှင် ဖက်တီးလောက တစ်စုံတစ်ရာကိုတွေးမိကာ မျက်ဝန်းများ တောက်ပလာသည်။

"ဓမ္မရာဂျာ.. အစောပိုင်းတုန်းက အဲဒီ အုပ်ထိန်းသူ ဝိညာဥ်တွေက လင်းကျန်းရန်ကို တိုက်ခိုက်ဖို့ အာရုံစိုက်နေကြတာကို သတိထားမိလား.. အင်မော်တယ်စံအိမ်ရဲ့ အမျိုးသမီး ကျင့်ကြံသူတွေက အပြင်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနေတာကိုရော သတိထားမိလား.. ကြည့်ရတာ သူတို့ဝတ်ထားတဲ့ တာအိုဝတ်စုံတွေက သိဒ္ဓိအစီအရင်ကို အထောက်အကူပြုတဲ့ အမှတ်အသားတစ်ခု ဖြစ်နိုင်တယ်လို့ ငါယုံကြည်တယ်"

ဓမ္မရာဂျာ "ဒါဆို ညီနောင်လော ဆိုလိုတဲ့ အဓိပ္ပါယ်က.."

"ငါတို့တွေ မိန်းမလို ဝတ်လို့ရတယ်"

ဖက်တီးလောက စိတ်အားထက်သန်စွာ ဖြေလိုက်သည်။

ဓမ္မရာဂျာ "..........."

ဓမ္မရာဂျာ "ညီနောင်လော.. ဒါက အကြံကောင်းပဲ.. ဒါပေမယ့် အဲဒီ တာအို၀တ်စုံတွေက ငါတို့လို ဖက်တီးခန္ဓာကိုယ်နဲ့ တော်မယ်ဆိုတာ သေချာရဲ့လား"

ဖက်တီးလော"..........."

All Chapters