← Chapters

သင်ကိုယ်တိုင် ဆုပ်ကိုင်လိုက်ပါ

Vol. 20 Ch. 291

သင်ကိုယ်တိုင် ဆုပ်ကိုင်လိုက်ပါ

Vol. 20 Ch. 291

ဤနှစ်ယောက်၏ ထိတ်လန့်ဖွယ် အသွင်အပြင်ကြောင့် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး အပါအဝင် ရာနှင့်ချီသော အမျိုးသမီး ကျင့်ကြံသူများက သုံးမိနစ်ခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သူတို့ကိုမြင်လျှင် ခရမ်းရောင်ဝတ် အမျိုးသမီးကြီးက အေးစက်သော အမူအရာဖြင့် ယာရွှယ် ဘက်သို့ ကြည့်လိုက်သည်။

"ယာရွှယ်.. သူတို့က ဝါးလုံးလေးနဲ့ ဂန္ဓမာလေး ဟုတ်ရဲ့လား"

ယာရွှယ်က ခေါင်းကို ခပ်သွက်သွက် ညိတ်လိုက်သည်။

"ဟုတ်တယ် ဆရာ"

ထိုစကားကိုကြားလျှင် ခရမ်းရောင်ဝတ် အမျိုးသမီးက အချိန်အတော်ကြာအောင် တုန်လှုပ်နေခဲ့သည်။

"............."

သူတို့က Chikuwa(ဂျပန်အသားတုချောင်း)ကို အချိန်အကြာကြီး ပြုတ်ထားသည်နှင့် တူနေ၏။

ဓမ္မရာဂျာ နှင့် ဖက်တီးလောတို့က လှေကားထိပ်သို့ ရောက်သောအခါ လေထု တင်းမာမှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

"ညီနောင်လော.. ငါတို့ကို ရိပ်မိသွားပြီလားမသိဘူး"

အထူးသဖြင့် စင်မြင်ပေါ်ရှိ ခရမ်းရောင်ဝတ်အမျိုးသမီး၏ မီးတောက်မတတ် အကြည့်က Usami-chan ၏ အမူအရာနှင့် ဆင်တူနေ၏။

ဖက်တီးလော သက်ပြင်းတစ်ချက် ချလိုက်သည်။

"ချီးပဲ.. ငါတို့ရဲ့ အသွင်အပြင်တွေက ပြီးပြည့်စုံနေပြီလို့ ငါထင်နေခဲ့တာ"

"............."

ဝမ်လင်းက ယခုမှပင် ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

ဤ ကင်းကောင်ဘာဘီ နှစ်ယောက်သည် သူတို့ကိုယ်သူတို့ လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

၎င်းတို့သာ ဤနေရာသို့ မရောက်ခဲ့လျှင် သူနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က ဤအုပ်စုထဲတွင် ခဏလောက် ပုန်းနေနိုင်မည်ဟု ဝမ်လင်း တွေးထင်ခဲ့သည်။

ဤနှစ်ကောင် ပေါ်လာသည့်အခိုက်တွင် သူ၏အစီအစဥ်က ပျက်သုန်းသွားခဲ့သည်။

"လူဆိုးကောင်တွေ လက်မြှောက်စမ်း"

စင်မြင့်ပေါ်ရှိ ခရမ်းရောင်ဝတ် အမျိုးသမီးက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းနှစ်ခု လွင့်ထွက်လာပြီး လှောင်အိမ်ကဲ့သို့ လေထဲတွင် ဖုံးလွှမ်းနိုင်သော စက်ဝိုင်းပုံအလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

ခရမ်းရောင်ဝတ် အမျိုးသမီး၏ ရန်လိုသည့် တိုက်ခိုက်မှုကြောင့် ယာရွှယ်က ထိတ်လန့်သွား၏။

"ဆရာ.. ဘာလုပ်နေတာလဲ.. သူတို့က ညီအမတွေပဲလေ"

ခရမ်းရောင်ဝတ် အမျိုးသမီးကြီးက ယာရွှယ်၏ခေါင်းကို ခပ်ဆတ်ဆတ် လှမ်းထုလိုက်သည်။

"မင်း ဒီလောက်တောင် တုံးရလား"

အမျိုးသမီးကြီးက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သူမအနေဖြင့် ယာရွှယ်လို ငတုံးမကို တပည့်အဖြစ် မမွေးသင့်ဟု တွေးမိလိုက်၏။

သူမကိုသာ အတွင်းစည်းတပည့် အဖြစ် ဂိုဏ်းက မသတ်မှတ်ခဲ့လျှင် ဤကျူးကျော်သူများက အမျိုးသမီးတပည့် အသွင်ယူ၍ စိမ့်ဝင်လာနိုင်မည် မဟုတ်ချေ။

ယာရွှယ်က အတွင်းစည်းတပည့်ထဲတွင် သြဇာအရှိဆုံး တပည့်ဖြစ်၍ သူမက တပည့်အဖြစ် မွေးခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် သူမ အနည်းငယ် မျက်စိမှောက်ခဲ့ပုံရ၏။

အရေးတကြီး အခြေအနေကြောင့် အခြေအနေကို သေသေချာချာ ရှင်းပြရန် အချိန်မရှိ၍ သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒီနှစ်ယောက်က ကျူးကျော်သူတွေပဲ.. အခြေအနေကို အခွင့်ကောင်း ယူဖို့အတွက် သူတို့နှစ်ယောက်က ဝါးလေးနဲ့ ဂန္ဓမာလေးတို့ရဲ့ အဝတ်အစားတွေကို လဲဝတ်ထားတာပဲ"

ယာရွှယ်ဟုခေါ်သော မျက်စိစွေသည့် အမျိုးသမီးက ယခုမှပင် သဘောပေါက်သွားသည်။

"ဒီလိုကိုး"

........................

အကြီးအကဲက ယာရွှယ်အား အခြေအနေကို ရှင်းပြနေချိန်တွင် တိုက်ပွဲများက စတင်နေပြီ ဖြစ်သည်။

အင်မော်တယ်စံအိမ်၏ အတွင်းစည်း တပည့်များက တိုက်ပွဲဆင်နွှဲရန် အတွက် ဖြန့်ကျက်၍ နေရာယူထားကြသည်။

သူတို့က စနစ်တကျ လေ့ကျင့်ထားသူများ ဖြစ်၍ ဤအခြေအနေတွင် ထိတ်လန့်သော အရိပ်အယောင် လုံးဝမရှိချေ။

ဤအခြေအနေတွင် ပထမဆုံး လုပ်ရမည့် အရာမှာ တိုက်ပွဲအတွင်း လျှို့ဝှက် လုပ်ကြံမှုများကို ရှောင်ရှားရန် အတွက် ရှင်းလင်းသော နေရာသို့ ပြောင်းရွှေ့ရန် ဖြစ်သည်။

ဓမ္မရာဂျာ နှင့် ဖက်တီးလောတို့ကလည်း သာမန်လူများ မဟုတ်ကြပေ။

ခရမ်းရောင်ဝတ် အမျိုးသမီးက လျင်မြန်စွာ လှုပ်ရှားခဲ့သော်လည်း ၎င်းတို့ကို ဖမ်းမိရန် မလုံလောက်ခဲ့ချေ။

ဓမ္မရာဂျာက သူမနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။

သူက နတ်မိုးကြိုး အမွေအနှစ်ကို အသက်သွင်းပြီး လေထဲသို့ တိုက်ရိုက် ပစ်ခတ်လိုက်၏။

ခရမ်းရောင်ဝတ် အမျိုးသမီး ထုတ်သုံးလိုက်သည့် လှောင်အိမ်နှင့်တူသော စွမ်းအားကို နတ်မိုးကြိုးက ချက်ချင်းပင် ဖုံးအုပ်သွားခဲ့သည်။

"ဒါက မိုးကြိုးမျိုးနွယ်စု ရဲ့ ဒဏ္ဍာရီဆန်လွန်းတဲ့ မြင့်မြတ်တဲ့ အမွေအနှစ်ပဲ"

အမျိုးသမီး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသောအမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

အင်မော်တယ်စံအိမ်၏ အရေးပေါ် ထုတ်ပြန်ချက်ကနေ ကျူးကျော်သူများက ကြောက်မက်ဖွယ် ကောင်းသည်ဟု သူမ ကြားသိခဲ့ရသော်လည်း မိုးကြိုးမျိုးနွယ်စုမှ ဆင်းသက်လာသော မျိုးဆက်များပင် ပါဝင်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

သူမ၏ တိုက်ခိုက်မှုက မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ချေ။

သို့သော် နတ်မိုးကြိုး အမွေအနှစ်ကို မြင်လိုက်ရသော အခိုက်တွင် သူမ၏ အမူအရာက တုန်လှုပ် ချောက်ခြားသွားခဲ့သည်။

"ရှင်က နတ်မိုးကြိုးမျိုးနွယ်စုက ဆင်းသက်သူလား"

အမျိုးသမီးကြီးက ဓမ္မရာဂျာကို လေးလေးနက်နက် စိုက်ကြည့်ခဲ့သည်။

ဓမ္မရာဂျာ အနီးမှာ ရှိသည့် တခြား ကျူးကျော်သူတွေကလည်း သာမန်လူတွေ မဟုတ်ဟု သူမ ရိပ်စားမိလိုက်၏။

သူမက ဓမ္မရာဂျာ ဘေးနားရှိ ဖက်တီးလောကို ကြည့်လိုက်သည်။

"ဒါဆို... ရှင်က လောချွမ့်ပေါ့.. တိုက်ဆိုင်လိုက်တာ.. ကျမတို့သခင်က ရှင်နဲ့ ဆွေးနွေးစရာ ရှိနေတယ်"

'ဖက်တီးလော'က စင်မြင့်ပေါ်ရှိ အမျိုးသမီးကြီးကို ကြည့်ရင်းအားပါးတရ ရယ်မောလိုက်သည်။

"မင်းရဲ့သခင်နဲ့တွေ့ရင် စကားတစ်ခွန်းပဲ ပြောချင်တယ်.. သူက ငါတို့ လင်းကျန်းရန် ရဲ့ဝိညာဉ်ဓားကို အတင်းအကျပ် ခိုးယူသွားခဲ့တယ်.. ဒီအကြွေးနဲ့ ပတ်သက်ပြီး သူနဲ့ အရင်ဆုံး ဆွေးနွေးရမယ်"

"ခိုးယူတယ်ဟုတ်လား"

သူမက ဖက်တီးလောကို စိုက်ကြည့်လိုက်သည်။

"ဒီဝိညာဉ်ဓားက ကျမတို့သခင် အပိုင်ပဲ.. ရှင်တို့က စံအိမ်ကို ကျူးကျော်လာသူတွေပဲ.. ရှင့်အပြင် ကျူးကျော်သူ အားလုံးကို သတ်ပစ်ဖို့ သခင်က အမိန့်ပေးထားပြီးသား ဆိုတာ ရှင်သိရဲ့လား "

ဖက်တီးလော သဘောကျသွားသည်။

"ငါ မှော်ရတနာတွေကို အမဲလိုက်ခဲ့တဲ့ နှစ်တစ်လျှောက်မှာ ဆိုးသွမ်းရက်စက်တဲ့ ဓားပြ အမျိုးအစားတွေ အများကြီးကို တွေ့ဖူးပေမယ့် သူများရဲ့ ဓားကို ခိုးယူပြီး ကိုယ့်ရဲ့ဓားပါလို့အရှက်မရှိ ပြောတာမျိုးကိုတော့ တစ်ခါမှ မကြုံဖူးဘူး.. ညီတော် ဓမ္မရာဂျာ.. ငါတို့ သူတို့နဲ့ တိုက်ရိုက် တိုက်ကြစို့.. ဘာမှ ယဉ်ကျေးနေစရာ မလိုတော့ဘူး"

ဓမ္မရာဂျာက သူ၏ လက်ကို မြှောက်လိုက်ရာ လျှပ်စီးများတောက်ပလာသည်။

သူက နတ်မိုးကြိုးအမွေအနှစ်၏ စွမ်းအားကို ရာနှုန်းပြည့် ဆင့်ခေါ်လိုက်သောအခါ တိမ်မည်းများက ချက်ချင်း လှိမ့်ဝင်သွားသလို ကောင်းကင်ကြီးကလည်း မည်းမှောင်သွားသည်။

"ဝုန်း.."

ကောင်းကင်မှ လျှပ်စီးတစ်စင်းက ဓမ္မရာဂျာ၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး လျှပ်စီး သံချပ်ဝတ် အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝမ်လင်းနှင့် ဗုံးပစ် စီနီယာ အင်မော်တယ်တို့က ခပ်လှမ်းလှမ်းကနေ အင်မော်တယ် စံအိမ်၏ အမျိုးသမီး တပည့်များကြား၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များကို ကြည့်ရှုခဲ့ကြသည်။

ဓမ္မရာဂျာက ဤပုံစံဖြင့် ဆိုလျှင် ပိုကြည့်ကောင်းသည်ဟု သူတို့က ခံစားမိသည်။

နတ်မိုးကြိုးအမွေ ဆက်ခံခြင်းကြောင့် သူ၏ သဘာဝစွမ်းအားက လျှပ်စီးသံချပ်ဝတ် ပုံစံသို့ ပြောင်းလဲသွားရုံသာမက ကြွက်သားများကို သန်စွမ်းစေပြီး ခန္ဓာကိုယ်ကို ပိုမို တင်းမာစေသည်။

တစ်ချိန်တည်းမှာပင် ဖက်တီးလောကလည်း သားရေချပ်ဝတ်တန်ဆာကို ဝတ်လိုက်သည်။

ဝမ်လင်းက ဖက်တီးလော၏ သတ္တုဆိုင်တွင် ဤချပ်ဝတ်တန်ဆာကို မြင်ဖူးသည်။

ယင်းမှာ ဖက်တီးလော အလွန် တန်ဖိုးထားသည့် ကောင်းကင်နတ်ဆိုးဝက် သားရေချပ်ဝတ် ဖြစ်၏။

နာမည်အတိုကောက်မှာ ဝက်သားရေချပ်ဝတ် ဖြစ်သည်။

ဖက်တီးလောက ဤဝက်သားရေ ချပ်ဝတ်တန်ဆာ၏ ဝိညာဉ်စွမ်းအင်ကို ပြုပြင်ထားပြီ ဖြစ်သော်လည်း ၎င်းက ကောင်းကင်နတ်ဆိုးဝက်၏ နတ်ဆိုးဘုရင်အော်ရာကို မဖုံးကွယ်နိုင်သေးပေ။

ချပ်ဝတ်တန်ဆာကို ထုတ်လိုက်သည်နှင့် စင်မြင့်ပေါ်မှ ခရမ်းရောင်ဝတ် အမျိုးသမီးက ၎င်းကို အလွန် စိတ်ဝင်စားလာသည်။

ဤသူဌေးလောကို စံအိမ်သခင်က အဘယ်ကြောင့် စိတ်ဝင်စားခဲ့သည်ကို ယခုဆိုလျှင် သူမ ပို၍ နားလည်နိုင်ပြီဖြစ်သည်။

"ညီနောင်လော သတိထားပါ.. ဒီမိန်းမတွေက ကိုင်တွယ်ရတာ မလွယ်ဘူး"

ဓမ္မရာဂျာက မျက်မှောင်ကြုတ်လိုက်သည်။

သူတို့၏ တိုက်ခိုက်ရေး စွမ်းအားကို ယေဘုယျခြုံငုံ သုံးသပ်ရလျှင် သူနှင့် ဖက်တီးလောမှာ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်တွင် ရှိကြသည်။

ယင်းက ဤအတွင်းစည်း တပည့်အုပ်စုကို တိုက်ခိုက်ရန် လုံလောက်ပေသည်။

သို့သော်လည်း စင်မြင့်ပေါ်ရှိ ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးကြီးက အမှိုက်သရိုက် မဟုတ်ချေ။

သူမနှင့် ရင်ဆိုင်ရသောအခါတွင် သူတို့နှစ်ယောက်က အတူတကွ ပူးပေါင်းတိုက်ခိုက်ရန် လိုအပ်မည် ဖြစ်သည်။

ခရမ်းရောင်ဝတ် အမျိုးသမီးကြီးကလည်း မတုံးပေ။

ဓမ္မရာဂျာနှင့် ဖက်တီးလောတို့၏ လက်ရှိအင်အားက ဤနေရာရှိ အတွင်းစည်းဂိုဏ်းဝင် တပည့်တစ်ဦးချင်းစီကို နှိပ်စက်နိုင်သော်လည်း တပည့်များက ၎င်းတို့၏ ခွန်အားကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်လျှင်မူ ထိုနှစ်ယောက် အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူမည် မဟုတ်တော့ပေ။

ရာနှင့်ချီသော အတွင်းစည်း တပည့်များက ခြေသလုံးအိမ်တိုင် အင်မော်တယ်ပင် လွတ်မြောက်ရန် အခက်အခဲရှိမည့် အစွမ်းထက်သော မှော်အစီအရင်တစ်ခုကို ထူထောင်ရန် လက်တွဲ လုပ်ဆောင်လိုက်လျှင် ကိစ္စက နေရာမှာတင် ပြီးပြတ်သွားနိုင်ပေသည် မဟုတ်လော။

ထိုအတွေးကြောင့် အမျိုးသမီးကြီးက ထိန်းချုပ်မရအောင် စိတ်လှုပ်ရှားလာသည်။

"ငါ့အမိန့်ကိုလိုက်နာကြ.. ပူးပေါင်း အစီအရင်ကို ချက်ချင်း တည်ဆောက်ပါ"

"ညီနောင်လင်း မကောင်းတော့ဘူး"

ဗုံးပစ်စီနီယာအင်မော်တယ်က လေသံကို နှိမ့်၍ ပြောလိုက်သည်။

အမျိုးသမီးကြီးက အစီအရင် တည်ဆောက်ရန် အော်ဟစ်နေသည့်အခိုက်တွင် ဝမ်လင်းက ရှေ့သို့ တိုးလာသည်။

ဤခဏတွင် အချိန်က ရပ်တန့်နေပုံရသည်။

နောက်ထပ် အခိုက်အတန့်တွင် အမျိုးသမီးငယ် များစွာမှာ အင်အား ကြီးမားသော ဖိအားတစ်ခုအောက်တွင် ပြိုလဲသွားခဲ့သည်။

စင်မြင့်ပေါ်ရှိ အမျိုးသမီးကြီး၏ မျက်နှာတွင် ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်နေသည်။

[ငါဘာကိုမြင်လိုက်တာလဲ]

[အဲဒါက အင်ပါယာအော်ရာလား]

All Chapters