← Chapters

ချစ်စရာလေး.. သူတို့က တကယ်ပဲ ယောကျာ်းလေးတွေလား

Vol. 20 Ch. 292

ချစ်စရာလေး.. သူတို့က တကယ်ပဲ ယောကျာ်းလေးတွေလား

Vol. 20 Ch. 292

ထွင်ထျန်းဟာသာ ဤနေရာတွင်ရှိနေလျှင် ဤမြင်ကွင်းကို အလွန် ရင်းနှီးနေမည်မှာ သေချာသည်။

ခြားနားချက်မှာ ထိုစဥ်က သူ့သဘောနှင့်သူ မြေပေါ်သို့ လှဲချခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခေါက်တွင်မူ ဝမ်လင်း၏ စစ်မှန်သည့် ဝိညာဥ်ရေး ဖိအားကြောင့် ဖြစ်၏။

"ဒါက ဘယ်လိုမြင်ကွင်းမျိုးလဲ"

အဝေးကနေ ကြည့်နေသည့် ဓမ္မရာဂျာ နှင့် ဖက်တီးလောတို့က နှလုံးသားထဲကနေ နက်နဲသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

အမျိုးသမီး လက်အောက်ရှိ ရာချီသော စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် အမျိုးသမီးငယ်များ၏ လှုပ်ရှားမှုများက အစီအရင် မခင်းကျင်းမီမှာပင် အေးခဲသွားခဲ့သည်။

ယင်းမှာ နေကြာပန်း အပ်စိုက်ပညာဖြင့် ချုပ်နှောင်ခံထားရသကဲ့သို့ပင်။

နှစ်စက္ကန့်မျှအကြာတွင် အမျိုးသမီးလေးများက ဒိုမီနိုတွေလို တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်။

သူမတို့၏ ကိုယ်ဟန်အနေအထားက တောင့်တင်းနေပြီးမျက်ဝန်းများ တွင်လည်း နားမလည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။

"ဒါက ဘာလဲ"

စင်မြင့်ပေါ်ရှိ အမျိုးသမီးကြီး၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

ကြီးမားသော ဖိအားအောက်တွင် ပြိုလဲကျသွားသော တပည့်များ ကြား၌ မရွှေ့မပြောင်းနိုင်သော တောင်ကဲ့သို့ ခိုင်မာစွာရပ်နေသည့် ပုံရိပ်နှစ်ခုကို သူမ တွေ့လိုက်ရသည်။

အမျိုးသမီးက ဝမ်လင်း၏ ဝိညာဥ်ရေးဖိအားကို တုံ့ပြန်မှုတွင်နောက်ကျနေခဲ့ပြီး သူမ ဘေးနားမှ ငတုံးမ ယာရွှယ်ကိုသာ ကာကွယ်နိုင်ခဲ့၏။

ယာရွှယ်က ချောက်ခြားသော အမူအရာဖြင့် သူမ၏ ခေါင်းကို ပွတ်သပ်နေသည်။

"ယာရွှယ် ဘာတွေဖြစ်နေတာလဲ"

အမျိုးသမီးကြီးက မေးလိုက်သည်။

"ဒါ.. ဒါက သစ္စာဖောက်တာပဲ.. ဗြောင်ကျကျ သစ္စာဖောက်တာပဲ.. ဆရာ ပြောတာမှန်တယ်.. လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို အပေါ်ယံကြည့်လို့မရဘူး.. ဒီတပည့်မက အလှလေးနဲ့ လျှော့စျေးလေးရဲ့ ပလတ်စတစ်ဆာဂျရီ ရုပ်သွင်ကို တကယ် သဘောကျခဲ့မိတယ်.. ဒါပေမဲ့ ချောမောလှပတဲ့ ဒီနှစ်ယောက်ရဲ့ နှလုံးသားက ရက်စက်ကြမ်းကြုတ်နေမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး.. သစ္စာဖောက်မ နှစ်ကောင်က ငါတို့လူတွေကို လုပ်ကြံဖို့ အပြင်လူတွေကို အကူအညီပေးခဲ့တယ်.."

ခရမ်းရောင်ဝတ် အမျိုးသမီးကြီးက နဖူးကိုလက်ဖြင့် နှိပ်လိုက်သည်။

သူမ ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။

"ဒီနှစ်ယောက်က ယောကျာ်းတွေဆိုတာ မင်းမခွဲခြားတတ်ဘူးလား"

"ယောကျာ်းလေးလား"

ထိုအခါမှ ယာရွှယ်က ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

ခဏအကြာတွင် သူမက ခေါင်းခါယမ်းလိုက်ကာ အမျိုးသမီးကြီးကို မေးလိုက်၏။

"သူတို့မျက်နှာတွေက အရမ်းလှတာပဲ.. ဒါကရော ဘယ်လိုလုပ်ထားတာလဲ"

"သူတို့က ချောမောတဲ့ကောင်လေး နှစ်ယောက်ပဲလေ"

ခရမ်းရောင်၀တ် အမျိုးသမီးကြီး၏ မျက်နှာက ဘိန်းမုန့်ပေါင်းလို ဖြစ်နေသည်။

သူမက သူမ၏ တုံးအသော တပည့်အား ရှင်းပြရန် စိတ်မ၀င်စားနိုင်တော့ပေ။

စင်မြင့်တစ်ဖက်ရှိ ဓမ္မရာဂျာနှင့် ဖက်တီးလော တို့က အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားပြီးနောက် သတိပြန်ဝင်လာသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

"လင်းကျန်းရန် နဲ့ ဗုံးပစ်စီနီယာ အင်မော်တယ် တို့ကလည်း အမျိုးသမီးလို ရုပ်ဖျက်ထားကြတာလား"

"ငါ့ရဲ့ အတွေးအခေါ်က လုံးဝ မှန်ကန်နေပုံပဲ"

ဖက်တီးလောက သူ့ကိုယ်သူ ရယ်မောလိုက်သည်။

လင်းကျန်းရန်နှင့် တူညီသော နည်းဗျူဟာကို အသုံးပြုခဲ့မိခြင်း အတွက် ဂုဏ်ယူနေမိသည်။

သူတို့တွေက သိဒ္ဓိ အစီအရင်၏ ခြေရာခံစနစ်ကို အံတုရန် အတွက် အမျိုးသမီး တပည့်များ၏ တာအိုဝတ်စုံများကို ပြောင်းလဲဝတ်ဆင်ခဲ့ရသည် မဟုတ်လော။

"လင်းကျန်းရန်ကို ဒီလိုမျိုးမြင်ရတာ ပထမဆုံး အကြိမ်လို့ ငါထင်တယ်"

ဓမ္မရာဂျာက အလွန်အံ့အားသင့်စွာဖြင့် ညည်းညူလိုက်သည်။

လင်းကျန်းရန်၏ တရားမျှတသော မျက်နှာက အမျိုးသမီး တာအိုဝတ်စုံဖြင့် အလွန်ပင်တင့်တယ်နေ၏။

အဝေးမှကြည့်လျှင် ချစ်စရာကောင်းသော မြီးကောင်ပေါက်မလေး တစ်ယောက် နှင့်ပင် တူနေသည်။

တစ်ခုတည်းသော ချို့ယွင်းချက်မှာ သူ၏ အပြုအမူဖြစ်သည်။

လင်းကျန်းရန်၏ အမှတ် သင်္ကေတ ဖြစ်သည့် အေးစက်စက်မျက်ဝန်းများက သူတို့ဘက်သို့ လှည့်လာသည်ကို သတိထားမိလိုက်သည်။

"မမြင်သင့်တဲ့အရာကို မြင်မိလိုက်သလို ခံစားရတယ်"

အဝေးတွင် ရပ်နေသော ဓမ္မရာဂျာက လုံးဝ မကြည့်ဝံ့တော့ပေ။

ဖက်တီးလောကလည်း ငိုရမလား ရယ်ရမလား မသိတော့ချေ။

"လင်းကျန်းရန်က ငါတို့ကို နှုတ်ပိတ်မလား မသိဘူး"

တိုတိုပြောရလျှင် သူတို့က တကယ်ပဲ အန္တရာယ်ရှိနေသည်မဟုတ်လော။

သူတို့က ဝမ်လင်းကို ခပ်ဝေးဝေးကနေ စိုက်ကြည့်နေပြီးမှ မမြင်ချင်ယောင် ဆောင်နေလိုက်တော့သည်။

ဝမ်လင်း၏ မျက်နှာက အမူအရာ မပြောင်းလဲသည့် အပြင် ရှက်ရွံ့သော အရိပ်အယောင်ကို နည်းနည်းလေးမှ မဖော်ပြခဲ့ပေ။

စင်မြင့်ပေါ်မှ အမျိုးသမီးကြီးက ဤနေရာတွင် အသန်မာဆုံးလူမှာ မည်သူဖြစ်သည်ကို ရိပ်စားမိနေပြီ ဖြစ်သည်။

သူမက ပြင်းထန်စွာ ကြုံးဝါးလိုက်သည်။

"မင်းဟာ ဒီကျူးကျော်သူ အုပ်စုရဲ့ အဓိကကျပုံပဲ.. အခုချက်ချင်း ဒူးထောက်ပြီး အရှုံးကို ဝန်ခံမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်"

"အခုခေတ်မှာ အမှောင်အင်အားစုတွေက ဘာအားကိုးနဲ့ မောက်မာနေတာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခနဲ့လိုက်သည်။

ယခု သူတို့က ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်၍ ဘာမှ စိုးရိမ်စရာ မရှိတော့ပေ။

"ဟက်.. အင်မော်တယ်စံအိမ်ကို လျော့တွက်ထားပုံပဲ.. မင်းလိုလူမျိုး သုံးယောက်ကို လက်တစ်ချောင်းထဲနဲ့တင် သတ်ပစ်နိုင်တယ်ဆိုတာ နားလည်လား"

အမျိုးသမီးကြီးက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ဒေါသအိုးပေါက်ကွဲနေသည့် သူမက မြေပြင်ကို ခြေတစ်ချက်ဆောင့်လိုက်ရာ ယွင်ထိုက် ခန်းမဆောင်ကြီး တစ်ခုလုံး ငလျင်လှုပ်သွားသလိုမျိုး ချက်ချင်းပင် တုန်ခါသွားခဲ့သည်။

လျှပ်စီးကြောင်းကဲ့သို့ ပြင်းထန်သော စွမ်းအင်များက ဝမ်လင်း၏ အောက်ဘက်ကနေ ပေါက်ကွဲရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။

ယင်းက ဂျင်တစ်ထောင် အင်အားဖြင့် လုပ်ကြံခြင်း ဆိုလည်းမမှားပေ။

ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်ရှိသည့် ဤစွမ်းအင်သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့် ကျင့်ကြံသူ၏ အောက်တွင် ပေါက်ကွဲသွားခဲ့လျှင် ၎င်းတို့၏ အင်္ဂါများက ချက်ခြင်း ကွဲထွက်သွားပြီး မူလဝိညာဉ်များပါ ယိမ်းယိုင်သွားမည် ဖြစ်သည်။

ဝမ်လင်းက သူ့ခြေဖဝါးအောက်ကို ငုံ့ကြည့်လိုက်သည်။

ခဏအကြာတွင် သူ့ခြေထောက်ဖြင့် မြေပြင်ကို အသာအယာ ပွတ်တိုက်လိုက်သည်။

ရလဒ်အဖြစ် အမျိုးသမီး၏ စွမ်းအားက ချက်ချင်း ချေဖျက်ခံလိုက်ရ၏။

ဤစွမ်းအင်တိုက်ခိုက်မှုက နည်းနည်းလေးမှ အလုပ်မဖြစ်ခဲ့ချေ။

"ဘယ်လိုလုပ်လိုက်တာလဲ"

အမျိုးသမီးကြီးက တအံ့တဩ ဖြစ်နေသည်။

သူမ၏ တိုက်ခိုက်မှုအား မည်ကဲ့သို့ ချေဖျက်လိုက်သည်ကို သူမ လုံးဝ နားမလည်နိုင်ခဲ့ပေ။

ထိုအချိန်တွင် သူမ ဘေးနားရှိ ယာရွှယ်က ရုတ်တရက် ဝင်ပြောလိုက်သည်။

"ဆရာ.. မိန်းကလေးနဲ့ တူတဲ့ ချစ်ဖို့ကောင်းတဲ့ ဟိုကောင်လေးက မြေပြင်ကို ခြေနဲ့ပွတ်လိုက်တာ ကျမ တွေ့လိုက်တယ်"

ခရမ်းရောင်ဝတ် အမျိုးသမီးကြီးက အလွန်စိတ်ရှုပ်နေပြီဖြစ်သည်။

သူမ၏ မျက်နှာက အတော်လေး အကျည်းတန်သွားခဲ့၏။

အစောပိုင်းက သူမ၏ လှုပ်ရှားမှုက သာမန် တိုက်ခိုက်မှု မဟုတ်ဘဲ နောက်ကွယ်တွင် ခြေသလုံးအိမ်တိုင် အင်မော်တယ်စွမ်းအား ပါရှိနေသည်။

တစ်ဖက်သားက တန်ပြန်တိုက်စစ်ဖြင့် တုံ့ပြန်ခဲ့သည် ဆိုလျှင်ပင် သူမကို တိုက်ရိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်သင့်သည် မဟုတ်လော။

ယခုတော့ သူ့ခြေဖဝါးဖြင့် မြေပြင်ကို ပွတ်တိုက်ရုံနှင့် သူမ၏ စွမ်းအင်ကို ပျက်ပြယ်စေခဲ့သည်။

ခရမ်းရောင်ဝတ် အမျိုးသမီးကြီး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ထင်ဟပ်နေပြီး မျက်လုံးများ ပြူးကျယ်လာသည်။

ဤအချိန်တွင် သူမက ရင်ထဲ အသည်းထဲကနေ ကြောက်လန့်သော ခံစားချက်ကို ခံစားလိုက်ရသည်။

ရှင်းလင်းစွာဆိုရလျှင် သူမတို့ ကြား၌ ကွာဟချက် ကြီးမားနေသည်ကို သူမ မသိခဲ့ပေ။

တကယ့် ကျွမ်းကျင်သူဆိုသည်မှာ မဖြစ်စလောက် လှုပ်ရှားမှုနဲ့တင် တန်ပြန် တိုက်ခိုက်နိုင်သည် မဟုတ်ပါလား။

ဤအချက်တစ်ခုတည်းကပင် သူမ၏ ရှုံးနိမ့်မှုကို ဝန်ခံဖို့ လုံလောက်ပေသည်။

ဤအတွေးဖြင့် သူမ၏ နဖူးကနေ အေးစက်သောချွေးစေးများက လှိမ့်ဆင်းလာသည်။

"ဆရာ.. သူ့ကို မနိုင်ဘူး မဟုတ်လား"

မျက်စိစွေသော အမျိုးသမီး ယာရွှယ်က မေးလိုက်သည်။

ဤအချိန်တွင် သူမ၏ အားနည်းချက်ကို အလိုက်မသိဘဲ တစ်မေးထဲ မေးနေသော သူမ၏ ငတုံး တပည့်မကြောင့် သူမ အရှက်ရလာသည်။

[ငါဒီငတုံးမကို ဘာလို့တပည့်မွေးမိပါလိမ့်]

အမျိုးသမီးကြီး၏ နှုတ်ခမ်းများက တလှုပ်လှုပ် ဖြစ်နေသည်။

ဤအရာက အမှန်တရားမို့ ဝန်ခံရလျှင်ပင် သူမအတွက် ထိခိုက်မှု မရှိပေ။

ဤအချိန်တွင် သူမက ဝမ်လင်းကို အနည်းငယ် ကျေးဇူးတင်နေမိသည်။

သို့မဟုတ်လျှင် သူမက တပည့်များစွာ၏ ရှေ့မှောက်တွင် မျက်နှာပျက်ရပေလိမ့်မည်။

သူမက ကြီးကျယ်ခမ်းနားသော ခြေသလုံးအိမ်တိုင် အင်မော်တယ်တစ်ယောက် ဖြစ်သော်လည်း သူမ၏ စွမ်းအားကို လူငယ်လေး တစ်ဦးက အသာလေး ချေဖျက်ပြသွားခဲ့သည်။

ဤအမှန်တရားက ရက်စက်လွန်း၏။

ယခုတော့ သူမ လုံးလုံး နားလည်သွားပေပြီ။

[ဒီလူတွေက တမင်တကာ ဒီကိုလာမွှေတာပဲ]

လူငယ်လေး၏ မြေပြင်ကို ခြေထောက်ဖြင့် ပွတ်လိုက်ပုံကို စကားတစ်ခွန်းတည်းဖြင့် အနှစ်ချုပ်လိုက်လျှင်..

"ငါပွတ်လိုက်ရုံပဲ.. ငါတကယ် ထိခိုက်အောင် မလုပ်ချင်ဘူး.. ဒါကြောင့် မေးစရာတချို့ ရှိတယ်"

ထိုအချိန်တွင် အမျိုးသမီးကြီးက ကြောက်စရာကောင်းသော အတွေးတစ်ခု ဝင်လာသည်။

ထိုလူငယ်၏ ခြေထောက်ဖြင့်သာ အမှန်တကယ် နင်းမိခဲ့လျှင် သူမအနေဖြင့် အသက်ရှင်ရန် ဖြစ်နိုင်ပါမည်လော။

All Chapters