← Chapters

သီအိုရီအရ..

Vol. 20 Ch. 294

သီအိုရီအရ..

Vol. 20 Ch. 294

မူလစိတ်ဝိညာဥ် နယ်ပယ်က မည်မျှ အစွမ်းထက်သည်ကို စကားဖြင့်ပင် ဖော်ပြ၍မရပေ။

၎င်း၏စွမ်းအားက လူအားလုံးကို စိတ်မသက်မသာ ဖြစ်စေသော်လည်း ခြွင်းချက်အနေဖြင့် လူနှစ်ဦး ရှိခဲ့သည်။

၎င်းတို့မှာ ခရမ်းရောင်ဝတ် အမျိုးသမီးကြီးနှင့် မျက်စိစွေနေသော ယာရွှယ်တို့ ဖြစ်၏။

၎င်းတို့အား မူလဝိညာဉ်နယ်ပယ်၏ ဖိနှိပ်မှုမှ ကာကွယ်ရန်နှင့် ၎င်းတို့၏ ဝိညာဉ်စွမ်းအင် ဖြတ်တောက်ခံရခြင်းမှ ကာကွယ်ပေးရန်အတွက် လျှို့ဝှက် အကာအကွယ်တစ်ခု ကဲ့သို့ မှော်အလွှာတစ်ခုဖြင့် စစ်မြင်းက ဖုံးအုပ်ပေးထားသည်။

ဆိုရလျှင် ပြင်ပကမ္ဘာမှ ဝိညာဥ်စွမ်းအင် စီးဆင်းမှုများ သူမတို့ထံ မကျရောက်ရန် ထောက်ပံ့ ကာကွယ်ပေးထားခြင်းပင်။

"ဒါနဲ့ စီနီယာအင်မော်တယ်.. ဒီသူတော်စင်သားရဲက ဘာသားရဲအမျိုးအစားလဲ ဆိုတာ သိလား"

ဝမ်လင်းက ငွေရောင်မြင်းနှင့် ထိပ်တိုက် ရင်ဆိုင်နေချိန်တွင် ဖက်တီးလောနှင့် ဓမ္မရာဂျာတို့က ဗုံးပစ်စီနီယာ အင်မော်တယ်ထံ အလျင်အမြန် ချဥ်းကပ်လာသည်။

"အင်း... လောလောဆယ်တော့ မပြောနိုင်သေးဘူး"

ဗုံးပစ်စီနီယာအင်မော်တယ်က ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ခြားနေ၏။

အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ဤနှစ်ယောက်၏ မထော်မနန်း အသွင်အပြင်က အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းနေသည်။

"သူတော်စင်သားရဲတွေမှာ ကိုယ်ပိုင်အမည်တွေ ရှိကြတယ်.. သူ့နာမည်ကို ရှာဖွေနိုင်ရင် ကျမ်းစာတွေကနေ သူ့ရဲ့အားနည်းချက်ကို ရှာလို့ရနိုင်တယ်

'ဖက်တီလော'က မျက်မှောင်ကြုတ်၍ ငွေရောင်မြင်းကို စိုက်ကြည့်နေသည်။

တစ်ချိန်က သူလုယက်ခဲ့ဖူးသော သင်္ချိုင်းတွင်းရှိ ကိုယ်စားပြု ရုပ်တုတစ်ခုနှင့် တူသည်ဟု သူခံစားခဲ့ရ၏။

ထိုကိုယ်စားပြုရုပ်တုက ချပ်ဝတ်တန်ဆာ ဝတ်ထားသော ငွေရောင်စစ်မြင်းရုပ်တု ဖြစ်သည်။

၎င်း၏ ဦးခေါင်းပေါ်တွင် ချိုတစ်ခုရှိပြီး ကျယ်ပြန့်သော သံမဏိတောင်ပံနှစ်ခုလည်း ပါရှိသည်။

စစ်မြင်းကို အချိန်အတော်ကြာ ကြည့်ပြီးနောက် ဖက်တီးလောက ခေါင်းခါယမ်းလိုက်သည်။

"ဒီသူတော်စင်သားရဲက ယူနီကွန်းတစ်ကောင်ပဲ.. ဒါပေမဲ့ သူ့ရဲ့အမည်နာမ အတိအကျကို ရှာဖွေဖို့တော့ ငါ့မှာ နည်းလမ်းမရှိဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ် "ယာရွှယ်ဆိုတဲ့ ကလေးမက စီနီယာဦးလေး ဖေးဖေးလို့ ခေါ်တာ ငါကြားလိုက်တယ်"

"ဒါဆို သူ့နာမည်က မြင်းကလေးဖေးဖေးပေါ့"

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဖက်တီးလော "............."

........................

မူလစိတ်ဝိညာဥ် နယ်ပယ်အတွင်း၌ ဝမ်လင်းနှင့် ငွေရောင်စစ်မြင်းတို့က တစ်ဦးကို တစ်ဦး လေးနက်စွာ ကြည့်နေကြသည်။

စစ်မြင်းက အတော်လေး ထိတ်လန့်နေ၏။

သာမန်အခြေအနေအရ မူလစိတ်ဝိညာဥ်နယ်ပယ်၏ အကာအကွယ်ကို ရရှိသူမှလွဲ၍ ကျန်ရှိသည့် လူအားလုံးမှာ သူ၏ ကြီးမားသော ဖိအားအောက်တွင် ဦးညွှတ်ရမည်သာ။

ထိုလူများက ဝိညာဥ်စွမ်းအင်ကုန်ခန်းလျှင်ပင် ဤမူလစိတ်ဝိညာဥ်နယ်ပယ် အတွင်း၌ ပြန်လည်ဖြည့်တင်းရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် မူလစိတ်ဝိညာဉ်နယ်ပယ်တွင် ပိတ်မိသော ကျင့်ကြံသူ အများစုမှာ ခံစစ်ဗျူဟာတစ်ခုကို ကနဦး ချမှတ်ပြီး မူလစိတ်ဝိညာဥ်နယ်ပယ်ကို ဖျက်ဆီးရန်အတွက် ၎င်းတို့၏ ဝိညာဥ်စွမ်းအားကို ချွေတာရန် နံပါတ်တစ် ဦးစားပေး အဖြစ် ပြုလုပ်ကြလေ့ ရှိသည်။

သို့သော် ၎င်းရှေ့ရှိ ချာတိတ်လေး၏ ပြင်းထန်သော ခွန်အားကြောင့် ငွေရောင်စစ်မြင်းက အံ့အားသင့်နေသည်။

မူလစိတ်ဝိညာဥ်နယ်ပယ်က သူ့အပေါ် နည်းနည်းလေးမှ သက်ရောက်မှု ရှိခဲ့ပုံမရပေ။

ဝမ်လင်းက အမျိုးသမီးဝတ်စုံကနေ အနီရောင်နှင့် အနက်ရောင် အားကစား ဂျာကင်အင်္ကျီနှင့် ဘောင်းဘီတို တစ်ထည်ကို ပြောင်းလဲ ဝတ်ဆင်ထားခဲ့သည်။

ယင်းကပင် ငွေရောင်စစ်မြင်းကို အံ့အားသင့်စေ၏။

ချာတိတ်လေးက မှော်အ၀တ်အစားများ သို့မဟုတ် သူ့ကိုယ်သူ ကာကွယ်ရန် မှော်ရတနာများပင် မရှိဘဲ မူလစိတ်ဝိညာဉ်နယ်ပယ်ကို တွန်းလှန်ရန်အတွက် သူ၏ ခန္ဓာကိုယ် သက်သက်ကိုသာ အားကိုးနေသည် မဟုတ်လော။

သို့ဆိုလျှင် ဤချာတိတ်၏ ဝိညာဉ်စွမ်းအင် အရင်းအမြစ်က မည်မျှပင် ကြီးမားနေပါသနည်း။

ထို့အပြင် သူတော်စင်ခန္ဓာကိုယ်၏ အကာအကွယ် ရွှေရောင်အလင်းတန်းကို အဆက်မပြတ် အသုံးပြုခြင်းသည် ဝိညာဉ်စွမ်းအင်သုံးစွဲမှုကို ပိုမို အကုန်မြန်စေသည်။

သို့သော် ဤလူငယ်လေးကမူ ထိခိုက်မှု အနည်းဆုံး ဖြစ်ခဲ့ရုံသာမက အခြားလူ သုံးယောက်ကို ကာကွယ်ရန်အတွက်ပါ ရွှေရောင်အလင်းတန်းကို လွှမ်းခြုံပေးခဲ့သေးသည်။

[ဤချာတိတ်က လူသားအစစ်ရော ဟုတ်ရဲ့လား]

ငွေရောင်စစ်မြင်းက ဝမ်လင်းထံတွင် ကြောက်စရာကောင်းလောက်အောင် အကန့်အသတ် မရှိသော ဝိညာဉ်စွမ်းအားများ မည်ကဲ့သို့ ရှိနေသည်ကို နားမလည်နိုင်ပေ။

"ငါ့ရဲ့ စိတ်ဝိညာဉ်နယ်ပယ်မှာ ငါ့ကို ဘယ်သူကမှ ကလန်ကဆန် လုပ်ခွင့်မရှိဘူး"

ငွေရောင်စစ်မြင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

သူက သံမဏိအတောင်ပံများကို ဆတ်ခနဲ ဖြန့်လိုက်သည်။

တောင်ပံက အလျားနှစ်ဆယ်အပြည့် ရှိပြီး ကောင်းကင်သို့ ညွှန်နေသော သံမဏိဓားနှစ်ချောင်းနှင့် တူနေ၏။

ခြေထောက်လေးချောင်းဖြင့် မြေကြီးကို နင်းမိသည်နှင့် သံမဏိခွာသံများက မြည်လာပြီး မြေကြီးကို တုန်ခါသွားစေသည်။

စစ်မြင်းက မီတာဒါဇင်ပေါင်း များစွာ အရှေ့သို့ ပြေးလွှားရင်း ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး နောက်ကျောမှ သံမဏိအတောင်ပံများကို လေထဲတွင် တဖျပ်ဖျပ်ခတ်ကာ ဝမ်လင်းဆီသို့ ဦးတည်လိုက်သည်။

အတောင်ပံ၏ ပြင်းထန်သော ခတ်အားကြောင့် အားကောင်းသော လေဝဲက ဝမ်လင်းဆီ ရောက်လာ၏။

ဝမ်လင်းက သူ၏ ညာဖက်လက်ကို ဆန့်ထုတ်လိုက်ရာ ဝိညာဉ်စွမ်းအင်က သူ့လက်ဖဝါးထဲတွင် ချက်ချင်း ဝေ့ဝဲသွားခဲ့သည်။

ထို့နောက်တွင် သူက ပေါ့ပါးသော တွန်းအားဖြင့် ရှေ့သို့ ရိုက်ထုတ်လိုက်သည်။

ဤတန်ပြန်တိုက်ခိုက်မှုက စစ်မြင်း၏ အတောင်ပံခတ်အားကြောင့် ဖြစ်လာသည့်လေဝဲကို ချေဖျက်ရုံသာဖြစ်၏။

သူ၏ သိပ်သည်းသော ဝိညာဉ်စွမ်းအင်က ငွေရောင်စစ်မြင်းတစ်ကောင်၏ စွမ်းအားကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်ဆိုလည်းမမှားပေ။

ဝမ်လင်းက ဤမြင်ကွင်းကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

ဤရလဒ်က သူ့အတွက် အံ့သြစရာမဟုတ်ပေ။

ပုံမှန်အားဖြင့် စစ်မြင်း၏ အတောင်ပံ တိုက်ခိုက်မှုက ရွှေရောင်အလင်း၏ ခုခံမှုကို အတိုင်းအတာတစ်ခု အထိ လျစ်လျူရှုနိုင်ပြီး ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။

မြင်ကွင်းကိုကြည့်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် အခြားသူများက နှုတ်ခမ်းများ တဆတ်ဆတ် လှုပ်ယမ်းသွားကြသည်။

ထိုသို့ တင်းမာသော ထိပ်တိုက်ရင်ဆိုင်မှုများ အတွင်း လင်းကျန်းရန်က တစ်ဖက်လူ၏ စွမ်းအားကို ကောင်းစွာရင်ဆိုင်နိုင်ခဲ့၏။

"ဒါ.. ဖြစ်နိုင်လို့လား.."

ဖက်တီးလော၏ နှလုံးသားထဲကနေ အံ့အားသင့်သော စကားလုံးများ ထွက်ကျလာသည်။

"အခြားရှုထောင့်ကနေကြည့်ရင် ညီနောင်လင်းက မှော်စွမ်းအားကို ချက်ချင်းထုတ်သုံးပစ်နိုင်တဲ့ စွမ်းရည်ရှိနေတာကို တွေ့ရတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။

ကျင့်ကြံသူတစ်ဦးအတွက် ဤကဲ့သို့ ကြီးကျယ်သော မှော်စွမ်းအားကို ချက်ချင်းထုတ်သုံးရန်မှာ မလွယ်ကူပေ။

မှော်စွမ်းအားများကို စုစည်းရန် အချိန်အနည်းငယ်မျှ ပေးရသေးသည် မဟုတ်လော။

"ညီနောင်လင်းက တိုက်ခိုက်မှုရော ခုခံမှုရောကို တစ်ပြိုင်နက်ထဲ လုပ်နိုင်စွမ်းရှိတယ်"

လေထဲမှ ငွေရောင်စစ်မြင်း၏ အကြည့်များက ရှုပ်ထွေးနေသည်။

ဤမြင်ကွင်းက သူ့ကို အံ့သြသွားစေ၏။

ထိုသို့ အံ့အားသင့်၍ မပြီးခင်မှာပင် ပို၍ ရင်သပ်ရှုမောစရာ တစ်ခုဖြစ်လာသည်။

ဝမ်လင်း၏ လက်ဝါးကို များပြားလှသော ဝိညာဉ်စွမ်းအင် ပမာဏက ဝန်းရံထားသောကြောင့် လက်ဝါးက မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားသော ဝိညာဥ်ဓါးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဝိညာဥ်ဓားက တောင်ပံများကို တိုက်ခိုက်ရန် လေထုကို ဖြတ်သန်းလာသည်။

ယင်းက စစ်မြင်း၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်လိုက်မှန်း ထင်ရှား၏။

တိုက်ခိုက်မှုက မနီးစပ်သရွေ့ စစ်မြင်းအတွက် အဆင်ပြေနေသေးသည်။

ထိုအချိန် စက္ကန့်ပိုင်းအတွင်း စစ်မြင်း၏ နဖူးတွင် ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။

ဤအကွာအဝေးတွင်ပင် သူက လေထုဖိအားကြောင့် စူးရှရှ နာကျင်မှုကို ခံစားနေရ၏။

ချာတိတ်၏ အကြွင်းမဲ့ ခွန်အားနှင့် ထိပ်တိုက် ရင်ဆိုင်ရသောအခါတွင် အရာအားလုံးက မလိုအပ်ဘဲ အပိုလုပ်မိခဲ့ကြောင်း သူသဘောပေါက်သွားခဲ့သည်။

သူ့ ခြေထောက်နှစ်ချောင်းက လေထုအလယ်တွင် အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရပြီး တစ်ချိန်တည်းတွင် တိုက်ရိုက် ပျက်စီးသွားခဲ့သည်။

ငွေရောင်စစ်မြင်းက အခြေအနေ မည်မျှ ဆိုးရွားသည်ကို ကြိုတင် သိရှိနေသည်မှာ ယခုမှ မဟုတ်ပေ။

သူတော်စင်သားရဲ အနေဖြင့် ၎င်း၏ အန္တရာယ်ကို အနံ့ခံနိုင်စွမ်းမှာ သာမန်ကျင့်ကြံသူထက် များစွာသာလွန်သည်။

သူ့ရှေ့မှ ချာတိတ်လေး၏ ခွန်အားကို တိကျစွာ ခန့်မှန်း၍ မရသဖြင့် ဆုံးဖြတ်ချက်တစ်ခု ချက်ချင်း ချလိုက်၏။

သူက သူသေကိုယ်သေ တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ဥက္ကာပျံကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် ဝမ်လင်းဆီသို့ တိုးဝင်သွားခဲ့သည်။

ငွေရောင် စစ်မြင်းက ဤတစ်ကြိမ်တွင် အသက်ကိုစွန့်၍ ပစ်မှတ်ကို ထိခိုက်အောင်လုပ်ရန် ကြံစည်ခဲ့ခြင်းပင်။

ယင်းမှာ လူတစ်ထောင်ကို သတ်ရန် လူရှစ်ရာကို ယဇ်ပူဇော်သကဲ့သို့ပင်။

သို့သော် စစ်မြင်းက ဂရုမစိုက်အားတော့ဘဲ လေထဲမှ ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။

အချိန်ကိုက် လှုပ်ရှားမှု နှင့် နေရာယူမှန်ကန်ခြင်း အချက် နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားလျှင် လက်ရှိ အခြေအနေသည် ၎င်း၏ ထိန်းချုပ်မှု အတွင်းသာ ရှိနေသေး၏။

တကယ်တမ်းတွင် ၎င်းထံ၌ မူလစိတ်ဝိညာဉ်နယ်ပယ် အပြင် ခွန်အားကို မြှင့်တင်နိုင်သော အူတိုင် အစီအရင်တစ်ခုလည်း ရှိသည်။

သူက မည်သို့မျှ မသေနိုင်ပေ။

သူတော်စင် သားရဲဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ ၎င်းတို့၏ ထူးခြားသည့် အသက်စွမ်းအားကြောင့်သာ မဟုတ်ဘဲ ၎င်းတို့၏ နှလုံးသားများကြောင့် ဖြစ်သည်။

နှလုံးသားကို ထိန်းသိမ်းထားနိုင်သရွေ့ သူတော်စင် သားရဲက သူ့ကိုယ်သူ ပြန်လည်ရှင်သန်နိုင်စွမ်း မြင့်မားသည်။

သီအိုရီအရဆိုလျှင် ဝမ်လင်းက အဆုံးသတ်တွင် ဒဏ်ရာရသွားမည့်သူ ဖြစ်ပြီး သေချာပေါက် ဆုံးပါးသွားရပေလိမ့်မည်။

စစ်မြင်းက ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့သော်ငြားလည်း ၎င်းကို ကာကွယ်ရန် အူတိုင်အစီအရင် နှင့် သားရဲနှလုံးသား ရှိသေး၏။

အနည်းဆုံးတော့ သူက သေဆုံးလိမ့်မည် မဟုတ်ပေ။

{အင်း.. သီအိုရီအရ..}

All Chapters