← Chapters

မင်းက ငါ့ရဲ့..

Vol. 20 Ch. 296

မင်းက ငါ့ရဲ့..

Vol. 20 Ch. 296

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ငွေရောင်စစ်မြင်းက ကျောင်းသား ID ကတ်ကို ကွက်ခနဲ စိုက်ကြည့်လိုက်ပြီး လုံးဝနားမလည်နိုင် ဖြစ်နေသည်။

ID ကတ်ကနေ အချက်နှစ်ချက်ကို အတည်ပြုနိုင်၏။

ပထမအချက်မှာ အဖုံးကို သားရေဖြင့် ပြုလုပ်ထားပြီး ဒုတိယအချက်မှာ ၎င်း၏ရှေ့မှ ဤလူသား ကျင့်ကြံသူမှာ အထက်တန်း ကျောင်းသား စစ်စစ် ဖြစ်သည်။

မှော်စွမ်းအင်များ ပါဝင်သော IDကတ်ပေါ်တွင် သတ္တုတံဆိပ်တစ်ခု ပါရှိနေသောကြောင့် စစ်မြင်းက အတည်ပြုနိုင်ခဲ့ခြင်းပင်။

အထက်တန်းကျောင်းသားလေး...

ငွေရောင်စစ်မြင်း၏ အမွေးများက အဆုံးထိ ထောင်ထသွားသည်။

[အခုခေတ် အထက်တန်း ကျောင်းသားတွေက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေပြီလား.. သူတို့တွေ ဘာတွေများ စားနေပါလိမ့်]

ဝမ်လင်းက ငွေရောင်စစ်မြင်းကို စိုက်ကြည့်ရင်း လက်တစ်ဖက်ကို ဆန့်ထုတ်၍ ထိကိုင်လိုက်ရာ မြင်းက ဆတ်ခနဲ တုန်လှုပ်သွားခဲ့သည်။

စစ်မြင်းက ထရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ လက်ရှိအခြေအနေအရ ခက်ခဲနေသည်။

"မင်း... ဘာလုပ်မလို့လဲ"

ငွေရောင်စစ်မြင်း၏ အမူအရာတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပြည့်နှက်နေသည်။

သို့သော် ဝမ်လင်းက ယခုထက်ပိုပြီး ထိခိုက်အောင် မလုပ်ခဲ့ပေ။

သူက စစ်မြင်း၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အူတိုင်အစီအရင်ကို ဆွဲထုတ်လိုက်ခြင်း ဖြစ်၏။

ငွေရောင်စစ်မြင်းက တဖန် အံ့သြသွားပြန်သည်။

ဤသို့သောလုပ်ရပ်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

[ချီးပဲ.. ဒါက အူတိုင်အစီအရင်လေကွာ]

အူတိုင်အစီအရင်က မှော်ဆန်သည့်အရာဟု ယူဆနိုင်ပြီး အလွန်သိပ်သည်းသော စွမ်းအင်များ ပါရှိသည်။

ဤကဲ့သို့ လက်ဗလာဖြင့် ဆွဲထုတ်လိုက်သော လုပ်ရပ်က စိုစွတ်နေသည့် လက်ချောင်းတစ်ချောင်းကို လျှပ်စစ်ပလပ်ပေါက်ထဲ ထည့်လိုက်သလိုပင်။

ဤလူသားက ကြောက်စရာ ကောင်းရုံသက်သက် မဟုတ်ပေ။

လုပ်ပုံကိုင်ပုံကပင် သော-က်ရမ်း ကြမ်းလွန်းနေသည်။

ဤသည်မှာ ငွေရောင်စစ်မြင်း၏ ဝမ်လင်းအပေါ် ဒုတိယထင်မြင်ချက်ဖြစ်သည်။

"ငါတို့တွေ သူတို့ကို ဘာဆက်လုပ်ကြမလဲ"

ဓမ္မရာဂျာက ရှင်းလင်းရန် လိုအပ်သော အရာများစွာ ရှိနေသေးကြောင်း သဘောပေါက်လိုက်သဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

အစောပိုင်းက ဝိညာဥ်ရေးဖိအားကြောင့် သတိလစ်နေသောအတွင်းစည်း တပည့်များ အပြင် ခရမ်းရောင်ဝတ် အမျိုးသမီးကိုလည်း ဖြေရှင်းရဦးမည်။

သူမက ချစ်လှစွာသော ငတုံး တပည့်မကို ကာကွယ်ခဲ့သေးသည့်အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ယခုအခါတွင် သူမ၏ ပါးစပ်နှင့် နှာခေါင်းကနေ သွေးများစီးကျနေ၏။

သူမ၏ ကမ္ဘာဦးဝိညာဥ်က နာကျင်မှု အချို့ကို ထိန်းထားပေးနိုင်ဖွယ် ရှိသည်။

ဓမ္မရာဂျာနှင့် ဖက်တီးလောတို့က မူလစိတ်ဝိညာဥ် နယ်ပယ် ပေါက်ကွဲရုံမျှဖြင့် အလွန်ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသော ဤခြေသလုံးအိမ်တိုင် အင်မော်တယ် အတွက် အလွန်တရာ ရှက်ရွံ့နေခဲ့သည်။

သို့သော် သူတို့၏ ပတ်ဝန်းကျင်၌ လင်းကျန်းရန်၏ အကာအကွယ် ရွှေရောင်အလင်းတန်းများ မရှိခဲ့လျှင် သူတို့သည်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားဖွယ် ရှိသည်။

"သူတို့ကို အရင်ကြိုးချည်ရမယ်"

'ဖက်တီးလော'က ပြောလိုက်သည်။

"ကြိုးတွေများလေ ကောင်းလေပဲ"

"မဟုတ်ဘူး.. မင်းပထမဆုံး လုပ်သင့်တာက မင်းဝတ်ထားတဲ့ အမျိုးသမီး အဝတ်အစားတွေကို အရင်ချွတ်ပစ်လိုက်ဖို့ပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဖက်တီးလောနှင့် ဓမ္မရာဂျာကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ဝမ်လင်းက သူတို့နှစ်ဦးကို မှတ်ချက်ပေးရန် တရွရွ ဖြစ်နေ၏။

ထိုနှစ်ယောက်ကို အမျိုးသမီးဝတ်နှင့် ကြည့်ရသည်မှာ အတော် အော်ဂလီဆန်စရာ ကောင်းလှသည်။

"အင်း.. ဒါက ထူးခြားတဲ့ အခွင့်အရေးပဲ..."

ဓမ္မရာဂျာက အမျိုးသမီး အဝတ်အစားများကို ချွတ်ရန်အနည်းငယ် တုံ့ဆိုင်းနေဟန် ရှိသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်".........."

.......................

ယွင်ထိုက်ခန်းမထဲရှိ အခြေအနေက အတော်လေး ပြေလည်သွားသော်လည်း အရာအားလုံး မပြီးဆုံးသေးပေ။

ငွေရောင် စစ်မြင်း၏ ခန္ဓာကိုယ်မှ အူတိုင် အစီအရင်သည် ရေခဲခရစ္စတယ် အစီအရင်၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။

၎င်းက အစီအရင်ကို လုံးဝရပ်တန့်ရန် မလုံလောက်သော်လည်း အဆက်မပြတ် တိုက်ခိုက်မှုများ လုပ်နိုင်သည့် အစီအရင်၏ အုပ်ထိန်းသူ ဝိညာဉ်များကို တားဆီးနိုင်ခဲ့သည်။

"မင်းအနိုင်ရသွားပြီ.. ဒီလိုစွမ်းအားမျိုးနဲ့ ဆိုရင် မင်းအနေနဲ့အင်မော်တယ် စံအိမ်သခင်ကို လုံးဝ စိုးရိမ်စရာ မလိုတော့ဘူး"

ငွေရောင်စစ်မြင်းက မြေပြင်ပေါ်တွင် ပျော့ခွေကျနေသည်။

သူက အသက်ကို မနည်း ရှုရှိုက်ရင်း ပြောလိုက်သည်။

ဝမ်လင်းက အနားကို ချဥ်းကပ်လာပြီး ကြည့်လိုက်ရာ ငွေရောင်စစ်မြင်း၌ မျက်တောင်များ ရှိနေသည်ကို တွေ့လိုက်၏။

ယခင်က မျက်စိစွေနေသည့် အမျိုးသမီးယာရွှယ်က စီနီယာဦးလေးဖေးဖေးဟု ခေါ်သည်ကို သူကြားခဲ့ရသည်။

[ဒါက မြင်းမ တစ်ကောင် မဟုတ်ဘူးလား]

"အင်မော်တယ်စံအိမ်ရဲ့ အစီအရင်မှာ ကျွမ်းကျင်သူတွေရဲ့ခြေရာလက်ရာတွေကို တွေ့နေရတယ်.. ဒီလို နောက်ကွယ်ကနေပံ့ပိုးမဲ့သူ ရှိမှတော့ သူဘယ်လိုလုပ် လွယ်လွယ်နဲ့ ရှုံးနိမ့်နိုင်မှာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က သုံးသပ်လိုက်သည်။

"ဒီလူက အတော်လေး ရက်စက်ကြမ်းကြုတ်တယ်.. ဒီအင်မော်တယ်စံအိမ် အဆောက်အအုံကြီးကို တည်ဆောက်ဖို့ကျွမ်းကျင်သူတစ်ဦး ဖန်တီးထားတဲ့ မှော်အစီအရင်ကို အသုံးပြုခဲ့တယ်.. အဲဒီနောက်မှတော့ မှော်ဂါထာနဲ့ အဲဒီလူကို ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကို သတ်သေစေခဲ့တယ်.. ငါ့မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတဲ့အတွက် ဒီဖြစ်ရပ်က သေချာပါတယ်"

ငွေရောင်စစ်မြင်းက မဆိုင်းမတွပင် ရှင်းပြလိုက်သည်။

"ဒါက ဘယ်လိုတောင်ရက်စက်တဲ့ လုပ်ဆောင်မျိုးလဲဟ..."

ဗုံးပစ်စီနီယာအင်မော်တယ်က ထိုစကားကို ကြားသောအခါ လန့်ဖျပ်သွားသည်။

သူက တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်ကာ မေးခွန်းထုတ်လိုက်သည်။

"မင်းက အင်မော်တယ်စံအိမ်က သူတော်စင် သားရဲတစ်ကောင် မဟုတ်လား... ဘာကြောင့် ဒီအချက်အလက်တွေကို ငါတို့ဆီပြောပြရတာလဲ"

ငွေရောင်စစ်မြင်းက ဘာမှပြန်မပြောဘဲ ဝမ်လင်းကို အားပျော့စွာ ကြည့်နေခဲ့သည်။

"ငါမပြောရင်တောင် ဘာလို့လည်းဆိုတာ မင်းခန့်မှန်းလို့ရနေပါပြီ.. ဟုတ်တယ်မလား"

"အင်း ဟုတ်ပါတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။

ငွေရောင်စစ်မြင်းက သက်ပြင်းချလိုက်သည်။

"အခုအချိန်မှာ ငါအရမ်းအားနည်းနေလို့ မတ်တပ်တောင် မထနိုင်တော့ဘူး.. အခုငါအသုံးပြုထားတဲ့ မှတ်ဉာဏ်ပြန်ခေါ်ခြင်း စွမ်းရည်က ခေတ်မီ X-ray နည်းပညာကို အသုံးပြုထားသလိုမျိုးပဲ..အဲဒါက ဦးနှောက်ကို တော်တော်လေး အန္တရာယ်ဖြစ်စေတယ်.. ဆက်အသုံးပြုနေရင် စက်ဘီးဘယ်လို စီးရမှန်းတောင် ငါသိတော့မှာ မဟုတ်ဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ် "............"

ထိုစကားကိုပြောပြီးနောက် ငွေရောင် စစ်မြင်းက အနည်းငယ် ချီတုံချတုံ အမူအရာဖြင့် ပြောလိုက်သည်။

"ဒါ့အပြင် ငါက အင်မော်တယ်စံအိမ်က မဟုတ်ဘူး"

"ဒီစကားက ဘာကိုဆိုလိုတာလဲ"

"အရင်ကဆိုရင် ငါတို့ ငွေရောင် ယူနီကွန်းမျိုးနွယ်က သူတော်စင် သားရဲများကြားတွင် ဘုန်းတန်ခိုးကြီးတဲ့ မျိုးနွယ်တစ်ခု ဖြစ်ခဲ့ဖူးတယ်.. ဒါပေမဲ့ ဒီနှစ်တစ်လျောက်လုံးမှာ ငါတို့ရဲ့ သားရဲနှလုံးသားကို လူသားတွေက လိုက်လံရှာဖွေကြတဲ့အတွက် ငါတို့ မျိုးနွယ်စုတွေ အများအပြား သေဆုံးခဲ့ရတယ်.. အဲဒီနောက်မှာ ငါက လူသားတွေကို ကလဲ့စားချေဖို့ အင်မော်တယ်စံအိမ်နဲ့ ပူးပေါင်းခဲ့တယ်.. ဒီလိုလုပ်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ကလဲ့စားချေဖို့အတွက်ပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အနည်းငယ် ပိုနားလည်လာသည်။

ယင်းက ရိုးရှင်းပြတ်သားသော အကြောင်းပြချက်ဟု ယူဆနိုင်ပေသည်။

ငွေရောင်စစ်မြင်းက အင်မော်တယ်စံအိမ်နှင့် အတူတကွ လုပ်ဆောင်နေပုံ ရသော်လည်း လူ့အဖွဲ့အစည်းကို လက်စားချေရန်အတွက် အင်မော်တယ်စံအိမ်၏ ခွန်အားကို အမှန်တကယ် ဌားယူသုံးစွဲနေပုံ ရသည်။

ဤငွေရောင်စစ်မြင်းက လူသားများကို လုံးလုံးလျားလျား မထီမဲ့မြင် ပြုသော်လည်း ခြွင်းချက်အနေဖြင့် လူတစ်ဦးတော့ ရှိသည်။

၎င်းမှာ ခရမ်းရောင်ဝတ် အမျိုးသမီးကြီး၏ ဘေးတွင် သတိလစ် မေ့မြောနေသော ယာရွှယ်ပင် ဖြစ်သည်။

သူက ယာရွှယ်ကိုစိုက်ကြည့်နေရာမှ ဝမ်လင်းကို ရုတ်တရက်ကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး သူမကို မနာကျင်စေပါနဲ့.. ဒီကောင်မလေးကို အင်မော်တယ်စံအိမ်ဆီ ခေါ်လာခဲ့တဲ့သူက ငါပါ.. ဒါကလည်း စံအိမ်သခင်နဲ့ ငါ့ရဲ့ကြားက အပေးအယူ တစ်စိတ်တစ်ပိုင်းပါပဲ"

"အပေးအယူလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးစေ့ကို ပွတ်သပ်လိုက်သည်။

ငွေရောင်စစ်မြင်း "ဒီကောင်မလေးက ငါ့ကို အများကြီး အကူအညီပေးခဲ့တယ်.. သူမက ငတုံးမ တစ်ယောက် မဟုတ်ပါဘူး.. ကံဆိုးစွာနဲ့ အဆိပ်က သူမရဲ့ဦးနှောက်ကို ထိခိုက်သွားစေတယ်လေ.. အင်မော်တယ်စံအိမ်သခင် ဆီမှာ သူမကိုယ်ထဲက အဆိပ်ကို ထိန်းချုပ်နိုင်တဲ့ ဆေးဖက်ဝင်အရာ တစ်ခု ရှိနေတယ်"

"သူမ မိထားတဲ့အဆိပ်က ဘယ်လိုအဆိပ်မျိုးလဲ"

"ဒီအဆိပ်က နည်းနည်းတော့ ရှုပ်ထွေးတယ်.. အဲဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ အချိန်အတော်ယူရမယ်.. ငါ့သားရဲသွေးကို ကနဦး အသုံးပြုပြီး အဆိပ်ရဲ့ အာနိသင်ကို ထိန်းသိမ်းထားရတယ်.. သုံးရက်တစ်ကြိမ် အပူပိုင်း နေကြာ အမြစ်ကို ကျွေးရတယ်"

ထိုစကားကို ပြောပြီးနောက် စစ်မြင်းက ချောင်းဆိုးလိုက်ပြီး သွေးများကို အန်ထုတ်လိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က သွေးစွန်းနေသော မြေပြင်ကို နှမျောတသ ကြည့်လိုက်သည်။

မြေပြင်ပေါ်တွင် အန်ချလိုက်သည့် သွေးများမှာ သူတော်စင်သားရဲ၏သွေး ဖြစ်၍ ရွှေထက်ပင် တန်ဖိုးရှိသည် မဟုတ်ပါလား။

ထို့အပြင် ငွေရောင်ယူနီကွန်းက အပူပိုင်းနေကြာ အမြစ်အကြောင်း ပြောသည်ကို ကြားရသောအခါ သူအံ့အားသင့်သွားသည်။

၎င်းက မျိုးသုဉ်းလုနီးနီး ဖြစ်နေပြီဖြစ်သော ရှားပါးဆေးဖက်ဝင်ပစ္စည်း ဖြစ်သည် မဟုတ်လော။

"ညီနောင်လင်း.. သူ့ကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားဖို့ နည်းလမ်းရှိလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခဏလောက် တွေးပြီးနောက် ဝမ်လင်းဆီ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"မင်း ဒီအဆိပ်ကို ကုသနိုင်မလား"

မြေပြင်ပေါ်မှ ငွေရောင်ယူနီကွန်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ရှိနေသည်။

ထို့နောက်တွင် ဝမ်လင်းက ကောင်မလေး ဆီသို့ လျှောက်သွားခဲ့သည်။

သူ့ညာလက်တွင် အဖြူရောင် အလင်းတန်းတစ်ခု တောက်ပလာသည်ကို အားလုံးက မြင်လိုက်ရသည်။

ဝမ်လင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ယာရွှယ်၏ ခေါင်းပေါ် တင်လိုက်သည်။

သူက မဟာ သန့်စင်ရေး တာအိုကို အသက်သွင်းလိုက်သည်နှင့် သူမ၏ နားထဲကနေ အနက်ရောင် မီးခိုးငွေ့များ ထွက်လာ၏။

အရာအားလုံးက တစ်မိနစ်ပင် မကြာလိုက်ပေ။

ငွေရောင်စစ်မြင်း၏ နှုတ်ခမ်းများက တုန်ယင်သွားသည်။

"ဒါ.. ပြီးသွားပြီလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ပြီးသွားပြီ"

ငွေရောင်စစ်မြင်းက ဝမ်လင်းကို ရိုသေစွာ စိုက်ကြည့်လိုက်သည်။

သူက အားနည်းနေသေးသော်လည်း ဝမ်လင်း၏ စွမ်းရည်ကို အလွန်သဘောကျကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"သခင်.. မင်းက ငါ့ဆရာပဲ"

ဝမ်လင်း ".........."

All Chapters