ဒီယင်ကောင်တွေ ငါအနားက မောင်းထုတ်လိုက်စမ်း
Vol. 40 Ch. 597
ထိုအနုပညာရှင်များသည် စိတ်ကြည်လင်နေပုံရပြီး ပရိသတ်များအား ပြုံးပျော်ရွှင်သော မျက်နှာများနှင့် နှုတ်ဆက်နေကြသည်။
ယနေ့သည် ထူးခြားသော နေ့တစ်နေ့ဖြစ်ပြီး Gala နွေဦးပွဲတော်သို့ သူတို့ ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ထိုသို့သော အခြေအနေမျိုးနှင့် ကြုံရသည့် မည်သူမဆို စိတ်ပျော်ရွှင်နေမည် ဖြစ်သည်။ သူတို့ထဲမှ အချို့ဆိုလျင် ပို၍ စိတ်ကြည်နေပုံရပြီး သတင်းထောက်များအား စိတ်လိုလက်ရ အင်တာဗျူးခွင့်ပေးပြီး ပရိသတ်များနှင့် အပြန်အလှန် စကားပြောနေကြသည်။
အနုပညာရှင်များ တစ်ယောက်ပြီး တစ်ယောက်သည် ပရိသတ်များ အော်ဟစ်ပေးနေသံများ၌ ပြင်ဆင်ထားသော ကားများပေါ်သို့ တက်သွားကြပြီး သူတို့၏ မြင်ကွင်းအောက်မှ ထွက်ခွာသွားကြသည်။
တစ်ခဏကြာသော် လူသွားလမ်းက ကျဲပါးသွားသည်။ ရဲ့လင်းချန် ဆက်လျှောက်တော့မည့်အချိန်မှာပင် ရုတ်တရက် ပရိသတ်များက အင်တိုက်အားတိုက် အော်ဟစ်လာပြန်သည်။
နားကွဲမတတ် စူးရှသော အော်သံတစ်သံက လေထုထဲသို့ ပျံ့လွင့်လာသည်။
“ဝါး”
“အား….”
“မြတ်စွာဘုရား”
အော်သံများသည် အလွန် ကျယ်လောင်လှပြီး မိန်းကလေးတစ်ယောက်၏ အသံပင်။ ယင်းအသံက နားပင် ကွဲလောက်သည်။
အနုပညာရှင်များနှင့် ရိုက်ကူးရေး ဝန်ထမ်းများ နောက်သို့ လှည့်မကြည့်ဘဲ မနေနိုင် ဖြစ်သွားကြသည်။
ဆူညံမှုကြောင့် ရဲ့လင်းချန် ထိတ်လန့်သွားသဖြင့် မျက်မှောင်ကြုတ်မိနေသည်။
ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်ရလေမလားဟု တွေးပြီး သူ နောက်လှည့်လိုက်သည်။
သို့သော် တစ်ခဏအတွင်းမှာပင် သူ၏ မျက်မှောင်က ပိုကြုတ်လာပြီး မျက်နှာတွင် ဒေါသရိပ် ပေါ်လာ၏။
ယင်းမှာ ကိုရီးယားနိုင်ငံမှ ကင်ဟျွန်းမင်ပင်။
*အဲ့လောက် လိုအပ်လို့လား*
*ဒီဆူညံမှုတွေအားလုံးက နိုင်ငံခြားသား တစ်ယောက်အတွက်လား*
ရဲ့လင်းချန်သည် ထိုပရိသတ်များ၏ စိတ်ကို နားမလည်နိုင်တော့ချေ။
ကင်ဟျွန်းမင်သည် ရောက်လာစဉ်ကအတိုင်း မောက်မာဆဲပင်။ သူ၏ အကြည့်က အေးစက်ကာ အထင်အမြင် သေးနေပြီး ခေါင်းကိုမော်၍ စင်္ကြံလမ်းအတိုင်း မာန်တက်စွာ လျှောက်လာနေသည်။ သူ့ဘေး၌ သက်တော်စောင့် ခြောက်ယောက် ရှိသည်။ နှစ်ယောက်က အရှေ့မှနေ၍ လမ်းကို ရှင်းပေးပြီး နှစ်ယောက်က သူ့ဘေးမှ လျှောက်ကာ ကျန်နှစ်ယောက်က အနောက်မှ လိုက်လာ၏။ သူတို့အားလုံးက နေကာမျက်မှန်များ တပ်ထားပြီး ခပ်မိုက်မိုက်ပုံစံ ဖမ်းထားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့က ပရိသတ်များအား မကြည်မလင်နှင့် ကြည့်နေသည်။
*မြတ်စွာဘုရား၊ သူတို့က တကယ်ကို ဟန်ထုတ်နိုင်တာပဲ*
သူတို့ကို ကြည့်နေစဉ်မှာပင် ရဲ့လင်းချန် ဒေါသထွက်လာရသည်။
*ငါတို့နိုင်ငံပိုင်နက်ထဲမှ ကိုရီးယားနိုင်ငံက လူက ဘယ်လိုတောင် မောက်မာရဲတာလဲ၊ ငါတို့နိုင်ငံက မင်းကို ထမင်း ကျွေးနေတာ၊ ပြီးတော့ မင်းကြောင့်သာ မဟုတ်ရင် ငါ့မိသားစု ပြန်ဆုံပွဲမှာ ပျော်ပျော်နေရလောက်ပြီ*
*သောက်ကျိုးနည်း၊ ခုနက ကြွက်တစ်ကောင်ကြောင့် လိပ်ပြာလွင့်မတတ် ကြောက်နေတာကို မေ့သွားပြီလား၊ အခု မင်းက ထပ်ပြီးတော့ မာန်တက်နေတယ်ပေါ့လေ*
ဟျွန်းမင်သည် စွမ်းရည်ရှိုးပွဲတစ်ခုမှ နာမည်ကြီးလာခြင်း ဖြစ်သည်။ အစက သူသည် အကအဖွဲ့တစ်ခု၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ ဘာကြောင့်မှန်းမသိဘဲ တင်လှုပ်အကက အင်တာနက်ပေါ်၌ နာမည်ကြီးသွားခဲ့သည်။ ထို့အပြင် သူ၏ ခံစားချက်မဲ့သော အမူအရာက မရေတွက်နိုင်သော မိန်းမပျိုလေးများ ဖမ်းစားသွားခဲ့လေသည်။
ကိုရီးယားနိုင်ငံအတွင်း၌ ကင်ဟျွန်းမင်သည် ဘီအဆင့် အနုပညာရှင်တစ်ယောက်မျှသာ ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံအတွင်း၌ သူသည် မရေတွက်နိုင်သော ပရိသတ်များ၏ သဘောကျခြင်း ခံရသည့် ရေပန်းအစားဆုံး အနုပညာရှင်အသစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် ညတွင်းချင်း နာမည်ကြီးသွားသည့် ကံကောင်းသော သူများထဲမှ တစ်ယောက်ဟု ဆိုရပေမည်။
သူ့အား သုံးသပ်ရမည်ဆိုလျင် သူ၏ သီချင်းများ၊ အကလှုပ်ရှားမှုများနှင့် သရုပ်ဆောင် အရည်အချင်းများက အကောင်းဆုံး မဟုတ်ပေ။ သူသည် အစွမ်းအစရှိသော အနုပညာရှင်များနှင့် အကွာကြီး ကွာလှသည်။ သို့သော် တစ်ခါတရံ၌ ပရိသတ်များ၏ သူမတူသော သဘောကျမှုက ထူးခြားသော အဖြစ်အပျက်များ ဖြစ်လာနိုင်စေပြီး လူအများအား နာမည်ကြီးသွားနိုင်စေသည်။
ကင်ဟျွန်းမင်သည် အရှိန်ဖြင့် အရှေ့သို့ ဆက်လျှောက်နေ၏။ သူသည် ပရိသတ်များနှင့် အထင်အမြင်သေးဟန် ပြရုံသာမက လမ်းတစ်လျှောက်မှ အခြားသော အနုပညာရှင်များကိုလည်း ထီမထင်ဟန်ကြည့်ကာ သူတို့ကို တစ်ချက်ပင် ပြန်လှည့်မကြည့်ဘဲ ဘေးနားမှ ဖြတ်သွားသည်။
သို့သော် သူသည် ရဲ့လင်းချန်နားမှ ဖြတ်သွားချိန်၌ တစ်ခဏမျှ တုံ့ခနဲ ဖြစ်သွားသည်။ အသက်မပါသော မျက်လုံးများက ရဲ့လင်းချန်အား တစ်ဒင်္ဂမျှ စိုက်ကြည့်နေ၏။
သူ့အကြည့်များက ဒေါသဖြင့် မီးဝင်းဝင်းတောက်နေမှန်း သိသာနေသည်။
ရဲ့လင်းချန်သည် ကင်ဟျွန်းမင် အဘယ်ကြောင့် ဒေါသထွက်နေသလဲ ဆိုသည်ကို သဘောပေါက်ပြီး သူ့အား ဥပေက္ခာ ပြုထားလိုက်သည်။ သူသည် ကြွက်ထံမှ တိုက်ခိုက်မှုကြောင့် နှလုံးဖောက်၍ သေလုနီးပါး ဖြစ်ခဲ့ရုံသာမက Gala နွေဦးပွဲတော်မှ သူ၏ အစီအစဉ်လည်း ပယ်ဖျက်ခံခဲ့ရသည်။ ထိုသို့ အဖိုးတန်သော အခွင့်အရေးကို လက်လွှတ်ခဲ့ရသဖြင့် သူ ဒေါသထွက်နေသည်က ပုံမှန်ပင်။ သူ့အတွက် ယင်းက တစ်ခုတည်းသော အခွင့်အရေး၊ အနုပညာရှင်များစွာက ရလိုသော အခွင့်အရေး တစ်ခု ဖြစ်လောက်သည်။
သူသည် စင်ပေါ်သို့ မတက်နိုင်ခဲ့သော်လည်း ရဲ့လင်းချန်က နောက်ဆုံးအချိန်မှ သူ့နေရာကို ဝင်ယူပြီး အစားထိုးခဲ့သည်။ ထို့အပြင် သူသည် ချီးကျူးမှုနှင့် လေးစားမှုများစွာကို ရရှိခဲ့သေးသည်။ ကင်ဟျွန်းမင်အတွက် ယင်းက သူ့မျက်စိရှေ့မှာတင် အခြားတစ်ယောက်က သူ၏ အောင်မြင်မှုများကို ခိုးယူသွားခဲ့သလို ခံစားလိုက် ရသဖြင့် ရဲ့လင်းချန်အား အမုန်းကြီး မုန်းနေလေသည်။
ရဲ့လင်းချန်အတွက် ထိုမုန်းတီးမှုနှင့် မကျေနပ်မှုတို့က ရယ်ချင်စရာသာ ဖြစ်သည်။ ရဲ့လင်းချန်က သူ့ကို စိတ်ထဲ မထားပေ။ ရဲ့လင်းချန်၏ စိတ်ထဲ၌ သူသည် လူပြက်တစ်ယောက်သာ ဖြစ်သည်။
*ငါ မင်းဆီက အခွင့်အရေးကို ယူခဲ့တယ်၊ မင်း အံ့ဩသွားသလား၊ ကိုရီးယားလေး*
သို့သော် ကင်ဟျွန်းမင်ထံ၌ အမာခံ ပရိသတ်များစွာ ရှိနေခဲ့သည်။
“ကင်ဟျွန်းမင်၊ ကျွန်မ ရှင့်ကလေးကို မွေးပေးချင်တယ်”
“အား …. ချောလိုက်တာ၊ ဟင့်ဟင့်ဟင့် … ချောမောမှုကြောင့် ငါ ငိုမိပြီ”
“ယောက်ျားရေ၊ ရှင် ဘာလို့ ဒီလောက် ချောနေရတာလဲ၊ အား …”
“ယောက်ျား မငိုပါနဲ့၊ ရှင် စင်ပေါ် မတက်နိုင်ခဲ့ရင်တောင်မှ ကျွန်မတို့ ရှင့်ကို ချစ်နေတုန်းပါပဲ”
“ဟုတ်တယ် ယောကျ်ား၊ ဒါက Gala နွေဦးပွဲတော်လေးပဲကို၊ ရှင် စင်ပေါ် မတက်နိုင်ခဲ့တာက သူတို့ရဲ့ ဆုံးရှုံးမှုပဲ”
“ကျွန်မအတွက် တခြား အနုပညာရှင်အားလုံးက အမှိုက်ပဲ၊ ရှင်က အတော်ဆုံး”
“အချစ်ရေ၊ ရှင် ဒဏ်ရာရသွားတယ်လို့ ကျွန်မ ကြားခဲ့တယ်၊ ကျွန်မ ရှင့်ကို တွေ့ဖို့သက်သက်နဲ့ အိမ်ကနေ ဒီကို လာခဲ့တာ”
“ကျွန်မတို့က ရှင့်ရဲ့ ထာဝရ ပရိသတ်ပါ၊ ချစ်တယ်၊ မွမွ …”
*ရူးလိုက်တာ*
*သူတို့တွေက အရူးတစ်သိုက်ပဲ*
ယခုခေတ် မိန်းကလေးများ၏ အချောအလှ စံသတ်မှတ်ချက်က ဘာတွေများ မှားနေသလဲ ဆိုသည်ကို တွေးရခက်လှပေသည်။ ဘယ်အချိန်ကတည်းက ဒီလောက်အထိ ဆိုးရွားသွားခဲ့လေသလဲ။
ရဲ့လင်းချန် ခေါင်းခါနေမိသည်။
*မင်းတို့ ကန်းနေတာလား၊ Gala နွေဦးပွဲတော်က အမှိုက်တဲ့လား၊ ကိုရီးယားကောင်တစ်ကောင်က ငါတို့ Gala နွေဦးပွဲတော်ထက် ပိုအရေးကြီးသလား၊ မင်းတို့ရဲ့ အပြုအမူကို မင်းတို့မိဘတွေရော သိကြရဲ့လား*
သူ မကျေမနပ် ဖြစ်မိသော်လည်း သူ့ခံစားချက်များကို စိတ်ထဲမှာ သိမ်းထားခဲ့သည်။ အခြားသူများက အနုပညာရှင်များအပေါ် သဘောကျခြင်းကို အရေးစိုက်ခြင်းက သူ့အလုပ် မဟုတ်ချေ။ သူတို့စကားကို သူ လက်မခံနိုင်သော်လည်း ထိုအရာနှင့် ပတ်သက်၍ သူ လုပ်နိုင်တာ မရှိပါ။
သို့သော် သူ၏ အရူးအမူး ပရိသတ်များနှင့် တွေ့တာတောင်မှ ကင်ဟျွန်းမင်၏ မျက်နှာတွင် အပြုံးတစ်ချက်ပင် မတွေ့ရချေ။ ထိုအစား သူ့မျက်နှာက ယခင်ထက် ပို၍ အေးစက်လာပြီး မသိလျင် အရူးတစ်သိုက်အား သနားစဖွယ် ကြည့်နေသည်ဟုပင် ထင်ရလောက်သည်။
အနုပညာရှင်အများစုသည် သူတို့ ပရိသတ်များ၏ နှောင့်ယှက်ခြင်း ခံရခြင်းမှ ရှောင်ရှားရန် အေးစက်စက်ပုံစံ နေတတ်ကြသည်။ သို့သော် အေးစက်စက် နေတတ်ခြင်းက အထင်သေးခြင်း မဟုတ်သကဲ့သို့ ရိုင်းစိုင်းခြင်းလည်း မဟုတ်ပေ။ ကင်ဟျွန်းမင်သည် သူ၏ ပရိသတ်များကို လှောင်နေကာ အထင်အမြင်လည်း သေးနေ၏။
“$$$$@@@@”
ကင်ဟျွန်းမင်က ကိုရီးယားလို ပြောလာသည်။
ပရိသတ်များက နားမလည်သော်လည်း စိတ်ကူးယဉ်ခြင်းအား မရပ်ချေ။ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသည့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ကင်ဟျွန်းမင်က ငါ့ကို စကားပြောနေတာ”
“ဖယ်စမ်း၊ သူက ငါ့ကို ကြည့်နေတာ၊ ဒါ ငါ့ကို ပြောတာ”
“အိုပါး ချစ်တယ်နော်၊ ပျော်လိုက်တာ”
အရူးအမူး ဖြစ်နေသော မိန်းမပျိုလေးများက ကြောက်စရာ ကောင်းပေသည်။ ထို့အပြင် သူတို့က ငယ်ရွယ်သဖြင့် သက်တော်စောင့်များက ခပ်ကြမ်းကြမ်း မပြုမူရဲချေ။ ထို့ကြောင့် မိန်းကလေး တစ်ယောက်သည် အတားအဆီးများထဲမှ ဖောက်ထွက်လာပြီး ကင်ဟျွန်းမင်ထံ ပြေးဝင်လာနိုင်သွားသည်။
အတားအဆီး ပေါက်သွားသောအခါ အခြားသူများကလည်း နောက်မှ လိုက်တိုးကာ သူ့ထံ အလုအယက် ပြေးလာကြသည်။
ကင်ဟျွန်းမင်က နောက်ဆုတ်သွားပြီး မျက်နှာတွင် စက်ဆုပ်ဟန် ပေါ်လာပြီး သုန်သုန်မှုန်မှုန် ဖြစ်လာသည်။
သူ၏ ကိုယ်ရံတော်များက အလျင်အမြန် ရှေ့တိုးလာပြီး သူတို့ကို တားဆီးကာ ခပ်မာမာ လေသံဖြင့် ကိုရီးယားလို ပြောနေသည်။ သူတို့က လူအုပ်ကို လူစုခွဲရန် ပြောနေခြင်း ဖြစ်လောက်သည်။
“အား … အချစ်ရေ … ကျွန်မကို နမ်းပေးပါ”
“ကျွန်မတို့ အကြာကြီး စောင့်ခဲ့ရတာ၊ ကျွန်မတို့ကို လက်မှတ်လေး ထိုးပေးပါလား”
“အား … ငါ သိပ်ပျော်တာပဲ၊ ငါ့မင်းသားလေးနဲ့ ငါ မီတာဝက်လောက်ပဲ ဝေးတော့တယ်”
ရဲ့လင်းချန်သည် အနီးအနား၌ ရပ်နေပြီး အဖြစ်အပျက် တစ်ခုလုံးကို ကြည့်နေသည်။ သူ၏ တည်ငြိမ်သော အကြည့်၌ စိတ်ပျက်သော အရိပ်ယောင်တို့ ပေါ်လွင်နေသည်။ အစောပိုင်းက ကင်ဟျွန်းမင် ပြောလိုက်သည့် စကားကို သူ နားလည်သည်။
“ဒီယင်ကောင်တွေကို ငါ့အနားက မောင်းထုတ်လိုက်စမ်း”
…