ကောင်းကင်သတ္တုဓား၏ အရည်အသွေးအကောင်းဆုံးစိန်
Vol. 21 Ch. 302
"ဒါက ကောင်းကင်သတ္တုဓား.. ဒါက ငါ့ရဲ့ အပြောင်မြောက်ဆုံးလက်ရာပဲ"
အစိမ်းရောင်ဓားကို ဆုပ်ကိုင်ထားသည့် ချန်ယွီ၏ မျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။
သူနှင့် ဖန့်ရှင်းက လေထဲတွင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ဤဓား၏ ဓားချီက သူမကို ထိတ်လန့်စေခဲ့၏။
ဓားက အလွန်ထူးခြားသည်ဟု သူမ ခံစားရသည်။
၎င်းက စကားဖြင့်ပင် ဖော်ပြ၍မရသည့် ထူးဆန်းသော ခံစားချက်ပင်။
မကြာမီမှာပင် ဖန့်ရှင်းက ထိုထူးဆန်းမှုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ဤဓားက ဓားဝိညာဉ် လုံးဝမပါသည့် အနှစ်သာရ မရှိသော ဓားတစ်လက် ဖြစ်နေသည်။
၎င်းက ဓားဝိညာဥ် မပါသော ဓားတစ်လက် ဖြစ်သော်လည်း အဆုံးစွန်သော လက်မှုပညာဖြင့် ဖန်တီးထားသော ဓားတစ်လက်ဖြစ်၏။
ဖန့်ရှင်းက ဓားဝိညာဥ် မပါသော ဝိညာဥ်ဓားကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
"ဒါက ငါဖန်တီးထားတဲ့ ပြီးပြည့်စုံတဲ့ ဓားကိုယ်ထည်ပဲ.. ဒါပေမယ့် ဝိညာဥ်တော့ ကင်းမဲ့နေတယ်"
စကားပြောရင်း ချန်ယွီက ဓားရှည်ကို သူ့ လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ ပွတ်ဆွဲလိုက်သည်။
ထိုအခါ ဓားရှည်ထံမှ အလွန်သိပ်သည်းသော အော်ရာ အတက်အကျများက သမုဒ္ဒရာ ဒီရေ ကဲ့သို့ ပြင်းထန်စွာ မြင့်တက်လာ၏။
ချန်ယွီက နိုးထလာသော ဓားချီအော်ရာများကို ထုတ်လွှတ်လိုက်သည်။
ဖန့်ရှင်းက လုံးဝကို ထိတ်လန့်သွားသည်။
သူက အဖြူရောင်ညစွမ်းရည် နှင့် အင်မော်တယ်အသွင်ပြောင်း စွမ်းရည်တို့ဖြင့် ခွန်အားကို မြှင့်တင်ထားသဖြင့် ပကတိအင်မော်တယ် အဆင့်သို့ ရောက်ရှိနေခဲ့၏။
ထို့ကြောင့် ဤဓားမှ ထွက်ပေါ်လာသည့် အမည်ခံ စွမ်းအားကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့သည်။
တကယ်တမ်းတွင် ဤဓားက အမည်ခံ စွမ်းအားများ ကိန်းအောင်းနေသည့် ဓားတစ်လက်ဖြစ်၏။
ထိုအခိုက်တွင် ဖန့်ရှင်းက အင်မော်တယ်စံအိမ်သခင် ပြောခဲ့ဖူးသော ကျွမ်းကျင်သူ အကြောင်းကို ရုတ်တရက် သတိရသွားမိသည်။
ဤဖြစ်ရပ်သာ အမှန်ဆိုလျှင် သမိုင်းတွင် ကြေကွဲစရာ အကောင်းဆုံးလုပ်ရပ် ဖြစ်လာလိမ့်မည်။
စံအိမ်သခင်က ထိုလူကို အလိုရှိရာ ခိုင်းစေပြီးနောက်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေစေခဲ့သည် မဟုတ်ပါလား။
ထိုလူက ရှေးခေတ်က အနန္တတန်ခိုးရှင်တစ်ပါး ဖြစ်ရပေမည်။
ဤလုပ်ရပ်က မည်သူ့ကိုမဆို မိမိတို့၏ သားစဉ်မြေးဆက်တစ်လျှောက် အရှက်ရစေလိမ့်မည် ဖြစ်သည်။
"အရေးကြီးဆုံး အချက်က သူ့ရဲ့ အင်အား ကြီးမားလှတဲ့ ပြန်လည်ဆန်းသစ်ခြင်း အမည်ခံ စွမ်းအားကို ငါ့ရဲ့ ကောင်းကင်သတ္တုဓားမှာ ရောနှောပြီး ဖျက်ဆီးလို့မရအောင် ပြုလုပ်နိုင်ခဲ့တာပဲ"
ချန်ယွီက ဝိညာဥ်ဓားကို သူ့လက်ဖဝါးပေါ် တင်လိုက်သည်။
အနီးကပ်ကြည့်လိုက်လျှင် ဓားရိုးတွင် စိန်အပြည့် ထည့်သွင်းမြုပ်နှံထားကြောင်း သိနိုင်ပေသည်။
ချန်ယွီက ကြွားလုံးထုတ်သလို ဖြစ်မည်စိုး၍ ဤအချက်ကို ထည့်မပြောခဲ့ပေ။
ဤဓားကို ဖန်တီးဖို့ အနှစ်တစ်ရာတိုင် အချိန်ယူခဲ့ရသည်။
၎င်းတွင် ပါရှိသောစိန်များသည် အကဲဖြတ် ကျွမ်းကျင်သူများက စစ်ဆေး အတည်ပြုထားသော တောင်အာဖရိက စိတ်ဝိညာဥ်စိန်များဖြစ်ပြီး စစ်မှန်သည့် အရည်အသွေး အကောင်းဆုံးစိန်များ ဖြစ်သည်။
"ဒီဓားက ပန်းပဲဖိုကနေ ထုတ်ကတည်းက အခုထိ သွေးကို မမြည်းစမ်းရသေးဘူး"
ချန်ယွီက ခြိမ်းခြောက်လိုသော အမူအရာဖြင့် အေးစက်စက် ရယ်မောလိုက်သည်။
သို့ရာတွင် သူ့စကားက ဝတ္ထုအချို့ထဲမှ စကားများကို သုံးစွဲနေသလို ဖြစ်နေသောကြောင့် မရယ်ရယ်အောင် လုပ်သလို ဖြစ်နေ၏။
သို့သော် ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချန်ယွီ ယခုကိုင်ဆောင်နေသော ကောင်းကင်သတ္တုဓားသည် အမှန်တကယ်ပင် ဖန့်ရှင်းကို အဟန့်အတား ဖြစ်စေသည်။
အနည်းဆုံးတော့ သူက လွယ်လွယ်နှင့် အနိုင်မရတော့ပေ။
"သွားတော့"
ကောင်းကင်သတ္တုဓားက တိမ်တိုက်ထဲသို့ တိုးဝင်သွားပြီးနောက်တွင် အစိမ်းရောင်ဓားအလင်းက အနည်းငယ် မှိန်ဖျော့သွားသည်။
ဓား၏ အမြန်နှုန်းက ဖန့်ရှင်း မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်သွားခဲ့သည်။
၎င်းက ယခင် ရာနှင့်ချီသော ဓားရှည်များ ကဲ့သို့ အမှိုက်အမျိုးအစား မဟုတ်ပေ။
လေထဲတွင် ပျံသန်းနေသော ဖန့်ရှင်းက ပေါက်ကွဲစေသော အော်ရာအချို့ကို ထုတ်လွှတ်လိုက်သည်။
သူမ၏ အဆင့်က နောက်တဖန် မြင့်တက်လာ၏။
သူမက ခွန်အားကို ဤမတိုင်ခင် တမင်တကာ ထိန်ချန်ထားခြင်းပင်။
ယခုအခါတွင် ဖန့်ရှင်းက ကောင်းကင်သတ္တုဓား၏ ခြိမ်းခြောက်မှုကို ကောင်းစွာ ခံစားနိုင်ခဲ့သည်။
သူမက ဓား၏ လှုပ်ရှားမှုများကို ခုခံရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့၏။
ပထမအချီတွင် ကောင်းကင်သတ္တုဓား၏ ဓားအလင်းတစ်ခုက သူမ၏ နားသယ်စကို ဖြတ်သန်းသွားကာ အနက်ရောင် ဆံပင်များကို လက်မများစွာ ဖြတ်တောက်သွားခဲ့သည်။
ဤဓား၏ရှေ့တွင် နှစ်ဆတိုးမြင့်လာသော သူမ၏ အော်ရာ အတားအဆီးက လုံးဝ အသုံးမဝင်ခဲ့ပေ။
"မင်း ဘယ်လောက်မြန်မြန်ပြေးပြေး၊ ဘယ်လောက်ပဲငိုငို ကိစ္စမရှိဘူး.. ဒီနေရာမှာ ဘယ်သူမှ မင်းကိုကယ်နိုင်မှာ မဟုတ်ဘူး"
ချန်ယွီက ကောင်းကင်သတ္တုဓားကို အသုံးချပြီး ဖန့်ရှင်းကို အဆုံးသတ်ပေးရန် ပြင်ဆင်လိုက်သည်။
ဖန့်ရှင်းက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
သူမ၏ ခံစစ်စွမ်းရည်က ခံနိုင်ရည်မရှိ ဖြစ်နေသည်။
ထို့အပြင် ဤနေရာက တစ်ဖက်လူ၏ မူလစိတ်ဝိညာဥ်နယ်ပယ် ဖြစ်သည်။
သီအိုရီအရ သူမက အင်မော်တယ် အသွင်ယူ စွမ်းရည် နှင့် အဖြူရောင်ည စွမ်းရည် တို့ကို အသုံးပြုထား၍ ထာဝရ လည်ပတ်နိုင်သော စက်ကဲ့သို့ ဝိညာဥ်စွမ်းအင်ကို ဆက်လက် လည်ပတ်နေနိုင်သည်။
သို့သော်လည်း ယင်းက သူမ၏ ဝိညာဉ်စွမ်းအင်ကို လုံး၀ စားသုံးခြင်းမရှိဟု မဆိုလိုပေ။
အကယ်၍ သူမက ဤပြဿနာကို ဖြတ်ကျော်ရန် နည်းလမ်းရှာမတွေ့လျှင် အင်မော်တယ်အသွင်ယူ စွမ်းရည်က ဝိညာဉ်စွမ်းအင် အများအပြားကို သုံးစွဲထားသောကြောင့် သူမက မောပန်းနွမ်းနယ်ကာ သေဆုံးသွားနိုင်ဖွယ် ရှိသည်။
ထို့ကြောင့် သူမက ကောင်းကင်သတ္တုဓားကို ရှောင်တိမ်းရင်းအဖြေတစ်ခုကို တွေးနေခဲ့သည်။
သူမက ကြာပန်း စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရာ မှော်စည်းတံဆိပ်များစွာက သူမရှေ့တွင် ချက်ချင်း ထွက်ပေါ်လာ၏။
ထို့နောက်တွင် ၎င်းတို့က မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။
ခဏအကြာတွင် အနက်ရောင် ချပ်ဝတ်တန်ဆာ ထဲတွင် ခိုင်မြဲစွာ ထည့်သွင်းထားသည့် မြွေရေခွံဆယ်ချပ်မှာ အရိပ်ဓား ဆယ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်သတ္တုဓားကို ပိတ်ဆို့လိုက်သည်။
အဖြူရောင်ညစွမ်းရည်၏ အမှောင်သမိုင်း ချပ်ဝတ်တန်ဆာသည် ကာကွယ်ရေး အတွက် သာမက အရေးပေါ် အခြေအနေတွင် ပြန်လည် တိုက်ခိုက်ရန် နည်းလမ်းများလည်း ပါရှိသည်။
ယင်းက ကြီးမားသော အားနည်းချက် တစ်ခုလည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချပ်ဝတ်တန်ဆာ ပေါ်ရှိ အကြေးခွံများက တိုက်ခိုက်ရန် အတွက် အရိပ်ဓားများ အဖြစ်သို့ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်၏ ခုခံအားက သိသိသာသာ လျော့ကျသွားသောကြောင့်ပင်။
ချန်ယွီက ကောင်းကင်သတ္တုဓားကို ထိန်းချုပ်နေချိန်တွင် အခြား ဝိညာဥ်ဓားများအား လွတ်လွတ်လပ်လပ် အသုံးမပြုနိုင်သည်ကို ဖန့်ရှင်း သတိပြုမိခဲ့သည်။
ယင်းအတွက် အကြောင်းပြချက်မှာ ရိုးရှင်းသည်။
ကောင်းကင်သတ္တုဓားတွင် ဓားဝိညာဉ်မရှိပေ။
သခင်နှင့် စာချုပ်ချုပ်ထားသည့် ဓားဝိညာဉ်မပါဘဲ မှော်ရတနာ တိကျစွာ ထိန်းချုပ်ရန်မှာ အလွန် ခက်ခဲသည်။
ထို့ကြောင့် ချန်ယွီက ကောင်းကင်သတ္တုဓားကို ထုတ်ယူလိုက်သည်နှင့် မူလစိတ်ဝိညာဉ် နယ်ပယ်ကို အသုံးပြုရန် စွန့်လွှတ်လိုက်ရ၏။
ယင်းက ဖန့်ရှင်းကို ဤနေရာတွင် အခက်တွေ့အောင် လုပ်ဆောင်နိုင်သည့် အကြောင်းရင်းတစ်ခုပင်။
အခြေအနေအရ သူမ၏ အကောင်းဆုံး အကြံဥာဏ်မှာ သူမ၏ ခုခံကာကွယ်မှု အချို့ကို စတေးပြီး အရိပ်ဓားများဖြင့် ကောင်းကင် သတ္တုဓားကို တန်ပြန် တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းရန်ပင် ဖြစ်၏။
သို့သော် နောက်တခဏတွင် ဖန့်ရှင်းက လန့်ဖျပ်သွားသည်။
ကောင်းကင်သတ္တုဓားက အရိပ်ဓားဆယ်ချောင်းနှင့် ရောထွေးနေချိန်တွင် ချန်ယွီက အဖျက်စွမ်းအားကြီးသော ဓားချီများဖြင့် ဖန့်ရှင်းကို အဆက်မပြတ် တိုက်ခိုက်လိုက်၏။
[ထောင်ချောက်တစ်ခုပဲ]
ဖန့်ရှင်းက သူမ၏ သွားများကို ပြင်းထန်စွာ အံကြိတ်လိုက်သည်။
ချန်ယွီက ဤမျှလောက်အထိ ကြိုတွေးထားမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
သူက အမှောင်သမိုင်း စွမ်းရည်၏ ခံစစ်စွမ်းရည်ကို လျှော့ချရန် ဖန့်ရှင်းအား တမင်တကာ ဆွဲဆောင်ခဲ့ကာ အစောပိုင်းက တိုးမပေါက်သော ခံစစ်ကို ဟာကွက်တစ်ခု ဖြစ်လာအောင် ဖန်တီးခဲ့သည်။
ဓားက ဖန့်ရှင်း၏ ညာဘက်ညှပ်ရိုးကို တိုက်ရိုက် ထိုးဖောက်သွားသည်။
ဓား၏ ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် ဖန့်ရှင်းက ရေခဲမြစ်၏ ထိပ်သို့ လွင့်ထွက်သွား၏။
ဤအချိန်တွင် ဖန့်ရှင်း၏ အမူအရာက ပြောင်းလဲသွားသည်။
သူမ၏ ဒဏ်ရာမှ သွေးများ စီးကျလာပြီး ရေခဲများပေါ်သို့ တစ်စိမ့်စိမ့် ကျလာသည်။
သူမက ချောင်းဆိုးလိုက်ရာ သွေးများက ပိုလို့ပင် ထွက်လာသည်။
ကောင်းကင်သတ္တုဓားဖြင့် ထိမှန်ပြီးနောက် သူမ၏ ကိုယ်တွင်းအင်္ဂါများက တုန်ခါသွားသလို ခံစားခဲ့ရသည်။
သူမက သူမ၏ သွေးကြောများကို စစ်ဆေးခဲ့ရာ အဖြူရောင်ညစွမ်းရည် နှင့် အင်မော်တယ်အသွင်ယူ စွမ်းရည် မှ ဖန်တီးထားသည့် ဝိညာဉ်စွမ်းအင် လည်ပတ်ရာ လမ်းကြောင်းတစ်လျှောက်တွင် သူမ၏ သွေးကြောများကို ဖောက်ပြန်ပျက်စီးစေနိုင်သည့် ဓားချီတစ်ခုက အမှန်တကယ် စီးဆင်းနေကြောင်း သိရှိလိုက်ရသည်။
ယခုအခါတွင် သူမက အကျပ်ရိုက်နေခဲ့၏။
သူမသာ အရင်လို အဖြူရောင်ညစွမ်းရည် နှင့် အင်မော်တယ်အသွင်ယူ စွမ်းရည်တို့ကို ဆက်သုံးနေလျှင် ဓားချီက သူမ၏ ခန္ဓာကိုယ်ကို တစ်စ တစ်စချင်း ဖျက်ဆီးသွားမည် ဖြစ်သည်။
တစ်ခုတည်းသော အဖြေမှာ ထိုစွမ်းရည်နှစ်မျိုးကို အသုံးမပြုရန်ဖြစ်သည်။
သို့သော် ထိုသို့လုပ်လိုက်လျှင်လည်း သူမက နောက်ထပ် တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
ဖန်ရှင်းက ရေခဲပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ပြီးနောက် သွားများကို အံကြိတ်ကာ မှော်စွမ်းရည် နှစ်ခုလုံးကို မတတ်သာဘဲ ရုတ်သိမ်းလိုက်ရသည်။
သူ့ပတ်ဝန်းကျင်မှ မှောင်မိုက်နေသည့် အလင်းတန်းများက တဖြည်းဖြည်း ပြန့်ကျဲသွားပြီးနောက်တွင် သူက ကောင်လေး တစ်ယောက် ပြန်ဖြစ်သွားခဲ့၏။
သူ့နှုတ်ခမ်းနှင့် ရင်ဘတ်တို့တွင် သွေးများဖြင့် စွန်းထင်းနေပြီး သူ့နှုတ်ခမ်းထောင့်၌လည်း သွေးများ စီးကျနေသည်။
"အားလုံးကို ခြုံကြည့်လိုက်ရင် မင်းက လုံလောက်အောင် မရင့်ကျက်သေးဘဲ မင်းအဖေအတွက် လက်စားချေချင်နေတာပဲ.. မင်းက နုံအလွန်းတယ်"
ချန်ယွီက သဘောကျစွာ ရယ်မောလိုက်သည်။
သူ့အတွက်က အရာအားလုံး ပြီးသွားပေပြီ။
သူက ဖန့်ရှင်းကို ကြည့်ရင်း ရက်စက်စွာ ရယ်မောလိုက်သည်။
"အခု ငါတို့ကစားတာ ပြီးပြီ.. မင်းကို ငါတစ်ချက်ထဲနဲ့ အဆုံးသတ်ပေးမယ်"
သို့သော် သူ့စကားမဆုံးခင်မှာပင် ဖန်ရှင်း၏ ရှေ့၌ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်လာပြီး အညိုရောင် ဝတ်ရုံပေါ်တွင် အဖြူရောင်ဝတ်ရုံ ထပ်ဝတ်ထားသည့် ကောင်လေး တစ်ယောက် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
ထိုကောင်လေးက ဘာမှ မလှုပ်ရှားဘဲ အဓိပ္ပါယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ရာ ဖန့်ရှင်းကို ထိုးစိုက်တော့မည့် ကောင်းကင်သတ္တုဓားက ချက်ချင်းပင် လေထဲ၌ လှည့်ပတ်သွား၏။
ထို့နောက်တွင် ကောင်းကင်သတ္တုဓားက အင်မော်တယ်စံအိမ်သခင်ချန်ယွီ ဆီသို့ ပြန်လည် ဦးတည်သွားခဲ့သည်။
အပိုင်း(၃၀၂) ပြီး၏