ဟက်..နုံအလိုက်တာ
Vol. 21 Ch. 303
လွန်ခဲ့သော ငါးမိနစ်က..
.....................
ဝမ်လင်းတို့အဖွဲ့က လင်းလန်ခန်းမသို့ အပြေးအလွှားရောက်လာသောအခါ ဖန့်ရှင်းက ထိုနေရာတွင် ရှိမနေသည်ကို တွေ့လိုက်ရသည်။
၎င်းက အနီရောင်ဝတ် ကျင့်ကြံသူနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
"ဒါက မူလစိတ်ဝိညာဥ်နယ်ပယ်ပဲ"
ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက်တွင် ငွေရောင်ယူနီကွန်းက ချက်ချင်းပင် ကောက်ချက်ချလိုက်သည်။
"မူလစိတ်ဝိညာဥ် နယ်ပယ်မှာ မူလစိတ်ဝိညာဥ်နယ်ပယ် ရှိသူတွေပဲ သိမြင်နိုင်တဲ့ အထူးသံလိုက်စက်ကွင်း တစ်ခု ပါရှိတယ်.. ဒါကြောင့် ငါစကားက သေချာပါတယ်"
အင်မော်တယ်ထုန်ရာ၏ ရက်ရောသော ဆေးကုသမှုကို ခံယူပြီးနောက်တွင် ငွေရောင်ယူနီကွန်း၏ ပြင်းထန်သော ဒဏ်ရာက ပြန်လည် ကောင်းမွန်လာပြီး ခဏအကြာတွင် ပြန်လည်လှုပ်ရှားလာနိုင်၏။
သူ့နောက်ကျောတွင် ထမ်းပိုးထားသည့် မျက်စိစွေနေသည့် မိန်းကလေး ယာရွှယ်ကမူ သတိလစ်နေဆဲပင်။
"ဒါဆို အနီရောင်ဝတ် ကျင့်ကြံသူက နန်းတော်ခေါင်မိုးဖယ်ထုတ်လိုက်တာကို အဝေးကနေ မြင်လိုက်ရတာ ငါတို့အမြင်မှားတာ မဟုတ်ဘူးပေါ့"
ဓမ္မရာဂျာက မေးလိုက်သည်။
သူတို့က မရောက်ခင်ကတည်းကပင် တိုက်ပွဲ၏ အရှိန်အဝါကို အဝေးရှိ ယွင်ထိုက်ခန်းမကနေ အာရုံခံစားမိခဲ့သည်။
နန်းတော်ခေါင်မိုးကို ဖယ်ထုတ်နေသည့် ကျင့်ကြံသူ တစ်ယောက်ကို ဗုံးပစ်စီနီယာ အင်မော်တယ်က အဝေးကနေ သတိထားမိလိုက်၏။
ထိုအချိန်က အနီရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာပေါ်မှ အဆင်မပြေသော အမူအရာမှာ အွန်လိုင်းမှ kaomoji ကဲ့သို့ပင်။
(Kaomoji=စိတ်ခံစားမှုကိုဖော်ပြသည့် မျက်နှာအမူအရာကိုကိုယ်စားပြုရန် ဂျပန်စာလုံးများ၊ လက်တင် အက္ခရာများနှင့် ပုဒ်ဖြတ် အမှတ်အသားများကို ပေါင်းစပ် အသုံးပြုသည့် ဂျပန်စတိုင် အီမိုဂျီ)
"အဲဒီလူက အင်မော်တယ်စံအိမ်သခင် ချန်ယွီပဲ.. ဒါပေမဲ့ဒီလူမှာ မူလစိတ်ဝိညာဥ်နယ်ပယ် ရှိလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားမိဘူး"
ငွေရောင်ယူနီကွန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
ထိုစကားကို ပြောရင်း ငွေရောင်ယူနီကွန်းက ကြေကွဲသွား၏။
မူလစိတ်ဝိညာဉ်နယ်ပယ် တစ်ခု ဖန်တီးရန် အတွက် ဝိညာဉ်စွမ်းအင် အရင်းအမြစ် တစ်ခုကို တည်ဆောက်ရန် အချိန်အတော်ယူရသည်။
ထိုအရာသာမရှိလျှင် အရာအားလုံးက အလဟဿပင်။
ငွေရောင်ယူနီကွန်းက မူလစိတ်ဝိညာဥ်နယ်ပယ် ဖန်တီးရန်အတွက် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရ၏။
ယခုမူ ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်များ ပင်လျှင် စျေးဆိုင်တစ်ခု ဖွင့်နေသကဲ့သို့ မူလစိတ်ဝိညာဥ်နယ်ပယ်ကို ဖွင့်နိုင်နေသည်။
ယင်းမှာ အမှန်တကယ် သိပ္ပံနည်းကျမဟုတ်ပေ။
....................
လင်းလန်ခန်းမ အတွင်းတွင် လူတစ်စုက မြေပြင်ပေါ်တွင် ထိုင်နေကြသည်။
အစောပိုင်းက စံအိမ်သခင်ချန်ယွီ ဖျက်ဆီးခဲ့သော နန်းတော်ခေါင်မိုးမှာ ပြန်လည် ဆန်းသစ်မှု စွမ်းအားဖြင့် သူ့ဘာသာသူ ပြန်လည် တည်ဆောက်ထားသည်မှာ သိသာသည်။
ဝမ်လင်းက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။
သူက အမြင့်ဆုံးစွမ်းအားဖြင့် ကောင်းကင်မျက်လုံးကို အသက်သွင်း၍ ကောင်းကင်ကို စိုက်ကြည့်လိုက်ရာ အဆုံးသတ်တွင် မူလစိတ်ဝိညာဉ် နယ်ပယ်၏ မြင်ကွင်းတစ်ခုက လေထဲတွင် ပရိုဂျက်တာကဲ့သို့ ပြသလာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ငွေရောင်ယူနီကွန်း၏ အမွေးများက ထောင်ထသွားခဲ့၏။
မူလစိတ်ဝိညာဥ်နယ်ပယ် ထဲမှ မြင်ကွင်းကို ကြည့်ရှုရန်ကောင်းကင်မျက်လုံးကို အသုံးပြု၍ ရကြောင်း သူတစ်ခါမှ မကြားဖူးပေ။
ငွေရောင်ယူနီကွန်း၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မောလိုက်သည်။
"ညီနောင်လင်းရဲ့ ကောင်းကင်မျက်လုံးက အရမ်းထူးခြားတယ်.. ချို့ယွင်းချက် ဘာမှမရှိတဲ့ အရာတွေကို ထွင်းဖောက် မြင်နိုင်တယ်.. ဒါမျိုး အနှစ်သာရ ပြည့်ဝတဲ့ စွမ်းအားမျိုး ညီနောင်လင်းဆီကနေ မကြာခဏ မြင်တွေ့ရပေမဲ့ ငါ သေချာတော့ မပြောပြတတ်ဘူး.. အဲဒါကို မင်းနားလည်အောင် ရှင်းပြဖို့က နည်းနည်းတော့ ရှုပ်ထွေးတယ်.. ရေဒီယိုကို မင်းသိတယ် မဟုတ်လား"
ငွေရောင်ယူနီကွန်း".........."
ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်လင်းရဲ့ ကောင်းကင်မျက်လုံးကလည်း ရေဒီယိုလိုပဲ.. အဲဒါက ကြိမ်နှုန်းပြောင်းလဲမှုတွေကို ဖမ်းယူပြီး မြင်ကွင်းအဖြစ် ပုံဖော်နိုင်တယ်"
အင်မော်တယ်ထုန်ရာကလည်း ချက်ချင်း ထောက်ခံလိုက်သည်။
"တကယ်တော့ ဒါက စီနီယာလင်း အတွက် အသေးအဖွဲလေးပါပဲ.. ငါတို့အတွက်တော့ ထူးထူးခြားခြား အံ့သြနေစရာ မရှိတော့ဘူး"
"............."
သူတော်စင်သားရဲဖြစ်သည့် ငွေရောင်ယူနီကွန်းက ထိုပုံရိပ်ကိုမြင်ပြီး နောက်တွင် သူ့ကိုယ်သူ ကျိန်ဆဲချင်စိတ် ပေါက်သွားသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ကျော်လုံး ခွေးဗိုက်ထဲတွင် နေထိုင်ခဲ့သလား(အချိန်ဖြုန်းခဲ့သလား)ဟုပင် သူ့ကိုယ်သူ အပြင်းအထန် တွေးတောနေမိသည်။
[ဒီသခင်က သိပ်ကြောက်ဖို့ကောင်းတာပဲ]
....................
မူလစိတ်ဝိညာဥ်နယ်ပယ် အတွင်း ဖြစ်ပွားနေသည့် ချန်ယွီနှင့် စော်အလန်းလေး၏ တိုက်ပွဲကို လူတိုင်းက လေထဲမှ ပုံရိပ်ကနေ ကြည့်ရှုနေကြသည်။
မြင်ကွင်းက အားလုံးကို ထိတ်လန့်စေ၏။
ဓမ္မရာဂျာ၊ ဖက်တီးလော နှင့် ကျန်သူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
လင်းကျန်းရန်၏ အေးစက်စက်မျက်နှာပင် အတွေးနက်နေသည်ကို တွေ့လိုက်ရသည်။
"ဒါ... ဒါက ညီနောင်ဖန့်ရှင်းလား.. သူက ရုတ်တရက် ချစ်ဖို့ကောင်းတဲ့ စော်အလန်းလေး ဘယ်လိုလုပ် ဖြစ်လာတာလဲ"
ဓမ္မရာဂျာက စိတ်လှုပ်ရှားလွန်း၍ အသက်ပင် မနည်းရှုလိုက်ရသည်။
[ဒါက စွမ်းအားအပြင်းဆုံး လှည့်စားချက်များလား]
ထိုအခိုက်အတန့်တွင် ကောင်းကင်မျက်လုံးဖြင့် ပုံဖော်ထားသော မြင်ကွင်းမှတဆင့် ဖန့်ရှင်းက မှော်ပညာနှစ်ခု၏ စွမ်းအားများကို ပေါင်းစပ်လိုက်ပြီး ရာနှင့်ချီသော ဝိညာဉ်ဓားများကို တိုက်ခိုက်ကာ အသာစီး ရယူထားသည်ကို တွေ့လိုက်ရသည်။
ဖန့်ရှင်းကို ဤကဲ့သို့ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်မို့ လူတိုင်းက ထိတ်လန့်သွားခဲ့၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်လိုက်သည်။
"ညီနောင်ဖန်ရှင်းမှာ ဒီလိုမျိုး အခြားတစ်ဖက် ရှိတယ်ဆိုတာ ငါဘယ်တုန်းကမှ မသိခဲ့ဘူး.. ဒီကမ္ဘာမြေကြီးပေါ်မှာ ဘာတွေဖြစ်နေတာပါလိမ့်"
သူ့ခံစားချက်များက နည်းနည်းတော့ ကမောက်ကမ ဖြစ်နေသည်။
သူနှစ်ပေါင်းများစွာ သိကျွမ်းခဲ့တဲ့ ညီလေး တစ်ယောက်က ရုတ်တရက် ညီမလေး တစ်ယောက် ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
ယင်းက မျက်လုံးတင် မကဘဲ သူ့နှလုံးသားကိုပါ ထိခိုက်သွားစေ၏။
"ဒါက ညီနောင်ဖန့်ရှင်း အစစ်ပဲ"
ချိုက်လျန်က ထိုကဲ့သို့ ယခင်က မြင်ဖူး၍ အခြေအနေကို ကောင်းစွာ သုံးသပ်နိုင်ခဲ့သည်။
"ဒါဟာ အရင်ခေတ်က အင်မော်တယ် ရှဲဖီရဲ့ အထူးပြုစွမ်းရည်ဖြစ်တဲ့ အဖြူရောင်ညစွမ်းရည်ပဲ.. အဲဒါကို အင်မော်တယ်ကျန်းရွမ်ရဲ့ အင်မော်တယ်အသွင်ယူ စွမ်းရည်နဲ့အဆင့်မြှင့်ထားတယ်.. ဒီမှော်စွမ်းရည် နှစ်မျိုးပေါင်းစပ်မှုမှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု တစ်ခုရှိတယ်.."
မြင်ကွင်းကိုစိုက်ကြည့်ရင်း ငွေရောင်ယူနီကွန်းက မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်နေသည်။
အဆုံးသတ်တွင် အင်မော်တယ်စံအိမ်၏ အမျိုးသမီးအကြီးအကဲသုံးဦး အဘယ်ကြောင့် တခဏအတွင်း ဆုံးပါးသွားရသည်ကို သိရှိသွားခဲ့သည်။
ယင်းမှာ အစွမ်းထက် မှော်စွမ်းရည်နှစ်မျိုးက ထိုမိန်းကလေးကို ပကတိအင်မော်တယ် အဆင့်ထိ မြှင့်တင်ပေးခဲ့သောကြောင့်ပင်။
ထို့ကြောင့် သူမကို ခြေသလုံး အိမ်တိုင်အင်မော်တယ် ဆယ်ယောက်ပင် ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။
ငွေရောင်ယူနီကွန်းက ဤမိန်းကလေးထံမှ ထွက်လာသော မူလစိတ်ဝိညာဉ် နယ်ပယ်၏ စွမ်းအားကိုလည်း ခံစားနိုင်သည်။
ရှင်းလင်းစွာ ပြောရရင် သူမက မူလစိတ်ဝိညာဥ်နယ်ပယ်ကို ဆင့်ခေါ်နိုင်သည့်သူ တစ်ယောက် ဖြစ်၏။
သူမက မူလစိတ်ဝိညာဥ်နယ်ပယ် ထဲတွင် အကြီးအကဲ သုံးယောက်ကို သတ်ပစ်ခဲ့ပုံရသည်။
ယခုတော့ သူမက အင်မော်တယ်စံအိမ်သခင် ချန်ယွီ၏ အေးခဲနေသော မူလစိတ်ဝိညာဥ်နယ်ပယ် ထဲတွင် ချန်ယွီနှင့် တိုက်ပွဲဝင်နေ၏။
ငွေရောင်ယူနီကွန်းက သူ၏ထင်ကြေးကို ပေးရန် မလိုအပ်ပေ။
ဤနေရာမှ လူအများစုက ဖြစ်ပျက်ခဲ့သည်များကို သူကဲ့သို့ပင် ခန့်မှန်းနိုင်ခဲ့ကြသည်။
ချိုက်လျန်က ဤမြင်ကွင်းကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။
"မောင်လေးဖန့်ရှင်းက ကလေးဘဝထဲက မွေးစားခံထားရတယ်လို့ စီနီယာအင်မော်တယ် ပြောခဲ့ဖူးတယ်.. ဒါကြောင့် သူ့ဇစ်မြစ်ကို ဖော်ထုတ်ဖို့ ငါကြိုးစားခဲ့သေးတယ်.. အခုအချိန်မှာတော့ သူက ဒီလောက် မရိုးရှင်းတော့ဘူး ဆိုတာ သိသာသွားပါပြီ.. သူက အင်မော်တယ်ရှဲဖီရဲ့ ကလေးပဲ.. ရုပ်ရည်အပြင် သူက အင်မော်တယ်ရှဲဖီရဲ့ ပင်မခွန်အားအချို့ကိုပါ အမွေဆက်ခံခွင့်ရခဲ့ပုံပဲ"
သူမ၏ သုံးသပ်မှုကို ကြားလျှင် လူတိုင်း အံသြသွားကြသည်။
"အဲဒါဆိုရင်တော့ အားလုံးက အဓိပ္ပါယ်ရှိသွားပြီ"
ထိုစကားကိုပြောရင်း ချိုက်လျန်က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို သူမ အများကြီး သိခဲ့သည် မဟုတ်လော။
"အင်မော်တယ်ရှဲဖီကို တစ်စုံတစ်ယောက်က လမ်းလွဲအောင် လုပ်ခဲ့တယ်လို့ မီဒီယာ တော်တော်များများက သတင်းဖော်ပြခဲ့ကြတယ်.. အခု လက်ရှိ အခြေအနေကို ကြည့်ရတာ ဒီလူကအင်မော်တယ် စံအိမ်သခင် ဖြစ်လောက်တယ်"
အဆုံးသတ်တွင် ဤသည်မှာ ဖန့်ရှင်း၏ အင်မော်တယ် စံအိမ်အပေါ် နှစ်ရှည်လများ အငြိုးထားခဲ့သည့် အကြောင်းရင်းလည်း ဖြစ်၏။
ယခုတစ်ကြိမ်တွင် ဖန့်ရှင်းက သူနှင့်ပင် ရင်းနှီးခွင့်ရခဲ့သည်။
ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ငွေရောင်ယူနီကွန်းက ရုတ်တရက် အံ့အားသင့်စွာ အော်ပြောလိုက်သည်။
အင်မော်တယ် စံအိမ်သခင် ကောင်းကင်သတ္တုဓားကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရလျှင် ၎င်း၏ မျက်လုံးများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
"ဒီဓားကို ငါအရင်က မြင်ဖူးတယ်.. စံအိမ်သခင်က ဒီဝိညာဉ်ဓားကို နှစ်တစ်ရာလောက် ဖန်တီးခဲ့တာပဲ.. ဒီဓားက အရမ်းထူးဆန်းလွန်းတယ်.. မင်းတို့ သူငယ်ချင်းတော့ အန္တရာယ်ရှိနေပြီ"
..........................
ဝမ်လင်းက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ဖန့်ရှင်း၏ မိန်းမဆန်သော ပုံစံကို စူးစိုက် ကြည့်နေခဲ့သည်။
သူက အင်မော်တယ် ရှဲဖီ၏ခေတ်ကို မမီလိုက်၍ ရှဲဖီ၏ အမျိုးမျိုးသော အပြစ်များနှင့် စပ်လျဉ်း၍ သူထားသိသမျှမှာ ဆရာဝမ်၏ သမိုင်း အတန်းချိန်တွင် ကြားသိရသမျှ အနည်းငယ်သာ ဖြစ်သည်။
ထို့ကြောင့် သူ့အနေဖြင့် မည်သည့် သုံးသပ်မှုမျိုးကိုမဆို ပြုလုပ်ရန် အရည်အချင်းမရှိပေ။
သူက ဖန့်ရှင်းကို မကြိုက်သလို မုန်းလည်း မမုန်းပေ။
ကောင်းကင်ဝါးမျိုဖားပြုပ်ကို သတ်လိုက်စဥ် ကတည်းက သူတို့နှစ်ယောက်၏ ကံကြမ္မာက စတင်ခဲ့သည်ဟု ဝမ်လင်းတွေးမိခဲ့သည်။
ထို့ကြောင့် ဝမ်လင်းက ဤမြင်ကွင်းကိုကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းကို လေးလံစွာ ချလိုက်သည်။
ဤကံကြမ္မာကို နောင်တွင် ဖြည်းညှင်းစွာ ဖြေရှင်းရမည် ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်နေပါစေ.. ယခုအခါတွင် ဖန့်ရှင်းကသူ၏ညီနောင် ဖြစ်နေသည် မဟုတ်ပါလား။
...................
"ညီနောင်လင်း မင်းမှာ ဖြေရှင်းဖို့ နည်းလမ်းရှိလား.. ညီနောင်ဖန့်ရှင်းက ကြာကြာတောင့်မခံနိုင်တော့ဘူး"
ဗုံးပစ်စီနီယာအင်မော်တယ်က စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
ထိုအချိန်တွင် ဖန့်ရှင်းက သူ၏ မှော်စွမ်းရည်နှစ်မျိုးကို ရုတ်သိမ်းလိုက်ပြီ ဖြစ်၍ လူငယ်လေး တစ်ယောက် အဖြစ်သို့ တဖြည်းဖြည်း ပြန်ပြောင်းသွားခဲ့သည်။
ငွေရောင်ယူနီကွန်းက မျက်မှောင်ကြုတ်လိုက်သည်။
"သူ့ကို ကယ်တယ်ဖို့ဆိုရင် ငါတို့က မူလစိတ်ညာဉ် နယ်ပယ်ထဲကို ထိုးဖောက်ပြီး ဝင်မှရမယ်.. ဒါပေမယ့် အဲဒါက အရမ်းခက်ခဲတယ်"
"ကိစ္စမရှိပါဘူး"
ဖက်တီးလောက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"သခင် ကျင့်ခယ်က သေချာပေါက် လုပ်နိုင်စွမ်းရှိတယ်.. သခင်ကျင့်ခယ်က လင်းကျန်းရန်ရဲ့ ဓားပဲ"
"သခင်ကျင့်ခယ်က ဝိညာဥ်ဓားလား"
ငွေရောင်ယူနီကွန်းက တအံ့တသြ ရေရွတ်လိုက်သည်။
"အင်မော်တယ်စံအိမ်သခင် မနေ့တုန်းက လုယူသွားခဲ့တဲ့ မက်မွန်သစ်သားဓားတစ်ချောင်းပါ"
'ဖက်တီးလော'က ရှင်းပြလိုက်သည်။
ငွေရောင်ယူနီကွန်းက သဘောပေါက်သွား၏
"စံအိမ်သခင်က အဲဒီဓားပေါ်မှာ စည်းတံဆိပ်တွေ ထပ်ကပ်ထားတာကို ငါ မှတ်မိတယ်"
ထိုစကားကို ကြားလျှင် ဝမ်လင်း၏ ပါးစပ်က ရွဲ့မလိုပင်ဖြစ်သွားသည်။
[အင်မော်တယ်စံအိမ်သခင်တွေက ကျင့်ခယ်ကို အဲဲဒီလိုအမှိုက်တွေနဲ့ ထိန်းချုပ်လို့ရမယ် ထင်နေတာလား]
[ဟက် နုံအလွန်းတယ်]
........................
ဝမ်လင်းက သူ့ လက်ချောင်းများကို လျှပ်တပြက် လှုပ်ရှားလိုက်ရာ...
ရေခဲမြစ် မူလစိတ်ဝိညာဥ်နယ်ပယ် အတွင်းရှိ အာကာပြင်လှိုဏ်ခေါင်းက ချက်ချင်းပွင့်သွားပြီး ရင်းနှီးသော အညိုရောင် ဝိညာဥ်ဓားက အမှောင်ထုထဲကနေ ထွက်ပေါ်လာသည်။
အပိုင်း(၃၀၃) ပြီး၏။