လင်းကျန်းရန်၏ မဟာစည်းတံဆိပ်ခတ် နှုတ်ခမ်း တာအို
Vol. 21 Ch. 306
မူလစိတ်ဝိညာဥ်နယ်ပယ် တစ်ခု တည်ဆောက်ခြင်းသည် အမှန်တကယ်တွင် ရှုပ်ထွေးသော လုပ်ငန်းစဥ်တစ်ခု ဖြစ်၏။
ထိုသို့လုပ်ဆောင်ရာတွင် အဓိကကျသည်မှာ ဝိညာဉ်စွမ်းအင် အရင်းအမြစ် ဖြစ်သည်။
ဤအရင်းအမြစ်ကို ရှုပ်ထွေးပြီး အကိုင်းအခက် လမ်းကြောင်းများစွာ ပေါက်ဖွားလာခဲ့သည့် သစ်ပင်၏ ပင်စည်ပမာ မှတ်ယူနိုင်ပေသည်။
ဝိညာဉ်စွမ်းအင် အရင်းအမြစ်အပြင် ပတ်ဝန်းကျင်ကို စံနမူနာပြုခြင်းသည်လည်း အရေးကြီးသော အရာတစ်ခု ဖြစ်သည်။
ဝမ်လင်းက တွက်ချက်မှုများကို ဂရုတစိုက် လုပ်ဆောင်ခဲ့သည်။
သူက ငွေရောင် ယူနီကွန်း နှင့် ယခင် ထိပ်တိုက်တွေ့ဆုံမှု အပြင် စံအိမ်သခင်ချန်ယွီ၏ မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဂရုတစိုက် ကြည့်ရှုခြင်းဖြင့် မူလစိတ်ဝိညာဥ်နယ်ပယ် ဖန်တီးရန်အတွက် ခက်ခဲသော အပိုင်းများကို သုံးမိနစ်အတွင်း ဖြေရှင်းနိုင်ခဲ့သည်။
မူလစိတ်ဝိညာဉ်နယ်ပယ် တည်ဆောက်ခြင်းအတွက် လိုအပ်သည့် ဖော်မြူလာကို ပိုင်းခြားစိတ်ဖြာသည့် အပိုင်းတွင်လည်း မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့၏။
ချန်ယွီက စိတ်ပျက်အားငယ်စွာဖြင့် ဒူးထောက်ကျသွားသည်။
သူ့မျက်နှာက စာက္ကူစ တစ်ရွက်လို ဖြူဖျော့နေ၏။
အခြားသူ၏ မူလစိတ်ဝိညာဥ်နယ်ပယ် အတွင်း ပိတ်မိနေသောအခါတွင် သူက မည်သည့် တာအို မှော်အတတ်ကိုမှ အသုံးမပြုနိုင်ပေ။
သူ့တွင် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဖျက်ဆီးရန် အစွမ်းထက် မှော်ရတနာမရှိလျှင် လွတ်မြောက်ရန်လမ်း မရှိတော့ကြောင်း သူကောင်းစွာသိသည်။
ထို့အပြင် ဒဏ်ရာ အပြင်းအထန်ရထားသည့် သူ့ခန္ဓာကိုယ်နှင့် သူဘာလုပ်နိုင်ပါမည်နည်း။
"အင်မော်တယ် စံအိမ်သခင်.. မင်းမှာပြောစရာရှိသေးလား"
ချန်ယွီကို စိုက်ကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။
"ငါ..."
ချန်ယွီက ထစ်ငေါ့နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ကို တည်ငြိမ်စွာ ကြည့်နေ၏။
"မင်းမှာ နှုတ်ဆိတ်နေပိုင်ခွင့်ရှိတယ်.. မင်းပြောသမျှကို တရားခွင်မှာ အသုံးပြုမယ်"
ဤနေရာတွင် ရပ်နေသောလူအားလုံးမှာ အင်မော်တယ်စံအိမ် ပြိုလဲခြင်း၏ သက်သေများ ဖြစ်သည်ဟု ဆိုနိုင်သည်။
ဓားစုဆောင်းသော အရူး၏ ဆံပင်သည် ဝိညာဉ်ဓား အားလုံးနှင့် စာချုပ်ကို အတင်းအဓမ္မ ရပ်စဲခံလိုက်ရသဖြင့် ချက်ချင်းပင် ဖြူဖွေးသွားခဲ့၏။
ယင်းက ကျင့်ခယ်အနေဖြင့် ချန်ယွီကို အသင့်လျော်ဆုံး ပြစ်ဒဏ်ကို ပေးထားပြီးပြီဟုပင် ဆိုနိုင်သည်။
ချိုက်လျန် သက်ပြင်းချလိုက်သည်။
ဤဓားအရူး စံအိမ်သခင် နှင့် ဆက်ဆံခြင်းအပြင် အင်မော်တယ်စံအိမ် ပြိုလဲချိန်၌ ကျန်ရစ်ခဲ့သော အရှုပ်အထွေးသည် ယခုအခါ နောက်ထပ် ပြဿနာကြီး တစ်ခု ဖြစ်လာသည်။
စံအိမ်မှ အမျိုးသမီးတပည့်များ၏ လွတ်လပ်ခွင့်ကို ဆုံးဖြတ်ရန် ရှေ့နေများ ဌားရန်လည်း လိုအပ်ဦးမည် ဖြစ်သည်။
ချန်ယွီက ၎င်းတို့ကို ငယ်စဥ်ကတည်းက ပြန်ပေးဆွဲပြီး ကလေးအဖြစ် ခေါ်ဆောင်လာခဲ့သည်။
၎င်းတို့၏ မသိနားမလည်မှုကို တရားရုံးက ခွင့်လွှတ်နိုင်သော်လည်း အနည်းဆုံးတော့ ၎င်းတို့က ရဲဘက်စခန်းများသို့ ပို့ဆောင်ခံရမည်ဟု ချိုက်လျန် ခန့်မှန်းထားသည်။
ခေတ်မီကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတများစွာ နည်းပါးပြီး၊ ခေတ်မီလူ့အဖွဲ့အစည်းကို နားလည်မှု အလွန်နည်းပါးသော ဤအတွင်းစည်း ဂိုဏ်းဝင် အမျိုးသမီး တပည့် တစ်ဦးစီတွင် ကောင်းမွန်သော အလားအလာများ ရှိနေ၏။
ဤသည်မှာ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအင် အဆင့် ကျင့်ကြံသူ အရင်းအမြစ် တစ်ခု ဖြစ်သည်။
မှန်ကန်စွာ အသုံးပြုနိုင်ခဲ့လျှင် ၎င်းတို့က အမျိုးသား တပ်မတော်အတွက် အင်အားသစ် ဖြစ်လာနိုင်ပေသည်။
ချိုက်လျန်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ ကျင့်ကြံခြင်း ဖိုရမ်တွင် မန်နေဂျာ အဖြစ် မထမ်းဆောင်မီ အမျိုးသမီး အထူးတပ်ဖွဲ့တွင် ယာယီ တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။
သူမ၏အမြင်အရ အကယ်၍ ဤအမျိုးသမီး အုပ်စုကို စစ်သင်တန်း တက်ရန် စေလွှတ်လိုက်လျှင် လာမည့်နှစ်တွင် "ဖီးနစ်နိဗ္ဗာန်" ဒရမ်မာ ဇာတ်ကားကို ရိုက်ကူးနိုင်လောက်၏။
"ညီနောင်လင်း.. သူ့ကို ထိန်းချုပ်ဖို့ နည်းလမ်းရှိလား"
ဗုံးပစ်စီနီယာက အနည်းငယ် စိတ်မချ ဖြစ်နေခဲ့သည်။
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်ပြီး လက်ဟန်တစ်ခု ထုတ်ဖော်ကာ "မဟာစည်းတံဆိပ်ခတ် နှုတ်ခမ်း တာအို"ကို အသုံးပြုလိုက်၏။
ရှေးတုန်းက ကျင့်ကြံသူတွေက နည်းစနစ်များစွာကို အသုံးပြုခဲ့ကြသည်။
၎င်းတို့က လက်ဟန်တစ်ခု ထုတ်ဖော်ပြီး ဂါထာမန္တရားများရွတ်ဆိုခြင်းဖြင့် "မဟာစည်းတံဆိပ်ခတ် နှုတ်ခမ်း တာအို"ကို အသုံးပြုခဲ့ကြ၏။
ဤ မဟာတာအို စွမ်းရည်က ပါးစပ်ကိုတင် ပိတ်ရုံ မကဘဲ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ထုတ်လွှတ်မှုကိုပါ တားဆီးပေးနိုင်သည်။
ထို့ကြောင့် ပါးစပ်ကို အဝတ်စဖြင့် စည်းထားသည်ထက်ပင် ပို၍ အသုံးဝင်၏။
ဝမ်လင်းကမူ "မဟာစည်းတံဆိပ်ခတ် နှုတ်ခမ်း တာအို"၏ စည်းမျဉ်းတချို့ကို ဖယ်ရှား၍ အဆင့်မြှင့်တင်ခဲ့သည်။
ဤသည်က စံအိမ်သခင်၏ သေချင်ယောင် ဟန်ဆောင်ခြင်းမှလည်း တားဆီးနိုင်၏။
ကိုယ်တိုင် အဆင့်မြှင့်တင်ထားသဖြင့် ဤစွမ်းရည်က ဝမ်လင်း တစ်ဦးထဲသာ တတ်မြောက်သည်ဟု ဆိုနိုင်ပေသည်။
ချန်ယွီက မြေပြင်ပေါ်တွင် ဒူးထောက်ကာ အမှန်တကယ် ကြောက်လန့်နေသည်။
စံအိမ် သခင်အနေဖြင့် သူ၏ အသိပညာနှင့် အတွေ့အကြုံများက အပေါ်ယံမဟုတ်ပေ။
သူ့ရှေ့မှ ဆယ်ကျော်သက် လူငယ်လေးက မဟာတာအို သုံးထောင်ထဲမှ တစ်ခုကို သူ့အပေါ်သို့ အသုံးချလိုက်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
ယင်းက မဟာတာအိုသုံးထောင် ဖြစ်သည်။
မဟာတာအို ဆိုသည်မှာ ကျင့်ကြံသူအများအပြား လိုလားတောင့်တပြီး မွှေနှောက် ရှာဖွေခဲ့သော အစွမ်းထက်ဆုံး တာအိုစွမ်းရည်များလည်း ဖြစ်သည်။
အင်မော်တယ်အသွင်ယူ စွမ်းရည်နှင့် အဖြူရောင်ညစွမ်းရည်ပင် မဟာတာအိုကို ယှဉ်၍မရပေ။
ချန်ယွီ အကြောက်ဆုံးမှာ ဤလင်းကျန်းရန်က အလွန် အစွမ်းထက်လွန်းပြီး မဟာတာအိုကို ချောမွေ့စွာ အသုံးပြုနေနိုင်ခြင်းပင်။
သူက ဝမ်လင်း၏ လက်ဟန်ကိုပင် အသေအချာ မမြင်လိုက်ရပေ။
သူ့ဘဝတစ်ခုလုံးတွင် ဤကဲ့သို့ စွမ်းရည်မျိုးကို ဘယ်တော့မှ သင်ယူနိုင်မည် မဟုတ်ချေ။
[ငါဘယ်လိုလူမျိုးကို စော်ကားခဲ့မိတာလဲ]
"မျှော်လင့်ထားတဲ့အတိုင်း ညီနောင်လင်းက အံ့သြစရာပဲ..."
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းတစ်ချက် ချမိလိုက်သည်။
ဤနည်းအားဖြင့် ဝမ်လင်းက သူ၏ မူလစိတ်ဝိညာဥ် နယ်ပယ်ကို ရုတ်သိမ်းလိုက်လျှင်ပင် အင်မော်တယ် စံအိမ်သခင်က မည်သည့်နည်းနှင့်မှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။
..........................
ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က စံအိမ်ကြီးကို ရှာဖွေခဲ့ကြသည်။
နောက်ဆုံးတွင် မှော်ရတနာများ သိမ်းဆည်းထားသည့် ချန်ယွီ၏ နေရာလွတ် မှော်ပညာ အသုံးပြုထားသော နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုနေရာတွင် စကားလုံးသုံးလုံး ပါသည့် စာတန်းတစ်ခုရှိနေ၏။
"နောက်ထပ်နေရာလွတ်အတွင်း.."
ထိုစာတန်းကို ကြည့်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ် သက်ပြင်းချလိုက်သည်။
ထို့နောက် သူက ချန်ယွီကို စိုက်ကြည့်လိုက်၏။
"မင်းကြည့်စမ်း.. မင်းရဲ့ အရေးမပါတဲ့ ဓားရှည်တွေနဲ့ ဒီနှစ်တွေမှာ မင်းဘယ်လောက်ထိ မွှေနှောက်ခဲ့လဲ"
ချန်ယွီ "..........."
ဓမ္မရာဂျာ "စီနီယာ အင်မော်တယ်.. ငါတို့တွေ ဒီပစ္စည်းတွေအားလုံးကို အစိုးရဆီ လွှဲပေးရမှာလား"
ဗုံးပစ်စီနီယာအင်မော်တယ် "အင်း... ငါတို့တွေ သေချာပေါက် လွှဲပေးရမှာပေါ့.. ဒါပေမယ့် တာအိုအစီအရင် ၊ ဆေးဝါးတွေ နဲ့ အခြားအရာတွေလိုမျိုး အသုံးကျတဲ့ အရင်းအမြစ်တွေကိုတော့ ချန်ထားသင့်တယ်လို့ ငါထင်တယ်.. ဒီခရီးစဉ်မှာ ငါတို့က အဲဒါတွေကို တော်တော်လေး စားသုံးခဲ့ရတယ် မဟုတ်လား.. အဲဒါတွေကို ငါတို့ရဲ့ အထောက်အပံ့အဖြစ် နည်းနည်းလောက် ယူထားတာက သင့်လျော်မယ်လို့ ငါထင်တယ်"
"မင်းတို့ရော ဘယ်လိုထင်မြင်လဲ"
"ငါတို့တွေ အသေးစိတ်ကအစ အတိအကျ ပြန်အပ်သင့်လား"
ဝမ်လင်းမှလွဲ၍ အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။
"စီနီယာအင်မော်တယ် ပြောတာက အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်"
ဝမ်လင်း ".............."
.....................
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်နယ်ပယ် အတွင်းရှိ အုန်းပင်အောက်တွင် ချိုက်လျန်တို့က မှော်ရတနာများကို စာရင်းလုပ်နေကြသည်။
အင်မော်တယ်ထုန်ရာကမူ ဖန့်ရှင်းကို ကုသနေဆဲ ဖြစ်၏။
အစောပိုင်းတွင် ဖန့်ရှင်းက မူလစိတ်ဝိညာဉ်နယ်ပယ်မှ ထွက်လာပြီးနောက် မေ့မြောသွားခဲ့သည်။
သူ့အခြေအနေက အင်မော်တယ်ထုန်ရာ ထင်ထားသည်ထက်ပင် ပိုမို ဆိုးရွားနေခဲ့၏။
အင်မော်တယ်ထုန်ရာက ဖန့်ရှင်း၏ ဒဏ်ရာများကို ကုသရန် သူ၏သွေး၊ ချွေးနှင့် မျက်ရည်များဖြင့် လပေါင်းများစွာ သန့်စင်ထားသည့် သူ၏ အဖိုးတန် ဆေးအချို့ကိုပင် ကျွေးခဲ့သည်။
သွေးထွက်တာ ရပ်သွားသော်လည်း ဆယ်ကျော်သက်လေးက သတိရလာမည့် လက္ခဏာမျိုး မပြသေးပေ။
"သူ့အခြေအနေ ဘယ်လိုလဲ"
ဝမ်လင်းက မျက်ခုံးပင့်ကာ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
အင်မော်တယ်ထုန်ရာက မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
"ငါ တတ်နိုင်သမျှတော့ လုပ်ထားပြီးပြီ"
ဝမ်လင်း "............."
အင်မော်တယ်ထုန်ရာက သူ့စကား၏ အဓိပ္ပါယ်ကို လျင်မြန်စွာ သတိပြုမိပြီး ကပျာကယာ ပြန်ပြင်ပြောလိုက်သည်။
"လင်းကျန်းရန် နားလည်မှုမလွဲပါနဲ့.. ငါဆိုလိုတာက ငါ့ရဲ့အစွမ်းထက် ဆေးဝါးတွေနဲ့ အစွမ်းကုန် ကုသပေးထားတယ်လို့ ပြောချင်တာပါ"
"ရိုးရိုးသားသား ပြောရရင် ညီနောင် ဖန့်ရှင်းရဲ့ ဒဏ်ရာက နည်းနည်းတော့ ဆန်းတယ်...အဲဒါက သာမန်ဓားဒဏ်ရာ တစ်ခုလိုမဟုတ်ဘဲ ဓားချီက ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး သွေးကြောတွေကို တိုက်ခိုက်နေတာပဲ"
အင်မော်တယ်ထုန်ရာက မျက်မှောင်ကြုတ်လိုက်ပြီး မေးစေ့ကို ပွတ်သပ်လိုက်သည်။
"တကယ်တော့ ဒီအရာက ဓားချီလို့တောင် မယူဆနိုင်ပါဘူး.. အဲဒါက ညီနောင်ဖန့်ရှင်းကို အဆက်မပြတ် ကိုက်ခဲနေတဲ့ ခေါင်းမာတဲ့ ပိုးကောင် တစ်ကောင်လိုပါပဲ"
"ဒါ့အပြင် အဲဒီအရာက ဝိညာဉ်စွမ်းအင် ထုတ်လုပ်မှုကိုပါ ဖိနှိပ်ထားတာကြောင့် ဝိညာဉ်စွမ်းအင်က ခန္ဓာကိုယ် အတွင်းပိုင်းမှာ မပျံ့နှံ့နိုင်တော့ဘူး.. ဒါက သူသတိလစ် မေ့မြောခြင်းရဲ့ အဓိက အကြောင်းအရင်းလည်း ဖြစ်တယ်"
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ဖန့်ရှင်း၏ ခန္ဓာကိုယ်ကို စကင်န်ဖတ်ရန် ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။
အင်မော်တယ်ထုန်ရာ ပြောခဲ့သလိုပဲ လျှို့ဝှက်ဆန်းကြယ်သည့် ချီတစ်မျိုးက သွေးကြောထဲ စီးဆင်းနေသည်ကို သူတွေ့ရှိခဲ့၏။
ထိုအရာက ဓားချီ မဟုတ်ပေ။
ဝမ်လင်းက သူ့လက်ထဲတွင် ဝိညာဉ်အလင်းရောင်ကို ဖန်တီးပြီး မဟာ သန့်စင်ရေး တာအို အစွမ်းဖြင့် လျှို့ဝှက်ဆန်းကြယ်သောချီကို ဖယ်ရှားရန် ကြိုးစားခဲ့သည်။
သို့သော် မထင်မှတ်ပဲ အောင်မြင်မှု မရခဲ့ပေ။
ယင်း လျှို့ဝှက်ဆန်းကြယ်သောချီက ကောင်းကင်သတ္တုဓားနှင့် ပတ်သက်မှု ရှိနေပါသလော။
ဝမ်လင်းက ထိုသို့ တွေးတောနေရင်း ဒူးထောက်နေတဲ့ ချန်ယွီကို ရုတ်တရက် ကြည့်လိုက်ရာ စံအိမ်သခင်ချန်ယွီက ချက်ချင်းပင် ကြောက်လန့်တကြား တုန်လှုပ်သွားခဲ့သည်။
အပိုင်း(၃၀၆) ပြီး၏