ကျနော်တို့ဆရာဖိုးဖိုးက အတော် အစွမ်းထက်တဲ့သူဖြစ်ရမယ်
Vol. 21 Ch. 308
တကယ်တော့ ကျိုးရီ ကိုယ်တိုင်ပင် သူ၏ ဂုဏ်သတင်း ဤမျှအထိ ပြန့်နှံ့နေမှန်း မသိလိုက်ပေ။
အတွင်းရေးမှူး တာခန်းနှင့် ဆက်ဆံရေးမရှိလျှင်ပင် သူ့ပတ်ဝန်းကျင်၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် ကျိုးရီက ကျော်ကြားနေခဲ့သည်။
လွန်ခဲ့သော ခြောက်နှစ်က ကမ္ဘာခြား ဖြစ်ရပ်အပြီးတွင် သူက ကျောင်းပေါင်း ၁၀၀ ၏ အထွေထွေ အုပ်ချုပ်ရေး လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် တရားဝင် ဖြစ်လာသည်။
လွန်ခဲ့သည့် လအနည်းငယ်ခန့်က အရိပ်အဖွဲ့ခေါင်းဆောင်၏ ညီမဖြစ်သူ ကျန်းလျှိုယင်းမှာ အဖမ်းခံရပြီးမှ ထောင်ဖောက်၍ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
သို့သော် မကြာခင်မှာပင် ပြန်လည် ဖမ်းဆီးရမိသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
ကြောက်စရာအကောင်းဆုံးမှာ မိစ္ဆာအင်ပါယာ ကွာဖီကို ဖမ်းဆီးခြင်းပင်လျှင် သူနှင့် ပတ်သက်မှု တစ်ခုခု ရှိနေသည်။
ကျိုးရီက သူ၏ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကြောင်းတွင် မယုံနိုင်ဖွယ် အောင်မြင်မှုများကို ရလာခဲ့သည်။
အချို့သောသူများ အနေဖြင့် ၎င်းတို့၏ ဘဝတစ်ခုလုံးကြိုးစားလျှင်ပင် အောင်မြင်နိုင်မည် မဟုတ်သည့် ကိစ္စကြီး တစ်ခုတွင် ပါဝင်ခဲ့ဖူးသည်။
ထိုကိစ္စက တွေးကြည့်ရုံဖြင့်ပင် လူတစ်ယောက်၏ ဆံပင်တွေကို အဆုံးစွန်ထိ ထောင်ထသွားစေနိုင်၏။
ထို့ကြောင့် ကျိုးရီ၏ မျက်နှာကို မြင်သောအခါ ရဲဦးလေးကြီး၏ တုံ့ပြန်မှုမှာ ဆံပင် အဆုံးစွန်ထိ ထောင်ထသလောက် မရိုးရှင်းတော့ပေ။
သူ့ခေါင်းက ပေါက်ကွဲထွက်တော့မလို ခံစားခဲ့ရသည်။
"ကျိုး.. ကျိုး.. ဒါရိုက်တာကျိုး မဟုတ်လား.. ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"
ရဲဦးလေးကြီးက အတော်လေး တုန်လှုပ်နေသည်။
"ကျနော် အကြီးအကဲကို ခေါ်လိုက်မယ်"
ဤသည်က ပေါ့သေးသေး ကိစ္စမဟုတ်ပေ။
စုန့်ဟိုင်မြို့နှင့် ဆောင်းဥတုမြို့တို့က တစ်မြို့နှင့် တစ်မြို့ ဝေးကွာသော်လည်း ရဲဦးလေးကြီးက သူ့ကို လုံးဝ မစော်ကားရဲပေ။
ဤသည်မှာ မိစ္ဆာအင်ပါယာ၏ ကျော်ကြားမှုကိုပင် ယှဥ်နိုင်သည့် ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်သည် မဟုတ်လော။
ရဲဦးလေးကြီး၏ တုံ့ပြန်မှုကြောင့် ကျိုးရီပင် တုန်လှုပ်သွားသည်။
".............."
ဤရဲဦးလေးကြီးက တစ်စုံတစ်ရာကို နားလည်မှုလွဲနေပြီဟု သူခံစားလိုက်ရ၏။
ရဲဦးလေးကြီးက သူ့အကြီးအကဲကို ခေါ်ရန် ထွက်သွားသည်ကိုမြင်လျှင် ကျိုးရီက သူ့မျက်နှာကို လက်ညှိုးထိုးပြကာ အောင်မြင်ခြင်းကျိုးကို မေးလိုက်သည်။
"ငါက အရမ်းကြောက်ဖို့ ကောင်းနေလို့လား"
အောင်မြင်ခြင်းကျိုးကာ မရယ်မောဘဲ မနေနိုင်တော့ချေ။
"ကွာဖီ အဖမ်းခံရပြီးကတည်းက ဆရာနဲ့ပတ်သက်တဲ့ ကောလဟာလတွေက တစ်မြို့ချင်းစီမှာ ပုံစံ အမျိုးမျိုးနဲ့.ပျံ့နှံ့နေတယ်လေ"
"တချို့သတင်း ဌာနတွေကတော့ လူထုရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်ဖို့ အတွက် အချက်အလက်တွေကို တမင်ချဲ့ကားပြီး ဖော်ပြခဲ့ကြတယ်"
ကျိုးရီ "ဒါဆို သူတို့ ငါ့အကြောင်း ဘာတွေပြောကြလဲ"
အောင်မြင်ခြင်းကျိုး "တခြားမြို့တွေရဲ့ အခြေအနေကို ကျွန်တော်မသိပေမယ့် ဆောင်းဥတုမြို့တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတဲ့ ဗားရှင်းတစ်ခုကတော့ ဆရာက ဗိုလ်ချုပ်ရီကို ကူပြီး မိစ္ဆာအင်ပါယာကွာဖီကို ဖမ်းပေးခဲ့တယ်ဆိုတဲ့ ကောလဟလပဲ.. ဆရာကြောင့် ကွာဖီက နေရာမှာတင် အော်ဟစ်ပြီး လက်မြှောက် အရှုံးပေးခဲ့ရတယ်တဲ့"
ကျိုးရီ ".........."
"ဒါက အတင်းအဖျင်းတွေပါ ဆရာ.. အဲဒါကို ဂရုစိုက်မနေပါနဲ့"
ကျိုးရီက သူ့ကို ကြည့်လိုက်သည်။
"ဒါဆို အမှန်တရားက ဘာလို့ မင်းထင်လဲ"
"ဒါက တစ်ဝက်မှန်ပြီး တစ်ဝက်မှားတယ်လို့ ကျွန်တော်ထင်ပါတယ်"
အောင်မြင်ခြင်းကျိုးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဆရာတောင် ဒီလောက် အံသြဖို့ကောင်းရင် ဆရာဖိုးဖိုးက တကယ့်ကို အစွမ်းထက် ကျင့်ကြံသူ ဖြစ်ရမယ်"
ကျိုးရီ "..........."
သူတို့ စကားပြောနေကြစဉ် စောစောက ထွက်သွားခဲ့သော ရဲဦးလေးကြီးက အလွန်ရိုးဖြောင့်ပုံရသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးကို ခေါ်လာခဲ့သည်။
သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသော ထိုသူ၏ ၀တ်စားဆင်ယင်မှု ကြောင့် ဤလူလတ်ပိုင်းအရွယ် အမျိုးသားက အလွန် စည်းစနစ်ကျသော သူတစ်ယောက် ဖြစ်ကြောင်း ကျိုးရီ အတပ် ပြောနိုင်ပေသည်။
ကျိုးရီက ကားထဲကနေ ထွက်လာခဲ့သည်။
သက်လတ်ပိုင်း အရွယ် အကြီးအကဲက အံ့အားသင့်သွားပြီး ကျိုးရီကို ပြုံးပြကာ လက်ဆွဲနှုတ်ဆက်ရန် ရှေ့သို့ တက်လာသည်။
"ဆရာကျိုးရီရဲ့ ဂုဏ်သတင်းကို ကြားဖူးတာကြာပါပြီ.. ဆောင်းဥတုမြို့ကို လာတဲ့ လမ်းခရီးမှာ အဆင်ပြေရဲ့လား.. ဒါနဲ့ ဆရာကျိုးရီက ဒီကို အလုပ်နဲ့လာတာလား.. အလည်အပတ်ပဲလား"
"အလုပ်အတွက်ပါ"
သူ့ဆရာနှင့် ချက်ဂရု အဖွဲ့သားများ ဤနေရာတွင် ရှိနေခြင်းအကြောင်း လုံးဝမပြောရန် စန်းယွမ် လမ်းသို့ မရောက်မီ အောင်မြင်ခြင်းကျိုးအား ပြောခဲ့သည်။
သူ့ဆရာက သိုသိုသိပ်သိပ် နေရသည်ကိုသာ နှစ်သက်သည် မဟုတ်လော။
[မီဒီယာက ဒီအဖြစ်အပျက်ကိုသာ ဓါတ်ပုံရိုက်ယူခဲ့မယ်ဆိုရင် ငါ့ဆရာ အရမ်းစိတ်မကောင်း ဖြစ်သွားလိမ့်မယ်]
ထိုသို့ စဉ်းစားမိပြီးနောက် ကျိုးရီက လည်ချောင်းရှင်းကာ ဆက်ပြောလိုက်သည်။
"အခုလာတာက မြို့လုံးကျွတ် စစ်ဆင်ရေးကို ကြီးကြပ်ဖို့အတွက်ပါ.. အရေးကြီးလွန်းလို့ ဒီက အထက်လူကြီးတွေကို တင်ပြဖို့တောင် အချိန်မရှိခဲ့ဘူး"
ကျိုးရီ၏ စကားကို နားထောင်ပြီးနောက် ရဲအရာရှိ အားလုံး အံ့ဩသွားကြသည်။
"...???..."
“မကြာသေးမီကပဲ ကျောင်းပေါင်း ၁၀၀ ရဲ့ အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ကျောင်းသားတွေကို ပြန်ပေးဆွဲတယ်လို့ သံသယရှိတဲ့ ရာဇ၀တ်ကောင်တွေရဲ့ အစီရင်ခံစာကို လက်ခံရရှိခဲ့တယ်.. ဒါကြောင့် ငါတို့ အထွေထွေအုပ်ချုပ်ရေး အဖွဲ့က စုံစမ်းစစ်ဆေးမှု ချက်ချင်း စတင်ခဲ့တယ်.. အဆုံးမှာတော့ သဲလွန်စတွေက ငါတို့ကို ဒီနေရာမှာ အခြေချနေတဲ့ အမှောင်အင်အားစုအဖွဲ့အစည်းကြီး တစ်ခုဆီ ခေါ်ဆောင်သွားခဲ့တယ်"
ကျိုးရီက ဤစကားများကို ကားထဲတွင် ကြိုတွေးထားခြင်းဖြစ်သည်။
"ဒီမှာမြင်ရတဲ့ အာကာပြင်နံရံကို ဖြိုချခဲ့တာ ငါ့ရဲ့လူတွေပဲ"
"............."
ရဲအကြီးအကဲ အပါအဝင် ရဲအရာရှိများ အားလုံး မှင်တက်သွားကြသည်။
ကျိုးရီက အကြီးအကဲ၏ ရင်ဘတ်ပေါ်ရှိ အမည်နှင့် ရဲနံပါတ်ကို တစ်ချက် ကြည့်လိုက်ရာ အကြီးအကဲ၏ မျိုးရိုးအမည်က ယွီဖြစ်ပြီး ၎င်း၏ ပထမအမည်မှာ ယွဲ့ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
"အကြီးအကဲယွီယွဲ့.. ငါနောက်ကျသွားလား"
ရုတ်တရက်ဆိုသလို ကျိုးရီက အကြီးအကဲကို စိုက်ကြည့်ကာ နောင်တရသော အမူအရာဖြင့် အကြီးအကဲယွီ၏ လက်ကို ဆုပ်ကိုင်ရန် ရှေ့သို့ တိုးသွားခဲ့သည်။
အကြီးအကဲယွီ "..........."
"ဒါက ငါ့ကို အထက်လူကြီးတွေ တာဝန်ပေးအပ်ထားတဲ့ လျှို့ဝှက်စစ်ဆင်ရေးပဲ.. အတွင်းရေးမှူး တာခန်း ကိုယ်တိုင် ခွင့်ပြုမိန့် ပေးထားခဲ့တယ်"
"ဒီမစ်ရှင်ရဲ့ တပ်မှူးအနေနဲ့ ဆောင်းဥတုမြို့ရဲ့ အစိုးရကို ကြိုမဆက်သွယ်တာ ငါ့အမှားပါ"
"အာ.. ရပါတယ်.. စိတ်မပူပါနဲ့ ဒါရိုက်တာကျိုး.. အခြေအနေကို ကြိုပြီး နားမလည်တာလည်း ငါ့အမှားပါပဲ"
အကြီးအကဲ ယွီယွဲ့က လွန်စွာ တုန်လှုပ်နေသည်။
ထို့နောက် အောင်မြင်ခြင်းကျိုး နှင့် အခြားရဲအရာရှိများက ခေါင်းဆောင်နှစ်ဦးသား လက်ဆွဲ နှုတ်ဆက်လိုက်သည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ သာမာန် ယဉ်ကျေးမှုမျှသာ ဖြစ်သော်လည်း ကောလဟာလ သတင်းထွက်နေသော ကျိုးရီအပေါ် ယွီယွဲ့၏ အထင်အမြင်က ပြောင်းလဲသွားခဲ့သည်။
သူက ကျိုးရီ၏ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဒါရိုက်တာကျိုး.. ဘယ်လိုအကူအညီပဲ လိုအပ်နေပါစေ.. ငါတို့ကို အသိပေးဖို့ အားမနာပါနဲ့"
"ကောင်းပါပြီ.. ကျေးဇူးတင်ပါတယ် အကြီးအကဲယွီ"
ကျိုးရီက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ပထမဆုံးအနေနဲ့ ပြောချင်တာက ဒါက အတွင်းရေးမှူးတာခန်းရဲ့ လျှို့ဝှက်မစ်ရှင်တစ်ခုပဲ.. ဒါကြောင့် စုံစမ်းစစ်ဆေးမှုကနေ ရလဒ်တွေ မထွက်ပေါ်ခင် မီဒီယာတွေကို ဘာသတင်းအချက်အလက်မှ ယူခွင့်ပေးလို့မဖြစ်ဘူး"
"ဒုတိယအနေနဲ့ အမှောင်အင်အားစုရဲ့အသိုက်ထဲကို ဝင်စီးနေတဲ့ ငါတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲက လူတွေရဲ့ အထောက်အထားတွေကို ငါတို့တွေ ကာကွယ်ပေးဖို့ လိုအပ်တယ်.. လောလောဆယ်တော့ ဒီလောက်ပါပဲ"
ကျိုးရီ၏ စကားဆုံးသည်နှင့် အကြီးအကဲယွီက သူ့လက်အောက်ငယ်သားကို ချက်ချင်း ကြည့်လိုက်သည်။
"ဆရာကျိုးရီ ပြောတာကို ကြားတယ် မဟုတ်လား.. နည်းပညာအဖွဲ့ကို ချက်ချင်းဖုန်းခေါ်ပြီး မီဒီယာတွေ အင်တာဗျူးဖို့ ခွင့်တောင်းထားတာတွေ အားလုံးကို ရပ်ထားလိုက်တော့"
ရဲအရာရှိက ခေါင်းညိတ်၍ အလေးပြုလိုက်သည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ"
ထို့နောက်တွင် ကျိုးရီက မနီးမဝေးရှိ ကျိုးပျက်နေသော အာကာပြင် နံရံကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
ကံကောင်းထောက်မစွာပင် သူက အခြေအနေကို ထိန်းထားရန် အချိန်မီ ရောက်လာခဲ့သည်။
ထိုသို့ မဟုတ်ဘဲ မီဒီယာတစ်ခုမှ ဤသတင်းကို ရရှိသွားလျှင် အရာအားလုံးက ပိုမို ရှုပ်ထွေးလာပေလိမ့်မည်။
အောင်မြင်ခြင်းကျိုးက ကားကို ရပ်လိုက်ပြီး ကျိုးရီ နောက်မှ လိုက်သွားခဲ့သည်။
သူက သိချင်တာတစ်ခု ရှိ၍ ကျိုးရီကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဆရာ.. အတွင်းရေးမှူး တာခန်းက ဒီကိစ္စကို ဘယ်တုန်းက အတည်ပြုခဲ့လို့လဲ"
အောင်မြင်ခြင်းကျိုးက သူ့လူရင်း ဖြစ်နေ၍ ဖုံးကွယ်စရာ ဘာမျှမရှိသောကြောင့် ကျိုးရီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"အင်း.. အတိအကျပြောရမယ်ဆိုရင် စောနကမှ ခွင့်ပြုချက်တောင်းလိုက်တာပါ"
အောင်မြင်ခြင်းကျိုးက အံ့အားသင့်သွားသည်။
"စောနကပဲလား"
"ဟုတ်တယ်.. လွန်ခဲ့တဲ့ ဆယ်မိနစ်ကမှ အတွင်းရေးမှူး တာခန်းဆီကို စာပို့လိုက်တာပါ"
ကျိုးရီက ပြောလိုက်သည်။
အောင်မြင်ခြင်းကျိုးက အံသြသွားခဲ့သည်။
"............"
သူ့ဆရာ ကျိုးရီ နှင့် အတွင်းရေးမှူး တာခန်းတို့၏ ရင်းနှီးမှုက စာသားမက်ဆေ့ချ်ကို ချက်ခြင်း အတည်ပြုနိုင်သည့် အတိုင်းအတာ အထိ ရင်းနှီးမည်ဟု မထင်ထားခဲ့ပေ။
အောင်မြင်ခြင်းကျိုး၏ အံ့အားသင့်နေသော အမူအရာကို လျစ်လျူရှုရင်း ကျိုးရီက သူ့စကားကို ဆက်ပြောခဲ့သည်။
"ငါအစောပိုင်းက ဆရာ့ဆီကို စာတိုတစ်စောင် ပို့ခဲ့တာ သူက စာချန်ပြ အမှတ်အသားနဲ့ ပြန်ဖြေခဲ့တယ်"
"အဲဒါက ဘာကိုဆိုလိုတာလဲ"
"မင်း သူနဲ့ ပိုရင်းနှီးလာတဲ့အခါ သိလာလိမ့်မယ်"
"မင်းအနေနဲ့ သူ့ရဲ့ စာချန်ပြ အမှတ်အသားတွေကနေ အဓိပ္ပါယ် အမျိုးမျိုးကို ဘယ်လိုနားလည်ရမလဲဆိုတာ သင်ယူရလိမ့်မယ်"
".............."
"သူတို့ မကြာခင် ကိစ္စပြီးတော့မယ် ထင်ပါတယ်.. အခု ငါ မင်းကို အလုပ်တစ်ခု ပေးမယ်"
"ကျနော် ဘာလုပ်ရမလဲ ဆရာ"
အောင်မြင်ခြင်းကျိုးက ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"အကြီးအကဲ ယွီယွဲ့ ဆီကနေ ကြယ်ငါးပွင့်ပါတဲ့ နိုင်ငံတော်အလံကို တောင်းပြီး မင်းလက်မောင်းမှာ ပတ်ထားလိုက်.. ပြီးရင် ကားပေါ်ကို တက်ပြီး လူနှစ်ယောက်ကို နိုင်ငံတော်အလံကို ကိုင်ထားခိုင်းပါ.. သူတို့ ထွက်လာတာနဲ့ ငါတို့တွေ ကြိုဆိုရမယ်..."
အောင်မြင်ခြင်းကျိုး "..........."
အပိုင်း(၃၀၈) ပြီး၏