ဓမ္မရာဂျာ၏ရည်းစားများ
Vol. 21 Ch. 309
ဇွန်လ ၂၇ ရက်၊ စာသင်နှစ်၏ ဒသမမြောက်အပတ်၊ အင်္ဂါနေ့။
မနက်ပိုင်း လေးနာရီလောက်တွင် ရထားများ အားလုံး ပြေးဆွဲခြင်း ရပ်တန့်သွားသည်။
ဝမ်လင်း၊ ဗုံးပစ်စီနီယာအင်မော်တယ် နှင့် အခြားသူများက ဝိညာဉ်ဘတ်စ်ကားဖြင့် စုန့်ဟိုင်မြို့သို့ ပြန်ခဲ့ကြသည်။
အင်မော်တယ်စံအိမ်၏ နောက်ဆက်တွဲ အဖြစ်အပျက်နှင့် ပတ်သက်၍မူ ကျိုးရီကသာ ကိုင်တွယ်ခဲ့သည်။
စုန့်ဟိုင်မြို့သို့ ပြန်သည့် ၎င်းတို့၏ ဝိညာဉ်ဘတ်စ်ကား လက်မှတ်များကို ကျိုးရီက ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။
ကျိုးရီက ငွေရောင်ယူနီကွန်း၏ လျှို့ဝှက်ပို့ဆောင်မှုကိုလည်း အခြားမည်သူမျှ မသိရှိစေရန် ကိုယ်တိုင် ကိုင်တွယ်ခဲ့သည်။
ဆိုရလျှင် ကျိုးရီက အင်မော်တယ်စံအိမ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲ အရှုပ်အထွေးများကို ကိုင်တွယ်ဖြေရှင်းရန် ဆောင်းဥတုမြို့တွင် နေရစ်ခဲ့၏။
ဤအတောအတွင်း ဝမ်လင်းက ကျိုးရီ သူ့အနားတွင် ရှိနေခြင်း၏ အားသာချက်ကို နောက်ဆုံးတွင် သိရှိသွားခဲ့သည်။
သူက ကျိုးရီကို အစပိုင်းတွင် သဘောမကျခဲ့သော်လည်း ဤတပည့်က သူ့တန်ဖိုးကို အမှန်တကယ် သက်သေပြနိုင်ခဲ့သည်။
အနည်းဆုံးတော့ သူက ဝမ်လင်း ထင်ထားတာထက်ပင် အတော်လေး ပိုဂရုစိုက်ခဲ့သည်။
ဤကဲ့သို့ အသေးအဖွဲ ကိစ္စများကို ကျိုးရီထံ ချန်ထားခဲ့နိုင်သော်လည်း အဖွဲ့လိုက်ဖြေရှင်းရန် ကြီးမားသည့် ပြဿနာအချို့ ရှိနေသေး၏။
ဝိညာဉ်ဘတ်စ်ကား ပေါ်တွင် လူတိုင်းက ဖန့်ရှင်း၏ ပြဿနာကို တွေးနေကြသည်။
အကြောင်းရင်းမှာ ဖန့်ရှင်းက ခုချိန်ထိ သတိမရသေး၍ ဖြစ်၏။
"ငါတို့ပြန်ရောက်ရင် ညီနောင်ဖန့်ရှင်း ရဲ့ မိဘတွေဆီ လူကိုယ်တိုင်သွားပြီး ရှင်းပြရမယ်.. မဟုတ်ရင် သူတို့အရမ်းစိုးရိမ်နေလိမ့်မယ်"
"ဖန့်ရှင်းက ဒီတစ်ခေါက် မစ်ရှင်ကို လေ့လာရေးခရီးလို့ ပြောပြီး သူ့မိဘတွေကို လိမ်လည်ထားတယ်.. ဒါကြောင့် သူ့မွေးစားမိဘတွေကို သူမေ့မြောနေတဲ့ အကြောင်းရင်းကို အမှန်တိုင်း ရှင်းပြဖို့ကတော့ ခက်ခဲလိမ့်မယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဖန့်မောင်နှံ နှင့် ယခင်က တွေ့ဆုံဖူးသည်။
၎င်းတို့က ခေါက်ဆွဲဆိုင်ဖွင့်၍ ရိုးသားစွာ အသက်မွေးကြသူများ ဖြစ်၏။
သူတို့က ဖန့်ရှင်း ငယ်စဉ်ကတည်းကပင် မွေးစားခဲ့ကြသည်။
လေ့လာရေးခရီးစဥ်ဟု ပြောပြီး မေ့မြောနေသော ဖန့်ရှင်းကိုပြန်သယ်လာသည်အား တွေ့လျှင် ၎င်းတို့အနေဖြင့် ဗုံးပစ် စီနီယာအင်မော်တယ်၏ လည်ပင်းကို မညှစ်လျှင်ပင် အံ့သြစရာ ဖြစ်နေလိမ့်မည်။
"ငါ့ရဲ့ တွက်ချက်မှု မမှားဘူးဆိုရင် ကောင်းကင်သတ္တုဓားက ငါတို့ကို အဖြေတစ်ခု ပေးလိမ့်မယ်.. ဒါပေမယ့် ငါ့ကိရိယာတွေနဲ့ ဓားထဲက ပစ္စည်းတွေကို သေသေချာချာ ခွဲခြမ်းစိပ်ဖြာပြီးမှပဲ ဖြစ်နိုင်လိမ့်မယ်"
ဖက်တီးလောက သက်ပြင်းချလိုက်သည်။
ယခုအခါတွင် ကောင်းကင်သတ္တုဓားက သူ့လက်ထဲတွင် ရှိနေသည်။
ဝမ်လင်းက ၎င်းကိုရယူရန် ချန်ယွီ၏ မူလစိတ်ဝိညာဉ်နယ်ပယ်ထဲသို့ ကိုယ်တိုင် ထိုးဖောက် ဝင်ရောက်ခဲ့ရ၏။
လင်းကျန်းရန်က အခြားထူးဆန်းသော ဝိညာဉ်ဓား တစ်ထောင်နှင့် အတူ ချန်ယွီအား ကျိုးရီထံ မပေးအပ်မီ ထိုဓားကို သူ့ဆီပေးခဲ့သည်။
ကောင်းကင်သတ္တုဓားမှ လွဲ၍ ကျန်ဝိညာဥ်ဓား အားလုံးကို အစိုးရထံ လွှဲပြောင်းပေးခဲ့ပြီ ဖြစ်သည်။
"ကောင်းပြီ.. ငါတို့ ညီနောင်လောကိုပဲ ဒုက္ခပေးရတော့မယ်"
"စိတ်မပူပါနဲ့.. ငါ အကြောင်းရင်းကို သိတာနဲ့ ချက်ချင်း ပြောပြမှာပါ"
'ဖက်တီးလော'က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
အင်မော်တယ်ထုန်ရာက အကြံပြုလိုက်သည်။
"ညီနောင်ဖန့်ရှင်းကို ငါ့ရဲ့ ဂန္ဓမာကျွန်းမှာ နောက်ထပ် နှစ်ရက်လောက် ထားလိုက်ရင် ကောင်းမယ်.. ဒါဆို ငါ့အနေနဲ့ သူ့ကို ဂရုစိုက်ရတာ ပိုလွယ်သွားလိမ့်မယ်.. တစ်ဖက်မှာလည်း ငါက နည်းလမ်းသစ်တချို့ကို စမ်းကြည့်ချင်သေးတယ်.. ဖြစ်နိုင်ရင် သူတို့ထဲက တစ်ယောက်ကိုတော့ သတိရအောင် လုပ်နိုင်ပါလိမ့်မယ်"
ဝမ်လင်းက ဖန့်ရှင်း၏ မျက်နှာကို အနည်းငယ် စိုက်ကြည့်နေသည်။
ဖန့်ရှင်း၏ သတိမေ့မြောမှုသည် ယခုတစ်ကြိမ် အင်မော်တယ်စံအိမ်၏ ပင်မဌာနချုပ်ကို ချေမှုန်းရန် လှုံ့ဆော်ရာ၌ အကြီးမားဆုံး ထိခိုက်မှု ဖြစ်သည်ဟု ဆိုနိုင်သည်။
အနီရောင်ဝတ် ကျင့်ကြံသူက ဓားတစ်ရာကို အသုံးပြု၍ ဖက်တီးတစ်ယောက်ကို သတ်ရန် ကြိုးစားသည့် ထွင်ထျန်းဟာ၏ အိပ်မက်ဇာတ်ကွက်က အကောင်အထည် မပေါ်လာခဲ့ပေ။
ဇာတ်ညွှန်းအရဆိုလျှင် ယခု မေ့မြောနေသင့်သော သူမှာ ဖက်တီးလော မဟုတ်လျှင် ဓမ္မရာဂျာ ဖြစ်နေလိမ့်မည်။
သို့သော် ဤကိစ္စက စကားထဲ ထည့်ပြောရန်ပင် အရေးမပါကြောင်း ဝမ်လင်းက သိသည်။
ယခု သူတို့လူစုကို စိန်ခေါ်နေသည့် ပြဿနာမှာ သူတို့ရှေ့တွင်သတိမေ့နေဆဲ ဖြစ်သည့် ယာရွှယ်ပင်။
ဤမိန်းကလေးက သတိသာ မေ့နေသော်လည်း နှာရည်ကယိုနေ၏။
ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်လင်း.. မင်း သူ့ကို ကုသခဲ့တာ သေချာရဲ့လား.. ဒီကောင်မလေးက နည်းနည်းတုံးအနေသေးတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ"
"............."
ဝမ်လင်းက သူ့နဖူးကို သူ့ဘာသာသူ လက်ဝါးဖြင့် ရိုက်လိုက်သည်။
သူ၏ မဟာသန့်စင်ရေးတာအိုက မိန်းကလေး၏ ခန္ဓာကိုယ်ထဲမှာရှိသည့် အဆိပ်များကို ဖယ်ရှားပေးနိုင်၏။
သို့သော် ယင်းက သူမ၏ ပင်ကို တုံးအသည့် စရိုက်ကိုပါ တိုက်ရိုက် ဖယ်ရှားပစ်နိုင်မည်ဟု မဆိုလိုပေ။
သူမ သတိရလာလျှင်ပင် သူမက အရင်လို "ငတုံးမ" ဖြစ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
"ဒါဆို ဒီကောင်မလေးကို ခေါ်သွားဖို့ ဘယ်သူ့မှာ ဆန္ဒရှိလဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က ဘတ်စ်ကားပေါ်ရှိ ချက်ဂရုအဖွဲ့ဝင်များကို မေးလိုက်သည်။
ဝမ်လင်းအနေဖြင့် သဘာဝအတိုင်း ပြောရန်မလိုအပ်ပေ။
သူ့တွင် မည်သူ့ကိုမျှ အိမ်ခေါ်သွားနိုင်မည့် နည်းလမ်းမရှိပေ။
အင်မော်တယ်ထုန်ရာကမူ ဖန့်ရှင်းကို တာဝန်ယူပြီးသွားပြီဖြစ်သည်။
ဖက်တီးလောနှင့် ဓမ္မရာဂျာတို့ကမူ လူပျိုသိုးကြီးများ ဖြစ်ကြ၍ အပျိုလေးကို အိမ်သို့ ခေါ်သွားရန် မသင့်တော်ပေ။
အဆုံးသတ်တွင် ချိုက်လျန်က သက်ပြင်းချလိုက်သည်။
"နေပါဦး ရှင်တို့အားလုံးက ဘာလို့ အရမ်းဝန်လေးနေကြတာလဲ.. ရှင်တို့က တစ်ကိုယ်ရေ တစ်ကာယ သမားတွေ မဟုတ်ဘူးလား.. ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပါဦး.. ရှင်တို့ရဲ့အသက်က ဖင်ဆောင့်နေပြီ.. မိန်းမယူပြီး ကလေးတွေကို ပြုစုပျိုးထောင်ဖို့ အချိန်တောင် ရောက်နေပြီ ဆိုတာ သတိရောထားမိရဲ့လား"
"မင်းပြောနေတာတွေ အားလုံးက မမှန်ဘူး"
ဓမ္မရာဂျာက သူ့လက်များကို ဝှေ့ယမ်းကာ ပြုံးလိုက်သည်။
"ချိုက်လျန်.. မင်းက ရည်းစားရှိတော့ တစ်ယောက်တည်း နေရတဲ့ အားသာချက်တွေကို မသိဘူး.. မင်းက စင်ဂယ်ဆိုရင် ကြိုက်သလို စားသောက်နိုင်တယ်.. စနေ၊ တနင်္ဂနွေတွေမှာ ဗီဒီယိုတွေကြည့်ပြီး အရက်သောက်လိုက် အိပ်လိုက် လုပ်နေလို့လည်း ရတယ်.. အခန်းကိုလည်း သန့်ရှင်းရေး လုပ်နေစရာ မလိုဘူး...အရေးကြီးဆုံးအချက်က ငါက မင်းပြောသလို ရည်းစားမရှိတဲ့ FAကောင် မဟုတ်ဘူး"
ထိုစကားကြောင့် ဘတ်စ်ကားပေါ်မှ လူအားလုံးက အံ့အားသင့်သွားသည်။
"ဘယ်တုန်းက ရည်းစားရသွားတာလဲ"
ဓမ္မရာဂျာ "ငါ့မှာ ရီးစားတွေ အများကြီးရှိတယ်.. သူတို့က ငါ့ကို ဒုက္ခ အနည်းအကျဥ်းပဲ ပေးကြတယ်.. ဘာလို့လည်းဆိုတော့ ငါက သူတို့ရဲ့ ဖူးဖူးမှုတ်ခြင်းကို ခံထားရလို့လေ"
လူတိုင်း ".............."
ချိုက်လျန်၏ နှုတ်ခမ်းက ရွဲ့မလိုပင် ဖြစ်သွားသည်။
"..........."
[ရှင်က အနှစ်တစ်ထောင်ကြာအောင် ခွေးဖြစ်ဖို့ ထိုက်တန်တယ်]
.........................
ဝမ်လင်း အိမ်ပြန် ရောက်သောအခါ မနက်ခြောက်နာရီ ထိုးနေပြီ ဖြစ်သည်။
သူက အိမ်တွင် စကားနည်းသူ ဖြစ်၍ ဝမ်မောင်နှံက သူ့ကိုယ်စား ကျောင်းတက်နေသည်မှာ ကိုယ်ပွားမှန်း သတိမထားမိခဲ့ပေ။
ဤမူမမှန်မှုကို သတိပြုမိသူမှာ ထွင်ထျန်းဟာ ဖြစ်၏။
ခွေးတစ်ကောင် ဖြစ်လာပြီးနောက်တွင် သူ၏ အနံ့ခံအာရုံက ပိုမိုသိမ်မွေ့လာသည်။
ဖားဘဝတွင် ထွင်ထျန်းဟာက ၎င်း၏လျှာကို လေ့ကျင့်ခဲ့ရသည်။
ယင်းမှာ ဖားမျိုးနွယ်စုတွင် "ပါးစပ်နည်းစနစ်"ဟုလည်း လူသိများသည်။
ယခု ခွေးဘဝတွင်မူ သူက သူ့နှာခေါင်းကို နေ့တိုင်း လေ့ကျင့်ခဲ့၏။
ဆရာလေးလင်း၏ ခန္ဓာကိုယ်အစစ်နှင့် ကိုယ်ပွားတွင် မတူညီသောရနံ့များ ရှိသည်။
၎င်းကို ထွင်ထျန်းဟာက ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်၏။
ဆရာလေးလင်း၏ ခန္ဓာကိုယ်အစစ်သာ ဆိုလျှင် အရေပြားကနေ မွှေးကြိုင်သောရနံ့ကို ပေးစွမ်းလိမ့်မည်။
သူ့အနေဖြင့် ဤရနံ့ကို ဘယ်တော့မှ မမှားနိုင်ပေ။
ထို့ကြောင့် ထိုနေ့နံနက်တွင် ဝမ်လင်းက သူ့အခန်းသို့ ပြန်ရောက်လာသောအခါ ပထမထပ်ရှိ ဖျာပေါ်တွင် လဲလျောင်းနေသော ထွင်ထျန်းဟာက ချက်ချင်းပင် မျက်လုံး ဖွင့်လိုက်သည်။
ဆရာလေးလင်း ပြန်ရောက်နေပြီ ဆိုတာ သူသိလိုက်၏။
လေထဲတွင် ပျံ့နေသည့် သိမ်မွေ့သော အော်ရာမှတဆင့် ဆရာလေးလင်းက အလွန် ပျော်ရွှင်ပုံမပေါက်ဟု ထွင်ထျန်းဟာ ခံစားမိသည်။
တကယ်လည်း ဝမ်လင်းက ထိုနေ့တွင် အနည်းငယ် စိတ်လေးနေခဲ့၏။
ယင်းက အဘယ်ကြောင့် ဆိုသည်ကို သူကိုယ်တိုင်လည်း မသိပေ။
နံနက်ခင်း အတန်းနှစ်တန်း ပြီးချိန်တွင် သူက စာသင်ခန်းအတွင်းမှ ထိုင်ခုံလွတ် တစ်ခုကို ထွေထွေကြီး စိုက်ကြည့်နေခဲ့သည်။
ဤသည်က ဖန့်ရှင်း၏ ထိုင်ခုံဖြစ်သည်။
သူ၏ မဟာသန့်စင်ရေးတာအိုက ဖန့်ရှင်းကိုယ်ထဲရှိ ထူးဆန်းသောချီကို မသန့်စင်နိုင်ခဲ့သောကြောင့် ဝမ်လင်းက အလွန် စိုးရိမ်ပူပန်မှု ဖြစ်နေခဲ့၏။
ကံကောင်းထောက်မစွာပင် 'ဖက်တီးလော'က အလွန်အစွမ်းထက်နေ၏။
ဝမ်လင်းက ကျောင်းဆင်းသည့် အချိန်တွင် မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်ရာ ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ထံသို့ စခရင်ရှော့ပုံ တစ်ပုံ ပို့ထားသည်ကို တွေ့လိုက်သည်။
ထိုပုံ၏မူရင်းက ဖက်တီးလောထံမှ ဖြစ်ပြီး ၎င်းက ကောင်းကင်သတ္တုဓား ပြုလုပ်ရာတွင် ပါဝင်သည့် ပစ္စည်းစာရင်း ဖြစ်သည်။
ဤစာရင်းရှိ ပစ္စည်းအချို့မှာ ဝမ်လင်း နှင့် အလွန်ရင်းနှီးပြီး အခြားအရာများမှာ သူတစ်ခါမှ မမြင်ဖူးသော အရာများဖြစ်သည်။
သူက ခဏလောက် စဉ်းစားပြီးနောက် ဤစခရင်ရှော့ကို ဝမ်မင်ဆီ ပို့လိုက်၏။
သုံးစက္ကန့်မပြည့်ခင်မှာပင် သူ့လက်ပတ်နာရီက ပြင်းထန်စွာ တုန်ခါသွားသလို ဝမ်လင်း ခံစားလိုက်ရသည်။
သူ့အစ်ကိုက စက္ကန့်ပိုင်းအတွင်း ပြန်ဖြေခဲ့၏။
"ဟားဟား မင်းငါ့ကိုလွမ်းနေတာ ငါသိပါတယ်"
ဤစကားက ဝမ်လင်း၏ ပြန်စာတွင် ရေးသားထားခြင်းဖြစ်သည်။
စာကိုဖတ်ရင်း ဝမ်လင်းက သူ့နာရီကို ရိုက်ချိုးပစ်ချင်စိတ်ပင် ပေါက်လာသည်။
အပိုင်း(၃၀၉) ပြီး၏