ငါတို့က အစကတည်းက ရေလိုက်လွဲနေတယ်
Vol. 21 Ch. 311
ထို့ကြောင့် အင်မော်တယ်စံအိမ်ကို သုတ်သင်ရှင်းလင်းခြင်းသတင်းသည်အစိုးရ သို့မဟုတ် ဒေသဆိုင်ရာ မီဒီယာများ၏ အဓိက ချန်နယ်အားလုံးတွင် ညနေခင်း ခေါင်းစီးပိုင်း သတင်းအဖြစ် ဖော်ပြခဲ့ကြသည်။
၎င်း၏ သက်ရောက်မှုက မိစ္ဆာအင်ပါယာ ကွာဖီကို ဖမ်းဆီးခြင်းထက် မနည်းပေ။
ဝမ်လင်းက ထိုသတင်းကို ကြည့်ရင်း သူတော်စင်သားရဲ ကိစ္စကို ဖုံးကွယ်ထားခဲ့သည်မှာ မှန်ကန်သောလုပ်ရပ်ဟု ကောက်ချက်ချလိုက်၏။
သို့မဟုတ်လျှင် သည်းသည်းလှုပ် ဖြစ်တတ်သော တိရစ္ဆာန်ချစ်သူ အုပ်စုများက ဤအဖြစ်အပျက်ကို အခွင့်ကောင်းယူကာ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြလိမ့်မည်။
တိရိစ္ဆာန်များကို ချစ်သည်က မမှားပေ။
သို့သော် အကာအကွယ် လွန်ကဲစွာပေးခြင်းက တိရစ္ဆာန် အတွက်လည်း အနှောင့်အယှက် ဖြစ်နိုင်သေးသည် မဟုတ်လော။
သူတော်စင် သားရဲများသည် မူလက ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင် ပေါင်းစပ်ဖွဲ့စည်းမှုများဖြင့် ရှေးခေတ်မှစ၍ သွေးဆင့်ကဲ ပြောင်းလဲလာသော ခွန်အားကို မှီခိုအားထားခဲ့ကြသည်။
ခေတ်သစ်စကားအရဆိုလျှင် ထိုဖြစ်စဥ်ကို ဆင့်ကဲဖြစ်စဉ်နှင့် ဗီဇပြောင်းလဲခြင်းဟု ခေါ်၏။
တကယ်တမ်းတွင် ရှေးခေတ်က အစပြုခဲ့သော သူတော်စင် သားရဲများမှာ အများအပြား မရှိတော့ပေ။
ယခုအခါတွင် ၎င်းတို့မှာ လုံးဝ မျိုးတုန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
မထင်မှတ်ဘဲ ဝမ်လင်းတို့က ငွေရောင်ယူနီကွန်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
၎င်းကို လွှဲပေးလိုက်လျှင် ယူနီကွန်း၏ ဘဝမှာ အမှန်တကယ် သနားစရာ ကောင်းသွားလိမ့်မည်။
ဝမ်လင်း၏ အမြင်တွင် သူတော်စင် သားရဲများသည် "တိရစ္ဆာန်" အမျိုးအစားသာ ဖြစ်သည်။
အခြေအနေ အများစုတွင် "တိရစ္ဆာန်၏အလိုဆန္ဒ"ကို ပိုမိုထည့်သွင်း စဉ်းစားမှသာ မှန်ကန်ပေမည်။
အမှောင်အင်အားစု တစ်ခုကို သုတ်သင်ရှင်းလင်းခြင်းသည် အချို့သော သူတို့အား ဝမ်းသာအားရဖြစ်စေပြီး အချို့ကိုမူ ဝမ်းနည်းကြေကွဲစေသည်။
စုန့်ဟိုင်မြို့လယ်၊ ကျားရှစ်ရင်ပြင်ရှိ ဇိမ်ခံ အဆောက်အဦး၏ အပေါ်ဆုံးထပ် ရုံးခန်းတွင် မော့အင်မော်တယ် ရဲတိုက်၏ အတွင်းရေးမှုး ဖြစ်သော ရဲတိုက်လေဒီမှာ ဂဏှာမငြိမ် ဖြစ်နေ၏။
အင်မော်တယ်စံအိမ် ပျက်သုန်းခြင်းအကြောင်း ညနေခင်းသတင်းကနေ သူမ မြင်တွေ့ခဲ့ရသည်။
ဆောင်းဥတုမြို့ရှိ ဌာနမှာ အင်မော်တယ်စံအိမ်၏ ဗဟိုဌာနချုပ်ဖြစ်ပြီး အကြီးအကဲများမှ တပည့်များအထိ မည်သူမှပြေးမလွတ်ခဲ့ပေ။
နိုင်ငံတဝှမ်းတွင် ပြန့်ကျဲနေသော ၎င်းတို့၏ လက်ကျန် ဌာနခွဲများနှင့် တပ်ဖွဲ့ငယ်များကိုလည်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ နယ်မြေခံရဲများဖြင့် တစ်ဦးပြီး တစ်ဦး ရှင်းလင်းလျက် ရှိသည်။
အင်မော်တယ်စံအိမ်သခင်က ခြေသလုံးအိမ်တိုင် အင်မော်တယ် အထွတ်အထိပ် အဆင့်သို့ ရောက်နေသော်လည်း အဖမ်းခံရသည့် မြင်ကွင်းထဲတွင် အချိန်အတော်ကြာ နေမကောင်းဖြစ်နေပုံ ရပြီး ဆံပင်များက ဖွေးဖွေးဖြူနေ၏။
[သူဘယ်လိုတွေ ကြုံတွေ့ခဲ့ရလို့လဲ]
ရဲတိုက်လေဒီက ကြီးမားသော ဆိုဖာပေါ်၌ နောက်သို့ လှဲမှီ၍ ထိုင်နေသည်။
သူမ၏ အမူအရာက အနည်းငယ် စိတ်ပျက်နေပုံရ၏။
ယမန်နေ့ညက မော့အင်မော်တယ်ရဲတိုက် နှင့် အင်မော်တယ်စံအိမ်ကြားရှိ ဆက်နွှယ်မှု အားလုံးကို သူမ ကိုယ်တိုင် ရှင်းလင်းခဲ့ရသည်။
အင်မော်တယ်စံအိမ်မှ ရိုက်ခတ်လာသောမီးက မော့အင်မော်တယ် ရဲတိုက်ကို မထိခဲ့သော်လည်း သူမက ကြောက်ရွံ့နေမိသည်။
ယင်းက သူမကို အပြစ်မဆိုသာပေ။
အင်မော်တယ်စံအိမ်လို အမှောင်အင်အားစုကြီးပင် ပျက်သုန်းခဲ့ရသည် မဟုတ်လော။
သူမ တွေးနေချိန်မှာပင် အရိပ်တစ်ခုက ပြတင်းပေါက်များကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။
ပြတင်းပေါက်ပေါ်မှ ရောင်ပြန်ဟပ်နေသည့် ပုံရိပ်ကြောင့် ရဲတိုက်လေဒီက လန့်ဖျပ်သွားသော်လည်း ချက်ချင်း ထရပ်ကာ ဦးညွှတ်လိုက်သည်။
"သခင်"
အရိပ်က လျင်မြန်စွာပဲ အထဲကို ရောက်လာသည်။
အရိပ်က ကြမ်းပြင်ကို ထိလိုက်သောအခါတွင် လေထုထဲမှ ကျီးပေါင်း မြောက်များစွာ ထွက်ပေါ်လာသည်။
ကျီးများ ပြန့်ကျဲသွားသော အခါတွင် မုတ်ဆိတ်မွေး၊ ဆံပင်ရှည် ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးမှာ ရဲတိုက်လေဒီ၏ ရှေ့၌ ချက်ချင်း ပေါ်လာခဲ့သည်။
ထိုလူက ရဲတိုက်လေဒီကို ရှုတည်တည် ကြည့်ကာ လက်ကိုဝှေ့ယမ်း၍ သူဌေး ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။
"အဲဒီမှာ ရပ်မနေနဲ့.. သွားပြီး နို့လက်ဖက်ရည် တစ်ခွက် လုပ်ပေးပါ.. နှစ်ရှစ်ရာကျော်ကြံ့က ရတဲ့ နို့မှုန့်နဲ့ ဖျော်ခဲ့နော်.. နောက်ဆုံးအကြိမ်က လုပ်ပေးတဲ့ နို့လက်ဖက်ရည်က တော်တော်ကို ကောင်းတယ်.. သကြားနှစ်တုံး ထည့်ဖို့လည်း မမေ့နဲ့ဦး"
"ကောင်းပါပြီ သခင်"
ရဲတိုက်လေဒီက ပြန်ဖြေလိုက်သည်။
ရဲတိုက်သခင်က ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွက်လာမည်ဟု သူမ လုံးဝ မမျှော်လင့်ထားပေ။
သူမ၏ ရုံးခန်းရှိ ဗီရိုများတွင် အရည်အသွေးမြင့် လက်ဖက်ရည်များနှင့် ပြည့်နေသော်လည်း ရဲတိုက်သခင် အတွက် အထူး ပြင်ဆင်ထားသည့် နို့မှုန့်တစ်ဗူး ရှိသည်။
မော့အင်မော်တယ် ရဲတိုက် သခင်က နို့ကို အထူးနှစ်သက်ကြောင်း သူမ တစ်ဦးတည်းသာ သိသည်။
"အင်မော်တယ်စံအိမ် နဲ့ နွယ်နေတဲ့ ကိစ္စတွေကို ရှင်းထုတ်ပြီးပြီလား"
ထိုအသံကိုကြားလျှင် ဇွန်းကို ကိုင်ရင်း မွှေနေသည့် သူမ၏ လက်က တဆတ်ဆတ် တုန်ခါသွားသည်။
သူမ ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ သခင်.. သူတို့နဲ့ ဆက်နွယ်မှု အားလုံးကို ရှင်းရှင်းလင်းလင်း လုပ်ပြီးပါပြီ.. ဘယ်သူကမှ ကျမ တို့ကို ခြေရာခံနိုင်မှာ မဟုတ်ပါဘူး"
"ဒါနဲ့ အရင်က ခေါ်ထားတဲ့ အင်မော်တယ်စံအိမ်က ကောင်မလေး နှစ်ယောက်ရော ရှိနေသေးလား.. တစ်ယောက်က အားကျိုးလို့ခေါ်ပြီး နောက်တစ်ယောက်က အားယိုလို့ခေါ်တယ်လေ"
"နှစ်ယောက်စလုံးက စုန့်ချင်းရှုကို လုပ်ကြံဖို့ သွားကြပေမဲ့ တစ်ယောက်က ဆေးရုံ ရောက်နေပြီး နောက်တစ်ယောက်ကတော့ သေသွားပါပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ကုလားထိုင်တွင် ထိုင်ရင်း မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြောလိုက်သည်။
"ဒီမိန်းကလေးနှစ်ယောက်က အင်မော်တယ်စံအိမ်ရဲ့ အပြင်စည်းဂိုဏ်းက ဖြစ်ပေမယ့်လည်း ငါတို့အနေနဲ့ အထူးသတိထားရမယ်.. ငါတို့နဲ့ လုံးဝ လာနွယ်လို့မဖြစ်ဘူး"
"အားယိုကတော့ သေပြီ.. အားကျိုးကိုတော့ အလိုက်သင့် ကိုင်တွယ်လိုက်ပါ့မယ်.. စိတ်ချပါ သခင်"
ရဲတိုက်လေဒီက ခေါင်းညိတ်ပြပြီး နို့လက်ဖက်ရည် တစ်ခွက်ကို ယူလာပေးခဲ့သည်။
ထို့နောက် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ခေါင်းငုံ့ကာ မေးလိုက်သည်။
"သခင် ကိုယ်တိုင် ဒီအချိန်ကြီး ရောက်လာတယ်ဆိုတော့ ကျမကို လူကိုယ်တိုင် ပြောပြစရာ စကားတွေ ရှိနေလို့လား"
အမျိုးသားက ခွက်ကို ကောက်ကိုင်၍ မှုတ်လိုက်ပြီး ပူနေသေးသော်လည်း တစ်ကျိုက်ထဲ မော့သောက်လိုက်ရာ သူ့အပေါ်နှုတ်ခမ်းကို နို့အနှစ်များက ဖုံးအုပ်သွား၏။
ထိုအခါမှပင် သူက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒီတစ်ခေါက် လာခဲ့တာ သိပ်အထွေအထူး ကိစ္စရှိလို့တော့ မဟုတ်ပါဘူး.. ငါတို့ ဘာဆက်လုပ်ရမလဲ ဆိုတာကို ပြောချင်လို့ပါ"
"အရင်တုန်းက ငါအရှင်က ကျင့်ကြံခြင်းလောကရဲ့ အထွတ်အထိပ်ကို တက်လှမ်းဖို့ ကျောက်သရဲ မျက်နှာဖုံးကို အသုံးပြုလိုခဲ့ပေမယ့် ဆန္ဒမပြည့်ခင်မှာပင် ကွာဖီက အဖမ်းခံလိုက်ရတယ်
ရဲတိုက်လေဒီ "............."
"အဲဒီနောက်ပိုင်းမှာ အင်မော်တယ်စံအိမ်ရဲ့ ဌာနခွဲတွေ တော်တော်လေး အင်အား တောင့်တင်းလာတာကို သတိပြုမိခဲ့တယ်.. သူတို့နဲ့ အကျိုးတူပူးပေါင်းရေး စာချုပ်မှာ လက်မှတ်မထိုးခင်မှာပဲ သူတို့ရဲ့ ခေါင်းဆောင်က အဖမ်းခံရပြီး ဂိုဏ်းကလည်း ပျက်သုန်းသွားခဲ့တယ်"
ရဲတိုက်လေဒီ "............"
"ဒီဖြစ်ရပ်တွေကို ရှုထောင့်တစ်ခုကနေ ကြည့်လိုက်ရင် တူညီတဲ့ အခြေအနေတစ်ခု ရှိနေတယ်.. သူတို့နှစ်ယောက်လုံး ကျဆုံးသွားရတဲ့ အကြောင်းရင်းက လူတစ်ယောက်ကြောင့်ပဲ"
ရဲတိုက်သခင်က ပြောလိုက်သည်။
ရဲတိုက်လေဒီ "စုန့်ချင်းရှုကို လက်ခံထားတဲ့ သမီးရီးစားသတ်ဖြတ်ခြင်း စီနီယာကို ဆိုလိုတာလား"
"မဟုတ်ဘူး"
ရဲတိုက်သခင်က ခေါင်းခါယမ်းကာ ရဲတိုက်လေဒီအား စိုက်ကြည့်လိုက်သည်။
"ကျိုးရီဆိုတဲ့လူအကြောင်း ကြားဖူးလား"
"သူလား"
ရဲတိုက်လေဒီက တအံ့တသြရေရွတ်လိုက်သည်။
ဤလူက ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေး၏ ညွှန်ချုပ် ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း ကျော်ကြားသူ တစ်ဦးလည်းဖြစ်သည်။
"စဉ်းစားကြည့်စမ်း.. အရိပ်အဖွဲ့အစည်းရဲ့ ဖြစ်ရပ်ကနေ ကွာဖီကို ဖမ်းဆီးခြင်းအထိ၊ ကုန်ကုန်ပြောရရင် အခုနောက်ဆုံး အင်မော်တယ်စံအိမ် ပျက်ဆီးခြင်းအထိပေါ့.. ဒီအဓိကဖြစ်ရပ်တွေ အားလုံးက ဒီပုဂ္ဂိုလ်နဲ့ ဆက်စပ်နေတယ် မဟုတ်လား"
ရဲတိုက်လေဒီ တွေဝေသွားသည်။
"ဒါဆို ကျမတို့က အစကတည်းက ရေလိုက်လွဲနေတာပေါ့"
ရဲတိုက်သခင်က မုတ်ဆိတ်မွေးကို လက်ဖြင့်ပွတ်ဆွဲလိုက်ရာ နို့နှစ်စက်ကို တွေ့ရှိခဲ့သည်။
သူက ၎င်းတို့ကို လက်ညှိုးဖြင့် အမြန်ပွတ်ဆွဲပြီးနောက် သန့်ရှင်းသွားသော သူ့လက်ချောင်းကို နမ်းလိုက်သည်။
ထို့နောက်တွင် သူက ပြုံးလိုက်သည်။
"ဒါကြောင့် အခုချိန်ကစပြီး ငါတို့အနေနဲ့ ဒီလူကိုပဲ အာရုံစိုက်သင့်တယ်လို့ ငါထင်တယ်.. ဒီလူက အစီအစဥ် အားလုံးကို တာဝန်ယူထားတဲ့ ဖြစ်နိုင်ချေရှိတယ်"
"ဒါဆို ကြီးကျယ်ခမ်းနားတဲ့ စီနီယာအင်မော်တယ် နဲ့ မြို့စွန်မှာရှိတဲ့ အိမ်ငယ်လေးက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူကိုရော.."
"ဒီအသေးအမွှားလေးတွေကို မေ့ထားလိုက်တော့"
ရဲတိုက်သခင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီဖြစ်ရပ်တွေအားလုံးရဲ့ မူလဇစ်မြစ်က ကျိုးရီပဲ.. ဒီပုဂ္ဂိုလ်ကနေ အရာအားလုံးက အစပြုတယ်လို့ ငါသခင် အခိုင်အမာ ယုံကြည်တယ်"
ရဲတိုက်လေဒီ "............"
ထိုလူက အလွန်ယုံကြည်မှုရှိသော အမူအရာဖြင့် ရဲတိုက်လေဒီက်ု စိုက်ကြည့်နေသည်။
"ဒီကိုမလာခင်မှာ ငါသခင်ကိုယ်တိုင် ဒီလူရဲ့အတိတ်ကို စူးစမ်းလေ့လာခဲ့တယ်.. သူအရင်က တက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရတယ်"
စကားပြောနေရင်း သူ့လက်ထဲတွင် ဝိညာဉ်အလင်းရောင် လင်းလက်လာသည်။
နောက်ထပ် အခိုက်အတန့်တွင် ဓာတ်ပုံတစ်ပုံ ပေါ်လာသည်။
သူက ရဲတိုက်လေဒီ ထံသို့ ဓာတ်ပုံကို ပြလိုက်သည်။
"ဒီလူကိုကြည့်ပါ"
"ဒါက.."
ရဲတိုက်လေဒီက ဓာတ်ပုံကိုကြည့်ကာ မျက်မှောင်ကြုတ်နေသည်။
ဓာတ်ပုံထဲတွင် ဖက်တီးတစ်ယောက်က ကျောင်းသားများအား စာသင်ကြားနေသည်ကို တွေ့ရ၏။
ထိုဖက်တီးက အလွန်အိုမင်းသေးပုံတော့ မပေါ်ပေ။
ခန့်မှန်းခြေ အသက်သုံးဆယ်လောက် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဖက်တီးက လက်ချောင်းများကြားတွင် မြေဖြူခဲ တစ်ခဲကို ညှပ်ထား၏။
အပိုင်း(၃၁၁) ပြီး၏