သားအစစ်နှင့် သားအတု
Vol. 21 Ch. 313
စင်စစ်အိမ်ရှေ့တွင် ကားရပ်လိုက်ကတည်းက အပြင်မှာ ဖြစ်ပျက်နေသည်ကို ဝမ်လင်းက အတိုင်းသား ကြားနေရသည်။
သူက ကားထဲမှ ဝမ်မင်နှင့်ကျိုက်ယန်တို့၏ အပြန်အလှန် ပြောဆိုမှု အပါအဝင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။
ပထမတော့ ဝမ်လင်းက ဝမ်မင်၏ မျက်နှာပေါ်မှ သနားစရာကောင်းသော အမူအရာကို အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်ခဲ့သည်။
သို့သော် ကျိုက်ယန်၏ သနားကြင်နာမှု ကင်းမဲ့သော အပြုအမူများကိုမြင်လျှင် သူလုံးဝ ဥပေက္ခာမပြုနိုင်တော့ပေ။
မည်သူ့ပင်ဖြစ်စေ ဝမ်မင်က သူ့မိသားစုဝင် ဖြစ်သည်မဟုတ်လော။
အပြင်လူကို အရောတဝင် မလုပ်ခြင်းက သူ၏အကျင့်ပင်။
ဤကိစ္စနှင့်စပ်လျဉ်း၍ ဝမ်လင်းက ရင်းနှီးသောသူများနှင့်သာ ပေါင်းသင်း ဆက်ဆံရခြင်းကို နှစ်သက်သည်။
အကယ်၍သာ သူ့နေရာ၌မေမေဝမ် နှင့် ဖိုးဖိုးဝမ် ဖြစ်ခဲ့လျှင်ရှည်ရှည်ဝေးဝေး စဥ်းစားမနေဘဲ ကျိုက်ယန်ကို အိမ်ထဲသို့ ဆွဲသွင်းလိမ့်မည်မှာ သေချာသည်။
ပျော်ရွှင်စရာကောင်းသော မိသားစု စုံညီတွေ့ဆုံမှုတွင် အပြင် လူတစ်ဦးကို အဘယ်ကြောင့် ပါဝင်ခွင့်ပေးရမည်နည်း။
ဝမ်လင်းက ကျိုက်ယန်အတွက် အနည်းငယ်တော့ စိတ်မကောင်း ဖြစ်မိသည်။
ကျိုက်ယန်က ဥက္ကဌချီ၏ တာဝန်ပေးချက်အရ သူ့အစ်ကိုကြီးအား ကာကွယ်ရန် ဖြစ်သောကြောင့် အလွန်အမင်း အရှက်မခွဲခဲ့ပေ။
တံခါးကို ပိတ်လိုက်ပြီးနောက် ဝမ်မိသားစု အိမ်ငယ်လေး၏ အပြင်ဘက်တွင် ပကတိ အင်မော်တယ်ပင် မထိုးဖောက်နိုင်သည့် အတားအဆီးဖြင့် ကာကွယ်လိုက်သည်။
ဝမ်လင်း အိမ်တံခါးကို ပိတ်လိုက်မှပင် ဝမ်မင်က အလွန် စိတ်သက်သာရာ ရသွားခဲ့သည်။
ဤ ကျိုက်ယန်ကြောင့် ဤနှစ်ရက်အတွင်း ဘယ်မှမသွားချင်ခဲ့ပေ။
လူသားရေခဲတုံးကြီးဖြင့် မည်သူက တစ်နေကုန် အပြင်သို့ လည်ပတ်လိုစိတ် ရှိပါမည်နည်း။
ဝမ်မင်က ဝမ်လင်း သူ့လက်ကို ကိုင်၍ အိမ်ထဲ ဆွဲသွင်းလိုက်ချိန်က လက်ကောက်ဝတ်တွင် ကျန်ရှိနေသေးတဲ့ နွေးထွေးမှုတစ်ချို့ကို ခံစားမိပြီး သူ့လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်သည်။
ဝမ်လင်းက အေးစက်သော မျက်နှာထားဖြင့် သူ့လက်ကို လွှတ်လိုက်သည်အား မြင်လျှင် သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
ဝမ်လင်းကို စနောက်ရန် အခွင့်အလမ်း ပေါ်လာလေပြီ မဟုတ်လော။
ဝမ်မင် ဝမ်လင်းကို ကြောင်တစ်ကောင်လို ခုန်အုပ်လိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ဆွဲဖက်ကာ ညုတုတု ပြောလိုက်သည်။
"နတ်ဆိုးလေး.. မင်းက သိပ်မုန်းဖို့ကောင်းတာပဲ"
သူ့အသံက ဝမ်လင်းကို ကြက်သီးထစေရုံသာမက ထွင်ထျန်းဟာ၏ အမွေးများကိုပါ အဆုံးစွန်ထိ ထောင်သွားစေသည်။
ဝမ်လင်း နှင့် ထွင်ထျန်းဟာ ".............."
[ဒီကောင်က ဉာဏ်ကောင်းပေမဲ့ ငပေါကောင်ပဲ]
"ဟေ့.. မင်လေး ရောက်နေပြီလား"
အနည်းငယ်ဆူညံသံကို ကြားလိုက်ရလျှင် ဖေဖေဝမ်က ဆိုဖာပေါ်ကနေ ထလာပြီး သူတို့ဆီသို့ လျှောက်လာသည်။
ထိုမြင်ကွင်းကို မြင်လျှင် ဝမ်မင်က ဝမ်လင်းကို ချက်ချင်းလွှတ်လိုက်ပြီး ဖေဖေဝမ်ကို နှုတ်ဆက်လိုက်သည်။
"ဦးလေးဝမ်.. နေကောင်းရဲ့လား"
သူက စကားပြောနေရင်း ဝမ်လင်းကို မသိမသာ ကြည့်လိုက်ရာဝမ်လင်းက လက်သီးဆုပ်ထားသည်ကို တွေ့လိုက်ရ၏။
လက်သီးတွင် အပြာရောင် သွေးကြောများ ထောင်ထနေသည်ကိုပါ မြင်လိုက်ရသည်။
သူက ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။
ဖေဖေဝမ်သာ အနည်းငယ် နောက်ကျလျှင် ဝမ်လင်း၏ လက်သီးစာ မိလောက်သည်ဟု တွေးမိလိုက်၏။
"ဒီကိုလာ မင်မင်.. ဒီမှာလာထိုင်"
ဖေဖေဝမ်က ဝမ်မင်၏ ပုခုံးပေါ်သို့ လက်တင်ကာ ဆိုဖာဆီသို့ ဆွဲခေါ်သွားခဲ့သည်။
သူ့မျက်နှာတွင် အပြုံးများ ဖုံးလွှမ်းနေပြီး သူ့သားလေးကို တွေ့ရသည်ထက်ပင် ပျော်ရွှင်နေပုံရ၏။
"ဘာသောက်ချင်လဲ"
ဝမ်မင်က လေကို တစ်ဝ ရှူလိုက်ပြီးမှ ရယ်မောလိုက်သည်။
"ဟင်းချိုပဲ သောက်တော့မယ်.. ကျောက်ငါးဟင်းချိုရဲ့ ရနံ့ကို ရနေပြီလေ"
ဖေဖေဝမ်က ရယ်လိုက်သည်။
"မင်းမှာ ငါတို့ ထွင်ထျန်းဟာရဲ့ နှာခေါင်းကို ယှဥ်နိုင်တဲ့ အာရုံခံနိုင်စွမ်း ရှိသားပဲ"
ထွင်ထျန်းဟာ "..........."
ဖေဖေဝမ်က လက်ဖက်ရည်သောက်ပြီးနောက် ခေါင်းကိုလှည့်ကာ ဝမ်မင်ကို စိုက်ကြည့်လိုက်သည်။
"မင်လေး.. မင်းရဲ့ သုတေသနပြုမှုကနေ ရလဒ်အသစ်တွေ ထွက်ပေါ်သေးလား"
ယင်းမှာ ဤအိမ်သို့ ဖေဖေဝမ် အမြဲမေးလေ့ ရှိသော မေးခွန်းတစ်ခု ဖြစ်သည်။
ဖေဖေဝမ်က သူ့စာအရေးအသား အတွက် အိုင်ဒီယာ လှုံ့ဆော်မှုရရန် မေးခြင်း ဖြစ်သည်။
"ဟုတ်.. တစ်ခုရှိတယ်"
ဝမ်မင် ခေါင်းညိတ်လိုက်သည်။
သုတေသနဌာန နှင့် ပတ်သက်သည့် အရာများစွာမှာ လျှို့ဝှက်ချက်များ ဖြစ်ပြီး အများစုမှာ ထုတ်ဖော်ပြောဆိုခြင်း ပြု၍မရပေ။
ထို့ကြောင့် ဝမ်မင်က သူ၏ "သုတေသနရလဒ်များ" အကြောင်းကို ပြောပြသည့် အခါတိုင်းတွင် သူ့ကိုယ်ပိုင် အသေးစား တီထွင်မှု အကြောင်းများကိုသာ ပြောပြလေ့ရှိသည်။
"ကျနော်တို့ ဓာတ်ခွဲခန်းမှာ လေ့လာဖို့အတွက် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ မျက်လုံးတချို့ကို ပို့လာတယ်...မကြာသေးမီကပဲ အဲဒီမျက်လုံးကို အခြေခံပြီး တီထွင်မှု အသစ်တစ်ခုကို ပြုလုပ်ခဲ့တယ်.. ဒါပေမဲ့ စမ်းသပ်ဆဲ အဆင့်မှာသာ ရှိပါသေးတယ်"
"အဲဒါက ဘာတီထွင်မှုလဲ"
ဖေဖေဝမ်က အလွန် စူးစမ်းလိုစိတ် ရှိနေသည်။
တစ်ဖက်တွင်လည်း ဝမ်လင်းက မျက်မှောင်ကြုတ်လာသည်။
"အဲဒါက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ မြင်လွှာတည်ဆောက်ပုံ အပေါ် အခြေခံပြီး တီထွင်ထားတဲ့ မှန်ပြောင်းရှည် အမျိုးအစားတစ်ခုပါ.. ဒီမှန်ပြောင်းရှည်နဲ့ ဆိုရင် လီတစ်ထောင် အကွာအဝေးမှာ ဖြစ်ပျက်နေသမျှကိုတောင် မြင်နိုင်တယ်"
".............."
ဖေဖေဝမ် နှင့် ဝမ်လင်းတို့က ချွေးများ စတင်ထွက်ကျလာသည်။
ဖေဖေဝမ် "ဒီပစ္စည်းသာ ဥပဒေချိုးဖောက်သူတွေ လက်ထဲ ရောက်သွားခဲ့ရင်..."
"တီထွင်ပြီးရင်တော့ အကန့်အသတ်နဲ့ပဲ ထုတ်လုပ်သွားမှာပါ
.. ဥပမာပြောရရင် သံသယရှိသူတွေကို စောင့်ကြည့်ဖို့ ရဲစခန်းတိုင်းမှာ တပ်ဆင်ထားမယ် ဆိုရင် ရာဇ၀တ်မှုတွေ နည်းသွားမှာ သေချာတယ်.. စိတ်ချပါ ဦးလေးဝမ်.. ဒီပစ္စည်းကို စျေးကွက်မှာတော့ မရောင်းချပါဘူး"
"အဲဒီလိုဆို ကောင်းတာပေါ့"
ဖေဖေဝမ်က ခေါင်းညိတ်လိုက်သည်။
"ဟိုးအရင်က သူငယ်တန်း ဆရာမ တစ်ယောက်က ကလေးတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတယ်.. အဲဒါကို တယ်လီစကုပ် တပ်ထားတဲ့ အိမ်ကနေ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်လေ.. ဒီဖြစ်ရပ်က ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုဖြစ်စေတဲ့အတွက် ကလေးတွေက အရမ်း ထိတ်လန့်ခဲ့ကြတယ်"
ဤသတင်းကို မြင်လိုက်ရသည့် ဖေဖေဝမ်မှာ ဝမ်လင်းက ငယ်စဉ်ကတည်းက သန်မာနေသည့် အတွက် ဝမ်းသာနေမိသည်။
ဆိုရလျှင် သူငယ်တန်းဆရာမလည်း ကံကောင်းခဲ့၏။
ထိုသို့မဟုတ်ဘဲ သတင်းထဲက ဆရာမလို ဝမ်လင်းကို နှိပ်စက်မိလျှင် ဝမ်လင်းက တစ်ခါထဲ ငရဲပြည်ဆီ ပို့ပေးလိမ့်မည် မဟုတ်ပါလား။
သုံးယောက်သား ဆိုဖာပေါ်တွင် စကားစမြည် ပြောနေကြစဉ် ဖေဖေဝမ်၏ လက်ကိုင်ဖုန်းက မြည်လာသည်။
လဲ့မုန့်မုန့်ထံမှ ဖြစ်သည်ကို မြင်သည်နှင့် ဖေဖေဝမ်က မတ်တပ်ထကာ ဝရန်တာသို့ သွား၍ ဖုန်းပြောရန် ပြင်လိုက်သည်။
ဖေဖေဝမ် "ငါဖုန်းဆက်လိုက်ဦးမယ်.. မင်းတို့နှစ်ယောက် အရင်ပြောနှင့်ကြ"
ဖေဖေဝမ် ထွက်သွားသည်ကိုမြင်လျှင်ဝမ်လင်းက ကောင်းကင်သတ္တုဓားထဲမှ ပစ္စည်းများ အကြောင်း ဝမ်မင်ကို မေးရန် ဆုံးဖြတ်လိုက်သည်။
ဝမ်မင် "မင်းငါ့ဆီပို့လိုက်တဲ့ ပုံထဲမှာ ဖော်ပြထားတဲ့ ပစ္စည်းတွေအကြောင်းကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ အချိန်နည်းနည်းယူရဦးမယ်.. ညစာစားပြီးမှပဲ အပေါ်ထပ်မှာ ပြောကြတာပေါ့"
ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ယင်းအချိန်တွင် အစောပိုင်းက ထုတ်လွှင့်ခဲ့သည့် အင်မော်တယ်စံအိမ် သတင်းက တီဗီ၌ တစ်ခေါက် ထပ်လာပြန်သည်။
ဤသည်မှာ ကွာဖီ အဖမ်းခံပြီးနောက်တွင် ကြီးမားသော ဖြစ်ရပ်တစ်ခုပင် မဟုတ်ပါလား။
ဤကဲ့သို့ သတင်းမျိုး ဆိုလျှင် တီဗီက အကြမ်းဖျင်းအားဖြင့် သုံးကြိမ်တိုင်တိုင် ထုတ်လွှင့်လေ့ရှိသည်။
"အရေးကြီးသောအရာများကို သုံးကြိမ်သုံးခါ လုပ်ရန် လိုအပ်သည်" ဟူသော မူဝါဒကို အပြည့်အ၀ လက်တွေ့ ကျင့်သုံးခဲ့ခြင်းပင်။
ဝမ်လင်းက ဖေဖေဝမ်နှင့်အတူ ဤသတင်းအားလုံးကို တစ်ကြိမ် ကြည့်ဖူးပြီး ဖြစ်သောကြောင့် စိတ်မဝင်စားပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဝမ်မင်က ထိုသတင်းကို စိတ်ဝင်တစား ကြည့်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။
"ဟွာရှို့နိုင်ငံသမိုင်းရဲ့ အကြီးကျယ်ဆုံး အမှောင်အင်အားစု ဖြစ်တဲ့ အင်မော်တယ်စံအိမ်ရဲ့ ဌာနချုပ်က ဒီလိုပဲ ဖျက်ဆီးခံခဲ့ရတယ်လား"
"ရည်မှန်းချက် ကြီးမားတဲ့ အင်မော်တယ်စံအိမ်က ဘာမှ မလုပ်ရသေးခင်မှာပဲ ပျက်သုဉ်းသွားပြီလား"
ဝမ်မင်က သက်ပြင်းပင် မချနိုင်တော့ပေ။
"အခုခေတ်မှာ အမှောင်အင်အားစုတွေရဲ့ စွမ်းရည်က ပိုဆိုးရွားလာပုံပဲ.. 'အချက်အပြုတ်မာစတာ' စီးရီးထဲက အမှောင်ချက်ပြုတ်ခြင်း အသိုင်းအဝိုင်းလောက်တောင် အသုံးမကျဘူး"
ဝမ်လင်း "..........."
ဝမ်မင်က ထိုစကားကို ပြောနေချိန်၌ ချန်ယွီက အစောင့်အကြပ်များဖြင့် ရှိနေသည်ကို တီဗီထဲ၌ တွေ့လိုက်ရသည်။
သူက သတင်းထံမှ ချန်ယွီကို သုံးစက္ကန့်ကြာ စိုက်ကြည့်ပြီးနောက် ဝမ်လင်းဘက်သို့ လှည့်လိုက်သည်။
"ဒါက မင်းလက်ချက် မဟုတ်လား"
ဝမ်လင်းသည် ချက်ချင်းပင် ဆွံ့အသွားသည်။
"............."
ဝမ်မင်၏ အကြည့် နှင့် လေသံက ဖေဖေဝမ် နှင့် တစ်ထေရာတည်းပင်။
[လုံးဝသေချာပါတယ်.. မင်းကမှ တကယ့်သားအစစ်ပဲ.. ဟုတ်တယ်မလား]
အပိုင်း(၃၁၃) ပြီး၏