← Chapters

ကောင်းကင်သတ္တုဓားထဲမှ လျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုများ

Vol. 21 Ch. 314

ကောင်းကင်သတ္တုဓားထဲမှ လျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုများ

Vol. 21 Ch. 314

ညစာစားပြီးသည်နှင့် ညီအကိုနှစ်ယောက်က အပေါ်ထပ်သို့ တက်သွားခဲ့သည်။

အပေါ်ထပ်အခန်းထဲသို့ ရောက်လျှင် ဝမ်မင်က ဝမ်လင်း၏ ကုတင်ပေါ်သို့ နောက်ပြန် လှဲချလိုက်၏။

ဝမ်လင်းက ခါးထောက်၍ ဝမ်မင်ကို ကြည့်လိုက်သည်။

သူကအနည်းငယ် ကူကယ်ရာမဲ့သလို ခံစားနေရ၏။

သခင် အိပ်ရာ နှင့် သခင်ခေါင်းအုံးတို့က ဗုံးပစ်စီနီယာ အင်မော်တယ်ထက် ဝမ်မင်နှင့် ပိုရင်းနှီးသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်မင်က ဝမ်လင်း နှင့် ကလေးအရွယ်ထဲက ဤအိပ်ရာပေါ်တွင် ကစားလိုက် အိပ်လိုက် လုပ်ခဲ့သောကြောင့် ၎င်းတို့က ဝမ်မင်ကို ဒုတိယသခင် အဖြစ် အလိုလို အသိအမှတ်ပြုခဲ့သည်။

တစ်ခါတရံ ဝမ်လင်း အကြောက်ဆုံးလူများထဲတွင် အရှက်မရှိဆုံးလူများလည်း ပါဝင်၏။

ဝမ်မင်က စံနမူနာတစ်ခုပင်။

သူက တစ်ခါတရံ အရူးထတတ်ရုံသာမက အရှက်မရှိသူလည်း ဖြစ်သည်။

ဝမ်မင်က ကုတင်ပေါ်ကနေ ဝမ်လင်းကို ရယ်ကျဲကျဲ ကြည့်လိုက်သည်။

"မင်းမျက်နှာက ဘာဖြစ်နေတာလဲ"

ဝမ်လင်း "....???...."

ဝမ်မင် "မင်း ဒေါသထွက်ပြီး ကူကယ်ရာမဲ့နေတဲ့ ပုံစံကို ငါသဘောကျတယ်"

"............."

ဝမ်လင်း၏ မျက်နှာက လျင်မြန်စွာ တင်းမာလာသည်။

သူ့အမူအရာကြောင့် ဝမ်မင်က စက္ကန့်ပိုင်းအတွင်း ကြက်သီးမွေးညင်း ထသွားကာ ချက်ချင်းပင် လည်ချောင်း ရှင်းလိုက်သည်။

"ကောင်းပြီ... ငါမင်းကို မစတော့ဘူး.. လေးလေးနက်နက် ပြောရအောင်..."

ဝမ်လင်းက ပေါက်ကွဲရန် နီးကပ်နေပြီကို ဝမ်မင်က သိလိုက်သည်။

ဝမ်လင်းကိုသာ ဆက်လက် နောက်ပြောင်နေမည် ဆိုလျှင် သူက ဟွာရှို့နိုင်ငံ၏ သိပ္ပံအကယ်ဒမီတွင် စံချိန်နှစ်ခု တင်ထားနိုင်မည် ဖြစ်သည်။

ပထမစံချိန်မှာ ဟွာရှို့နိုင်ငံ၏ သမိုင်းတွင် အသက်အငယ်ဆုံး သိပ္ပံပညာရှင် ဖြစ်သည်။

ဒုတိယစံချိန်မှာ ဟွာရှို့နိုင်ငံ၏သမိုင်းတွင် အစောဆုံး သေဆုံးသွားသော သိပ္ပံပညာရှင် ဖြစ်သည်။

နောက်ပြောင်မှုဆိုသည်မှာ ရပ်သင့်တဲ့အချိန်တွင် ရပ်လိုက်သည်ကသာ အကောင်းဆုံးဖြစ်သည်ကို ဝမ်မင် ကောင်းစွာသိသည်။

သူက ကုတင်ပေါ်တွင် ထိုင်လိုက်ကာ လက်ပိုက်၍ ဝမ်လင်းကို ကြည့်လိုက်သည်။

"အဲဒီဓားရဲ့ ဇစ်မြစ်အကြောင်း မင်းဆီက ကြားချင်တယ်"

အကယ်၍ ကိစ္စအထွေအထူးသာ မရှိလျှင် ဝမ်လင်းက ဝမ်မင်ကို တိုက်ရိုက် မပတ်သက်လိုသောကြောင့် ဝမ်မင်ကို မည်သည့် အရာကိုမျှ ပြောပြမည် မဟုတ်ပေ။

ဝမ်မင်၏ ဟိတ်ဟန်ထုတ်တတ်သည့် အကျင့်ကို သူသိသည်။

အင်မော်တယ်စံအိမ် အကြောင်းကိုသာ သိလျှင် သူကိုယ်တိုင်သွားပြီး စူးစမ်းဖို့ အလားအလာ အရမ်းများ၏။

ကျင့်ကြံခြင်း အသိုင်းအဝန်းက အလွန် ရှုပ်ထွေးသည့် အတွက် သာမန်လူတစ်ယောက်အနေဖြင့် မပတ်သက်သည်ကသာ အကောင်းဆုံးဖြစ်သည် မဟုတ်လော။

သို့သော် အင်မော်တယ်စံအိမ်က ပျက်သုန်းသွားပြီ ဖြစ်၍ စိတ်ပူစရာတော့ မရှိပေ။

ထို့အပြင် ယခုအခါတွင် ကျိုက်ယန်က ဝမ်မင်ကို ကာကွယ်ပေးနေသဖြင့် ဝမ်လင်းက အရေးမကြီးဟု ထင်မြင်မိသည်။

ဝမ်လင်းက အိမ်အပြင်ဘက်က အခြေအနေကို အကဲခတ်ရန် သူ၏ ဝိညာဉ်အာရုံများကို ထုတ်လွှတ်လိုက်သည်။

ကျိုက်ယန်က ကားဆီသို့ မပြန်သေးဘဲ အိမ်တံခါး အပြင်ဘက်တွင်သာ အာရုံအပြည့်ဖြင့် မလှုပ်မယှက် ရပ်နေသည်။

သူက အတော်လေး လေ့ကျင့်သား ပြည့်ဝနေသည်ဟု ဆိုရမည်။

ကျိုက်ယန်က ထူးဆန်းနေပုံရသော်လည်း ဝမ်လင်းက သဘောမကျခဲ့ပေ။

ထို့နောက်တွင် ဝမ်လင်းက ဝမ်မင်၏ နဖူးကို လက်တစ်ချောင်းဖြင့် အသာအယာ တို့ထိလိုက်ပြီး အင်မော်တယ်စံအိမ်တွင် သူကြုံတွေ့ခဲ့ရသည့် မှတ်ဉာဏ်များကို လွှဲပြောင်းပေးလိုက်သည်။

ဟုတ်ပါသည်။ ထိုမှတ်ဉာဏ်ထဲတွင် သူက အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် အကြောင်းအရာလည်း ပါဝင်၏။

ဤအကြောင်းကို ဝမ်မင် သိလျှင် တစ်နှစ်လောက် ပျော်ရွှင်သွားမည်မှာ သေချာသည်။

ဝမ်မင်၏ စိတ်ထဲတွင် ဒေတာများကဲ့သို့ မှတ်ဥာဏ်များ တခဏအတွင်း ပြည့်လျှံလာခဲ့သည်။

သူက တအံ့တသြ ရေရွတ်လိုက်သည်။

"ဒီအကြောင်းတွေကို စာမေးပွဲမှာ ဖောက်မေးလိုက်ရင် ကျောင်းသားတွေ ခေါင်းစားသွားမှာ အသေအချာပဲ.. အဖြေမသိတဲ့ ကျောင်းသားတွေကတော့ ကူးချကြမှာပဲ"

ဝမ်လင်း စိတ်ထဲကနေ ရယ်မောလိုက်သည်။

" .............."

သူ့ထင်မြင်ချက်အရ စာမေးပွဲဖြေဆိုနေစဉ် အတွင်း ကိုယ့်ကိုယ်ကို အားကိုးသည်က တခြားသူထံမှ ကူးချသည်ထက် ပိုကောင်းသည်။

သို့သော် အတန်းထဲရှိ မည်သူမှ သူ့ဆီကနေ စာကူးချမည်မဟုတ်ပေ။

ပုံမှန်အားဖြင့် လက်ရွေးစင် ကျောင်းသားများမှာ အမှတ်မြင့်မားအောင် ကြိုးစားကြလေ့ ရှိသည်။

ဝမ်လင်း၏ ရမှတ်များကမူ ထာဝရပျမ်းမျှ ဖြစ်သည်။

သူ့အမှတ်က အလယ်အလတ်တွင်သာ အမြဲရှိနေ၍ အတန်းထဲက မည်သူမှ သူ့အဖြေကို ကူးယူချင်မည် မဟုတ်ချေ။

မကြာသေးမီကပင် ကော်ဟောက်က သူ့ကို "မျှခြေနည်းပြဆရာ" ဟူသော ဘွဲ့ကို ပေးခဲ့သည်။

ဝမ်လင်းက ဝမ်မင်ကို အင်မော်တယ်စံအိမ် အကြောင်း ပြောပြခဲ့၏။

ဝမ်မင်က အသန်မာဆုံး ဦးနှောက် ဖြစ်နေလျှင်ပင် ဤကိစ္စကို သုံးသပ်ရန် အတွက် ငါးမိနစ်လောက် အချိန်လိုအပ်ပေသည်။

ဝမ်မင်က အင်မော်တယ်စံအိမ်ကို ဖျက်ဆီးခဲ့သူမှာ ဝမ်လင်း ဖြစ်သည်ကို သိထားပြီး ဖြစ်သော်လည်း ကိစ္စတစ်ခုလုံး၏ အမှန်တရားကို သိလိုက်ရသောအခါတွင် တုန်လှုပ်နေဆဲဖြစ်သည်။

သူ့ညီလေးက အင်အားကြီးမားသော အမှောင်အင်အားစု အဖွဲ့အစည်းကြီး တစ်ခုကို တစ်ရက်တည်းဖြင့် ဖယ်ရှားပစ်ခဲ့သည် မဟုတ်ပါလား။

အင်မော်တယ်စံအိမ်နှင့် ပတ်သက်သည့် အဓိကအကြောင်းအရာမှာ မြေအောက် ဝိညာဉ်သတ္တုကြောနှင့် ရေခဲခရစ္စတယ် အစီအရင်ကို အသုံးပြုပြီး ၎င်း၏ ဌာနချုပ် နေရာအား ဖုံးကွယ်ရန် မှန်နေရာလွတ် တစ်ခုကို တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဝမ်မင် ထင်မြင်မိသည်။

ထို့နောက် သူ့ညီလေးက အာကာပြင်နံရံကို ဖောက်ထုတ်ခဲ့ပြီး ဓမ္မရာဂျာ နှင့် အခြားသူများကို ကယ်တင်ရန် အတွက်လည်း သူ၏ အထောက်အထားကို ဖော်ထုတ်ခဲ့သည်။

ထို့အပြင် အတွင်းစည်းဂိုဏ်းဝင် အမျိုးသမီး တပည့်အားလုံးကို စိတ်ပိုင်းဆိုင်ရာ ဖိအားများဖြင့် တိုက်ခိုက်ခဲ့ပြီး ခရမ်းရောင်ဝတ်အမျိုးသမီး၊ ငွေရောင်ယူနီကွန်းတို့နှင့်ပါ တိုက်ပွဲဆင်နွှဲခဲ့ရသည်။

အဆုံးသတ်တွင်မူ အင်မော်တယ်စံအိမ်သခင်နှင့် တိုက်ခိုက်ခဲ့ရ၏။

ဝမ်မင်းက အနည်းငယ် စကားမပြောနိုင် ဖြစ်နေသည်။

ဤပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပျက်ခဲ့သည့် အရာများက လူတချို့ တစ်နှစ်ပတ်လုံး တွေ့ကြုံခဲ့ရသည့် ဖြစ်ရပ်ထက်ပင် ပိုများနေသည် မဟုတ်လော။

အကယ်၍ ဤသည်မှာ ကျင့်ကြံခြင်း ဝတ္ထုတစ်ပုဒ်သာ ဆိုလျှင် ကျင့်ကြံသူ နှစ်ဦးကြား ထိပ်တိုက်ရင်ဆိုင်မှုက စာဖတ်သူကို လုံးဝ ဆွဲဆောင်နိုင်မည်မှာ သေချာသည်။

ဇာတ်လမ်းတစ်ခုလုံးကို လေ့လာပြီးနောက် ဝမ်မင် စိတ်သက်သာရာ ရသွားသည်။

"ဒီလိုဆိုရင် ဓားထဲက ပစ္စည်းရဲ့ အသွင်အပြင်က တိုက်ဆိုင်မှုလို့ပဲပြောရမယ်"

"...???..."

ဝမ်မင် ဘာကိုဆိုလိုသည်ကို နားမလည်သဖြင့် ဝမ်လင်းကအနည်းငယ် မှင်တက်သွားခဲ့သည်။

"ဒီစခရင်ရှော့မှာပါတဲ့ ပစ္စည်းစာရင်းကို ကြည့်ပြီးတဲ့နောက်မှာ မင်းအတွက် ငါလုပ်ပေးထားတဲ့ တာအိုအဆောင် စည်းတံဆိပ်ထဲက ဒြပ်စင်တွေနဲ့ တူညီနေတာကို ငါ သတိထားမိခဲ့တယ်.. ဒါ့အပြင် အဲဒါက အဓိက ပါဝင်ပစ္စည်းလည်း ဖြစ်နေတယ်.. ဒီပစ္စည်းက မင်းရဲ့ အော်ရာကို ဖိနှိပ်ထားတဲ့ တာအိုစည်းတံဆိပ်ရဲ့ အဓိက သော့ချက်ပဲ"

သူက ဝမ်လင်းကို မော့ကြည့်ပြီး လေးလေးနက်နက် ရှင်းပြလိုက်သည်။

"ဓားထဲက ပစ္စည်းစာရင်းကို ပထမဆုံး မြင်ရတဲ့အခါ တစ်စုံတစ်ယောက်က ဒီပစ္စည်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့တောင် ထင်မိခဲ့တယ်.. ဒါပေမဲ့ လက်ရှိရလဒ်အရတော့ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်နိုင်ပါတယ်.. ငါ့အထင်တော့ ဒီဓားကို ပြုလုပ်တုန်းက စံအိမ်သခင် ကိုယ်တိုင်တောင် ဒီအချက်ကို မသိခဲ့ဘူးလို့ ထင်တယ်"

ဝမ်လင်း"............"

ဝမ်မင်က သက်ပြင်းချလိုက်သည်။

"ဒီပစ္စည်းကို သန့်စင်ဖို့ ဘယ်လောက်တောင် ခက်ခဲလည်း မင်းသိလား.. ငါတို့ သုတေသန ဌာနရဲ့ အဆန်းပြားဆုံး စက်ပစ္စည်းတွေနဲ့ သန့်စင်ရင်တောင် အဲဒီဒြပ်စင်ကို နှစ်စဉ် မိုက်ခရိုဂရမ်အနည်းငယ်ပဲ သန့်စင်နိုင်တယ်.. အင်မော်တယ် စံအိမ်သခင်ကတော့ ဒီဓားမှာ အဲဒီ ပစ္စည်းအပြင် တခြားသော ပစ္စည်း အမြောက်အမြားကိုပါ ပေါင်းထည့်ခဲ့တယ်.. ဒါပေမဲ့ ဒီပစ္စည်းကို ဓားထဲကနေ ပြန်ထုတ်နိုင်တဲ့ ဖြစ်နိုင်ခြေတော့ ရှိပါတယ်"

ဝမ်မင်၏ ရှင်းလင်းချက်အပြီးတွင် ဝမ်လင်းက ရုတ်တရက် ဉာဏ်အလင်းရသွားသည်။

သူ၏ မဟာသန့်စင်ရေးတာအိုက ဖန့်ရှင်းထံတွင် အဘယ်ကြောင့် အလုပ်မဖြစ်ရသည့် အကြောင်းရင်းကို အကြမ်းဖျင်းသိလိုက်၏။

အကြောင်းရင်းမှာ ဤပစ္စည်း၏ ခံနိုင်ရည် သက်ရောက်မှုကြောင့် ဖြစ်နိုင်ခြေအရှိဆုံးပင်။

ဖန့်ရှင်း၏ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းစွာ ခိုအောင်းနေသော ထိုအရာကြောင့် ဖန့်ရှင်းက ယခုထိ သတိမရသေးပေ။

"လောလောဆယ်မှာ ငါကလွဲပြီး ဒီပစ္စည်းရဲ့ တည်ရှိမှုကို သိတဲ့သူက မင်းပဲ.. နောက်ထပ်တစ်ယောက် မရှိသင့်ဘူး.. ပထမတော့ ပေါက်ကြားသွားပြီ ထင်လို့ သေလုမတတ် ကြောက်သွားမိတယ်"

ဝမ်မင်က သက်ပြင်းချပြီး ကုတင်ပေါ်ပြန်လှဲချလိုက်သည်။

"ဒီပစ္စည်းမှာ သိပ္ပံနာမည်ရောရှိလား"

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

"သိပ္ပံအမည်လား... ငါက ဒီအရာကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပေမဲ့ လူသိရှင်ကြား ကြေညာဖို့တော့ အဆင်သင့်မဖြစ်သေးဘူး.. ဒါနဲ့ ဘာကြောင့် သိပ္ပံအမည် လိုအပ်တာလဲ”

ဝမ်မင်က မေးလိုက်သည်။

ဝမ်လင်း "............"

"ဒါပေမယ့် ငါကိုယ်တိုင် အခုပဲ နာမည်ပေးလိုက်ပြီ"

ဝမ်မင် ပြုံးလိုက်သည်။

"ငါက အဲဒါကို ဝမ်လင်းဆန့်ကျင်ရေးပစ္စည်းလို့ အမည်ပေးမယ်"

ဝမ်လင်း "............."

"နာမည်က ရိုးရှင်းတယ်လို့ ပြောလို့ရပေမယ့် ဒီပစ္စည်းရဲ့ ထူးခြားတဲ့ အရည်အသွေးက မင်းရဲ့အော်ရာကို ကန့်သတ်ချုပ်ချယ်နိုင်တဲ့ သက်ရောက်မှုရှိတဲ့ အတွက်ကြောင့် ဒီအမည်က မသင့်တော်တဲ့ အမည်လို့တော့ ငါမထင်ဘူး.."

"ဒီဓားမှာလည်း ဒီပစ္စည်းရဲ့ သဲလွန်စတွေ ပါနေတယ်.. ဒါပေမယ့် မင်းရဲ့ တာအိုစည်းတံဆိပ်မှာ ပါဝင်တဲ့ ပမာဏထက်တော့ နည်းပါတယ်.. မင်းသူငယ်ချင်းက သူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓာတ်တွေ ပြယ်သွားတဲ့ အချိန်ကျရင် နှစ်ရက်အကြာမှာ သတိရလာလိမ့်မယ်"

ဝမ်မင်က အသေးစိတ် ရှင်းပြပြီးနောက် ဝမ်လင်းကို လေးနက်စွာ စိုက်ကြည့်နေသည်။

"ဒါပေမယ့် လင်းလေး.. မင်းသဘောပေါက်ပြီလား"

ဝမ်လင်း "....???..."

ဝမ်မင်က ရှားရှားပါးပါး လေးနက်သော အမူအရာဖြင့် ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။

"မင်းခန္ဓာကိုယ်က ဒီအရာတွေကို အသုံးချဖို့လိုအပ်နေပြီ.."

အပိုင်း(၃၁၄) ပြီး၏

All Chapters