အတင်းအဖျင်းအတွက် ရှေးဟောင်းစာအုပ်ကြီး၏ အတန်းချိန်
Vol. 21 Ch. 315
ဝမ်မင်က ညနေ ကိုးနာရီတွင် ထွက်ခွာသွားခဲ့သည်။
သူက တစ်ညလုံး နေချင်ပြီး ဝမ်လင်း နှင့် ရင်းရင်းနှီးနှီး စကား ပြောဆိုချင်သော်လည်း ကျိုက်ယန်က အိမ်ရှေ့တံခါးဝတွင် မတ်တပ်ရပ်နေဆဲ ဖြစ်ကြောင်း တွေးမိလိုက်သောအခါ သူအကြံကို စွန့်လွှတ်လိုက်သည်။
ကျိုက်ယန်က ကြောက်မက်ဖွယ်ကောင်းစွာ လေ့ကျင့်ထားသော စစ်သည်တစ်ဦး ဖြစ်သည်။
သူက ရက်အတော်ကြာ အလုပ်လုပ်ရုံဖြင့် ပင်ပန်းသည်ဟု မခံစားရသော်လည်း အိမ်ရှေ့တံခါးဝတွင် တစ်ညတာ အိပ်စက်ခဲ့ရလျှင် ဝမ်မင်က အနည်းငယ် စိတ်မသက်မသာ ခံစားရလိမ့်မည်သာ။
ဝမ်မင်က ကျိုက်ယန်ကို လုံးဝသဘောမကျပေ။
၎င်းက ခေါင်းမာသောလူစားမျိုး ဖြစ်သည်။
ယင်းက သိပ္ပံအကယ်ဒမီ၏ ကျင့်သုံးလေ့ရှိသည့် သက်သောင့်သက်သာနှင့် လိုက်လျောညီထွေမှု ရှိသော မဟာဗျူဟာ မူဝါဒနှင့် အလွန်ကွာခြားနေ၏။
ဝမ်မင်က သူ့ကို သဘောမကျသော်လည်း သူ၏ သက်တော်စောင့် အဖြစ် ကာကွယ်ရန် ဥက္ကဌချီက အမိန့်ပေးထားသည်။
သူအိမ်က ထွက်လာသောအခါ ကျိုက်ယန်က အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ထို့နောက် ကျိုက်ယန်က တစ်ရာ့ရှစ်ဆယ်ဒီဂရီ လှည့်လိုက်ကာ ဝမ်မင်အတွက် တံခါးဖွင့်ပေးရန် ကားဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
အစောပိုင်းက ဝမ်မင်ကို စိုက်ကြည့်နေသည့် သူ့ အကြည့်မှာ အဆိပ်ပြင်း မြွေတစ်ကောင်က တောထဲတွင် သားကောင်ကို စိုက်ကြည့်နေသလိုပင်။
ထိုအချိန်တွင် ဝမ်လင်း၏ ခံစားချက်မဲ့ ငါးမျက်လုံးက ယခုလောက်ထိ မဆိုးသေးဟု ဝမ်မင် ရုတ်တရက် တွေးလိုက်မိသည်။
ဝမ်လင်းက မျက်နှာထား တည်တည်တံ့တံ ရှိသော်လည်း အနည်းဆုံးတော့ ကျိုက်ယန်လောက် အေးစက်စက် အမူအရာမရှိပေ။
"ဒီည ဖြစ်ပျက်ခဲ့တာတွေကို ဥက္ကဌချီဆီ အမှန်အတိုင်း တင်ပြမယ်.. အထူးသဖြင့် မင်းလက်ကိုဆွဲပြီး အိမ်ထဲခေါ်သွင်းတဲ့လူ အပါအဝင် ဒီအိမ်ကြီးထဲက လူအားလုံးရဲ့ အချက်အလက်တွေကို တစ်ယောက်ချင်းစီ စီစစ်သွားမယ်"
ကျိုက်ယန်က ဝမ်မင်ကို ကြည့်ကာ ပြောလိုက်သည်။
အစောပိုင်းတွင် ဝမ်လင်းက ဝမ်မင်၏ လက်ကိုဆွဲ၍ အိမ်ထဲသို့ ခေါ်သွင်းခဲ့၏။
ထိုလှုပ်ရှားမှုက အလွန်မြန်ဆန်သဖြင့် ကျိုက်ယန်က ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။
ဝမ်မင်က သူ့ရှေ့မှောက်တွင် တိုက်ရိုက် ပျောက်ကွယ်သွားသလိုပင်။
ဝမ်မင်က ကျိုက်ယန်ကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။
"အဲဒါ ငါ့ညီလေးပါ.. ဒီအိမ်မှာ ငါ့ညီလေးအပြင် ငါ့ဦးလေး၊ ငါ့ဒေါ်လေးနဲ့ ငါ့အဖိုးပဲရှိတယ်.. မင်းဘာတွေ တွေးနေတာလဲ"
ကျိုက်ယန် မျက်နှာက အေးစက်သွားသည်။
"မင်းရဲ့ ဦးလေးဆိုရင်တောင် အသုံးမဝင်ဘူး.. အလုပ်ကအလုပ်ပဲ"
ဝမ်မင်၏ နှုတ်ခမ်းများက ရွဲ့သွားသည်။
"............."
[သွားပြီး စစ်ဆေးကြည့်လိုက်လေ]
ဝမ်လင်းက ဤအိမ်ငယ်လေးကို အကာအကွယ် အစီအမံများပြုလုပ်ထားသည်ကို သူသိသည်။
ထို့ကြောင့် စုံစမ်းမည်ဆိုလျှင်ပင် အရာအားလုံးက အဟောသိကံ ဖြစ်သွားလိမ့်ဖြစ်သာ။
ဤထူးဆန်းသည့် ငကြောင်ကောင်ကို ဥက္ကဌချီက ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲ ဆိုသည်ကို သူ တကယ် မသိခဲ့ပေ။
...........................
ဇွန်လ ၂၈ ရက်၊ စာသင်နှစ်၏ ဒသမ အပတ်မြောက် ဗုဒ္ဓဟူးနေ့ ဖြစ်သည်။
ဝမ်လင်းက နံနက်ခင်းတွင် ကျောင်းသို့ ရောက်ရှိလာသောအခါ သူ၏ အသိမိတ်ဆွေ နှစ်ဦး အကြောင်းကို ကြားလိုက်ရသည်။
တစ်ဦးမှာ အမဲသား ခေါက်ဆွဲဆိုင်ပိုင်ရှင် သူဌေးထန်၏ ညီထန်ချမ့် ဖြစ်သည်။
သူက အင်မော်တယ်စံအိမ်၏ ခိုင်းစေချက်အရ ဝမ်မိသားစု အိမ်ငယ်လေးကို စနည်းနာရန် လာခဲ့သော်လည်း ကျင့်ခယ်က သူ့ကို ပညာပေးခဲ့သည်။
ထို့နောက် ဗုံးပစ်စီနီယာအင်မော်တယ် နှင့် သူဌေးထန်၏ ညွှန်ကြားချက်များ အောက်တွင် သူက သတင်းပေး တစ်ဦး ဖြစ်လာခဲ့သည်။
သူဌေးထန်က တကယ့်ကို အမြော်အမြင်ကြီးသူဟု ဆိုရမည်။
သူ၏ဖျောင်းဖျမှုကြောင့် ထန်ချမ့်က အမြင်မှန်ရပြီး အင်မော်တယ်စံအိမ်ကို အမြန်ဆုံး ဖြိုချနိုင်ရန် နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ထန်ချမ့်က အင်မော်တယ်စံအိမ်၏ သတင်းပေးသူ အဖြစ် တရားရုံးတွင် သက်သေ လာလုပ်ရမည် ဖြစ်သည်။
ယခင်ကလည်း သူက အင်မော်တယ်စံအိမ်၏ ဌာနခွဲထောက်လှမ်းရေး ကွန်ရက်များ၏ မြေပုံအပြည့်အစုံကို ဒေသ အခြေစိုက် ကျင့်ကြံခြင်း ရဲစခန်းများဆီ ပေးပို့ခဲ့ဖူးသည်။
ထို့အတွက်ကြောင့် နယ်မြေရဲစခန်းများက အင်မော်တယ်စံအိမ်၏ ဌာနခွဲတပ်ဖွဲ့များကို သုတ်သင် ရှင်းလင်းရာတွင် ထိထိရောက်ရောက် အရေးယူမှု ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အထက်ဖော်ပြပါ အတင်းအဖျင်း စကားမှာ ထုံးစံအတိုင်း အတင်းအဖျင်း ဆရာကြီး ကော်ဟောက်ထံမှ ဖြစ်သည်။
နံနက်ပိုင်း ကိုယ်တိုင် စာလေ့လာချိန် အတွင်း စာသင်ခန်းထဲရှိ ဆွေးနွေးမှု အားလုံးနီးပါးမှာ အင်မော်တယ်စံအိမ်၏ အကြောင်းများဖြင့် ဆူညံနေသည်။
"ဒီသတင်းပေးရဲ့အစ်ကိုက ခေါက်ဆွဲဆိုင် ဖွင့်ထားတယ်လို့ အရင်က ကြားဖူးတယ်။
ချန်းချောင်က ပြောလိုက်သည်။
ကော်ဟောက်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်.. အဲဒီဆိုင်က လောင်ထန် ဂေါ်ဖီချဥ် အမဲသားခေါက်ဆွဲစစ်စစ်တွေ ရောင်းတဲ့ သန်းခေါင်ယံ စားသောက်ဆိုင်ပဲ.. ငါ့မှာ အဲဒီဆိုင်ရဲ့ ခေါက်ဆွဲကို စားလေ့ရှိတဲ့ ဖောက်သည် ဦးလေးတစ်ယောက် ရှိတယ်.. သူစကားအရတော့ သူဌေးက ထူးခြားပြီး မျက်နှာမှာလည်း အမာရွတ်တွေနဲ့တဲ့
ဝမ်လင်း "..........."
ဒုတိယလူမှာ ထန်ယိုနင် ဖြစ်သည်။
ထိုစဥ်က တစ်နေ့ကို ထမင်းသုံးနပ်ပင် မမှန်ခဲ့သည့် လမ်းဘေး အဆိုတော်မှာ ဝမ်လင်းက သူ့ကို သီချင်းပေးပြီးနောက်တွင် မြန်မြန်ဆန်ဆန်ပင် နာမည်ကြီးလာခဲ့သည်။
တကယ်တမ်းတွင် ထန်ယိုနင်က အမဲသားခေါက်ဆွဲဆိုင်ပိုင်ရှင်သူဌေးထန်နှင့်လည်း ပတ်သက်မှု ရှိခဲ့သည်။
ထန်ယိုနင် မကျော်ကြားသေးသော ကာလက သန်းခေါင်ယံ စားသောက်ဆိုင်တွင်သာ ကပ်ရပ် စားသောက်ခဲ့ရသည် မဟုတ်ပါလော။
"ဒီထန်ယိုနင်က တကယ် ကံမကောင်းဘူး..."
ဤလူအကြောင်း စဥ်းစားမိလျှင် ကော်ဟောက်၏ မျက်နှာ၌ အပြုံးရိပ်များ ဖြစ်ပေါ်လာသည်။
"ဘာဖြစ်လို့လဲ"
ကော်ဟောက် "သူ့ရဲ့ ကျောင်းသားဟောင်း သီချင်းက အကြီးအကျယ် အောင်မြင်ပြီးတဲ့ နောက်မှာ သီချင်း အတော်တော်များများကို ထပ်ထုတ်ခဲ့ပေမယ့် တခြားသော ခေါင်းစီးပိုင်း သတင်းတွေကြောင့် ထင်သလောက် မဖြစ်မြောက်ခဲ့ဘူး"
ဝမ်လင်း "............."
"သူရဲ့ ဒုတိယမြောက် သီချင်းကို ထုတ်စဥ်ကဆို ထောင်ထဲကနေ ထွက်ပြေးလာတဲ့ ကျန်းလျှိုယင်းရဲ့ သတင်းက ခေါင်းကြီးပိုင်း သတင်းတွေမှာ နေရာယူသွားခဲ့တယ်လေ"
"သူရဲ့ တတိယမြောက်သီချင်းကို ထုတ်တော့လည်း ပြန်လည်ဖမ်းမိသွားတဲ့ ကျန်းလျှိုယင်းရဲ့ သတင်းကပဲ သတင်းခေါင်းစီးတွေကို စိုးမိုးသွားပြန်တယ်"
"ဒါ့အပြင် နောက်ထပ်သီချင်းတွေ ထပ်ထွက်တော့လည်း အရိပ်အဖွဲ့ ဌာနချုပ် ပျက်စီးခြင်း၊ ကွာဖီကို ဖမ်းဆီးခြင်းနဲ့ ကွာဖီရဲ့ တိုက်ရိုက် အွန်လိုင်းကနေ ထုတ်လွှင့်မှုတွေကပဲ သတင်းခေါင်းစီးတွေမှာ နေရာယူသွားခဲ့ပြန်တယ်"
ကော်ဟောက်က သက်ပြင်းပင် မချနိုင်တော့ပေ။
"မနေ့က သူ့မွေးနေ့လေ.. ထောင်နဲ့ချီတဲ့ ပရိသတ်တွေက သူနဲ့ အတူတူ ဆင်နွှဲခဲ့ကြတယ်.. ဒါက ခေါင်းကြီးပိုင်း သတင်း ဖြစ်မှာ သေချာတယ်လို့ လူတိုင်းက ထင်ခဲ့ကြပေမယ့် အင်မော်တယ်စံအိမ်ရဲ့ ကိစ္စက သတင်းခေါင်းစီးမှာ နေရာယူသွားမယ်လို့ ဘယ်သူက ကြိုသိနိုင်မှာလဲ"
စာသင်ခန်းထဲသို့ ဆရာဝမ် ဝင်ရောက်လာသောအခါတွင် အတန်းထဲရှိ လေထုက လေးလေးနက်နက် ဆွေးမြေ့နေခဲ့သည်။
လပတ် စာမေးပွဲက နီးလာပြီ ဖြစ်သည်။
ဤလတွင် ကျင်းပမည့် စာမေးပွဲက အလွန် အရေးကြီး၏။
ကျောင်းတော်တော်များများက စာမေးပွဲမေးခွန်းကို အတူတူ ထုတ်ကြလေ့ရှိပြီး ပူးတွဲစာမေးပွဲ ကျင်းပလေ့ရှိကြသည်။
သို့မှသာ ခရိုင်တစ်ခုလုံးရှိ ကျောင်းသားများ၏ အဆင့်သတ်မှတ်ချက်ကို တိကျစွာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ကိုယ့်အိမ်တွင် ဘုရင်ဖြစ်ရသည်ထက် ခရိုင်တစ်ခုလုံး၏ ဘုရင်ဖြစ်မှသာ စစ်မှန်သည့် အရည်အချင်းဟု ဆိုနိုင်သည် မဟုတ်ပါလော။
"ဒီတစ်ကြိမ် ပူးတွဲကျင်းပမဲ့ စာမေးပွဲအတွက် မေးခွန်းထုတ်မဲ့ဆရာက ခရိုင်သမိုင်းပညာရှင် ဆရာ ကျီချုံးခိုင်ပါ"
ဆရာဝမ်က ရှားရှားပါးပါး လေးနက်သော အမူအရာ အပြည့်ဖြင့် ပြောလိုက်သည်။
ထိုနာမည်ကိုကြားလိုက်သောအခါ အတန်းထဲမှ လူတော်တော်များများက ရင်တုန်သွားကြသည်။
ဤအမည်က သူတို့နှင့် အလွန်ရင်းနှီးလွန်း၏။
အကြောင်းမှာ ၎င်းက ဖေးယန် ခရိုင်တွင် အခက်ခဲဆုံးမေးခွန်းများကိုသာ ထုတ်လေ့ရှိသည့်ပညာရှင် ဖြစ်သောကြောင့်ပင်။
အကြောင်းရင်းမှာ နှစ်စဉ်နှစ်တိုင်း အတန်းကြီး ကျောင်းသား/သူများက ဤလူအကြောင်းကို ပြင်းပြင်းထန်ထန် ညည်းညူနေကြသည်ကို ကြားဖူးသောကြောင့် ဖြစ်သည်။
ဤဆရာနှင့် ပတ်သက်သည့် ကောလာဟလတစ်ခုကို မျိုးနွယ်စုခေါင်းဆောင်ယွီ ထံကနေ ကျောင်းမအပ်ခင်ကတည်းကပင် ဝမ်လင်း ကြားဖူး၏။
ယမန်နှစ်တွင် ကျောင်းခြောက်ကျောင်းက စာမေးပွဲကိုပူးတွဲကျင်းပခဲ့သည်။
ကျောင်းသားသစ် သုံးထောင်ကျော် ဖြေဆိုခဲ့သော်လည်း အဆုံးသတ်တွင် ကိုးဆယ်ရာခိုင်နှုန်းခန့် ကျရှုံးခဲ့ကြသည်။
လက်ရွေးစင် ကျောင်းသားများ အကြား အကောင်းဆုံးရမှတ်ပင် ၇၀ မှတ်သာ ရှိသည်။
ထို့ကြောင့် ယခုတစ်ကြိမ် ပူးတွဲကျင်းပမည့် စာမေးပွဲတွင် ကျောင်းမည်မျှ ပါဝင်မည်ကို တရားဝင် မဆုံးဖြတ်ရသေးသော်လည်း ထိုကဲ့သို့ ကျောင်းသားများ အပေါ် ရက်ရက်စက်စက် မေးခွန်းထုတ်တတ်သော ဆရာက မေးခွန်းထုတ်မည်ဟု ကြေငြာခဲ့သည်။
ယင်းက ကျောင်းသားများနှင့် ဆရာများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ထို့ကြောင့် ဆရာဝမ်က နံနက်ပိုင်း ကိုယ်တိုင် စာလေ့လာချိန်ကို အခွင့်ကောင်းယူ၍ ကြေကွဲဖွယ် သတင်းကို ကြေညာရန် စာသင်ခန်းထဲသို့ ဝင်ရောက်ခဲ့ခြင်းပင်။
သူ့အမူအရာက အနည်းငယ်သာ အလေးထားပုံ ပေါက်သည်။
ယင်းက သူ့ကိုယ်သူ ယုံကြည်မှုမရှိဟု မဆိုလိုပေ။
ဆရာကျီက ရက်စက်တတ်သော်လည်း ဆရာဝမ်က သူ၏ ကိုယ်ပိုင်သင်ကြားမှုကို အလွန် ယုံကြည်သည်။
ယမန်နှစ်က လက်ရွေးစင်အတန်းကို ဦးဆောင်သည့် ဆရာမှာ သူ မဟုတ်သောကြောင့်သာ အလွန်ကြေကွဲဖွယ် ရလဒ်များ ထွက်ပေါ်လာခြင်းပင်။
သို့သော် ဤနှစ်တွင်တော့ မတူတော့ချေ။
ဆရာဝမ်က လည်ချောင်းကို ရှင်းလိုက်ပြီး ကျောင်းသားများကို ကြည့်လိုက်သည်။
"မနေ့ညက ဆရာကျီ ထုတ်ခဲ့ဖူးတဲ့ စာမေးပွဲ မေးခွန်းတွေကို လေ့လာခဲ့တယ်.. သူက ခက်ခဲတဲ့ သမိုင်းဆိုင်ရာ အယူအဆတွေတင် မကဘဲ လတ်တလော ထင်ရှားနေတဲ့ အကြောင်းအရာတွေကနေ ဆင်းသက်လာတဲ့ ပြင်ပဗဟုသုတတွေ အပြင် သမိုင်းဆိုင်ရာ ဗဟုသုတတွေကိုလည်း မေးလေ့ရှိတယ်.. ဒါကြောင့်ပဲ ကျောင်းသားတွေ အနေနဲ့ အခက်တွေ့ကုန်တာပဲ"
"ဒါနဲ့ မကြာသေးမီက လူသိများနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အမှောင်အင်အားစုတွေ အကြောင်း မင်းတို့ကို မျှဝေပေးမယ်"
ဝမ်လင်း "............."
မျှော်လင့်ထားသလိုပဲ စကား အများကြီး ပြောပြီးနောက်တွင် အဆုံးသတ်၌ ဤရှေးဟောင်းစာအုပ်ကြီးက အတင်းအဖျင်း ပြောရန် စဥ်းစားနေသေးသည်။
အပိုင်း(၃၁၅) ပြီး၏